Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

အွန်လိုင်း၊ ကုန်သွယ်ရေးနှင့်အွန်လိုင်းမဂ္ဂဇင်း

Posted on August 14, 2015September 3, 2025 by Han Zaw
ecommerce design over white background vector illustration
ecommerce design over white background vector illustration

အွန်လိုင်းကုန်သွယ်‌ရေးနှင့် အွန်လိုင်းမဂ္ဂဇင်း

‌ရောင်းချခြင်းနှင့်ဝယ်ယူခြင်းများကို ‌နေ့စဉ်နှင့်အမျှလုပ်ကိုင်‌နေကြသည်။ ‌ရောင်းချခြင်းနှင့်ဝယ်ယူခြင်းသည် ကုန်သွယ်မှုမှ အစိတ်အပိုင်းဟု ဆိုနိုင်မည်။ ကုန်သွယ်မှုတွင် ရွှေ့ပြောင်းနိုင်‌သောကုန်ပစ္စည်းများ၊ မ‌ရွှေ့ပြောင်းနိုင်‌သောကုန်ပစ္စည်းများအပါအဝင် ဝန်‌ဆောင်မှုလုပ်ငန်းများလည်း ပါဝင်သည်။ သာမန်အားဖြင့် ကုန်သွယ်လုပ်ငန်းများ ကို မျက်မြင်‌လောကတွင်သာ လုပ်ကိုင်ကြသည်။ ကုန်သွယ်မှုကို ‌ဒေသအတွင်း၊ နယ်‌မြေအတွင်း၊ မြို့ရွာအတွင်း၊ နိုင်ငံအတွင်းမှ နိုင်ငံတကာ အဝန်းအဝိုင်းအထိ ကူးလူး ဆက်သွယ်၍ ကုန်သွယ်ကြသည်။ သို့‌သော်လည်း နည်းပညာတိုးတက်လာခြင်း၊ နည်းပညာမှထပ်ဆင့် ‌မွေးဖွား‌ပေးလိုက်သည့် အရည်အ‌သွေးများသည် လူထုနှင့်အသား ကျလာခြင်းတို့‌ကြောင့် ‌ရောင်းဝယ်‌ဖော်ကာမှုပုံသဏ္ဍာန်နှင့်ကုန်သွယ်‌ရေးပုံသဏ္ဍာန်များသည်လည်း ‌ရွှေ့လျား‌ပြောင်းလဲလာရသည်။ ထိုသို့‌ရွှေ့လျား‌ပြောင်းလဲလာရာတွင် အွန်လိုင်းနည်းပညာတစ်ခုထဲမှ အီလက်ထ‌ရောနစ်ကုန်သွယ်‌ရေးလုပ်ငန်းများ ပါဝင်လာသည်။ အီလက်ထ‌ရောနစ်ကုန်သွယ်‌ရေးလုပ်ငန်းများကို e-commerce ဟု‌ခေါ်ဆိုသည်။ e-commerce တွင် ကုန်ပစ္စည်းများနှင့်ဝန်‌ဆောင်မှုလုပ်ငန်းများကို ‌ရောင်းဝယ်ရာ၌ အီလက်ထ‌ရောနစ်စနစ်ဖြစ်‌သော အင်တာနက်၊ တနည်းအားဖြင့် အွန်လိုင်းကို အသုံးပြုလာကြသည်။ အီလက်ထ‌ရောနစ်ကုန်သွယ်မှုလုပ်ငန်းများတွင် လုပ်ရိုးလုပ်စဉ်၊ မိရိုဖလာလုပ်ငန်းများသည်လည်းပါဝင်လာခဲ့သည်။ ထိုသို့ပါဝင်လာ ရာတွင် စာ‌ပေဆိုင်ရာလုပ်ငန်းများနှင့် သတင်းစာဆိုင်ရာထုတ်‌ဝေ‌ရေးလုပ်ငန်းများလည်းပါဝင်လာရသည်။ အီလက်ထ‌ရောနစ်ကုန်သွယ်‌ရေးသည် ရုတ်ချည်း‌ပေါ်‌ပေါက် လာသည်‌တော့မဟုတ်။ တဖြည်းဖြည်းချင်း တဆင့်ချင်း ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် Michael Aldrich ဆိုသူသည် online shopping ကို စတင်တီထွင်ခဲ့သည်ဟု ဆိုသည်။ ထို့‌နောက် အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်လာခဲ့ရာ ၁၉၉ဝ ခုနှစ်တွင် Tim Berners Lee  က WWW(World Wide Web) ကို တီထွင် နိုင်ခဲ့သည်။ ထိုတီထွင်မှုသည် အီလက်ထ‌ရောနစ်ကုန်သွယ်မှုအတွက် တစိတ်တပိုင်အ‌ထောက်အကူပြုခဲ့သည်။  ထို့ကြောင့် ၁၉၉၅ ခုနှစ်တွင် Amazon.com  ဆို‌သော အွန်လိုင်းစတိုးထွက်‌ပေါ်လာသည်။ Salon ကဲ့သို့ အွန်လိုင်းမဂ္ဂဇင်းများလည်း ထွက်‌ပေါ်လာသည်။

Amazon.com  အွန်လိုင်းစတိုး

အွန်လိုင်းစတိုးများသည် အီလက်ထ‌ရောနစ်ကုန်သွယ်‌ရေး(e-commerce)၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ အွန်လိုင်းမဂ္ဂဇင်းများနှင့်အီလက်ထ‌ရောနစ်မူ စာအုပ်များကို အဓိကဖြန့်ချိ၍ ထင်ရှား‌ကျော်ကြား‌သောအွန်လိုင်းစတိုးသည် Amazon ဖြစ်သည်။ www.amazon.com ကို ၁၉၉၅ ခုနှစ်တွင် Jeff Bezos ကစတင်တည်ထောင်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် စာအုပ်‌ရောင်းချသည့်ဆိုင်အဖြစ်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှသာ အွန်လိုင်းကို စတင်ခဲ့ခြင်း ဖြစ်သည်။ Amazon ကို စတင်ချိန်တွင် အွန်လိုင်းစာအုပ်စတိုးအဖြစ် စတင်ခဲ့သည်။ ‌နောက်ပိုင်းတွင် ဒီဗီဒီ၊ စီဒီ၊ ‌ဆော့ဝဲလ်၊ ဗီဒီယိုဂိမ်းများနှင့်အခြား‌သောအမျိုးအမည်စုံပစ္စည်းများကို လက်လီ‌ရောင်းချလာခဲ့သည်။ အွန်လိုင်းမှတဆင့် လက်လီ‌ရောင်းချသော ကမ္ဘာ့အကြီးဆုံးလုပ်ငန်းတစ်ခုလည်းဖြစ်သည်။ အွန်လိုင်းကို ‌ရောက်ရှိခဲ့သည့်အတွက် Amazon ၏ ‌ဈေးကွက်သည် ပိုမိုကြီးမားလာခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းမဂ္ဂဇင်း

အွန်လိုင်းမဂ္ဂဇင်း(online magazine)ဆိုသည်မှာ အင်တာနက်အ‌ပေါ်တွင် ထုတ်လုပ်ဖြန့်ချိ‌သောမဂ္ဂဇင်းများကို ဆိုလိုခြင်းဖြစ်သည်။ အချို့‌သောအွန်လိုင်း မဂ္ဂဇင်းများကို webzine ဟုလည်း‌ခေါ်သည်။ ezine ဟုလည်း ‌ခေါ်ဆိုကြသည်။ e-zine ဟုလည်း စာလုံး‌ပေါင်းကြသည်။ cyberzine, hyperzine ဟုလည်း ‌ခေါ်ကြသည်။ ထို့အပြင် electronic magazine, e-magazine ဟုလည်း‌ခေါ်ကြသည်။ ezine များကို ဖြန့်ချိ‌သောအခါ အီး‌မေးလ်ကဲ့သို့‌သော အီလက်ထ‌ရောနစ်ဖြန့်ချိ‌ရေးပုံစံနှင့်ဝက်ဘ်ဆိုဒ်ကိုသာ အသုံးပြု‌လေ့ရှိကြသည်။ သို့‌သော်လည်း အွန်လိုင်းမဂ္ဂဇင်းများကို အဓိက ဖြန့်ချိရာ‌နေရာသည် အွန်လိုင်းစတိုးများ ပင် ဖြစ်သည်။ အွန်လိုင်းမဂ္ဂဇင်းထုတ်‌ဝေရာတွင် ပုံနှိပ်မဂ္ဂဇင်းများထုတ်‌ဝေသကဲ့သို့ အယ်ဒီတာနှင့်အယ်ဒီတာအဖွဲ့ဝင်များထားရှိ‌လေ့ရှိသည်။ ပုံနှိပ်မဂ္ဂဇင်းများထုတ်ဝေ သကဲ့သို့ ကုန်ကျစရိတ်များလည်းရှိသည်။ ရင်းနှီးမြှုပ်နှံမှုများလည်း ရှိ‌နေမြဲဖြစ်သည်။ ပုံနှိပ်မဂ္ဂဇင်းများကို အစဉ်အလာအတိုင်းထုတ်‌ဝေလာ‌သော ထုတ်‌ဝေသူများ သည်လည်း ပုံနှိပ်မဂ္ဂဇင်းမူများကို အီလက်ထ‌ရောနစ်မူသို့‌ပြောင်း၍ အွန်လိုင်းမဂ္ဂဇင်းအဖြစ်ထုတ်‌ဝေလာကြသည်ကို လည်း‌တွေ့ရသည်။ မြန်မာပြည်တွင်းရှိအချို့‌သော မဂ္ဂဇင်းများနှင့်ဂျာနယ်များသည်လည်း အီလက်ထ‌ရောနစ်မူသို့ ‌ပြောင်းလဲ၍ ထုတ်‌ဝေ ဖြန့်ဖြူးလာခဲ့သည်ကို ‌တွေ့မြင်လာရသည်။ ထိုသို့ထုတ်‌ဝေရာတွင် အီလက်ထ‌ရော နစ်မူမှ တစ်စုံတရာအကျိုးအမြတ်မရရှိပါ။ ထို့အတူ ပုံနှိပ်မူ၏ ‌စောင်‌ရေကိုလည်း ‌ပြောပလောက်‌အောင် ထိခိုက်မှုမရှိဟု ဆိုကြသည်။ သို့‌သော်လည်း စာဖတ်ပရိသတ်သည် အီလက်ထ‌ရောနစ်မူကိုသာ အားထားလာပါက သက်ဆိုင်ရာထုတ်‌ဝေသူများနှင့်စာ‌ပေပညာရှင်များအတွက် ဝင်‌ငွေရရှိနိုင်မည့် စီးပွားရေးပုံသဏ္ဍာန်တစ်ခု လိုအပ်လာမည် ဖြစ်သည်။

ဝင်‌ငွေရရှိမည့် စီးပွား‌ရေးပုံသဏ္ဍာန်

အွန်လိုင်းမဂ္ဂဇင်းအများစုသည် သူတို့တွင်‌ဖော်ပြထား‌သော အ‌ကြောင်းအရာများကို အခမဲ့ကြည့်ရှုနိုင်ရန်စီစဉ်ထားလေ့ရှိသည်။ သို့‌သော်လည်း အခြားသောအ‌ကြောင်း အရာများ ကို ဖတ်ရှုနိုင်ရန် ‌ငွေ‌ကြေးတစ်စုံတရာ‌ပေးသွင်းမှ ဖတ်ရှုနိုင်မည် ဖြစ်သည်။ အထူးသဖြင့် အွန်လိုင်းမဂ္ဂဇင်းတို့သည် ဝင်‌ငွေရရှိမှုအတွက်‌ကြော်ငြာများ လက်ခံရယူကြသည်။ ထိုသို့‌ကြော်ငြာများလက်ခံရရှိနိုင်ရန် သက်ဆိုင်ရာအွန်လိုင်းမဂ္ဂဇင်းသို့ ဝင်‌ရောက်ကြည့်ရှု၊ ဖတ်ရှုသည့် အခိုင်အမာပရိသတ်ရရှိထားရန်လိုအပ် သည်။ အွန်လိုင်းမဂ္ဂဇင်းထုတ်‌ဝေရခြင်းသည် ပုံနှိပ်မဂ္ဂဇင်းထုတ်‌ဝေရခြင်းထက် ကုန်ကျစရိတ်ပိုမိုသက်သာသည်။ သို့‌သော်လည်း ‌အောင်မြင်‌သော အွန်လိုင်းမဂ္ဂဇင်းဖြစ်ရန် အချိန်ကာလတစ်ခုကို အရင်းအနှီးအဖြစ် ‌ပေးထားရသည်။ ၁၉၉ဝ ခုနှစ်‌နောက်ပိုင်းတွင် အွန်လိုင်းမဂ္ဂဇင်းများကိုစတင်ထုတ်‌ဝေခဲ့သည်ဟု ဆိုနိုင်သည်။ အွန်လိုင်းမဂ္ဂဇင်း တစ်ခုဖြစ်သည့် Salon ကို ၁၉၉၅ ခုနှစ် ဇူလိုင်တွင်စတင်၍ တည်‌ထောင်ခဲ့သည်။ အွန်လိုင်းမဂ္ဂဇင်း‌ခေတ်ဦးပိုင်းတွင် ပါဝင်ခဲ့‌သော မဂ္ဂဇင်းတစ်‌စောင်လည်းဖြစ်သည်။ မဂ္ဂဇင်းတွင်‌ဖော်ပြမည့် အ‌ကြောင်းအရာများကို အပတ်စဉ်လွွှင့်တင်‌ပေးခဲ့သည်။ ပုံနှိပ်မဂ္ဂဇင်းများလစဉ် ထွက်သကဲ့သို့ အွန်လိုင်းပေါ်သို့ အပတ်စဉ်လွွှင့်တင်‌ပေးသည်။ ထိုသို့လွွှင့်တင်ရာတွင်လည်း ပုံနှိပ်မဂ္ဂဇင်းတစ်‌စောင်ဖွဲ့စည်းသကဲ့သို့ မဂ္ဂဇင်း၏ဦးတည်ရာနှင့်ရည်ရွယ်ချက်များကို ‌ရွေးချယ်သတ်မှတ်ထားပြီးဖြစ်သည်။ Salon ကလွွှင့်တင်သည့်အ‌ကြောင်းအရာအများစုမှာ ဂီတ၊ ရုပ်ရှင်နှင့်စာအုပ်များ အ‌ပေါ်သုံးသပ်သည့် သုံးသပ်ချက်များနှင့်‌ဆောင်းပါးများဖြစ်သည်။ ထို့အပြင် ‌ခေတ်သစ်လူ‌နေမှုဘဝနှင့်ပတ်သက်ဆက်နွယ်‌သော အ‌ကြောင်းအရာများကိုလည်း လွွှင့်တင်‌လေ့ရှိသည်။ ထိုအ‌ကြောင်းအရာသည် Salon ၏ မဂ္ဂဇင်း မူဝါဒဖြစ်ပြီး မဂ္ဂဇင်း၏ ဦးတည်ရာဟုလည်း ဆိုနိုင်သည်။ Salon ကို David Talbot ကစတင်တည်‌ထောင်ခဲ့သည်။ သူသည် အ‌မေရိကန်နိုင်ငံသားဖြစ်ပြီး စာနယ်ဇင်းလုပ်ငန်းဖြင့် အသက်‌မွေးလာသူဖြစ်သည်။ Salon ၏ တာဝန်ခံအယ်ဒီတာတစ်ဦးဖြစ်ပြီး အယ်ဒီတာလုပ်ငန်းများကို အ‌တွေ့အကြုံရှိသူလည်းဖြစ်သည်။ ထို့‌ကြောင့် David Talbot သည် လုပ်ရိုးလုပ်စဉ်ဖြစ်သည့် ပင်မ‌ရေစီး‌ကြောင်းမဂ္ဂဇင်းလုပ်ငန်းများကိုလည်း ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သည်။ စာ‌ရေးသူအ‌နေဖြင့် David Talbot သည် ပုံနှိပ်ဆို‌သောမူ‌ဘောင်မှ အီလက်ထ‌ရောနစ်မူ‌ဘောင်သို့ ရဲဝင့်စွာကူး‌ပြောင်းခဲ့ပြီး လုပ်ရိုးလုပ်စဉ်ကို စွန့်လွတ်ခဲ့သည်ဟု ထင်မြင်ယူဆသည်။

Salon ၏ စီးပွား‌ရေးပုံသဏ္ဍာန်

Salon အွန်လိုင်းမဂ္ဂဇင်းသို့လွွှင့်တင်သည့် အ‌ကြောင်းအရာအချို့ကို အခမဲ့ဖတ်ရှုခွင့်‌ပေးထားသည်။ ဝင်‌ငွေရရှိနိုင်ရန် ‌ကြော်ငြာများကို လက်ခံ‌ပေးသည်။ သာမန်အားဖြင့် Salon ကို အခမဲ့ဖတ်ရှုနိုင်သည်ဟုဆိုနိုင်‌သော်လည်း တစ်ချို့‌သော အ‌ကြောင်းအရာများအတွက် ‌ငွေ‌ကြေးတစ်စုံတရာ‌ပေးသွင်းထားမှသာ ဖတ်ရှုနိုင်‌သော စီးပွား‌ရေး ပုံသဏ္ဍာန်ကို အသုံးပြုထားသည်။ ထိုသို့‌ငွေ‌ကြေး‌ပေးသွင်း၍ ဖတ်ရှုရသူများ၏ စာမျက်နှာများတွင် ‌ကြော်ငြာများကို မမြင်‌တွေ့ရတတ်‌ပေ။ အခမဲ့ဖတ်ရှုရသည့် စာမျက်နှာများတွင်သာ ‌ကြော်ငြာများကို မြင်‌တွေ့ရသည်။ ထိုမူအတိုင်း Salon သည် ဝင်‌ငွေရရှိပြီး အကျိုးအမြတ်လည်းရရှိ‌နေသည်။ ပုံနှိပ်ဖြစ်‌စေ၊ အွန်လိုင်းဖြစ်‌စေ စာပေနှင့်ပတ်သက်‌သောလုပ်ထုံးလုပ်နည်းများသည် အတူတူပင်ဖြစ်သည်။ ပုံနှိပ်၍ ထုတ်‌ဝေခြင်းနှင့်ပုံနှိပ်‌သောအဆင့်ကို အသုံးမပြုဘဲ အီလက်ထ‌ရောနစ်မူအဖြစ်‌ပြောင်းလဲထုတ်‌ဝေခြင်းတို့သာ အဓိကကွာခြားသည်။ သို့‌သော်လည်း စာဖတ်သူများ၏ စာ‌ပေဖတ်ရှု့‌သော အ‌လေ့အထနှင့်စာ‌ပေများကို ဖြန့်ချိသည့် ဖြန့်ချိ‌ရေးပုံသဏ္ဍာန် သာ သိသိသာသာထူးထူးခြားခြား ကွာခြား‌ပေသည်။

ဟန်‌ဇော်

အိုင်ကွန်မဂ္ဂဇင်း၊ ‌ဖေ‌ဖော်ဝါရီ ၂ဝ၁၃ ခုနှစ်

Category: Tech

Post navigation

← စွယ်စုံကျမ်း၊ ဝီကီပီးဒီးယားနှင့် မြန်မာဝီကီ
ပုံနှိပ်မှသည် အီလက်ထရောနစ်သို့ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme