Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

မြန်မာပန်ဂရမ်

Posted on February 8, 2016September 3, 2025 by Han Sann
ကိုငွေထွန်း(ဝဲစွန်)နှင့် မောင်မောင်ဆန်း(ယာစွန်)
ကိုငွေထွန်း(ဝဲစွန်)နှင့် မောင်မောင်ဆန်း(ယာစွန်)

‘သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဠာန်လျက် ဂဃနဏဖတ်ခဲ့သည်’ ဟူသည့် မြန်မာပန်ဂရမ်(Myanmar Pangrams) တစ်ခု ထွက်ပေါ်လာသည့်ဟု အောက်တိုဘာလဆန်းပိုင်းက ပြုလုပ်ခဲ့သည့် မြန်မာဝီကီအလုပ်ရုံဆွေးနွေးပွဲတွင် Solveware Solution မှ CEO ဦးငွေထွန်းမှ ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါ မြန်မာပန်ဂရမ်သည် www.myanmaritpro.com တွင် ဖိတ်ခေါ်ခဲ့သည့် မြန်မာပန်ဂရမ် ဖိတ်ခေါ်ပြိုင်ပွဲမှ ထွက်ပေါ်လာသည့် ပန်ဂရမ်တစ်ခုဖြစ်သည်။ မြန်မာပန်ဂရမ်ဖိတ်ခေါ်ပြိုင်ပွဲကို Solveware Solutions မှ ဦးငွေထွန်းက ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ‘သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွွှန်းစာကို ဇလွန် ဈေးဘေး ဗာဒံပင်ထက် အဓိဠာန်လျက် ဂဃနဏဖတ်ခဲ့သည်’ ဟူသည့် မြန်မာ ပန်ဂရမ်(Myanmar Pangrams)ကို စင်္ကာပူနိုင်ငံတွင် ခေတ္တနေထိုင်နေသည့် ကိုမောင်မောင်ဆန်းမှ တီထွင်ရေးသားခဲ့ခြင်းဖြစ်သည်။

ပန်ဂရမ်(Pangrams)ဆိုသည်မှာ ဘာသာစကားနှင့်ပတ်သက်သည့် အက္ခရာများအားလုံးပါဝင်သည့် ဝါကျတစ်ခုဖြစ်သည်။ ထို့အပြင် ဝါကျသည် တိုတောင်း၍ အဓိပ္ဋါယ်ရှိရန် လိုအပ်သည်။ အင်္ဂလိပ်ဘာသာစကားတွင် The quick brown fox jumps over the lazy dog. ဆိုသည့် အင်္ဂလိပ်ဘာသာစကားအတွက် အင်္ဂလိပ် ပန်ဂရမ်တစ်ခုရှိခဲ့ပြီး လက်နှိပ်စက် ရိုက်နှိပ်လေ့ကျင့်ခြင်း၊ ကွန်ပျူတာလက်ကွက်လေ့ကျင့်ခြင်း၊ ကွန်ပျူတာဖောင့်များကို နမူနာပြသရာတွင် အသုံးပြုခြင်းနှင့် ကွန်ပျူတာတွင် အသုံးပြုမည့်ဖောင့်များ တီထွင်ထုတ်လုပ်ရာ၌ စမ်းသပ်အသုံးပြုနိုင်ခြင်း စသည့်လုပ်ငန်းများတွင် အသုံးဝင်သည်။

၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် Solveware Solution မှ ဦးငွေထွန်းသည် Myanmar Pangram Challenge အမည်ဖြင့် ဖိတ်ခေါ်ပြိုင်ပွဲကို www.myanmaritpro.com အွန်လိုင်းစာမျက်နှာမှ ဖိတ်ခေါ်ခဲ့ပြီး မြန်မာပန်ဂရမ်တွင် ပါဝင်ရမည့် စည်းကမ်းများကို သတ်မှတ်ပေးခဲ့သည်။ သတ်မှတ်ပေးခဲ့သည့် စည်းကမ်းချက်တို့မှာ ဝါကျအတွင်းတွင် မြန်မာအက္ခရာတစ်ခုသည် အနည်းဆုံးတစ်ကြိမ် ပါဝင်ရခြင်း၊ ပင့်(-ျ) ရစ်(ြ-) ဆွဲ(- ွ) ထိုး(- ှှ) ပါဝင်ခြင်း၊ ရေးချ (- ာ) မောက်ချ (-ါ) နောက်ပစ်(-ဲ)၊ သေးသေးတင်(-ံ) အောက်ကမြှင့်(-့) ဝစ္စနှစ်လုံးပေါက်(-း) စသည့်တို့ ပါဝင်ခြင်းတို့ဖြစ်သည်။

ဖော်ပြပါ ပြိုင်ပွဲနှင့်ပတ်သက်ပြီး ‘‘ပန်ဂရမ်က အင်္ဂလိပ်မှာ အစောပိုင်းကတည်းက ရှိခဲ့တယ်။ ပန်ဂရမ်တစ်ခုက ကွန်ပျူတာလက်ကွက်ထဲမှာ ရှိသမျှ အားလုံး ကို ကိုယ်စားပြုနိုင်ရတယ်။ မြန်မာပန်ဂရမ်ပြိုင်ပွဲ မဖိတ်ခေါ်ခင်တုန်းက မြန်မာဘာသာစကားမှာ အခုလို ပန်ဂရမ်မျိုး ရှိမရှိ လေ့လာပါတယ်။ မတွေ့ခဲ့ဘူး။ မြန်မာအိုင်တီပရိုဝက်ဘ်ဆိုဒ်မှာ မြန်မာပန်ဂရမ်ကို စဉ်းစားနိုင်မယ့်လူ ရှိနိုင်မလား စဉ်းစားမိလို့ မြန်မာပန်ဂရမ်ဖိတ်ခေါ်ပြိုင်ပွဲကို ကြေညာလိုက်တယ်’’ ဟု ဦးငွေထွန်းက ပြောသည်။

ယင်းသို့ ဖိတ်ခေါ်ပြီး မကြာမီတွင် ‘ဗိုလ်ဆံတောက်နဲ့ ဂဠုန်ဟာ အာယုဝဍ္ဎနဋီကာကို သဘောပေါက်စေဖို့ ဌာနေဇနပုဒ်က ဓနိတောထဲ ဈာန်ဝင်စားခဲ့ရမည်’ ဆိုသည့် ပန်ဂရမ်တစ်ခုထွက်ပေါ်ခဲ့ပြီး ယင်းကိုလည်း ကိုမောင်မောင်ဆန်းက စတင်တီထွင်ရေးသားနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါပန်ဂရမ်သည် ဝါကျရှည်နေခြင်း၊ ဖတ်ရွတ်ရာတွင် စာထောက်နေခြင်းတို့ကြောင့် ‘ဂဠုန်ဟာ အာယုဝဍ္ဎနဋီကာကို ဂဃနဏ သဘောပေါက်စေဖို့ ဌာနေဇနပုဒ် ဓနိတောထဲမှာ ဈာန်ဝင်စားရင်း ဗိုလ်ဆံ တောင်ညှပ်ခဲ့’ ဟုတစ်ကြိမ်ပြင်ဆင်ရပြန်သည်။ ယင်းသို့ အဆင့်ဆင့်ပြင်ဆင်ခဲ့ရာ မြန်မာပန်ဂရမ်သည် ‘ဂဠုန်ဆရာစံဟာ အာယုဝဍ္ဎနဋီကာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက်မှာ အဓိဠာန်၍ ဂဃနဏ ဖတ်ခဲ့သည်’ ဆိုသည့် အနေအထားကို ရောက်ခဲ့ပြီး ‘ဂဌုန်ဟာ ထီပေါက်စဉ်ကို အာယုဝဍ္ဎနဆေးညွွှန်းမှတ်ပြီး ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဠာန်ရင်း ဂဃနဏ ဖတ်ခဲ့သည်’ ဆိုသည့် အနေအထားကို ရောက်ရှိခဲ့ပြန်သည်။ ယင်းနောက် ‘သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဠာန်လျက် ဂဃနဏဖတ်ခဲ့သည်’ဟူသည့် မြန်မာပန်ဂရမ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ယခုကဲ့သို့ မြန်မာပန်ဂရမ်တစ်ခု ထွက်ပေါ်လာခြင်းသည် စိတ်ဝင်စားရန်ကောင်းပြီး မြန်မာစာပေတွင် ပန်ဂရမ်ဟုဆိုနိုင်သော မြန်မာအက္ခရာအားလုံးပါဝင်သည့် ဝါကျ မရှိခဲ့ဖူးကြောင်း မြန်မာစာပညာရှင်တစ်ဦးဖြစ်သည့် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)က အလင်းတန်းဂျာနယ်မှ တွေ့ဆုံမေးမြန်းရာတွင် ဖြေကြားပေးခဲ့ သည်။ ထို့အပြင် ယင်းနှင့်စပ်လျဉ်းပြီး ‘‘သိပ်သဘောကျပါတယ်။ ၁၉၉၆-၉ရ ခုနှစ်လောက်က ဂျပန်မှာ ဧည့်ပါမောက္ခ သွားလုပ်ခဲ့ဖူးတယ်။ အဲဒီမှာ ယူနီကုဒ်ကိစ္စတွေ စလုပ်နေပါလားဆိုပြီး စိတ်ဝင်စားခဲ့တယ်။ လူငယ်တွေ အခုလို လုပ်ကိုင်နိုင်တာကိုလည်း သဘောကျပါတယ်။ မြန်မာစာအဆင့်မီမီ အသုံးပြုနိုင်ဖို့ ခြေလှမ်းတစ်လှမ်းအနေနဲ့ တစ်ဆင့်တက်တာပဲလို့ အလေးအနက် ခံယူထားပါတယ်’’ ဟု မောင်ခင်မင်(ဓနုဖြူ)က ဆက်လက်ပြောဆိုသည်။ မောင်ခင်မင်(ဓနုဖြူ)သည် မြန်မာစာပညာရှင်တစ်ဦးဖြစ်ပြီး မြန်မာယူနီကုဒ်နှင့်သက်ဆိုင်သည့်ကိစ္စရပ်များတွင်လည်း မြန်မာဘာသာစကားကို အကြံပြုသင်ကြား ပေးနေသူတစ်ဦးဖြစ်သည်။

ထို့အပြင် လက်နှိပ်စက်ကို တွင်ကျယ်စွာ အသုံးပြုခဲ့သည့် ကာလကလည်း ယင်းကဲ့သို့ မြန်မာပန်ဂရမ်မျိုးကို အသုံးပြုနိုင်ခဲ့ခြင်းမရှိပဲ လက်နှိပ်စက်ကို အင်္ဂလိပ်ဘာသာစကားအတွက် အသုံးပြုရာတွင်သာ ဝါကျတစ်ကြောင်းတွင် အင်္ဂလိပ်အက္ခရာအားလုံးပါဝင်သည့် The quick brown fox jumps over the lazy dog. ကိုသာ အသုံးပြုနိုင်ခဲ့ကြောင်း လက်နှိပ်စက်အသုံးပြုခဲ့ဖူးသော အင်္ဂလိပ်ဘာသာစကားသင်ကြားသူ ဦးအေးချစ် EEAC က ပြောကြားသည်။ ထို့အပြင် မြန်မာစာပေအသိုင်းအဝန်းတွင် ထင်ရှားကျော်ကြားသည့် မြန်မာစာရေးဆရာတစ်ဦးကလည်း ယင်းကဲ့သို့ မြန်မာပန်ဂရမ်မျိုးကို ယခင်က သိမြင်ခဲ့ဖူးခြင်း မရှိကြောင်းပြောကြားခဲ့ပြီး ယခုကဲ့သို့ တီထွင်ဖန်တီးနိုင်ခြင်းကို အသိအမှတ်ပြုပေးသင့်ကြောင်း ပြောကြားခဲ့သည်။

Solveware Solution မှ ဦးငွေထွန်းက မြန်မာပန်ဂရမ် တီထွင်ဖန်တီး ရေးသားနိုင်ခဲ့သည့် ကိုမောင်မောင်ဆန်းအား အမေရိကန်ဒေါ်လာ ၁ဝဝကို ဆုငွေအဖြစ် ချီးမြှင့်ခဲ့သည်။ ယင်းကဲ့သို့ ချီးမြှင့်ခဲ့သည်နှင့်စပ်လျဉ်း၍ ‘‘ဒီလို တီထွင်မူမျိုးက တန်ဖိုးဖြတ်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ကျွန်တော်အနေနဲ့ အားပေးချီးမြှင့် ချင်လို့ အခုလို စီစဉ်ဖြစ်ခဲ့တာပါ’’ ဟု ဦးငွေထွန်းက ဆက်လက်ပြောဆိုသည်။

မြန်မာပန်ဂရမ်ကို တီထွင်ဖန်တီးရေးသားခဲ့တဲ့ ကိုမောင်မောင်ဆန်းက ‘‘စာဖတ်များတဲ့အချက်က ကျွန်တော့ကို အထောက်အပံ့ပေးခဲ့ပါတယ်။ ပဟေဌိလိုမျိုး ဉာဏ်စမ်းတွေကို ဖြေဆိုဖူးတဲ့ အတွေ့အကြုံက ကျောင်းသားဘဝကတည်းက ရှိခဲ့ဖူးတယ်။ မိဘတွေကလည်း ကျွန်တော့ကို စဉ်းစားတွေး ခေါ်တတ်အောင် လေ့ကျင့်ပေးခဲ့တယ်။ ကျွန်တော်အနေနဲ့ ပထမဆုံးရခဲ့တဲ့ ပန်ဂရမ်ကို ၂ နာရီနဲ့ ၃ နာရီဝန်းကျင်လောက် စဉ်းစားခဲ့ရတယ်။ အဲဒီတစ်ခုရပြီးတော့မှ နောက်ပိုင်း ဝါကျတွေကို ပိုကောင်းအောင် တစ်ဆင့်ချင်း ပြင်ဆင်ခဲ့တယ်။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကိုလည်း အသုံးပြုခဲ့တယ်’’လို့ ယင်း၏ မြန်မာပန်ဂရမ် တီထွင်ခဲ့သည့် အတွေ့အကြုံကို ပြောပြသည်။ ထို့အပြင် Solveware Solution မှ ဦးငွေထွန်းက ‘‘အခုပေါ်ထွက်လာတဲ့ပန်ဂရမ်ဟာ မည်သူမဆို အသုံးပြုနိုင်တဲ့ ပန်ဂရမ်မျိုးဖြစ်လို့ Font Developer တွေ၊ မြန်မာယူနီကုဒ်လုပ်နေသူတွေအတွက် အကျိုးများစေပါတယ်။ နောက်ပိုင်းမှာ တစ်ခြားသူတွေက ဒီထက်ပိုကောင်း အောင်တီထွင်နိုင်မယ်ဆိုရင်လည်း ပိုပြီးတော့ ကောင်းပါတယ်’’ ဟု ဆက်လက်ပြောဆိုသည်။

မြန်မာဘာသာစကားအတွက် ပထမဆုံးထွက်ပေါ်လာသည့် မြန်မာပန်ဂရမ်ဟု ပြောဆိုနိုင်သည့် မြန်မာပန်ဂရမ်မှာ ‘သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎန ဆေးညွွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဠာန်လျက် ဂဃနဏဖတ်ခဲ့သည်’ ဆိုသည့် ဝါကျဖြစ်သည်။

ဟန်ဇော်
၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလထုတ်
အလင်းတန်းဂျာနယ်တွင် ဖော်ပြခဲ့သည်။

Category: Literature

Post navigation

← ကိုယ့်ပုံတူ
ပျို့ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme