နေမျိုး၏ ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ၌ ‘ငါတို့စာပေ’စာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။ ဝတ္ထုတိုပေါင်း ချုပ်စာအုပ်တွင် နေမျိုး၏ ဝတ္ထုတို၊ ဝတ္ထုလတ်နှင့် စကားပြေအရေးအသား(၁၁၆)ပုဒ် ပါဝင်သည်။ ‘ကြေးရုပ်မြို့တော်’၊ ‘တော ကျီးကန်း’၊ ‘ရုပ်ရှင်’အစရှိသည့် စကားပြေလက်ရာများအပါအဝင် နေမျိုး၏ ထင်ရှားသည့်စာပေလက်ရာများကို ဝတ္ထုတိုပေါင်း ချုပ်တွင် ဖတ်ရှုရမည်ဖြစ်သည်။ နေမျိုး၊ ဝတ္ထုတိုပေါင်းချုပ်၊ ဝတ္ထုတိုစုစည်းမှုဟုဆိုသော်လည်း ဝတ္ထုလတ်ဟုသတ်မှတ်နိုင်သော ‘ရုပ်ရှင်’ဝတ္ထုကဲ့သို့ ဝတ္ထုအမျိုးအစားများကိုလည်း တွေ့ရသည်။ ဝတ္ထုတိုပေါင်းချုပ် ဟုဆိုသော်လည်း စာအုပ်ပါအရေးအသား အားလုံးကို ဝတ္ထုတိုများဟုဆိုရန် ခက်ခဲပေလိမ့်မည်။ နေမျိုး၏ ဝတ္ထုတိုပေါင်းချုပ်စာအုပ်ပါ စကားပြေအရေးအသားများကို ဝတ္ထုတို၊ ဝတ္ထုလတ်၊ အက်ဆေး၊ စာစုနှင့် စမ်းသပ်အရေးအသားများဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ‘ငါတို့စာပေ’အနေဖြင့် အမျိုးအစား ခွဲခြားပေးထားခြင်း၊ ဖွင့်ဆိုရှင်းပြထားခြင်းနှင့်အမှာစာထည့်သွင်းခြင်းအစရှိသည့် ထုတ်ဝေရေးလုပ်ငန်းများကို ဆောင်ရွက်ထားခြင်းမပြုထားဘဲ စာမူများကို စုစည်း၍သာထုတ်ဝေထားသည်ကို တွေ့ရသည်။…
Author: Han Sann
ယောင်ဟေး သို့မဟုတ် အသားစားရန် ငြင်းဆန်သူ
သူလိုကိုယ်လို အမျိုးသမီးတစ်ဦးဖြစ်သူ ယောင်ဟေးအကြောင်းကို ခင်ပွန်း၊ ခဲအိုနှင့် အစ်မဖြစ်သူတို့က ဇာတ်ကြောင်းပြန်ကြသည်။ ယောင်ဟေးသည် ဘယာစီယာဝတ်တတ်သူ မဟုတ်သည်မှလွဲ၍ သာမန်အမျိုးသမီးတစ်ဦးသာဖြစ်သည်။ သူမ,ဘယာစီယာ မဝတ်တတ်သည်ကို ခင်ပွန်းဖြစ်သူသည် သမီးရည်းစားဘဝကတည်းက သိရှိထားခဲ့သော်လည်း သူတို့၏ အိမ်ထောင်ရေးတွင် တစ်စုံတရာကြီးမားသောပြဿနာ မရှိခဲ့ပါ။ တစ်နေ့တွင် ယောင်ဟေးသည် အိပ်မက်တစ်ခုမက်သည်။ အိပ်မက်ကြောင့် သူမသည် အသားစားခြင်းကို စွန့်လွွှတ်လိုက်သည်။ ဘာသာရေးယုံကြည်မှုအရ၊ ကျန်းမာရေးအကြောင်းပြချက်တစ်စုံတရာအရ မဟုတ်ပါဘဲ အသားစားခြင်းကို သူမစွန့်လွွှတ်ခဲ့သည်။ ခင်ပွန်းဖြစ်သူကိုလည်း အသားဟင်းလျာ ချက်ပြုတ်ကျွေးမွေးခြင်း လုံးဝမပြုလုပ်တော့ပါ။ ယောင်ဟေးတို့၏ အိမ်ထောင်ရေး ပြဿနာသည် ထိုအချိန်အခါတွင် စတင်ခဲ့သည်။ ဝတ္ထု၏ စိတ်ဝင်စားဖွယ်ကောင်းသော အစိတ်အပိုင်းသည်လည်း ထိုအချိန်တွင် စတင်သည်။ အသားမစားသော ယောင်ဟေးပြဿနာသည် လင်နှင့်မယားအကြားက ကြီးမားသောပြဿနာတစ်ရပ်အဖြစ်မှ ယောင်ဟေး၏ မိဘနှစ်ပါး၊ ခဲအိုနှင့်အစ်မဖြစ်သူတို့ထံ ရောက်ရှိသွား၍ ကြီးမားသောမိသားစုပြဿနာကြီးဖြစ်လာသည်။…
ရေဆန်လမ်းမှ ပြန်ခဲ့သူ
“သမိုင်းဆိုတာ တစ်ယောက်နဲ့ တစ်ယောက်နဲ့ တွေ့ကြုံရတာချင်း မတူဘူး။ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံကို လူတိုင်းက ဝိုင်းရေးပေးမှ ထောင့်စေ့ တယ်”ဟု (ဆရာ)ဟံသာ၀တီ ဦးဝင်းတင်က ပြောခဲ့သည်။ “သမိုင်းသင်တာ မအအောင်လို့”ဟုလည်း (ဆရာ)ဒေါက်တာသန်းထွန်းက ပြောခဲ့သည်။ ဖြစ်ပျက်ပြီးခဲ့သော အတိတ်သမိုင်းကို မှတ်တမ်းတင်ရန်နှင့် သမိုင်း၏ မှန်ကန်တိကျမှုကို တိုင်းတာအတည်ပြုရန် လုံလောက်သော သက်သေအထောက် အထားများ လိုအပ်မည်ဖြစ်သည်။ သို့မှသာ မှန်ကန်သောသင်ခန်းစာနှင့် သင့်အပ်လျောက်ပတ်သော ဆုံးဖြတ်ချက်များကို ပြုနိုင်မည်ဖြစ်သည်။ သမိုင်း ထောင့်စေ့ပါမှ တုံးခြင်း၊ အခြင်းလည်း ကင်းပေမည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းကာလ၊ နှစ် ၃၀ ကာလအတွင်း ဖြစ်တည်ပျက်ခဲ့သော မြန်မာ့နိုင်ငံရေးသမိုင်းအမှန်ကို ပြုစုသည့်အခါတွင်လည်း ထောင့်စေ့ရန် လိုပါ သည်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် ရှစ်လေးလုံးလူထုလှုပ်ရှားမှုနှင့် နောက်ပိုင်းကာလဖြတ်သန်းမှုများအကြောင်း ကိုယ့်တွေ့မှတ်တမ်းစာအုပ် အများအပြားထွက်ပေါ်လာသည်။…
ရင်မှာ ဟာတာတာ
မြို့ပြ၊ အထပ်မြင့်၊ ဘေးချဉ်းကပ်တိုက်ခန်းနှစ်ခန်းတွင် သူတို့သုံးဦး နေထိုင်ကြသည်။ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသည် အခန်းတစ်ခန်းတွင် အကြင်လင်မယားအဖြစ်နေထိုင်ကြသည်။ အခြားတစ်ဖက်ခန်းတွင် အမျိုးသားတစ်ဦးသည် တစ်ဦးတည်းနေထိုင်သည်။ တိုက်ခန်း၏ အနောက်ဘက် ဝရန်တာတွင် ဆေးလိပ်ထွက်သောက်နေသော တစ်ဦးတည်းနေထိုင်သူ အမျိုးသားသည် တစ်ဖက်ခန်း၏ ရေချိုးခန်းအတွင်း မှ ရေသံကို ကြားရသည်။ သူသည်တစ်ဖက်ခန်းရေချိုးခန်း၏ လေဝင်လေထွက်ပေါက်မှတစ်ဆင့် ရေချိုးနေသူကို ချောင်းကြည့်သည်။ ရေချိုးနေသူမှာ အမျိုးသမီးဖြစ်သည်။ ချောင်းကြည့်ခံလိုက်ရကြောင်း သူမသည် ကောင်းကောင်းသိလိုက်သည်။ ရေချိုးပြီးစ အမျိုးသမီးသည် တဘက်ရင်လျားဖြင့် တိုက်ခန်းအနောက်ဖက်ဝရန်တာသို့ ထွက်ခဲ့ပြီး သူမ၏ အတွင်းခံများကို လှမ်းနေသည်။ တစ်ဖက်ခန်းမှ အမျိုးသားသည် ဆေးလိပ်ပြာနှင့်အစီခံများကို တိုက်ခန်းနောက်ဖက်တွင် လာရောက်စွန့်ပစ်သည်။ သူမကို တွေ့ပြန်သည်။ တွေ့ဆုံမှုတွင် ပြုံးရယ်နှုတ် ဆက်ခြင်းအပါအဝင် တစ်စုံတရာရင်းနှီးသော ဆက်ဆံရေးကို မတွေ့ရပါ။ သာမန်တွေ့ဆုံမူတစ်ခုသာ ဖြစ်ခဲ့သည်။ တစ်ဦးတည်းနေထိုင်သူ…
အာရုံနွမ်းချိန်
ဓာတ်ပုံဆရာတစ်ဦးသည် ပြတင်းပေါက်တစ်ခုအနားတွင်ထိုင်၍ ဂက်(စ်)မီးခြစ်တစ်လုံးကို ထောက်ထောက် မြည်အောင် လှည့်ခါဆော့နေသည်။ သူစိတ်ညောင်းနေဟန်တူသည်။ တစ်စုံတစ်ခုအတွက် တစ်စုံတစ်ခုကို တွေးတောနေသည်။ ပြတင်းအနီး ပတ်ဝန်း ကျင်တွင် ဓာတ်ပုံများကို အဝတ်လှန်းသလို ချိတ်ဆွဲထားသည်။ ကင်မရာအချို့ရှိသည်။ စားပွဲတင်နာရီတစ်လုံးရှိသည်။ မွန်းလွဲ ၂ နာရီထိုးရန် ၁၅ မိနစ်လိုသေးကြောင်း နာရီက ပြသနေသည်။ ဓာတ်ပုံဆရာသည် ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်သည်။ မီးခိုးငွေ့များကို မှုတ်ထုတ်နေသည်။ ဆေးလိပ်ပြာခွက်ထဲတွင် သောက် ပြီးသည့် ဆေးလိပ်တို ရှစ်ခုရှိနေခဲ့သည်။ သူထိုင်၍ ငေးငိုင်နေချိန်သည် အတော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ပတ်ဝန်းကျင်တွင် ကျေးငှက်တို့ တေးသီနေသည်။ ဓာတ်ပုံဆရာသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ ချိတ်ဆွဲထားသော ဓာတ်ပုံတစ်ပုံကို ဖြုတ်ကြည့် လိုက်သည်။ ကင်မရာတစ်လုံးကို ကောက်ယူ၍ ဓာတ်ပုံဆရာသည် လေးလံနေသော ခြေလှမ်းများဖြင့် အခန်းထဲမှ လမ်းမပေါ်သို့ ထွက်ခဲ့သည်။…