Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ဟာတာမူလာ ဆိုသူမှာ

Posted on December 26, 2013September 3, 2025 by Han Sann
ဟာတာမူလာ(Herta Muller)
ဟာတာမူလာ(Herta Muller)

ဟာတာမူလာ(Herta Muller)ဆိုသူမှာ ရိုမေးနီးယားနိုင်ငံဖွား ဂျာမန်နိုင်ငံသား စာရေးဆရာမတစ်ဦးဖြစ်သည်။ စာပေဆိုင်ရာနိုဘယ်ဆုကို ၂ဝဝ၉ ခုနှစ်တွင် ရရှိခဲ့သူဖြစ်သည်။ စာပေဆိုင်ရာနိုဘယ်ဆုကို ၁၂ ဦးမြောက်ရရှိခဲ့သော အမျိုးသမီးစာရေးဆရာမဖြစ်သည်။ ရိုမေးနီးယားနိုင်ငံ၏ အာဏာရှင်ချောင်ရှက်စကူးလက်အောက်တွင် နေထိုင်ရှင်သန်ရသောအကြောင်းအရာများကို အခြေခံရေးသားထားသည့် စာပေလက်ရာများဖြင့် ဟာတာမူလာသည် ကမ္ဘာ့စာပေလောကတွင် ထင်ရှားသူဖြစ်သည်။

၁၉၅၃ ခုနှစ်တွင် မူလာကို ရိုမေးနီးယား၌ မွေးဖွားခဲ့သည်။ မိဘများသည် ရိုမေးနီးယားနိုင်ငံတွင် နေထိုင်သည့် ဂျာမန်စကားပြော၊ ဂျာမန်လူမျိုး အသိုင်းအဝန်းမှဖြစ်သည်။ မူလာ၏ အဖိုးသည် ချမ်းကြွယ်ဝသော လယ်သမားတစ်ဦးဖြစ်ပြီး ကုန်သည်လည်းဖြစ်သည်။ ဒုတိယကမ္ဘာ့စစ်ကာ လတွင် မူလာ၏ ဖခင်သည် Waffen SS ၏ အမှုထမ်းအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ မူလာ၏ မိခင်သည် ဒုတိယကမ္ဘာစစ်အပြီးတွင် ဆိုဗီယက် ယူနီယမ်ရှိ အလုပ်စခန်းသို့ အဓမ္မလုပ်အားပေးအဖြစ် ပို့ဆောင်ခြင်းခံရသူ ဖြစ်သည်။ ထိုအလုပ်စခန်းတွင် မူလာ၏ မိခင်သည် ၅ နှစ်တာ နေထိုင် ခဲ့ရသည်။

မူလာသည် ဂျာမန်လေ့လာမှုနှင့် ရိုမေးနီးယားစာပေလေ့လာမှုများကို Timisoara တက္ကသိုလ်တွင် သင်ယူခဲ့သည်။ ရိုမေးနီးယားရှိ ဂျာမန်စကား ပြောစာရေးဆရာများဖွဲ့စည်းထားသည့်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် မူလာ ပါဝင်ခဲ့သည်။ ထိုအဖွဲ့သည် အာဏာရှင် ချောင်ရှက်စကူးကို ဆန့်ကျင်သူ များဖြစ်ပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ရရှိလိုကြသူများဖြစ်သည်။ တက္ကသိုလ်ပညာသင်ယူပြီးသောအခါ မူလာသည် ဘာသာပြန်အဖြစ် စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့သည်။ ချောင်ရှက်စကူး၏ လျို့ဝှက်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ရန် ငြင်းပယ်ခဲ့ခြင်းကြောင့် ဘာသာပြန် အလုပ်ကို မူလာ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ အာဏာရှင် ချောင်ရှက်စကူးလက်ထက်တွင် ရိုမေးနီးယားသည် စားနပ်ရိက္ခာရှားပါးခြင်း၊ လောင်စာ စွမ်းအင်ချို့ငဲ့ခြင်းနှင့် ဆေးဝါးပြတ်လတ်ခြင်းများဖြင့် ရင်ဆိုင်ခဲ့ကြသည်။ အာဏာရှင် ချောင်ရှက်စကူး၏ ဖိနှိပ်ချုပ်ချယ်မှုများကို ရင်ဆိုင်ခဲ့ ရသည်။ ၁၉၆၅ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ရိုမေးနီးယားကို အာဏာရှင် ချောင်ရှက်စကူးက ကြီးစိုးခဲ့သည်။

မူလာ၏ စာပေလက်ရာများသည် သူမဖြတ်သန်းကျင်လည်ခဲ့ရာ ရိုမေးနီးယားနိုင်ငံ၏ နိုင်ငံရေးအခြေအနေအပေါ်တွင် အခြေခံလေ့ရှိသည်။ သူမ ကိုယ်တိုင်ကြုံတွေ့ရသော အတွေ့အကြုံများအပေါ်တွင် အခြေတည်၍ ရေးဖွဲ့ခဲ့သည်။ ရိုမေးနီးယားနိုင်ငံတွင် နေထိုင်ရသည့် ဂျာမန်လူမျိုး လူနည်းစုများ၏ရှုထောင့်မှ ရေးသားလေ့ရှိပြီး ရိုးရှင်သောစကားပြေရေးဟန်ကို မူလာ အသုံးပြုလေ့ရှိသည်။ သူမ၏ စာပေလက်ရာများသည် လွတ်လပ်ခွင့်မရရှိခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းနှင့် ဖိနှိပ်ချုပ်ခြယ်မှုများကို ထင်ဟက်စေသော လက်ရာများဖြစ်သည်။ ထိုအချက်များသည် သူမရေးဖွဲ့သော စာပေလက်ရာများ၏ အဓိကအကြောင်းအရာများလည်းဖြစ်သည်။

၁၉၈၂ ခုနှစ်တွင် Niederungen(Nadirs) ဟုအမည်ရသော ဝတ္ထုတိုစုစည်းမှုစာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်သည် ဆင်ဆာဖြတ်တောက် ခြင်းခံရသော စာအုပ်ဖြစ်ပြီး မူလာ၏ ပထမဦးဆုံးစာအုပ်လည်းဖြစ်သည်။ Nadirs ဝတ္ထုတိုစုစည်းမှုစာအုပ်ကို ရိုမေးနီးယားပြင်ပသို့ ခိုးထုတ် ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဂျာမနီနိုင်ငံတွင် ဒုတိယအကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ သည်။ ထိုနှစ်တွင်ပင် Druckender Tango လုံးချင်းဝတ္ထုရှည်ကို ဆက်လက် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်သည် အာဏာရှင် ချောင်ရှက်စကူး လက်အောက်တွင် နေထိုင်ရသည့် နေစဉ်ဘဝအတွေ့အကြုံများနှင့် ရိုမေးနီးယမ်- ဂျာမန်များကို ရက်စက်စွာဆက်ဆံပုံများကို ရေးသားထားသော စာအုပ်ဖြစ်သည်။

၁၉၈၇ ခုနှစ်တွင် မူလာသည် ခင်ပွန်းသည် စာရေးဆရာ ရစ်ချက် ဝက္ကနာနှင့်အတူ ဘာလင်သို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။ ကမ္ဘာ့စာပေအသိုင်း အဝန်းကလည်း သူမကို ယခင်ကထက် ပိုမိုသိရှိလာကြသည်။ ၂ဝဝ၉ ခုနှစ်တွင် ရေးသားထုတ်ဝေသည့် Hunger Angel သည် သူမ၏ အောင်မြင်မှု အမြင့်မားဆုံးစာအုပ်ဟု ပြောဆိုကြသည်။ ထိုနှစ်တွင်ပင် စာပေဆိုင်ရာနိုဘယ်ဆုကို ရရှိခဲ့သည်။ ကျွန်မအနေနဲ့ ဒီထက်ပိုပြီး မကောင်းနိုင်တော့ သလို ဒီထက်ပိုပြီး မဆိုးနိုင်တော့ပါဘူး။ ကျွန်မရဲ့အတွင်း စိတ်မှာတော့ စာတွေပဲရေးနေပါတယ်။ ဒီဟာကိုပဲဆက်ပြီး ဆုတ်ကိုင်သွားနိုင်မှာပါဟု နိုဘယ်ဆုရှိချိန်တွင် မူလာ ပြောခဲ့သည်။ ဥရောပကွန်မြူနစ်စနစ်ပြိုလဲပြီး အနှစ် ၂ဝ ကြာမှ ရရှိသောဆုလည်းဖြစ်သည်။ ပထမဦးဆုံး စာပေနိုဘယ် ဆုရရှိသည့် ဂျာမန်စာရေးဆရာမလည်းဖြစ်သည်။ နိုဘယ်ဆုအပြင် စာပေဆိုင်ရာ ဆုပေါင်းများစွာကို မူလာ ပိုင်ဆိုင်ခဲ့သည်။

ဂျာမန်ဘာသာဖြင့် မူလာ ရေးသားခဲ့သော စာအုပ်ပေါင်း ၂ဝ နီးပါးခန့်ရှိသည့်အနက် The Passport(1989), The Land of Green Plums(1996), Traveling on One leg(1998), The Appointment(2001) အပါအဝင် စာအုပ်အချို့ကို အင်္ဂလိပ်၊ ပြင်သစ်နှင့် စပိန်ဘာသာစကားများသို့ ဘာသာ ပြန်ဆို၍ ထုတ်ဝေခဲ့သည်။

ဟန်ဇော်

http://www.bbc.news.co.uk, http://www.en.wikipedia.org

အလင်းတန်းဂျာနယ် အမှတ်(၇၈၆)၊ ၂၃ ဒီဇင်ဘာ ၂၀၁၃ ခုနှစ်

 

Category: Literature

Post navigation

← အဲလစ်မန်ရို ဆိုသူမှာ
အေဖရီဒါ ရယ်လီနက်ခ် ဆိုသူမှာ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme