Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

သင်ပုန်းကွန်ပျူတာ

Posted on July 18, 2015September 3, 2025 by Han Zaw

Tablet Computerစာရေးသူ ကျောင်းနေစအရွယ်က ကျောက်သင်ပုန်းနှင့်ကျောက်တံကို အသုံးပြုခဲ့သည်။ ကျောက်သင်ပုန်းအသစ်တစ်ချပ်ရလာလျှင် ကျောက်သင်ပုန်းပေါ် က အရောင်ဆိုးထားသည့် အမည်းရောင်ဆေးသားများကို ကုန်စင်သွားအောင် ဆေးကြောခဲ့ရသည်။ ကျောက်တံကို ချွန်ထက်နေအောင် သွေးရသည်။ ကျောက်သင်ပုန်းအသစ်ပေါ်မှာ ကကြီး၊ ခခွေး၊ အေ၊ ဘီ၊ စီ တို့ကို အရေးသင်ခဲ့ရသည်။ ကျောက်သင်ပုန်းပေါ်မှာပဲ လေးကြောင်းမျဉ်းဆွဲပြီး လက်ရေး လှအောင် ရေးကျင့်ခဲ့ရသည်။ ကျောက်သင်ပုန်းပေါ်တွင် လေးကြောင်းမျဉ်းဆွဲသောအခါ အိမ်ရိုက်သံကို အသုံးပြုပြီး ရေးဆွဲရသည်။ ကျောင်သင်ပုန်းသည် စာရေးသူတို့ ငယ်ဘဝအတွက် စာရေးသင်ရန်နှင့်ပညာသင်ရန်အတွက် အထောက်အကူပြုခဲ့သော ကိရိယာတစ်ခုဖြစ်သည်။ ကျောက်သင်ပုန်းသည် စာရေးသင်ရန်၊ သင်္ချာတွက်ရန် သက်သက်မဟုတ်ခဲ့ဘဲ မိမိစိတ်ကူးထဲက စိတ်ကူးပုံရိပ်တွေကိုလည်း ရေးဆွဲခွင့်ပေးခဲ့သည်။ ကျောက်သင်ပုန်းသုံးသည့် အခါမပါမဖြစ်ပါဝင်ရသည်ကတော့ ကျောက်သင်ပုန်းပင်ဖြစ်သည်။ ထိုအပင်လေးဖြင့် ကျောက်သင်ပုန်းကို ဖျက်လိုက်ပါမှ ကိုယ့်ရဲ့ ကျောက်သင်ပုန်းက ကြည်လင်သန့်ရှင်းသွားပြီး စာရေးကောင်းမည်ဟု မှတ်ယူခဲ့သည်။ ကျောက်သင်ပုန်းလေး လှသွားသည်ဟု တွေးထင်မိခဲ့သည်။

မူလတန်းကျောင်းသားဘဝက ကျော်လွန်ပြီး အလယ်တန်းကျောင်းသားဘဝကို ရောက်ပါမှ ဗလာစာအုပ်နှင့်ခဲတံကို အသုံးပြုရသည်။ အလယ်တန်း ကျောင်းသားဘဝမှ အထက်တန်းသို့ ရောက်မှသာ ဗလာစာအုပ်နှင့်ဘော်ပင်ကို အသုံးပြုခွင့်ရခဲ့သည်။ အချိန်မှာကာလများ ရွေ့လျားခဲ့ပြီး တက္ကသိုလ် ကျောင်းသားဖြစ်ခွင့်ရသည့်အခါတွင် ကွန်ပျူတာနှင့်ရင်းနှီးရပြန်သည်။ ထိုအချိန်က အားကိုးအားထားပြုပြီး အသုံးပြုခဲ့ရသော ကွန်ပျူတာမှာ စားပွဲတင် ကွန်ပျူတာဟုခေါ်သော Desktop Computer ဖြစ်သည်။ စားပွဲတင်ကွန်ပျူတာတွေကို ယခုအချိန်အထိလည်း အသုံးပြုနေရဆဲဖြစ်သည်။ စားပွဲတင် ကွန်ပျူတာတွေအသုံးပြုပြီးသည့် နောက်ပိုင်းတွင် ပေါင်တင်ကွန်ပျူတာ(Laptop Computer)၊ လက်တွင်းကိုင်သွယ်အသုံးပြုနိုင်သည့် PDA(Personal Digital Assistant)တို့ကို အသုံးပြုခဲ့ကြရသည်။ Desktop, Laptop နှင့် NetBook တို့သည် လူကြိုက်များခဲ့ပြီး လူအသုံးများခဲ့သည့် ကွန်ပျူတာများဖြစ်ခဲ့သည်။ တဖြည်းဖြည်းနှင့်ကွန်ပျူတာမျိုးဆက်များပြောင်းလဲလာခဲ့သည်မှာ ယခုအခါတွင် tablet computer များ၏ ခေတ်ကာလများဆီသို့ ရောက်ခဲ့ပြန်သည်။
Tablet Computer များကို မြန်မာလူမျိုးများက ကျောက်သင်ပုန်းကွန်ပျူတာများဟု တင်စားခေါ်ဝေါစ ပြုလာကြသည်။ တချို့သော သူများက ကျောက်သင် ပုန်းဟုသာ ခေါ်ကြသည်။ ကွန်ပျူတာများ၏ အသွင်အပြင်ကလည်း ကျောက်သင်ပုန်းနှင့်တူလှသည်။ Tablet Computer များအကြောင်းကို ဝီကီပီးဒီးယား အပေါ်တွင် ရှာဖွေကြည့်မိသည်။ ထိုသို့ရှာဖွေရာမှ tablet computer များအကြောင်းတွင် Writing Slate ဟူသော ကဏ္ဍတစ်ခု ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။ အင်တာနက်ပေါ်တွင် ကျောက်သင်ပုန်းအကြောင်းကို ရှာဖွေလေ့လာကြည့်သောအခါ မြန်မာကျောက်သင်ပုန်းအကြောင်းကို ရှာဖွေတွေ့ရှိပြန် သည်။

၁၉၄၅ ခုနှစ်တွင် ဦးအောင်သိန်းဆိုသူသည် မုဆိုးမတောင်မှ စီးဆင်းနေသော စမ်းချောင်းရှိ ကျောက်ပြားများကို ကောက်ယူပြီး သံပြားနှင့်ခြစ်ကာ ကျောက်သင်ပုန်းကို စတင်ပြုလုပ်ခဲ့သည်။ ထိုအချိန်က စက်မပေါ်သေး၍ လက်ဖြင့်သာ လုပ်ကိုင်ရသဖြင့် တစ်နေ့လျှင် ကျောက်သင်ပုန်း ၅ ချပ်သာ ပြီး၏။ တစ်ဖြည်းဖြည်းနှင့်တစ်ခြားသူများလည်း ယင်းကျောက်မှ ကျောက်သင်ပုန်းပြုလုပ်ကြကြောင်း သိရှိလာကြသဖြင့် မည်သူမဆို မိမိကြိုက်သည့် နေ ရာတွင် ကျောက်များကို ခွာယူ၍ စမ်းသပ်ပြုလုပ်ရာမှ ကျောက်သင်ပုန်းဖြစ်လာသည်။ ၁၉၅၀ ခုနှစ်မှစ၍ ကျောက်များကို ခွာမရတော့ဘဲ တွင်းစတင် တူးဖော်ရာမှ ကျောက်တွင်းများ ဖြစ်လာခဲ့သည်။ ရှေးနှစ်ပေါင်းများစွာကတည်းက မုဒွန်းရွာသည် မွန်တို့၏ လက်မှုပညာတစ်ရပ်အဖြစ် ကျောက်သင်ပုန်း လုပ်ငန်းသည် ကျော်ကြားခဲ့သည် ဟု ၁၉၇၈ ခုနှစ် မတ်လထုတ် မော်လမြိုင် ဆရာအတက်သင်သိပ္ပံမဂ္ဂဇင်းမှ ဒေါ်ခင်မြ(ကထိက)၏ဆောင်းပါးကို ကိုးကား၍ ဖော်ပြထားသည်။ ဝီကီပီးဒီးယားတွင် ဖော်ပြထားသည့် tablet computer အကြောင်းတွင်လည်း writing slates အကြောင်းကို ထည့်သွင်းဖော်ပြ ထားသည်။ ထို့ကြောင့် tablet computer များကို သင်ပုန်းကွန်ပျူတာဟု တင်စားခေါ်ဝေါရလျှင် လက်မခံနိုင်သူရှိမည်မလွဲသကဲ့သို့ လွန်ကြူးသည့်အခေါ်ဟု မဆိုသာပေ။

ယခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် Microsoft ကနေ tablet computer တစ်ခုဖြစ်သည့် Surface ကို ဖြန့်ချိတော့မည်ဟု သတင်းများထွက်ပေါ်လာသည်။ ထိုနေ့တွင်ပဲ Microsoft Windows 8 ကို ဖြန့်ချိမည်ဟု ဆိုထားသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က သမဝါယမဆိုင်များကို စာရေးသူသတိရမိ သည်။ လိုချင်တာက နို့ဆီ။ နို့ဆီလိုချင်ရင် အပ်ချည်လုံးပါတွဲ ယူရသည်။ ထို့အတူ Microsoft ကလည်း Windows 8 နှင့် Surface ကို တွဲထုတ်ရန် စိတ်ကူး လေသလားဟု စာရေးသူထင်မြင်မိသည်။

Surface မတိုင်မီ tablet computer ထုတ်လုပ်ဖြန့်ချိရန် Microsoft က ၂၀ဝ၀ ပြည့်နှစ်ဝန်းကျင်တွင် ကြံစည်ခဲ့သည်။ သို့သော်လည်း ဈေးကွက်အတွင်းတွင် အောင်မြင်မှုမရရှိခဲ့ပါ။ အသုံးပြုသူများနှင့် ကိုက်ညီသော၊ အသုံးပြုရမလွယ်ကူသော အခြေအနေများကြောင့် Microsoft Tablet Computer များ အောင်မြင်မှု မရရှိခဲ့ဟု စာရေးသူ ယူဆမိသည်။ ၂၀၁၀ ပြည့်နှစ်တွင် Apple ကွန်ပျူတာမှ iPad ဟူသော tablet computer ကို ထုတ်လုပ်ဖြန့်ချိခဲ့သည်။ တစ်ကမ္ဘာလုံးက iPad ကို စိတ်ဝင်တစားရှိခဲ့သည်။ တရုတ်နိုင်ငံမှ လူငယ်တစ်ဦးက iPad နှင့် အိုင်ထုတ်ကုန်တွေ ဝယ်ယူနိုင်ရန် ကိုယ်တွင်းက ကျောက်ကပ်ကို ထုတ်ပြီး ရောင်းချခဲ့သည်။ iPad သည် လူအများကို စိတ်ဝင်စားစေခဲ့သည်။ လွှမ်းမိုးခဲ့သည်။ ကျောက်ကပ်ရောင်းချရန် ကြံစည်ခဲ့ကြသူများနှင့်အကူအညီပေးခဲ့ကြ သူများကိုလည်း တရားစွဲဆိုပြီး စစ်ဆေးအပြစ်ပေးသည့် သတင်းများကို ကြားရသည်။ iPad ဆိုသော ဝေါဟာရကို တရုတ်တို့နှင့် သူပိုင်ကိုယ်ပိုင်အငြင်း ပွားရသော သတင်းများလည်း ကြားသိရသည်။

မည်သို့ပင်ဆိုစေ iPad နှင့် Apple ၏ အိုင်ထုတ်ကုန်များသည် လူပေါင်းများစွာကို ဖမ်းစားခဲ့သည်။ iPad, iPad2 နှင့် iPad New တို့ကို အရှိန်ကောင်းကောင်း ဖြင့် Apple က ထုတ်လုပ်ဖြန့်ချိခဲ့သည်။ စာရေးသူ ငယ်ဘဝက ကျောက်သင်ပုန်းတစ်ချပ်နှင့် အလုပ်များခဲ့ရသလို iPad မျိုးဆက်များဖြင့် ယခုကာလတွင် လည်း လူအများ အလုပ်ရှုတ်ကြပြန်သည်။ iPad မှ ရိုက်ခတ်လာသည့် လှိုင်းလုံးများကြောင့် tablet computer များသည် ဦးမော့လာကြသည်။ လူတိုင်းက tablet computer များကို စိတ်ဝင်စားလာကြသည်။ လူတိုင်းနှင့်လိုက်ဖက်ညီသည့် လူတိုင်းနှင့်ကိုက်ညီသည့် ပုံသဏ္ဍာန်များဖြင့် tablet computer များထွက် ပေါ်လာသည်။
iPad ကို ၂၀၁၀ ပြည့်နှစ်ကနေ စတင်ထုတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှ iPad မျိုးဆက်သုံးခုအထိ ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့သည်။ Microsoft ကတော့ tablet computer ယခုနှစ်မှသာ ထုတ်ဝေနိုင်ရန် ကြိုးပမ်းခဲ့သည်။ ထုတ်ဝေသည့် အခတွင်လည်း Windows 8 နှင့်အတူ ဖြန့်ချိရန် စီစဉ်သည်။ Windows 8 သည် မြန်မာအိုင်တီ သမားများအတွက် စိတ်ဝင်စားဖွယ်ကောင်းသော စနစ်တစ်ခုဖြစ်သည်။ Windows 8 တွင် မြန်မာဘာသာစကားအတွက် ယူနီကုတ်ပါဝင်လာမည် ဖြစ်သည်။ မြန်မာယူနီကုတ်ပါဝင်လာသည့်အခါ ဗမာစာအပြင် တိုင်းရင်းသားဘာသာစကားများလည်း ပါဝင်လာမည်ဖြစ်သည်။ Apple မှထုတ်လုပ်ခဲ့သည့် Lion တွင် မြန်မာယူနီကုတ်ပါဝင်ခဲ့သည်။ ထိုနည်းအတူ Microsoft တွင်လည်း မြန်မာယူနီကုတ်ပါဝင်လာခြင်းကြောင့် ယခင်ကာလတွေက ကြုံတွေ့ခဲ့ရသည့် ဖောင့်မရှိသည့် အခက်အခဲများ ပြေလည်မှုရရှိသွားနိုင်မည်ဖြစ်သည်။ ထို့အပြင် ပြည်တွင်းမှ ကွန်ပျူတာအသုံးပြုသူအများစုသည် Microsoft နှင့်အသား ကျပြီး ဖြစ်နေသောကြောင့် Surface tablet computer ကို စိတ်ဝင်စားမှု ပိုမိုများပြားလာမည်ဟု မျှော်လင့်ရသည်။

Tablet computer များသည် သယ်ဆောင်ရလွယ်ကူသည်။ ဖုန်းနှင့် PDA ဟုခေါ်သော personal digital assistan တို့ထက် အရွယ်အစားကြီးမားသည်။ ဖန်သား ပြင်ကို လက်ချောင်းများဖြင့်တို့ထိ၍ အသုံးပြုနိုင်သည်။ Digital pen ကို အသုံးပြု၍လည်း သုံးနိုင်သည်။ tablet computer အများစုတွင် ကီးဘုတ်များ ပါဝင် လေ့ မရှိပေ။ ကီးဘုတ်ကို အသုံးပြုလိုပါက ကြိုးမဲ့ဖြစ်စေ၊ သီးခြားတွဲဆက်၍ ဖြစ်စေအသုံးပြုနိုင်သည်။ ကီးဘုတ်အသုံးပြုရန်အတွက် On-screen ဟုခေါ် သော virtual keyboard များကိုသာ ထည့်သွင်းပေးလေ့ရှိသည်။

Tablet computer များတွင် WiFi , 2G , 3G , 4G အစရှိသဖြင့် အသုံးပြုနိုင်ခြင်းသည် အရေးပါသောအချက်တစ်ချက်ဖြစ်သည်။ အီးမေးလ်အသုံးပြုခြင်း၊ လူမှုကွန်ရက်များကို သုံးစွဲခြင်း၊ မက်စ်ဆေ့ပို့ခြင်း၊ ဗီဒီယိုဖုန်းခေါ်ခြင်း၊ တယ်လီဖုန်းဆက်သွယ်ခြင်း၊ GPS ချိတ်ဆက်ခြင်း၊ ဓာတ်ပုံဗီဒီယိုရိုက်ကူးခြင်း၊ အီးဘုတ်(e-book)ဖတ်ခြင်း၊ ဂိမ်း၊ ပညာရေးအစရှိသည့် အသုံးချဆော့ဝဲလ်များကို ရယူသုံးစွဲခြင်း၊ ဗီဒီယိုရုပ်ရှင်ကြည့်ခြင်း၊ သယ်ယူသွားနိုင်ရန်အတွက် လုံလောက်သည့် အလေးချိန်သာရှိခြင်းနှင့် နာရီပေါင်းများစွာ ကြာမြင့်သည်အထိ tablet computer ကို အသုံးပြုနိုင်ခြင်းတို့သည် အသုံးပြုသူများကို အကြိုက်တွေ့စေပြီး tablet computer ကို စိတ်ဝင်စားမှုပိုမိုစေသည့် အချက်များဖြစ်သည်။

OLPC(One Laptop Per Child)ဟုခေါ်သော NGO တစ်ခုသည် ကလေးငယ်များအတွက် OLPC XO-3 ဟူသော tablet computer ကို မိတ်ဆက်ခဲ့သည်။ ကလေးများ၏ ပညာရေးကိစ္စများတွင် အထောက်အကူပြုရန်စီစဉ်သော အစီအစဉ်ဖြစ်သည်။ OLPC က ကွန်ပျူတာတစ်လုံးလျှင် ကန်ဒေါ်လာ ၁၀ဝ ဖြင့် ကလေးများကွန်ပျူတာအသုံးပြုနိုင်ရန်အစီအစဉ်ကို အိန္ဒိယသို့ စတင်မိတ်ဆက်ခဲ့သည်။
စာရေးသူ ငယ်ဘဝက အသုံးပြုခဲ့ရသည့် ကျောက်သင်ပုန်းကို ယခုနေ့ခေတ်ကာလတွင် ကလေးများ အသုံးပြုနေသည်ကို မတွေ့မြင်ရတော့ပါ။ ကိုယ့်ခေတ် ကိုယ့်အခါက ကျောက်သင်ပုန်းနှင့်ကျောက်တံသည် နှစ်လိုဖွယ်ရာကောင်းခဲ့သည်။ ယနေ့ခေတ် ယနေ့အချိန်တွင် ကလေးများသည်လည်း သင်ပုန်း ကွန်ပျူတာများဖြင့် ပညာသင်လိုကြပေမည်။ OLPC ကဲ့သို့ အစီအစဉ်ကောင်းများရှိလျှင် မြန်မာကလေးများလည်း ပျော်ရွှင်ကြပေမည်။ သူတို့အတွက် သူတို့ကိုယ်စား မျှော်လင့်နေမိသည်။

ဟန်ဇော်
အိုင်ကွန်မဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၁၂ ခုနှစ်

Category: Tech

Post navigation

← မိုဘိုင်းအက်ပ်နှင့် နောက်ဆက်တွဲများ
မြန်မာယူနီကုတ်နှင့် ကွန်ပျူတာသုံး မြန်မာစာစနစ် →

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme