Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ခင်မောင်ရင် ဖြတ်သန်းခဲ့သည်များထဲမှ

Posted on February 14, 2015September 3, 2025 by Han Sann
Kin Maung Yin_Photo by Han Sann
ခင်မောင်ရင်

ပဲခူးတိုင်း၊ သာယာကုန်းရွာတွင် ၊ ၁၉၃၈ ခုနှစ် နိုဝင်ဘာ ၈ ရက်၌ မွေးဖွားခဲ့သော ခင်မောင်ရင်သည် ၂၀၁၄ ခုနှစ် ဇွန် ၁၀ရက် အသက် ၇၆ နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။
၁
ဗိသုကာ၊ ပန်းချီဆရာ၊ ဒါရိုက်တာ၊ ကျောင်းဆရာအဖြစ် ခင် မောင်ရင်သည် သူ့ဘဝကို ဖြတ်သန်းသွားခဲ့သည်။ ပန်းချီပညာကို သင်ကြားပေးခဲ့သူမှာ ဦးလှဘော် ဖြစ်သည်။ ဦးလှဘော်သည် ခင်မောင်ရင်၏ ဆရာဖြစ်သကဲ့သို့ ဗဂျီအောင်စိုး၏ ဆရာလည်းဖြစ်ခဲ့သည်။ ကျွန်တော်တို့ကို ငယ်ငယ်က ပန်းချီပညာကို သင်ပေးခဲ့၏ ထိုစဉ်က ပေါ့ပေါ့တန်တန်ပင်ယူဆခဲ့၏ နောင်အခါ သိတတ်လာသောအခါ ကျွန်တော် အလွန်တန်ဖိုးထား၏။ ထိုဆရာ သင်ပေးခဲ့သော စိတ်သည် ကျွန်တော်၌ ယခုအခါ ကိန်းအောင်းလျက်ရှိသည်။ ထိုစိတ်နှင့်သာ ကျွန်တော်ပန်းချီဆွဲ၏ဟု ဆရာဖြစ်သူ ဦးလှဘော်နှင့်ပတ်သက်၍ ခင်မောင်ရင်က ရေးခဲ့သည်။ မော်ဒန်ပန်းချီဆရာ ဗဂျီအောင်စိုး၏ နောက်မျိုးဆက်အဖြစ် ထင်ရှားသော ဝင်းဖေ၊ ပေါ်ဦးသက်တို့နှင့်ခေတ်ပြိုင် မော်ဒန်ပန်းချီဆရာဖြစ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ချခံရသည့်အချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံလွှာကို နေ့စဉ် ပန်းချီရေးဆွဲခဲ့ရာ ပန်းချီကားပေါင်းရာ ကျော်ရှိသည်။ ဘဝတစ်လျှောက်လုံးရေးဆွဲခဲ့သည့် ပန်းချီကားပေါင်း ၁၀ဝ၀ ကျော်ရှိသည်။
ခင်မောင်ရင်၏ တပည့်အရင်းဖြစ်သူတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ပုံတူကို ရေးဆွဲခဲ့သည်မှန်သော်လည်း ထိုလက်ရာများကိုသာ ခင်မောင်ရင်၏ အကောင်းဆုံးလက်ရာများဖြစ်သည်ဟု မဆိုနိုင်ကြောင်း ပြောကြားထားသည်။ ဆရာဦးခင်မောင်ရင်က မြန်မာပြည်ရဲ့ မော်ဒန်ပန်းချီသမိုင်းမှာ အရေးပါတဲ့ ခေတ်ဦးစတင်သူတွေထဲက တစ်ဦးပါ။ ဆရာရဲ့ ပန်းချီအများစုဟာ အိတ်စ်ပရက်ရှင်နဲ့အက်စ်ထရက်ဖော်ထုတ်မှုတွေလို့ ပြောကြပါတယ်။ ပုံမှန်နေ့စဉ်ဘဝထဲက ရိုးရှင်းတဲ့အကြောင်းအရာတွေကိုအခြေခံပြီး စဉ်းစားဖန်တီးမှုလို့ ယူဆမိတယ်။ ဗိသုကာ ပညာကနေတဆင့် ပန်းချီကိုလေ့လာရေးဆွဲခဲ့သူမို့ ကျွန်တော်တို့ သိနေတဲ့ ကျောင်းပန်းချီပညာရေးလမ်းကြောင်းကနေလာတာ မဟုတ်တာလဲ ထူးခြားတယ်။ ဆရာကြီး ဦးခင်မောင်ရင်တို့ ပန်းချီစတင်လေ့လာတဲ့ခေတ်မှာ အနောက်တိုင်းမှာလည်း ဗိသုကာကျောင်းတွေကနေ ခေတ်သစ်ပန်းချီကို ဗိသုကာနွယ်တဲ့ ပုံစံဒီဇိုင်းနွယ်တဲ့ပုံစံများနဲ့ အနာဂတ်ဝါဒကို စတင်ပြောင်းလဲနေကြချိန်ပါ။ မရှေးမနှောင်းကာလပါ။ အဲဒီနောက်ပိုင်း မော်ဒန်ဟန်တွေကို ဆက်လက်လေ့လာခဲ့တာ ထင်ရှားပါတယ်။ ဆရာက မြန်မာပန်းချီလောကအတွက် ချိုးခြံမှု၊ စူးစိုက်မှု၊ ပေါ်ပင်အကြိုက်တွေ ရှောင်နိုင်ခဲ့မှု စတဲ့ အမွေအနှစ်တွေ များစွာချန်ထားခဲ့တာ သေချာပါတယ် ဟု ပန်းချီ အောင်မြတ်ဌေးက ပြောသည်။
၂
ခင်မောင်ရင်သည် ရုပ်ရှင်ဒါရိုက်တာအဖြစ် နှမလက်လျှော့နေ လေတော့နှင့် ဘမှန်ဘဇံအကြောင်း ရုပ်ရှင်ဇာတ်ကားနှစ်ကားကို ရိုက်ကူးခဲ့သည်။ နှမလက်လျှော့နေလေတော့ ရုပ်ရှင်ဇာတ်ကားကို ၁၉၆၅ ခုနှစ်တွင် ရိုက်ကူးခဲ့သည်။
နှမလက်လျှော့ ရုပ်ရှင်ကားကတော့ ကျွန်တော်တို့ ကြည့်ချင်နေတဲ့ ဇာတ်ကားတစ်ကားပါ။ ဦးခင်မောင်ရင်အကြောင်းကို မသိခင်ကတည်းက ကြားနေရတဲ့ဇာတ်ကားပါတယ်။ နောက်မှသူ ရိုက်တဲ့ ဇာတ်ကားဆိုတာ သိရတယ်။ တစ်ခါမှ မကြည့်ဖူးပါဘူး။ ပါးစပ်အပြောနဲ့ပဲ ဒီဇာတ်ကားကို ကြားဖူးနေတယ်။ ဒီဇာတ်ကားထဲမှာ ပြကွက်တစ်ခုကို ၁၁ မိနစ်၊ မိနစ် ၃၀ ခန့်ပြထားခဲ့တယ် လို့ပြောတယ်။ ဖလင်ရဲ့ သဘောတရားအရ ပြကွက်တစ်ခုကို ၁၁ မိနစ်ကြာအောင် တစ်ခါတည်းမရိုက်နိုင်ပါဘူး။ ၁၁ မိနစ်လောက် ကြာတဲ့ ပြကွက်တစ်ကွက်ကို ဆက်ထားတာဖြစ်နိုင်တယ် ဟု ရုပ်ရှင်အယ်ဒီတာ မျိုးမင်းခင်ကပြောပြီး ထိုဇာတ်ကားကို သူအနေ ဖြင့် လေ့လာရန်နှင့်သိမ်းဆည်းထားရန် ရှာဖွေခဲ့သော်လည်း မတွေ့ ရှိသေးဟု ပြောသည်။
ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခန်းမှာ မင်းသားက ကန်ဘောင်ဘေး သစ်ရိပ်အောက်မှာ ထိုင်ငေး၊ ဆွေး။ သစ်ရွက်ကြွေကျလာတယ်။ ရွက်ကြွေကျလာတဲ့ ကန်ရေပြင်မှာ လှိုင်းဂယက်တွေ ဖြစ်သွားတယ်။ လှိုင်းဂယက်တွေကို ငါးမိနစ်လောက် ရိုက်ပြတယ်။ပရိသတ်က မင်းသား လွမ်းနေဆွေးနေတာ ကျွန်တော်တို့ သိပါတယ်။ တော်ပါတော့ဗျို့လို့ အော်ရတယ် ဟု သူ၏ရုပ်ရှင်ကားမှ ဇာတ်ဝင်ခန်းနှင့်ပတ်သက်၍ ခင်မောင်ရင်က ပြောခဲ့သည်။
၃
၁၉၇၃ ခုနှစ်မှ ၂၀ဝ၀ ပြည့်နှစ်အထိ ပန်းချီကားအနည်းငယ်သာရေးဆွဲခဲ့ပြီး အင်္ဂလိပ်စာ ကျူရှင်ဆရာဘဝဖြင့် နေထိုင်ခဲ့သည်။ သူ၏ စာသင်ကျောင်းနာမည်မှာ အောင်စည်ကျောင်း ဖြစ်သည်။
ကျွန်တော် ၉ တန်းအောင်တော့ ၁၀ တန်းအတွက် နွေရာသီကျူရှင်ကို ဦးခင်မောင်ရင်ဆီမှာ တက်ခဲ့တယ်။ အင်္ဂလိပ်စာသင် ချင်တာထက် သူရဲ့ပန်းချီပညာကို ပိုပြီးစိတ်ဝင်စားခဲ့တယ်။ စာသင်ချိန် တိကျတယ်။ စာသင်ချိန်ရောက်ရင် သူအမြဲရှိနေတယ်။ ကျောင်းမှာလည်း သူ့စည်းကမ်းတွေက အများကြီးဘဲ။ ကျောင်းသားဘက်က ကျောင်းပျက်ခဲ့ရင် ကျောင်းပျက်ရတဲ့ အကြောင်းကို နောက်နေ့ကျရင် ပြောပြရတယ်။ သူ့ဆီကျူရှင်တက်နေတဲ့အချိန်မှာ သူပန်းချီဆွဲတဲ့အနားကို ကပ်ခွင့်မရဘူး။ အဝေးကပဲ ကြည့်ရတယ်။ ၁၀ တန်းစာမေးပွဲဖြေပြီးတော့မှပဲ သူ့ပန်းချီဆွဲတဲ့အနားကို ကျွန်တော်တို့ ကပ်ခွင့်ရခဲ့တယ် ဟု ခင်မောင်ရင်၏ အောင်စည်ကျောင်းသားဟောင်း ပန်းချီဆရာ၊ ဒီဇိုင်းနာ သိုးထိန်းက ပြောသည်။
၄
ခင်မောင်ရင်သည် ဗိသုကာတစ်ဦးဖြစ်ပြီး အရှေ့ပါကစ္စတန်နိုင်ငံ၊ ဒက္ကာမြို့ရှိ မီးရထားဘူတာရုံတစ်ခုဆောက်လုပ်ရာ၌ ဗိသုကာပညာရှင်အဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။ ပထမဆုံးပန်းချီပြပွဲ ကို ၁၉၆၂ ခုနှစ်တွင် ပြသခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် အထောက်တော် လှအောင်၏ စာပေမဂ္ဂဇင်းတွင် ငပြည့်ဝ အမည်ဖြင့် ပန်းချီဆောင်းပါးများရေးသားခဲ့သည်။ ဗိသုကာသမားများနှင့် တွဲ၍ ဖွင့်ခဲ့သည့် အေအိုင်ရုံးခန်း(AI, Architecture Incorporate)သည် မြန်မာလူငယ် မော်ဒန်ပန်းချီဆရာများ စုစည်းရာဖြစ်ခဲ့သည်။ မဂ္ဂဇင်းတွင်ရေးသားခဲ့သည့် စာများကို စုစည်းထားသော အနုပညာစံ(ဇော်ဇော်အောင်နှင့်တွဲ၍)၊ ပေါ်ဦးသက် အလည်လာခြင်း၊ နောက်ဆုံးတော့ ကျွန်တော်တစ်ယောက်တည်း ကျန်နေမှာပဲ စာအုပ်များကို ခင်မောင်ရင် ရေးသားခဲ့သည်။
၅
ခင်မောင်ရင်သည် သူ၏ နာမည်ကို အင်္ဂလိပ်ဘာသာဖြင့် Kin Maung Yin ဟု ပေါင်းခဲ့သည်။

ဟန်ဇော်
ကိုးကား ~ သုခမိန်လှိုင်၏ အနုပညာနာမည် ခင်မောင်ရင် စာအုပ်

၂၀၁၄ ခုနှစ် ဇွန်လထုတ် အလင်းတန်းဂျာနယ်တွင်
ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။

Category: Art

Post navigation

← ဟန်ဆန်း ပါဝင်ပြသခဲ့သော အနုပညာပြပွဲများ
ဒီဂျစ်တယ်အနုပညာလက်ရာများ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme