Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ကွန်ပျူတာစကားလုံးကပြောသော ကွန်ပျူတာ

Posted on January 7, 2016September 3, 2025 by Han Zaw
ကမ္ဘာ့ပထမဆုံးကွန်ပျူတာဟုသတ်မှတ်သော ENIAC(Electronic Numerical Integrator and Computer
ကမ္ဘာ့ပထမဆုံးကွန်ပျူတာဟုသတ်မှတ်သော
ENIAC(Electronic Numerical Integrator and Computer

ကွန်ပျူတာသည် တွက်ချက်ရေးစက်ကိရိယာတစ်ခုဖြစ်သည်။ လက်တင်ဝေါဟာရမှ ဆင်းတက်လာသော စကားလုံးတစ်လုံး လည်းဖြစ်သည်။ ကွန်ပျူတာစကားလုံးကို ၁၆၄ဝ နှောင်းပိုင်းကာလများကတည်းက အသုံးပြုခဲ့သည်ဟု လေ့လာသိရှိရသည်။ မှတ်တမ်းများ၏ဖော်ပြချက်အရ ၁၆၁၃ ခုနှစ်တွင် ထုတ်ဝေသော “The young mans gleanings” စာအုပ်တွင် အင်္ဂလိပ်စာရေးဆရာ Richard Braithwait က စတင်အသုံးပြုခဲ့သည်ဟုသိရသည်။

ကွန်ပျူတာ၏ ဖခင်
၁၇ ရာစုတွင် ကွန်ပျူတာဟုဆိုသော စက်ပစ္စည်းများမပေါ်သေးပါ။ ထိုကြောင့် တွက်ချက်ရေးလုပ်ငန်းများကို လူသားများက လုပ်ဆောင်ရသည်။ ထိုလူသားများကို တွက်ချက်သူများ(one who computes)ဟု ဆိုကြသည်။ ၁၆၄၆ ခုနှစ်အထိ ကွန်ပျူတာ၏ ဝေါဟာရသည် တွက်ချက်သူများကိုသာ ရည်ညွွှန်းခဲ့သည်။ ၁၈၉၇ ခုနှစ်တွင် အီလက်ထရောနစ်စနစ်အသုံးပြုသည့် စက်ပစ္စည်း များကို ကွန်ပျူတာဟုသုံးစွဲခဲ့သည်။ ၁၈၃၇ ခုနှစ်တွင် ကွန်ပျူတာနှင့်နီးစပ်သော စက်ပစ္စည်းတစ်ခုကို Charles Babbage ဆိုသူက တီထွင်ခဲ့သော်လည်း ထိုစက်ကို ကွန်ပျူတာဟုအမည်မပေးခဲ့ဘဲ Analytical Engine ဟုသာ ခေါ်ဆိုခဲ့သည်။ Charles Babbage(1791-1871)ကို ကွန်ပျူတာ့ဖခင်ဟု ခေါ်ဆိုကြသည်။ Charles သည် ကွန်ပျူတာတီထွင်မှု ခေတ်ဦးတွင်ပါဝင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ပေသီးတွက်ခုံ
ကွန်ပျူတာတီထွင်မှုသမိုင်းကို‌လေ့လာလျှင် ကွန်ပျူတာကို တစ်စုံတစ်ဦးတည်းက တီထွင်ခဲ့ခြင်းမဟုတ်ကြောင်း တွေ့ရမည်။ တီထွင်မှုသမိုင်းသည် ရှည်လျားခဲ့ သည်။ အဆင့်ဆင့်တိုးတက်မှုနှင့်ဆင့်ကဲပြောင်းလဲတိုးတက်မှုများပါဝင်ခဲ့သည်။ ကွန်ပျူတာနည်းပညာသည် ယနေ့အချိန်အထိ တိုးတက်ပြောင်းလဲနေသည်။ တီထွင်မှုများသည် ရပ်တန့်သွားခြင်းမရှိသေးပါ။ ကွန်ပျူတာတီထွင်မှုသမိုင်းကို ‌ပြောဆိုကြရာတွင် ပေသီးတွက်ခုံများကို ထည့်သွင်းပြောဆိုကြသည်။ ကိန်း ဂဏန်းများတွက်ချက်ရန်အတွက် ပေသီးတွက်ခုံကို အသုံးပြုခဲ့ကြသည်။ ကွန်ပျူတာတစ်လုံးတွင် မည်သည့်လုပ်ငန်းကို လုပ်ကိုင်သည်မဆို ကွန်ပျူတာသည် ကိန်းဂဏန်းများကိုသာ တွက်ချက်ပေးသည်။ ကွန်ပျူတာ၏ မြန်နှုန်းကို ပြောဆိုရာတွင် တွက်ချက်နိုင်သည့် မြန်နှုန်းနှင့်သာ တိုင်းတာပြောဆိုကြသည်။ ထို ကြောင့် ကွန်ပျူတာတီထွင်မှု၏ မူလဇစ်မြစ်သည် ပေသီးတွက်ခုံအပါအဝင် တွက်ချက်ရေးကိရိယာများသာဖြစ်သည်။

ကွန်ပျူတာဆိုသည်
ကွန်ပျူတာဆိုသည် အဘယ်နည်းဟု ယနေ့ကာလတွင် မေးခွန်းထုတ်ခဲ့ပါက ကွန်ပျူတာဆိုသည် အီလက်ထရောနစ်ကိရိယတစ်ခုဖြစ်သည်။ အချက်အလက်များ ကို စနစ်တကျစီရီတွက်ချက်ပေးသည်။ တွက်ချက်ရာတွင် အမှန်-အမှား၊ သုည-တစ်စနစ်ဖြစ်သော ဒွိကိန်းစနစ်ဖြင့် ကွန်ပျူတာအသုံးပြုသူ၏ ညွွှန်ကြားချက် များကို တွက်ချက်ခြင်းဖြစ်သည်ဟု ဖြေဆိုရမည်။

ကမ္ဘာ့ပထမဆုံးကွန်ပျူတာ
ENIAC အမျိုးအစားကွန်ပျူတာကို ကမ္ဘာ့ပထမဆုံးကွန်ပျူတာအဖြစ် သတ်မှတ်ကြသည်။ ဒုတိယကမ္ဘာ့စစ်ကာလဖြစ်သည့် ၁၉၄၃-၁၉၄၆ ကာလအတွင်းတွင် ENIAC(Electronic Numerical Integrator And Computer)ကို တီထွင်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ENIAC ကို ထုတ်ဖော်ပြသ ခဲ့သည်။ ကွန်ပျူတာတီထွင်မှုအစောပိုင်းကာလကထုတ်လုပ်ခဲ့သော ကွန်ပျူတာများတွင် vaccum tubes များကို အသုံးပြုခဲ့ရသည်။ ENIAC တီထွင်ရာတွင် vaccum tubes စုစုပေါင်း ၁၇၄၆၈ နှင့် relay စုစုပေါင်း ၁၅ဝဝဝ ကို အသုံးပြုခဲ့ရသည်။ ကွန်ပျူတာတစ်ခုလုံး၏ အလေးချိန်တန် ၅ဝ ရှိသည်။ ၂ဝဝ ကီလိုဝပ်ဂ်အားရှိသည့် လျှပ်စစ်စွမ်းအင်ကို အသုံးပြုခဲ့သည်။ တီထွင်မှုအတွက် အမေရိကန်ဒေါ်လာ ၅ သိန်း ကုန်ကျခဲ့သည်။ တီထွင်မှုအစောပိုင်းက ကွန်ပျူတာများသည် အလွန်ကြီးမားသည်။ တခါတရံတွင် အခန်းတစ်ခန်း၏ ပမာဏနီးပါးကြီးမားသည်။ ကွန်ပျူတာကို လူတိုင်းမသုံးနိုင်ပါ။ အစိုးရဌာနများ၊ စီးပွားရေးလုပ်ငန်းကြီးများနှင့်တက္ကသိုလ်များတွင်သာ အသုံးပြုနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးကွန်ပျူတာအသုံးပြုမှု
မြန်မာနိုင်ငံတွင် ကွန်ပျူတာကို ၁၉၇ဝ ခုနှစ်နှောင်းပိုင်းကာလများက ရန်ကုန်တက္ကသိုလ်အတွင်းတွင် စတင်အသုံးပြုခဲ့သည်။ ထိုစဉ်ကအသုံးပြုခဲ့သည့် ကွန်ပျူတာများသည် ယနေ့အသုံးပြုနေသော ကွန်ပျူတာများကဲ့သို့ ပေါ့ပါးသေးငယ်သော ကွန်ပျူတာများမဟုတ်ဘဲ အလွန်ကြီးမားသော ကွန်ပျူတာများ ဖြစ်သည်။ ထိုကွန်ပျူတာကြီးများဖြင့် တက္ကသိုလ်များနှင့်အစိုးရဌာနများသို့ သင်တန်းများပို့ချပေးခဲ့သည်။ မြန်မာနိုင်ငံ၏ ပထမဆုံးကွန်ပျူတာသင်တန်း ကျောင်းကို ၁၉၈၆ ခုနှစ်တွင် MCC(Myanmar Computer Company)က တည်ထောင်ခဲ့သည်။ ကွန်ပျူတာသင်တန်းများကို ပို့ချပေးခဲ့သည်။

ပြည့်စုံသော ကွန်ပျူတာ
ကွန်ပျူတာတစ်လုံးတွင် ဟာ့ဒ်ဝဲလ်နှင့်ဆော့ဝဲလ်ဆိုသည့် အပိုင်းနှစ်ပိုင်းရှိသည်။ ဟာ့ဒ်ဝဲလ်တွင် Monitor, System Unit, Keyboard, Mouse အစရှိသည်တို့ပါဝင် သည်။ System Unit အတွင်းတွင် CPU, Harddisk, Memory နှင့် In-put, out-put device များပါဝင်ရမည်ဖြစ်သည်။ ထို့အပြင် ဟာ့ဒ်ဝဲလ်များအပေါ်တွင် ထည့်သွင်းအသုံးပြုရသော ဆော့ဝဲလ်များထည့်သွင်းအသုံးပြုရသည်။ ထိုဆော့ဝဲလ်များမှာ OS ဟုခေါ်သော စက်လည်ပတ်စနစ်နှင့်အသုံးချဆော့ဝဲလ်များ ဖြစ်သည်။ သို့မှာသာ ကွန်ပျူတာဟုဆိုနိုင်သော ကွန်ပျူတာတစ်လုံးဖြစ်ပေမည်။

ကွန်ပြူတာနှင့်ကွန်ပျူတာ
ကွန်ပြူတာနှင့်ကွန်ပျူတာအသုံးနှင့်ပတ်သက်ပြီး မည်သည့်အသုံးကိုအမှန်ယူမည်ကို ဆွေးနွေးခဲ့ကြသည်။ ကွန်ပျူတာဆိုသော အသုံးအနှုန်းကို သတ်ပုံအမှန် အဖြစ်ယူခဲ့ကြသည်။ ထိုအသုံးကို ယနေ့တိုင်ကျယ်ပြန့်စွာအသုံးပြုနေကြပြီဖြစ်သည်။ Computer ဆိုသော အင်္ဂလိပ်စကားလုံးကို တိုက်ရိုက်အသံလှယ်၍ မွေးစားခဲ့သည်။ ထိုမွေးစားစကားလုံးသည် မြန်မာစကားလုံးအသစ်တစ်လုံးအဖြစ် ယနေ့တိုင် အခိုင်အမာရပ်တည်နေပြီဖြစ်သည်။

ဟန်ဇော်

စကားလုံးများကပြောသော အိုင်စီတီခေါင်းစဉ်ဖြင့်
၂ဝ၁၃ ခုနှစ် အောက်တိုဘာလထုတ်
ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

Category: Book

Post navigation

← ကျွန်တော်နဲ့ GOOC 2010 ASIA & AFRICA ခရီးစဉ်
စာရေးသူ၊ စာအုပ်ထုတ်ဝေသူနှင့် စာအုပ်အရောင်းဆိုင်တို့၏ အလုပ်ရုံဆွေးနွေးပွဲ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme