Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

မိုဘိုင်းအက်ပ်နှင့် နောက်ဆက်တွဲများ

Posted on July 16, 2015September 3, 2025 by Han Zaw

mobile_istock-illustration2app ဆိုသော ဝေါဟာရတစ်ခုသည် ၂၀၁၀ ပြည့်နှစ်တွင် အလွန်ထင်ရှားလာခဲ့သည်။ အမေရိကန်နိုင်ငံရှိ American Dialect Society က app ကို ၂၀၁၀ ပြည့်နှစ်၏ ကမ္ဘာ့အထင်ရှားဆုံးစကားလုံးအဖြစ် သတ်မှတ်ခဲ့သည်။ app သည် application ၏ အတိုကောက်အခေါ်ဖြစ်သည်။ application ၏ စကားစု အပြည့်အစုံမှာ application software ဖြစ်သည်။ ကွန်ပျူတာများအပေါ်တွင် အသုံးပြုနိုင်သောစနစ်များကို application software ဟု ခေါ်ဆိုကြသည်။

Windows OS, iOS, MacOS နှင့် Ubuntu OS တို့သည် ကွန်ပျူတာစနစ်လည်ပတ်နိုင်ရန် အသုံးပြုရသည့် စက်လည်ပတ်စနစ်(Opreation System) များဖြစ် သည်။ Application software များသည် OS များပေါ်တွင် အလုပ်လုပ်ကြသည်။ app ဆိုသည်မှာ ကွန်ပျူတာဆော့ဝဲလ်ပင် ဖြစ်သည်။ ဆော့ဝဲလ်များကို လုပ်ငန်းကြီးများအတွက်၊ ငွေစာရင်းများအတွက်၊ ရုံးလုပ်ငန်းသုံးအတွက်၊ ကွန်ပျူတာဂရပ်ဖစ်များရေးဆွဲရန်အတွက်နှင့်မာတီမီဒီယာများတွင် အသုံးပြု ရန်အတွက်ဟူ၍ အမျိုးအစားများ ခွဲခြားခဲ့ကြသည်။ လွန်ခဲ့သော နှစ်အပိုင်းအခြားမှစ၍ Mobile apps များ စတင်ခေတ်စားလာခဲ့သည်။

ထို့ကြောင့် app ဆိုသည့် စကားစုသည် ၂၀၁၀ ပြည့်နှစ်အတွက် အထင်ရှားဆုံးစကားစုဖြစ်လာရခြင်းဖြစ်သည်။ Mobile apps များသည် သယ်ယူရန်လွယ် ကူသော ကွန်ပျူတာပစ္စည်းများအပေါ်တွင် အလုပ်လုပ်သည်။ သယ်ယူသွားနိုင်သော ကွန်ပျူတာပစ္စည်းများကို Mobile device ဟု ခေါ်ဆိုကြသည်။ သယ်ယူနိုင်သော ကွန်ပျူတာပစ္စည်းများတွင် PAD ဟုခေါ်သော Personal digital assistant ၊ သင်ပုန်းကွန်ပျူတာဟု ခေါ်သော tablet computer ၊ စမတ်ဖုန်း နှင့်မိုဘိုင်းဖုန်းများ ပါဝင်သည်။ မိုဘိုင်းဖုန်းများသည် ဖုန်းပြောဆိုရန်သက်သက်အတွက် မဟုတ်တော့ဘဲ လက်ကိုင်ကွန်ပျူတာတစ်လုံးအဖြစ်လည်း ကောင်း၊ မှတ်စုစာအုပ်တစ်အုပ်အဖြစ်လည်းကောင်း၊ ကင်မရာအဖြစ်လည်းကောင်း၊ အသံဖမ်းစက်အဖြစ်လည်းကောင်းနှင့် ရေဒီယိုတစ်လုံးကဲ့သို့ လည်းကောင်း ဖြစ်လာခဲ့သည်။ မိုဘိုင်းဖုန်းဟုခေါ်ဆိုနေသော်လည်း ကွန်ပျူတာတစ်လုံးကဲ့သို့ လုပ်ဆောင်မှုများကို လုပ်ဆောင်ပေးနေသည်။

ထို့ကြောင့် Mobile apps များသည် စမတ်ဖုန်းများ၊ သင်ပုန်းကွန်ပျူတာများနှင့် သယ်ယူနိုင်သောကွန်ပျူတာအခြေပြုစနစ်များပေါ်တွင် အလုပ်လုပ်ကြ သည်။ အီးမေးလ်၊ ပြက္ခဒိန်၊ လိပ်စာမှတ်စု၊ စတော့ရှယ်ယာဈေးကွက်အခြေအနေနှင့် ရာသီဥတုအခြေအနေစသည်တို့ကို ဖော်ပြပေးနိုင်မှုသည် Mobile apps များ၏ အခြေခံပေးနိုင်သာ လုပ်ဆောင်မှုများဖြစ်သည်။ GPS ဟုခေါ်သော Global Positioning System ၊ ဘဏ်စနစ်၊ ရုပ်ရှင်လက်မှတ်၊ လေယာဉ်လက်မှတ်၊ ကားလက်မှတ် အစရှိသည့် လက်မှတ်များကို ဝယ်ယူသောစနစ်များသည်လည်း မိုဘိုင်းအသုံးပြုသူများ၏ လိုအပ်ချက်ကြောင့်လည်းကောင်း၊ နည်းပညာ များ၏ ပြောင်းလဲမှုများကြောင့်လည်းကောင်း ဖွံ့ဖြိုးတိုးတက်လာရသည်။ ထိုသို့တိုးတက်မှုများသည် အရှိန်အဟုန်ကောင်းလာသည်နှင့်အညီ အသုံးများ လာသည့်အခါ မိုဘိုင်းပစ္စည်းများတွင် အခြေခံပါဝင်လာရသည့် လုပ်ဆောင်ချက်များ ဖြစ်လာရသည်။

မိုဘိုင်းကွန်ပျူတာများကို အသုံးပြုသူများပြားလာသောအခါ ဆော့ဝဲလ်ထုတ်လုပ်သူများသည် မိုဘိုင်းဈေးကွက်သို့ ခြေဦးလှည့်လာကြသည်။ ဈေးကွက် အတွင်းသို့ ပြန်လည်ကြည့်ရှုသောအခါတွင် မိုဘိုင်းလောကတွင် Apple, Google, Windows, BlackBerry တို့မှ ထုတ်လုပ်လိုက်သည့် app များသည် ကြီးစိုး လျက်ရှိပြီး လူသုံးများ၊ လူကြိုက်များသော mobile apps များအဖြစ် တွေ့ရှိရသည်။

apps များကို ထုတ်လုပ်ဖြန့်ဖြူးရာတွင် အခမဲ့ပေးသုံးခြင်း၊ တစ်ချို့သောအပိုင်းများသာ အခမဲ့ပေးသုံး၍ တစ်ချို့သောအပိုင်းများကို ဝယ်ယူသုံးစွဲစေခြင်း တို့ဖြင့် ဖြန့်ဖြူးလေ့ရှိသည်။ ထိုသို့ ဝယ်ယူသုံးစွဲရာတွင် သက်ဆိုင်ရာမိုဘိုင်းစက်လည်ပတ်မှုစနစ်များအတွက် ထုတ်လုပ်ထားသော app များကို အသုံး ပြုနိုင်သည်။ ထိုသို့သုံးစွဲရန်အတွက် အွန်လိုင်းပေါ်မှ application store များကို အသုံးပြုရသည်။ Apple အတွက် Apple store, Andriod အတွက် Google Play ၊ Windows Phone အတွက် Windows Phone Market Place ၊ BlackBerry အတွက် BlackBerry App World တို့ကို အသုံးပြုရသည်။ ယင်းတို့ကို operating system native platforms ဟုခေါ်ဆိုကြသည်။

မိုဘိုင်းစက်လည်ပတ်မှုစနစ် (mobile operating system)သည် ကွန်ပျူတာစက်လည်ပတ်မှုစနစ် (operating system) များကဲ့သို့သော စက်လည်ပတ်မှုစနစ် များဖြစ်သည်။ စမတ်ဖုန်း၊ သင်ပုန်းကွန်ပျူတာ၊ ပီအေဒီနှင့် အခြားသောမိုဘိုင်းပစ္စည်းများအပေါ်တွင် အလုပ်လုပ်သည်။ Mobile OS များတွင် တစ်ကိုယ် ရည်သုံးကွန်ပျူတာများ၏ ကွန်ပျူတာစနစ်များကို ပေါင်းစပ်ထည့်သွင်းထားသည်။ ထို့အပြင် လက်ဖြင့်တို့ထိ အသုံးပြုနိုင်ရန် touch screen နည်းပညာကို ထည့်သွင်းအသုံးပြုထားသည်။ မိုဘိုင်းပစ္စည်းများ ဖွံ့ဖြိုးအားကောင်းလာမှုသည် touch screen နည်းပညာ၏ ဖွံ့ဖြိုးမှုအရှိန်အဟုန်နှင့်လည်း ပတ်သက် ဆက်နွယ်နေသည်။ မိုဘိုင်းကွန်ပျူတာများသည် တစ်ကိုယ်ရည်သုံးကွန်ပျူတာများတွင် မပါဝင်နိုင်သည့် တယ်လီဖုန်းဆက်သွယ်ခြင်း၊ Bluetooth သုံးနိုင် ခြင်း၊ ဝိုင်ဖိုင်သုံးနိုင်ခြင်း၊ GPS အသုံးပြုနိုင်ခြင်း၊ ဓာတ်ပုံကင်မရာသုံးနိုင်ခြင်း၊ ဗီဒီယိုကင်မရာသုံးနိုင်ခြင်း၊ အသံဖြင့် ညွှန်ကြားခိုင်းစေနိုင်ခြင်း၊ အသံဖမ်း စက်၊ သီချင်းနားထောင်စက်အဖြစ်အသုံးပြုနိုင်ခြင်းနှင့် အခြားသောတစ်ကိုယ်ရည်သုံးလုပ်ငန်းဆောင်တာများကို လုပ်ကိုင်ပေးနိုင်ခြင်းတို့သည်လည်း ပါဝင်လျက်ရှိသည်။ ထို့ကြောင့် ယနေ့ခေတ်ကာလကို မိုဘိုင်းစီးမျောမှုသည် ဦးဆောင်လာခဲ့သည်။

မိုဘိုင်းခေတ်ရေစီးကြောင်းအတွင်းသို့ လူနေမှုအခြေအနေများသည်လည်း စီးမျောရသည်။ မိုဘိုင်းပြောင်းလဲမှုနှင့်အတူ တစ်ချို့သောလုပ်ငန်းသဘာဝများ နှင့် မိုဘိုင်းအပေါ်တွင် အခြေခံသည့် စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် သတင်းစီးမျောခြင်းတို့ကလည်း တရွေ့ရွေ့ဖြင့် ပြောင်းလဲစပြုလာရသည်။ ယခင် က ဂိမ်းများကို ဆော့ကစားမည်ဆိုပါက ဂိမ်းဆော့သည့် စက်များကို အသုံးပြုခဲ့ရသည်။ သတင်းနားထောင်ရန်၊ သတင်းကြည့်ရှုရန်အတွက် ရေဒီယို၊ တယ်လီဗီးရှင်းတို့ကို အသုံးပြုခဲ့ရသည်။ နည်းပညာပြောင်းလဲမှုရေစီးနောက်သို့ စီးမျောလာသည့်အခါ ဂိမ်းဆော့ကစားရန်၊ သတင်းနားထောင်ရန်၊ သတင်းကြည့်ရှုရန်စသည် အခြေအနေနှင့် အခြားသောနယ်ပယ်အသီးသီးတွင် အသုံးပြုရသည့် ဆက်သွယ်ရေးစနစ်များ၏ ပုံသဏ္ဍာန်သည်လည်းပြောင်း လဲသွားရသည်။

ဂိမ်းကို မိုဘိုင်းဖုန်း၊ မိုဘိုင်းကွန်ပျူတာများအပေါ်တွင် ဆော့ကစားလာနိုင်သည်။ တယ်လီဗီးရှင်း၊ ရေဒီယိုကိုလည်း ထိုနည်းအတိုင်းအသုံးပြုလာနိုင် သည်။ မိုဘိုင်းဂိမ်းများသည် မိုဘိုင်းဖုန်းနှင့် မိုဘိုင်းကရိယာများအပေါ်တွင် အလုပ်လုပ်သည်။ ၁၉၉၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် Tetris သည် မိုဘိုင်းဖုန်း အတွက် ပထမဆုံးဂိမ်းတစ်ခုဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် နိုကီယာဖုန်းကုမ္ပဏီက Snake ဆိုသည့် ဂိမ်းကို ထုတ်လုပ်ခဲ့သည်။ နိုကီယာထုတ် ဖုန်းအချို့တွင် ကစားနိုင်ခဲ့သည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် သန်း ၃၅၀ လောက်က အဆိုပါ ဂိမ်းကို ကစားခဲ့သည်ဟု ဆိုသည်။ လက်ရှိကာလတွင် မိုဘိုင်း ဖုန်းနှင့် မိုဘိုင်းကိရိယာများအတွက် မြောက်မြားလှစွာသော ဂိမ်းများ ပေါ်ထွက်နေပြီဖြစ်သည်။ မိုဘိုင်းဖုန်းဂိမ်းဈေးကွက်သည်လည်း ဆော့ဝဲလ်ရေးသား သူများအတွက် စိတ်ဝင်စားစရာကောင်းသော ဈေးကွက်တစ်ခုဖြစ်လာခဲ့သည်။

မိုဘိုင်းဦးဆောင်မှုအားကောင်းခြင်း၏ နောက်တွင် သတင်းမီဒီယာများနှင့် သတင်းထောက်များ၏ သတင်းရယူမှုပုံစံသည်လည်း ပြောင်းလဲစပြုလာပြန် သည်။ Mojo ဆိုသောဝေါဟာရသည် mobile journalism ၏ အတိုကောက်အခေါ်ဖြစ်သည်။ သတင်းဌာနတစ်ခု၏ သတင်းထောက်တစ်ဦး သို့မဟုတ် အလွတ်တန်းသတင်းထောက်တစ်ဦးသည် သူ့၏သတင်းများကို မိုဘိုင်းကိရိယာများဖြစ်သည့် ဒီဂျစ်တယ်ကင်မရာ၊ ဗီဒီယိုကင်မရာ၊ လက်တော့ကွန်ပျူ တာ၊ အင်တာနက်ချိတ်ဆက်မှုနှင့် မိုဘိုင်းဖုန်းတို့ကို အသုံးပြုပြီး သက်ဆိုင်ရာသတင်းဌာန သို့မဟုတ် သူ့၏သတင်းစာမျက်နှာများပေါ်သို့ ပေးပို့လွှင့်တင် မည်ဖြစ်သည်။ Mojo ဆိုသော စကားလုံးသည် ၂၀ဝ၅ ခုနှစ် ဝန်းကျင်းကတည်းက စတင်အသုံးပြုခဲ့ကြသည်။ Fort Myer(Fla) သတင်းဌာနက အစပြု ခဲ့သည်ဟု ဆိုသည်။

မိုဘိုင်းစာနယ်ဇင်းနှင့်ပတ်သက်သည့် အခြားသောအသုံးအနှုန်းတစ်ခုမှာ မီပိုတာ (Meporter) ဖြစ်သည်။ မီပိုတာသည် app အမျိုးအစားတစ်ခုဖြစ်သည်။ မီပိုတာကို ဖန်တီးသူတို့က အရပ်သားစာနယ်ဇင်းဆိုင်ရာ မိုဘိုင်းဖုန်းအသုံးချဆော့ဝဲလ် (citizen journalist mobile phone application) ဟု ခေါ်ဆိုသည်။ ပထဝီအနေအထားနှင့်မာတီမီဒီယာများအပေါ်တွင် မူတည်ပြီး မီပိုတာကို ဖန်တီးထားသည်ဟု ဆိုသည်။ မီပိုတာသည် သတင်းများကို မိုဘိုင်းဖုန်းများမှ တစ်ဆင့် လွှင့်တင်ခွင့်ပေးသည်။ လွှင့်တင်လိုက်သောသတင်းများသည် မီပိုတာဒေတာဘေ့စ်ထဲသို့ ရောက်ရှိမည်ဖြစ်သည်။ ထိုမှတစ်ဆင့် မီပိုတာဝက်ဘ် ဆိုဒ်သို့ လွှင့်တင်သွားမည်ဖြစ်သည်။ မီပိုတာဆိုသည့် စကားလုံးသည် Me နှင့် Reporter ကို ပေါင်းစည်းထားသော ဝေါဟာရအသစ်တစ်ခုဖြစ်သည်။ Meporter app ကို iPhone, iPad, Andriod နှင့် BlackBerry ဖုန်းများတွင် ထည့်သွင်း၍ မီပိုတာသတင်းများကို ဖတ်ရှုသိရှိနိုင်မည်ဖြစ်သည်။ မီပိုတာ ဝက်ဘ်ဆိုဒ်တွင် မီပိုတာ၏ ဆောင်ပုဒ်အဖြစ် The beat on the street ဟု ဖော်ပြထားသည်။

သတင်းဌာနများကလည်း မိမိတို့သတင်းဌာနမှ သတင်းများကို မိုဘိုင်းဖုန်းများနှင့်မိုဘိုင်းကိရိယာများအပေါ်တွင် ဖတ်ရှုနိုင်ရန်နှင့်ကြည့်ရှုနိုင်ရန် app များ ရေးသားလာကြသည်။ သတင်းဌာနများ၏ app တွင် တချို့ကို အခမဲ့ဖတ်ရှုခွင့်ပေးသည်။ တစ်ချို့သော သတင်းဆောင်းပါးများ၊ တစ်ချို့သော သုံးသပ် ချက်ဆောင်းပါးများကို အခကြေးငွေဖြင့် ဖတ်ရှုစေသည်။ ဝင်ငွေအတွက် ကြေညာများကိုလည်း လက်ခံထည့်သွင်းကြသည်။

Apple, Andriod, BlackBerry နှင့် Windows Phone များတွင် အသုံးပြုနိုင်သော app များထုတ်လုပ်နိုင်သော အခြေအနေကို လေ့လာကြည့်ရာတွင် Apple အတွက် app အရေအတွက် ၁ သန်း၊ Andriod အတွက် app အရေအတွက် ၆ သိန်းခန့်နှင့် Windows Phone အတွက် app အရေအတွက် ၁ သိန်းခန့်တို့ကို ထုတ်လုပ်နိုင်ခဲ့ကြောင်းတွေ့ရသည်။

ယနေ့ခေတ်၏ စီးမျောမှုသည် မိုဘိုင်းစီးမျောမှုဖြစ်သည်။ လူနေမှု ဘဝသည် မိုဘိုင်းပေါ်တွင် ရှင်သန်လှုပ်ရှားနေပြီဖြစ်သည်။ နေ့စဉ်လှုပ်ရှာရပ်တည်မှု သည် မိုဘိုင်းပေါ်တွင် ဖြစ်လာခဲ့သည်။ နည်းပညာတိုးတက်မှုကြောင့် လူနေမှုအဆင့်အတန်းမြင့်တက်လာနိုင်သည်။ နည်းပညာတိုးတက်မှုသည် သူ့ချည်း သက်သက် တိုးတက်နေ၍တော့မရပေ။ တိုးတက်နေသော နည်းပညာကို အကျိုးရှိရှိအသုံးချရန် လိုအပ်လှသည်။ နည်းပညာကို အသုံးပြုနေရုံသက်သက် ဖြင့်လည်း အကျိုးမများနိုင်ပေ။ ကိုယ်ပိုင်တီထွင်ထုတ်လုပ်နိုင်ဖို့လည်း အရေးကြီးသည်။ ဖွံ့ဖြိုးစဖြစ်နေသည့် မိုဘိုင်းဈေးကွက်ကိုလည်း သတိပြုမိရန် လိုအပ်လှပေသည်။

ဟန်ဇော်

အိုင်ကွန်မဂ္ဂဇင်း၊ အောက်တိုဘာ ၂၀၁၂ ခုနှစ်

Category: Tech

Post navigation

← ဇူကာဘတ်၊ စတိဂျော့စ်၊ အိုဘားမား၊ နန်းခင်ဇေယျာနှင့် နည်းပညာ
သင်ပုန်းကွန်ပျူတာ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme