Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ယောင်ဟေး သို့မဟုတ် အသားစားရန် ငြင်းဆန်သူ

Posted on November 5, 2018September 3, 2025 by Han Sann
သင့်လူဘာသာပြန်ခဲ့သော သားသတ်လွတ်သမ စာအုပ်ဖြစ်သည်။

သူလိုကိုယ်လို အမျိုးသမီးတစ်ဦးဖြစ်သူ ယောင်ဟေးအကြောင်းကို ခင်ပွန်း၊ ခဲအိုနှင့် အစ်မဖြစ်သူတို့က ဇာတ်ကြောင်းပြန်ကြသည်။ ယောင်ဟေးသည် ဘယာစီယာဝတ်တတ်သူ မဟုတ်သည်မှလွဲ၍ သာမန်အမျိုးသမီးတစ်ဦးသာဖြစ်သည်။ သူမ,ဘယာစီယာ မဝတ်တတ်သည်ကို ခင်ပွန်းဖြစ်သူသည် သမီးရည်းစားဘဝကတည်းက သိရှိထားခဲ့သော်လည်း သူတို့၏ အိမ်ထောင်ရေးတွင် တစ်စုံတရာကြီးမားသောပြဿနာ မရှိခဲ့ပါ။

တစ်နေ့တွင် ယောင်ဟေးသည် အိပ်မက်တစ်ခုမက်သည်။ အိပ်မက်ကြောင့် သူမသည် အသားစားခြင်းကို စွန့်လွွှတ်လိုက်သည်။ ဘာသာရေးယုံကြည်မှုအရ၊ ကျန်းမာရေးအကြောင်းပြချက်တစ်စုံတရာအရ မဟုတ်ပါဘဲ အသားစားခြင်းကို သူမစွန့်လွွှတ်ခဲ့သည်။ ခင်ပွန်းဖြစ်သူကိုလည်း အသားဟင်းလျာ ချက်ပြုတ်ကျွေးမွေးခြင်း လုံးဝမပြုလုပ်တော့ပါ။ ယောင်ဟေးတို့၏ အိမ်ထောင်ရေး ပြဿနာသည် ထိုအချိန်အခါတွင် စတင်ခဲ့သည်။

ဝတ္ထု၏ စိတ်ဝင်စားဖွယ်ကောင်းသော အစိတ်အပိုင်းသည်လည်း ထိုအချိန်တွင် စတင်သည်။

အသားမစားသော ယောင်ဟေးပြဿနာသည် လင်နှင့်မယားအကြားက ကြီးမားသောပြဿနာတစ်ရပ်အဖြစ်မှ ယောင်ဟေး၏ မိဘနှစ်ပါး၊ ခဲအိုနှင့်အစ်မဖြစ်သူတို့ထံ ရောက်ရှိသွား၍ ကြီးမားသောမိသားစုပြဿနာကြီးဖြစ်လာသည်။ ယောင်ဟေး၏ ပုံမှန်မဟုတ်တော့ အပြုအမှုတို့ကြောင့် သူမ၏ ခင်ပွန်းဖြစ်သူသည် စွန့်ခွာသွားခဲ့သည်။

ယောင်ဟေးအစ်မ၏ ခင်ပွန်းသည် ဗီဒီယိုအနုပညာ(Video Artist)သမားတစ်ဦးဖြစ်သည်။ သူသည် သူ၏အနုပညာလက်ရာကောင်းတစ်ခုကို ဖန်တီးပုံဖော်နိုင်ရန် အပြင်းအထန်အားထုတ်နေခဲ့သည်။ ယောင်ဟေးအစ်မ သူ့ဇနီး၏ စတိုးဆိုင်စီးပွားရေးဝင်ငွေကြောင့် သူသည် သူ၏ အနုပညာအလုပ်ကို အပူအပင်ကင်းစွာ လုပ်ကိုင်နေနိုင်သည်။ ယောင်ဟေး၏ မူမမှန်သောအခြေအနေများကို ကူညီစောင့်ရှောက်ပေးရန် တစ်နေ့တွင် ယောင်ဟေးထံသို့ ရောက်လာသည်။

ယောင်ဟေး၊ ခဲအိုနှင့် အစ်မဖြစ်သူတို့၏ သုံးပွင့်ဆိုင်ဇာတ်လမ်းသည် စတင်လာသည်။
ထိုဇာတ်လမ်းသည် ဗီဒီယိုအနုပညာလက်ရာတစ်ခုကို ဖန်တီးရန်ကြိုးပမ်းမှုတွင် အရင်းခံဖြစ်တည်ခဲ့သည်။

ခန္ဓာကိုယ်တွင် ပန်းပွင့်များ ပွင့်ကြသည်။ ပန်းပွင့်များနှင့်ခန္ဓာကိုယ်နှစ်ခုသည် ဝတ်မှုန်များကူးလူးကြသည်။ ဝတ်မှုန်ကူးလူးပြီးကြသောအခြေအနေတွင် ယောင်ဟေး၏ အစ်မသည် သူတို့ထံသို့ ရောက်လာသည်။ ယောင်ဟေးနှင့်ခဲအိုတို့သည် ဆေးရုံသို့ ရောက် သွားကြသည်။ ဆေးရုံရောက်ရှိနေသော ညီမဖြစ်သူ ယောင်ဟေးကို အစ်မသည် စောင့်ရှောက်လာသည်။ ယောင်ဟေးသည် ဆေးရုံ တွင် အတွင်းလူနာအဖြစ်နေထိုင်ရသည်။ ဆေးရုံမှ ဆရာဝန်များက ယောင်ဟေး၏ ကျန်းမာရေးကောင်းမွန်လာစေရန် အားထုတ် ကြသည်။

တစ်နေ့တွင် ယောင်ဟေးသည် ဆေးရုံမှ ပျောက်သွားသည်။ ဆေးရုံမှတာဝန်ရှိသူများနှင့်အစ်မဖြစ်သူတို့သည် အလုပ်များကုန်ကြ သည်။ ယောင်ဟေး အစ်မသည် ဆေးရုံသို့ အပြေးအလွွှားရောက်လာသည်။ ယောင်ဟေးသည် မည်သည့်အစားကိုမျှ မစားသည့် အပြင် သူ့ခန္ဓာကိုယ်အတွင်းသွင်းပေးသော ဆေးများကိုပင် လက်မခံတော့ဘဲ ကင်းမှီကောက်အနေအထားဖြင့် ခြေထောက်နှစ်ချောင်းကို မိုးပေါ်ထောင်ထား၍ နေလာသည်။ ကင်းမှီကောက်ထောင်ပြီး ခြေထောက်နှစ်ချောင်းကို ကားထားသည်။ ထိုအခါမှ ပေါင်ကြားထဲတွင် ပန်းပွင့်, ပွင့်လာမည်ဟု ယုံကြည်နေသည်။

လူသားဘဝမှနေ၍ သစ်ပင်တစ်ပင်ဖြစ်လာတော့မည်ဟု ယောင်ဟေးသည် သူ့ကိုယ်သူ အခိုင်အမာယုံကြည်နေသော်လည်း သူမ၏ ပတ်ဝန်းကျင်က သူမ၏ ယုံကြည်မှုများကို လျစ်လျူရှုခဲ့ပြီး အသားစားရန်သာတိုက်တွန်းခဲ့သည်။

The Vegetarian ဝတ္ထုကို အပိုင်းသုံးပိုင်းဖြင့် ဟန်ကန်သည် ရေးသားခဲ့သည်။

The Vegetarian အမည်ရသော ပထမပိုင်းတွင် သားသတ်လွွှတ်သမားဖြစ်လာသူ ယောင်ဟေးအကြောင်းကို ခင်ပွန်းဖြစ်သူ၏ ဇာတ်ကြောင်း ပြောရှုထောင့်မှနေ၍ ရေးသားသည်။

Mongolion Mark အမည်ရသော ဒုတိယပိုင်းတွင် သစ်ပင်လူသားဖြစ်လာတော့မည့် ယောင်ဟေးနှင့်ဗီဒီယိုအနုပညာ လက်ရာတစ်ခုဖန်တီးသည့် ခဲအိုဖြစ်သူ၊ အစ်မတို့၏ သုံးပွင့်ဆိုင်ဇာတ်လမ်းအကြောင်းကို ယောင်ဟေးခဲအိုဖြစ်သူ၏ ဇာတ်ကြောင်းပြောရှုထောင့်မှနေ၍ ရေးသားသည်။

Flaming Trees အမည်ရသော တတိယပိုင်းတွင် သစ်ပင်လူသားဖြစ်လာတော့မည့် ယောင်ဟေးအကြောင်းကို အစ်မဖြစ် သူ၏ ဇာတ်ကြောင်း ပြောရှုထောင့်မှနေ၍ ရေးသားသည်။

ယောင်ဟေးဆိုသူ သူလိုကိုယ်လိုအမျိုးသမီးသည် သစ်ပင်ဖြစ်ချင်သူအမျိုးသမီးဘဝသို့ရောက်ရှိရန် ခင်ပွန်း၊ ခဲအိုနှင့်အစ်မဖြစ် သူတို့ ပုံဖော်သွားကြသည်။ သူတို့သည် ယောင်ဟေးနှင့်အတူ The Vegetarian တွင် ဖြတ်သန်းကြသော ဇာတ်ကောင်များလည်း ဖြစ်သည်။

‘‘The Vegetarian ဆီက အသံ‘သုံး’သံ ကြားရတယ်။ မတူညီတဲ့ ရှုထောင့်‘သုံး’ထောင့်ကလာသော အသံ များဖြစ်တယ်။ ကျစ်လစ်တယ်။ နောက်ခံကားချပ်တွေကို မမြင်ရဘဲ မပါဝင်ဘဲ ဝတ္ထုကို လှပစွာရေးဖွဲ့ခဲ့တယ်။ အစဉ်အလာ လုပ်ရိုးလုပ်စဉ်များ မှ ခွဲထွက်လိုသော သာမန်အမျိုးသမီးတစ်ဦး၏ ဆန္ဒကို လှစ်လျူရှုကြတယ်။ သူမကို ချည်နှောင်းတုတ်နှောင်ပြီး လူမှုဘဝထဲ မိသားစုဘဝထဲ အိမ်ထဲကို အတင်းပို့ဖို့ ကြိုးစားကြတယ်။ စုတ်ဖြတ်ခံရသော ခံစားမှုအရေးအသားများထဲတွင် သူမကိုယ်တိုင်နဲ့ သူမရဲ့ဝန်းကျင်မှသူများဟာ မိန်းမော် သွားကြရတယ်’’ အစရှိသော စကားရပ်များကို The Man Booker International ဆုရွေးချယ် ရေးအဖွဲ့၏ ဥက္ကဋ္ဌ Boyd Tonkin က မှတ်ချက်ပြုခဲ့သည်။ ‘‘ပြင်းထန်ခြင်း ယုတ္တိလွန်ကဲခြင်းနှင့် ကို့ရို့ကားယားဖြစ်ခြင်း’’တို့ကို The Vegetarian တွင် တွေ့ရသည်ဟု တောင်ကိုရီးယားနိုင်ငံသူနိုင်ငံသား စာဖတ်သူများကလည်း မှတ်ချက်ပြုထားကြ သည်။

The Vegetarian သည် တောင်ကိုရီးယားနိုင်ငံသူ ‘ဟန်ကန်’ ရေးသားခဲ့သော လုံးချင်းဝတ္ထုဖြစ်သည်။ ဝတ္ထုပါအကြောင်း အရာသည် တစ်စုံတရာ ထူးခြားဆန်းသစ်ခြင်း၊ စာဖတ်သူကို ပညာပေးလိုခြင်း၊ ဆုံးမလိုခြင်း၊ သတင်းအချက်အလက်ပေးလိုခြင်း အလျဉ်းမရှိသကဲ့သို့ ကိုရီးယား၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်ကြီးကျယ်ခမ်းနားလှသည်ဟု ကြွေးကြော် လိုသော အသံများကိုလည်း မကြားရပါ။ မတွေ့ရပါ။ သို့သော် ဝတ္ထုထဲမှ ထိုးထွက်လာသော အသံများ၊ အဖြစ်အပျက်များ၊ သဘောတရားများမှတစ်ဆင့် ကိုရီးယားလူ့အဖွဲ့အစည်း၏ လူမှုဘဝ၊ မိသားစုဘဝ၊ အစဉ်အလာအတွေးအခေါ်နှင့်အာရှသားတို့၏ ဖြစ်တည်မှု၊ လူမှုဘဝတည်ဆောက်မှုများကို အထင်အရှားမြင်တွေ့လိုက်ရသည်။ အထူးသဖြင့် တောင်ကိုရီးယားကို တွေ့လိုက်ရသည်။ တောင်ကိုရီးယားစာပေသည် ကမ္ဘာ့စာပေအသိုက်အဝန်းထဲသို့ ရောက်နေသည်ကို မြင်လိုက်ရ သည်။

‘ဟန်ကန်’၏ The Vegetarian သည် ၁၉၉ရ ခုနှစ်၌ သူမကိုယ်တိုင်ရေးသားခဲ့သော “The Fruit of My Woman” ဝတ္ထုတိုတွင် အခြေခံခဲ့သည်။ သားသတ်လွတ်သမားတစ်ယောက်အကြောင်း သို့မဟုတ် သစ်ပင်ဖြစ်သွားသူတစ်ယောက်အကြောင်းကို စာပေလက်ရာအဖြစ် ရေးသားရန်စိတ်ကူးကို တက္ကသိုလ်ကျောင်းသူဘဝကတည်းက သူမရရှိခဲ့သည်။ လူသားမှ သစ်ပင် ဖြစ်လာနိုင်သည်ဟု သူမယုံကြည်ခဲ့သည်။ အကြမ်းဖက်ခံရမှုနှင့်လူသားဖြစ်မှု အကြောင်းများကို ‘ဟန်ကန်’သည် စူးစမ်း ရှာဖွေခဲ့သည်။ လူသားမျိုးနွယ်စု၏ နေ့စဉ်နှင့်အမျှ အစားအသောက်ရွေးချယ်စားသောက်မှုများကို အရင်းခံအကြောင်းပြု ၍ ဝတ္ထုကို ရေးသားခဲ့သည်။ ဝတ္ထုအတွက် လေ့လာမှုများပြုခဲ့သကဲ့သို့ ဗီဒီယိုအနုပညာသမားတစ်ဦးနှင့်စိတ်ကျန်းမာရေးဆေးရုံ၏ ကူညီပေးမှုများကိုလည်း ‘ဟန်ကန်’ရရှိခဲ့သည်။ The Vegetarian သည် The Vegetarian, Mongolian Mark နှင့် Flaming Trees ဝတ္ထုလတ်သုံးပုဒ်ကို ပေါင်းစည်းထားသည့် အပိုင်းသုံးပိုင်းပါဝင်သောဝတ္ထုဖြစ်ကြောင်းနှင့် Mongolian Mark သည် တောင်ကိုရီးယား၏ စာပေဆုတစ်ခုဖြစ်သာ Yi Sang စာပေဆုကို ရရှိထားကြောင်းလည်း သိရှိရသည်။

‘ဟန်ကန်’သည် ဖန်တီးမှုဆိုင်ရာစာပေပညာရပ်ကို ဆိုးလ်အနုပညာကျောင်း(Seoul Institute of the Arts)တွင် သင်ကြားပေးနေသူဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၏ ထင်ရှားသောစာပေဆုများနှင့်အတူ ထင်ရှားကျော်ကြားသူတစ်ဦးလည်းဖြစ် သည်။ The Vegetarian သည် သူမ၏ ပထမဦးဆုံးသော အင်္ဂလိပ်ဘာသာသို့ပြန်ဆိုသော စာအုပ်တစ်အုပ်ဖြစ်သည်။ အင်္ဂလိပ်ဘာသာပြန်ဆိုသူမှာ ‘စမစ်’ ဖြစ်သည်။ ‘စမစ်’သည် ကိုရီးယားဘာသာစကားကို အသက် ၂၁ နှစ်အရွယ်တွင် စတင်လေ့လာခဲ့သည်။ အင်္ဂလိပ်-ကိုရီးယားဘာသာပြန်သူတစ်ဦးဖြစ်လာစေရန် ဆုံးဖြတ်ခဲ့ပြီး ကိုရီးယားသို့ ပြောင်းရွေ့ခဲ့ သည်။ ‘စမစ်’သည် ‘ဟန်ကန်’၏ “Human Act” ဟုအမည်ရသော ဝတ္ထုကိုလည်း ကိုရီးယားဘာသာမှ အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုထားသေးသည်။

The Man Booker International Prize ကိုThe Vegetarian သည် ၂ဝ၁၆ ခုနှစ်အတွက် ရရှိခဲ့သည်။ The Man Booker စာပေဆု သည် စာပေနိုဘယ် ဆုကဲ့သို့ ကမ္ဘာ့စာပေအသိုက်အဝန်းတွင် ဩဇာကြီးမား၍ ထင်ရှားသောစာပေဆုတစ်ခုဖြစ်သည်။ The Vegetarian ကို တောင်ကိုရီးယားနိုင်ငံသူ ဟန်ကန်က မိခင်ဘာသာစကားဖြင့် ရေးသားခဲ့သည်။ ထိုစာအုပ်ကို ဗြိတိသျှ နိုင်ငံသူ စမစ်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ ၂ဝဝရ ခုနှစ် အောက်တိုဘာ၌ ဟန်ကင်၏ ပင်ကိုယ်ရေးကိုရီးယားမူ ကို စတင်ဖြန့်ချိခဲ့ပြီး စမစ်ပြန်ဆိုသော အင်္ဂလိပ်ဘာသာပြန်မှုကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ၌ ယူကေတွင်လည်းကောင်း၊ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ၌ ယူအက်စ်တွင်လည်းကောင်း ဖြန့်ချိခဲ့သည်။ The Vegetarian ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ထုတ်ဝေသည့်အပြင် ဂျပန်၊ ဒတ်ချ်၊ စပိန်၊ ဗီယက်နမ်၊ ပြင်သစ်၊ ပိုလန်၊ ဂျာမန်၊ အီတလီ၊ ကာတိုနီနှင့် ကာဒ်ဘာသာ စကားများသို့လည်း ဘာသာပြန်ဆို၍ ထုတ်ဝေခဲ့သည်။

‘‘သားသတ်လွတ်သမ’’အမည်ဖြင့် မြန်မာဘာသာသို့ စာရေးဆရာ‘သင့်လူ’က ဘာသာပြန်ဆိုခဲ့သည်။ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် ငါတို့စာပေက ထုတ်ဝေခဲ့သည်။

ဟန်ဆန်း

ကိုးကား ။    ။ The Man Booker, Wikipedia, သင့်လူ၏ သားသတ်လွတ်သမ

စာအုပ်အမည် – သားသတ်လွတ်သမ
စာရေးသူ – သင့်လူ
စာအုပ်တိုက် – ငါတို့စာပေ
တန်ဖိုး – ၃ဝဝဝ ကျပ်
စာမျက်နှာ – ၂၅၇
မျက်နှာဖုံး – သိုးထိန်း
အကြိမ် – ပထမအကြိမ်၊ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ

Category: Book, Literature

Post navigation

← ရေဆန်လမ်းမှ ပြန်ခဲ့သူ
Afterall ဂျာနယ် မိတ်ဆက်ခြင်းနှင့်အနုပညာအကြောင်း ဆွေးနွေးခြင်း →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme