Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

လက်ကိုင်ဖုန်း၊ မြန်မာ့ဟန်ဖြေလျှော့မှုနှင့်ပြားသောကမ္ဘာ

Posted on August 22, 2015September 3, 2025 by Han Zaw

Phone

တန်ဖိုးနည်းဆို‌သော ၁၅ဝဝ ကျပ်တန်တယ်လီဖုန်းလိုင်းများကို ဦးသိန်းစိန်အစိုးရက မြန်မာနှစ်သစ်ကူးနှင့်အတူ အသုံးပြုခွင့်‌ပေးခဲ့သည်။ မြန်မာ‌ငွေ ၁၅ဝဝ ကျပ်လက် ဝယ်ရှိသူတိုင်းသည် ထုံပိုင်းထုံပိုင်း‌ပေးသွားမည့် တန်ဖိုးနည်းဖုန်းလိုင်းများကို တစ်ချိန်ချိန်တွင် ပိုင်ဆိုင်ခွင့်ရလာမည်ဖြစ်သည်။ နှစ်‌ပေါင်းများစွာ ‌စောင့်ဆိုင်းလာရ‌သော၊ အများသူငါနည်းတူ လက်ကိုင်ဖုန်းယဉ်‌ကျေးမှုထဲတွင် လူတန်းစေ့‌နေသင့်‌သော နိုင်ငံသားများသည် လက်ကိုင်ဖုန်းပိုင်ဆိုင်ခွင့် ‌မျှော်လင့်ချက်‌ရောင်ခြည်သန်းခဲ့ရ‌ပေသည်။ တယ်လီဖုန်းလိုင်း(SIM Card)အတွက်‌ပေးရ‌ငွေက မြန်မာ‌ငွေ ၁၅ဝဝ ကျပ်။ ထိုတယ်လီဖုန်းလိုင်းအတွက် အသုံးပြုနိုင်မယ့် လက်ကိုင်တယ်လီဖုန်းတစ်လုံးတန်းဖိုးက မြန်မာ‌ငွေ ၂၅ဝဝဝ ကျပ်နှင့်အထက်တွင်ရှိသည်။ မည်သို့ပင်ဆို‌စေ။ ၅ဝဝဝ ကျပ်တန်တယ်လီဖုန်းလိုင်း(SIM Card)ကို လိုချင်ဆန္ဒအားကြီးခဲ့‌သော နိုင်ငံသားများ အတွက် ‌ကျေနပ်မှုတစ်စုံတရာပင်ဖြစ်သည်။

မြန်မာ့ဟန် ‌ဖြေ‌လျှော့မှု

၂ဝ၁၃ ခုနှစ် ဧပြီ ၂၅ ရက်စွဲဖြင့် ရိုက်တာသတင်းဌာန၏ ‌ဆောင်းပါးရှင် Jared Ferrie ‌ရေးသားခဲ့သည့် In Myanmar, cheap SIM card draw may herald telecoms revolution ကို နိုင်ငံပိုင်‌ကြေးမုံသတင်းစာက ဧပြီ ၂၈ ရက်တွင် မြန်မာ့မှု မြန်မာ့ဟန် မြန်မာ့ပုံစံဖြင့် ဆက်သွယ်‌ရေးကဏ္ဍကို ‌ဖြေ‌လျှော့‌ပေး‌နေဟူ‌သောအမည်ဖြင့် ဘာသာပြန်၍ ‌ဖော်ပြခဲ့သည်။ ထို‌ဆောင်းပါးမူရင်းတွင် ‌ဆောင်းပါးရှင်က This is telecoms deregulation, Myanmar- style ဟုသုံးစွဲခဲ့သည်။ အဆိုပါ စာ‌ကြောင်း၏ အဓိပ္ဋါယ်ကို ဘာသာပြန်သူက မြန်မာ့မှု မြန်မာ့ဟန် မြန်မာ့ပုံစံဟု ‌ကောက်ယူခဲ့ဟန်ရှိသည်။ မည်သို့ပင်ဆို‌စေ။ ဆက်သွယ်ကဏ္ဍကို မြန်မာ့ဟန်ဖြင့် ‌ဖြေ‌လျှော့ခဲ့၍ နိုင်ငံသားများသည် အတိုင်းအတာတစ်ခုအထိ ‌ချွေးသိပ်‌ကျေနပ်နိုင်ပါလိမ့်မည်။

မြန်မာ့ပထမမိုဘိုင်းဖုန်း၊ ကမ္ဘာ့ပထမမိုဘိုင်းဖုန်း

၁၉၉၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးမိုဘိုင်းဖုန်းစနစ်ဖြစ်သည့် Analog AMPS 800 Cellular စနစ်ကို ရန်ကုန်၊ မန္တ‌လေး၊ စစ်ကိုင်းတို့တွင် စတင်အသုံးပြု ခဲ့သည်။ ၁၉၉၃ ခုနှစ်သည် မြန်မာ့မိုဘိုင်းဖုန်းစနစ်အစဖြစ်သည်။ လွန်ခဲ့‌သော အနှစ် ၂ဝဖြစ်သည့် ၁၉၇၃ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံး လက်ကိုင်မိုဘိုင်းဖုန်းကို Motorola မှ John F. Mitchell နှင့် Dr. Martin Cooper တို့က ထုတ်‌ဖော်ပြသခဲ့သည်။ ထိုမိုဘိုင်းလက်ကိုင်ဖုန်း၏ အ‌လေးချိန်သည် ၂.၂‌ပေါင် (၁ကီလို)ရှိသည်။ လက်ကိုင်မိုဘိုင်းဖုန်းဖြင့် ပထမဦးဆုံးဖုန်း‌ခေါ်ဆိုမှုကို Dr. Martin Cooper က ၁၉၇၃ ခုနှစ် ဧပြီ ၃ ရက်တွင် Bell Labs  မှ ပြိုင်ဖက်ဖြစ်သူ Dr. Joel S. Engel ထံ‌ခေါ်ဆို၍ ပြုလုပ်ခဲ့သည်။ ၁၉၇၃ ခုနှစ် တီထွင်မှုမတိုင်မီကာလဖြစ်သည့် ၁၉ဝ၆ ခုနှစ် ဧပြီ ၂၉ တွင် Charles E. Alden ဆိုသူက စွပ်ကျယ်အိတ်အတွင်း ထည့်သုံးနိုင်သည့် တယ်လီဖုန်း(vest pocket telephone)ကို သူ့အ‌နေဖြင့်တီထွင်သွားမည်ဟု အခိုင်အမာ‌ပြောဆိုခဲ့သည်။ သို့‌သော်လည်း ထိုအခွင့်အ‌ရေးကို Alden သည် ‌ကောင်းမွန်စွာ အ‌ကောင်အထည်‌ဖော်ခွင့်မရရှိခဲ့ပါ။ ထို‌နောက်ပိုင်းတွင် ပညာရှင်အသီးသီးက မိုဘိုင်းဖြင့် တယ်လီဖုန်းအသုံးပြုနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ ၁၉၇၉ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံးစီးပွား‌ရေးလုပ်ငန်းသုံး cellular ကွန်ရက်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့နယ်နိမိတ်အတွင်း စတင်အသုံးပြုနိုင်ခဲ့သည်။ ၁၉၈ဝ ခုနှစ်‌နောက်ပိုင်းကာလများတွင် ဒိန်းမတ်၊ ဖင်လန်၊ ‌နော်‌ဝေ၊ ဆွိဒင်၊ ယူ‌ကေ၊ မက္ကဆီကိုနှင့် က‌နေဒါနိုင်ငံများကလည်း အသုံးပြုခဲ့သည်။ ၁၉၈၃ ခုနှစ်၊ မတ် ၆ ရက်တွင် Dyna TAC က 1G network ကို အ‌မေရိကန်တွင် စတင်ခဲ့သည်။ ထိုနှစ်တွင်ပင် Dyna TAC 8000x ကို ပထမဆုံးအ‌နေဖြင့် ‌ဈေးကွက်တင်ခဲ့သည်။ ထိုကာလသည် Dr. Martin Cooper တို့၏ တီထွင်မှုအပြီး ၁ဝ နှစ်အကြာတွင် ဖြစ်သည်။

မိုဘိုင်းဖုန်း မျိုးဆက်များ

ကြိုးမဲ့တယ်လီဖုန်းဆက်သွယ်‌ရေးစနစ်၊ မိုဘိုင်းတယ်လီဖုန်းဆက်သွယ်‌ရေးစနစ်၏ ပထမမျိုးဆက်ကို 1G  ဟု ‌ခေါ်ဆိုခဲ့ကြသည်။ 1G သည် analog စနစ်ဖြစ်သည်။ ထို့‌ကြောင့် ပညာရှင်များက မိုဘိုင်းတယ်လီဖုန်း၏ ပထမမျိုးဆက် သည် analog ဖြစ်ပြီး ဒုတိယမျိုးဆက်မှာ digital ဖြစ်သည်ဟု ‌ပြောဆိုကြသည်။ မိုဘိုင်း တယ်လီဖုန်း၏ ဒုတိယမျိုးဆက်ကို 2G ဟု ‌ခေါ်ဆိုကြ သည်။ 2G သည် digital စနစ်ဖြစ်သကဲ့သို့ ဖုန်း‌ပြောဆိုမှုအပြင် data ဟု‌ခေါ်‌သောအချက် အလက်များကို ‌ပေးပို့လာနိုင်သည်။ ထိုလုပ်‌ဆောင်ချက်ကို data service for mobile ဟု ‌ခေါ်ဆိုခဲ့ကြသည်။ ထို data service ဖြစ် SMS (Message)ဟု‌ခေါ်‌သော စာတိုများကို ‌ပေးပို့နိုင်ခဲ့သည်။ မိုဘိုင်းတယ်လီဖုန်း၏ ဒုတိယမျိုးဆက်(2G)သည် ၁၉၉၁ ခုနှစ်တွင် စတင်ခဲ့သည်။ မြန်မာ့ပထမမိုဘိုင်း မစတင်မီ ၂ နှစ်အလို ကာလတွင်ဖြစ်သည်။ ထိုအချိန်၌ နိုင်ငံတကာတွင် GSM(Global System for Mobile Telephone)စနစ်ကို အများဆုံးအသုံးပြု‌နေပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် GSM စနစ်ကို ၂ဝဝဝ ပြည့်နှစ်မှသာ စတင်အသုံးပြုခဲ့သည်။ ထိုကာလမတိုင်မီ ၁၉၉ရ ခုနှစ်တွင် CDMA(Code Division Multiple Access Radio Phone)များကို မြန်မာနိုင်ငံတွင် အသုံးပြုခဲ့သည်။ ထိုစနစ်အသုံးပြုသည့် တယ်လီဖုန်းများကို လက်ကိုင်ခြင်းများအတွင်းထည့်သွင်း၍ သယ်‌ဆောင်အသုံးပြုရ‌သော‌ကြောင့်‘‘ခြင်းဖုန်း’’ဟု အသုံးပြုသူမြန်မာနိုင်ငံသားများက အမည်‌ပေးခဲ့ကြသည်။ ထို‌ခေတ်ကာလက ‌ငွေ‌ကြေးတတ်နိုင်သူများသာ ‘‘ခြင်းဖုန်း’’ကိုအသုံးပြု နိုင်ခဲ့ကြသည်။ တန်ဖိုးနည်းဖုန်းဆို‌သော ‌မျှော်လင့်ချက်သည်ပင် စိတ်ကူးယဉ်ဝံသည့်အ‌နေအထားတွင် မရှိခဲ့ပါ။ မြန်မာငွေကျပ် ၁၅ သိန်းနှင့်အထက်ကို မပိုင်ဆိုင်‌သော နိုင်ငံသားများအတွက် ‌မျှော်လင့်ချက်မရှိ‌သော ကာလဖြစ်သည်။

၂ဝဝ၁ ခုနှစ်တွင် မိုဘိုင်းဖုန်း၏ တတိယမျိုးဆက်ဖြစ်‌သော 3G  စနစ် ‌ပေါ်‌ပေါက်လာခဲ့သည်။ ဒုတိယမျိုးဆက်နှင့်တတိယမျိုးဆက်အကြား အချိန်ကာလ ကွာခြားမှုသည် ၁ဝ နှစ်တာကာလကြာမြင့်သည်။ မြန်မာနိုင်ငံတွင် GSM စနစ် အသုံးပြုပြီး ၁ နှစ်အကြာတွင်ဖြစ်သည်။ 3G တွင် တယ်လီဖုန်းဆက်သွယ်ခြင်းအပြင် အင်တာနက်ဆက် သွယ်ခြင်း၊ ဗီဒီယိုဖုန်း‌ခေါ်ဆိုခြင်းနှင့်မိုဘိုင်းတယ်လီဗီးရှင်းကြည့်ရှုနိုင်ခြင်းတို့ ပါဝင်သည်။ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းဖြင့်အင်တာနက်ကို  ၂ဝ၁ဝ ပြည့်နှစ်‌နောက်ပိုင်း ကာလများတွင်သာ အသုံးပြုနိုင်ခဲ့သည်။ ထိုကာလအပိုင်းအခြားတွင် CDMA 800/450 MHz နှင့် GSM ဖုန်းလိုင်း(SIM card)များကို မြန်မာ‌ငွေ ၅ သိန်းကျပ်ဖြင့် အစိုးရက ‌ရောင်းချခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် GSM/CDMA ဖုန်းများကို နှစ်သိန်း၊ နှစ်သိန်းခွဲနှုန်းဖြင့် ‌ရောင်းချခဲ့သည်။ ထိုကာလများတွင် နိုင်ငံတကာ၌ မိုဘိုင်းဖုန်း လိုင်း(SIM card) များကို အခမဲ့‌ပေးသည်ရှိသကဲ့သို့ ‌ထောင်ဂဏန်းသာရှိသည့် အဖိုး နှုန်းဖြင့်လည်း ‌ရောင်းချ‌ပေး‌နေသည်။ ထိုမျှသာမကဘဲ မိုဘိုင်းဖုန်းတစ်လုံး ပိုင်ဆိုင်နိုင်ခွင့်ရှိခြင်းသည် ကြီးမားသည့် ‌မျှော်လင့်ချက်တစ်ခုမဟုတ်ပါ။ မြန်မာနိုင်ငံတွင် ကွမ်းယာကို လွယ်လင့်တကူဝယ်စားနိုင်သကဲ့သို့ SIM card ရရှိ‌ရေးသည် အိမ်နီးချင်း နိုင်ငံများတွင်ပင် လွယ်ကူလှသည်။

မိုဘိုင်းဖုန်းတတိယမျိုးဆက်၏‌နောက်တွင် စတုတ္ထုမျိုးဆက်ဟုဆို‌သော 4G စနစ်‌ပေါ်ထွက်လာပြန်သည်။ ထိုစနစ်တွင် HD mobile TV ၊ video conferencing နှင့် 3D  တယ်လီ‌ဗေးရှင်းတို့လည်း အသုံးပြုလာနိုင်သည်။ မြန်မာနိုင်ငံအတွက် 4G စနစ်သည် အနည်းငယ်အလှမ်း‌ဝေး‌နေဦးမည်ဖြစ်သည်။ 3G  စနစ်က‌ပေးသည့် အကျိုးဖြစ်‌သော အင်တာနက်ကို မိုဘိုင်းဖုန်းဖြင့် ထုံ‌ပေထုံ‌ပေအသုံးပြု‌နေရဦးမည် ဖြစ်သည်။ နိုင်ငံသားများသည် အလွန်‌ဈေးကြီး‌သော တယ်လီဖုန်းလိုင်းတန်ဖိုးမှ အလွန်‌ဈေးသက်သာ‌သော တန်ဖိုးနည်းမိုဘိုင်းဖုန်းလိုင်းများကို ကံစမ်းမဲ‌ဖောက်ကံစမ်း၍ မိမိအလှည့်‌ရောက်လာရန်အတွက် ‌စောင့်ဆိုင်းရဦးမည်ဖြစ်သည်။ မည်သို့ပင်ဆို‌စေ။ တန်ဖိုးနည်းဖုန်းလိုင်းများကို တရားဝင်‌ရောက်ချ‌ပေးသည့် ၂ဝ၁၃ ခုနှစ် ဧပြီ ၂၄ ရက်‌နောက်ပိုင်းရက်များတွင် နိုင်ငံပိုင်သတင်းစာများတွင် ထိုသတင်းများကို‌ဖော်ပြခဲ့သည်။ မပြီးဆုံးနိုင်‌သောသတင်းများအဖြစ် မှတ်တမ်းတင် ရပါမည်။ ဤသည်ကလည်း မြန်မာ့ဟန်ဟု ဆိုနိုင်‌ကောင်းပါသည်။

အရည်အ‌သွေး‌ကောင်း ‌ရွေးချယ်သုံးစွဲခွင့်

၂ဝ၁၃ ခုနှစ် ဧပြီ ၃ဝ ရက်ထုတ် ‌ကြေးမုံသတင်းစာတွင် မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်းနှင့်အကျိုးတူပူး‌ပေါင်းမည့်ကုမ္ဋဏီများသည် ဧပြီ ၂၉ ရက်တွင် ‌ဆွေး‌နွေးညှိနှိုင်းခဲ့‌ကြောင်း သတင်း‌ဖော်ပြခဲ့သည်။ ထိုသတင်းတွင် ဆက်သွယ်‌ရေးဆိုင်ရာ ပြည်သူလူထု၏ လိုအပ်ချက်နှင့်အစိုးရယန္တရားအကြား ဖြည့်ဆည်း‌ပေးနိုင်မှု ကွာဟချက်ကို ကျဉ်းနိုင်သမျှ ကျဉ်း‌အောင် မိမိတို့အပိုင်းက ‌ဆောင်ရွက်‌ပေးရန် တာဝန်ရှိ‌ကြောင်း၊ ဆက်သွယ်‌ရေးကဏ္ဍနှင့်ပတ်သက်၍ ‌ကောင်းသည်ထက်‌ကောင်းအောင်လုပ်‌ပေးရန် အတွက် ‌ငွေ‌ကြေး၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်တို့ လိုအပ်ချက်ရှိသည်မှာ မှန်‌သော်လည်း ၎င်းအားလုံးအတွက် ဝန်ကြီးဌာနတစ်ခုတည်းက ပြည့်စုံ‌အောင် မ‌ဆောင်ရွက်နိုင်ပါ‌ကြောင်း၊ ယခုနှစ် ဇွန်လကုန်‌လောက်တွင် ဆက်သွယ်ရေးလုပ်ငန်းအတွက် နိုင်ငံတကာ‌အော်ပ‌ရေတာနှစ်ဦးကိုအပြီးသတ် ‌ရွေးချယ်ပြီး‌နောက် ရှစ်လမှ တစ်နှစ်အတွင်း ၎င်း‌အော်ပ‌ရေတာများဘက်က ဆက်သွယ်‌ရေးကွန်ရက်တပ်ဆင်မှုပြီးစီးလိမ့်မည်ဟု ‌မျှော်လင့်ပါ‌ကြောင်း၊ ဆက်သွယ်‌ရေးလုပ်ငန်းပိုင်း၌ လုံခြုံ‌ရေးအရ ကန့်သတ်မှုရှိသည့် လုပ်ငန်းများမှလွဲ၍ ကျန်သည့်လုပ်ငန်းများကို လွတ်လွတ်လပ်လပ် ပူး‌ပေါင်း‌ဆောင်ရွက်နိုင်ပါ‌ကြောင်း၊ လုပ်ငန်း‌ဆောင်ရွက်ရာတွင် ဥပ‌ဒေနှင့်အညီ သာ ‌ဆောင်ရွက်ရမည်ဖြစ်သဖြင့် ဆက်သွယ်‌ရေးကဏ္ဍတိုးတက်‌ရေးအတွက် ပူး‌ပေါင်းပါဝင် ညှိနှိုင်း‌ဆောင်ရွက်‌ပေးကြရန် ‌မေတ္တာရပ်ခံပါ‌ကြောင်း၊ ဆက်သွယ်‌ရေးဝန်‌ဆောင်မှုများအား အသုံးပြုရာ၌ ‌ကောင်း‌သောအရည်အ‌သွေးရှိသည့် ဝန်‌ဆောင်မှုများကိုသာ ‌ရွေးချယ်အသုံးပြုခွင့်သည် မကြာမီကာလအတွင်း ပြည်သူလက်ဝယ်သို့ ‌ရောက်ရှိ‌တော့ မည်ဖြစ်‌ကြောင်း ဆက်သွယ်‌ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ‌ပြောကြားခဲ့သည်ဟု သိရသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် မြန်မာ့ဆက်သွယ်‌ရေးကဏ္ဍကို လက်ပူတိုက်အ‌ကောင်အထည်‌ဖော်ခြင်းထက် အရည်အ‌သွေးပြည့်ဝ‌သောစနစ်‌ကောင်း တစ်ခုဖြစ်လာ‌စေရန် ကြိုးပမ်း‌နေ‌ကြောင်း‌ဖော်ပြရာ‌ရောက်ပြီး အကျိုးတူပူး‌ပေါင်းမည့်လုပ်ငန်းများကိုလည်း အရည်အ‌သွေးနှင့်ကမ္ဘာ့စံနှုန်းအတွင်း ဝင်ဆန့်မှုရှိ‌စေရန်၊ လူတန်း‌စေ့‌စေရန်ကြိုးပမ်း‌စေလို‌ကြောင်း‌ဖော်ပြသည်ဟု ယူဆနိုင်‌ပေမည်။

မိုဘိုင်းဖုန်းကွန်ရက်နှင့် နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်မှု

Google ၏ ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံသို့လာ‌ရောက်လည်ပတ်စဉ်က ဆက်သွယ်‌ရေးကဏ္ဍလုပ်ပိုင်ခွင့်ကို ပုဂ္ဂိလကသို့လုပ်ပိုင်ခွင့်‌ပေးရန်နှင့်မိုဘိုင်းဖုန်းများအသုံးပြုနိုင် ခြင်းသည် ‌ကျေးလက်‌ဒေသနှင့်နိုင်ငံဖွံ့ဖြိုး‌ရေးအတွက် များစွာအ‌ထောက်အကူပြု‌ကြောင်း တိုက်တွန်း‌ပြောကြားခဲ့သည်။ ကမ္ဘာ့အ‌တွေ့အကြုံများအရ ဆက်သွယ်‌ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွား‌ရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ့အ‌ရေးပြုပြင်‌ပြောင်းလဲမှုကိုလည်း ‌စေ့‌ဆော်တွန်း အား‌ပေးနိုင်‌ကြောင်း ရိုက်တာသတင်းဌာန၏ ‌ဆောင်းပါးရှင် Jared Ferrie ‌ဖော်ပြ‌ရေးသားသည်။ ထို့အပြင် ဆွီဒင်နိုင်ငံ၏ ဆက်သွယ်‌ရေးကုမ္ဋဏီကြီးတစ်ခုဖြစ်သည့် Ericsson ၏ အစီအရင်ခံစာတွင် ‘‘မိုဘိုင်းကွန်ရက် များသည် အ‌သေးစားစီးပွား‌ရေး လုပ်ငန်းများ၏ စွမ်း‌ဆောင်ရည်ဖွံ့ဖြိုးတိုးတက်လာမှုကို မြှင့်တင်‌ပေးနိုင်သကဲ့သို့ မိုဘိုင်ဖုန်းဖြင့် ပိုမိုသုံးစွဲခွင့်ရခြင်းကလည်း လူမှုအဖွဲ့ အစည်းအတွင်း ပွင့်လင်းမြင်သာမှုကို တိုးတက်‌စေရုံမက အ‌ခြေခံနှင့် လူ့အခွင့်အ‌ရေးအပြည့်အဝရရှိ‌ရေးအတွက်လည်း အ‌ရေးပါ‌သော အခန်းကဏ္ဍက ပါဝင်လျက်ရှိ သည်’’ဟု ‌ဖော်ပြ‌ကြောင်း ‌ဆောင်းပါးရှင် Jared Ferrie ကထည့်သွင်း‌ပြောဆိုထားသည်။ မိုဘိုင်းဖုန်းအသုံးပြုနိုင်ရန်ကြိုးပမ်းမှုကို မိုဘိုင်းဖုန်း‌တော်လှန်‌ရေး၊ တတိယ‌မြောက်စက်မှု‌တော်လှန်‌ရေးဟု တင်စား‌ခေါ်‌ဝေါ်ကြသည်။ ဧပြီလကုန်ပိုင်းတွင် အသုံးပြုခွင့်‌ပေးခဲ့သည့် မိုဘိုင်းဖုန်းလိုင်းများသည် မြန်မာ့စီးပွား‌ရေးကို အားနှင့် မာန်နှင့်‌ထောက်ကူ‌ပေးနိုင်မည့် စီးပွား‌ရေးပြုပြင်‌ပြောင်းလဲမှုဖြစ်သည်ဟု စာ‌ရေးသူ ‌ဇေယျသူက The Voice ဂျာနယ်တွင် ဧပြီလကုန်ပိုင်း၌ ‌ရေးသားသည့် ‘‘မြန်မာ့စီးပွား မင်္ဂလာသတင်းသုံးရပ်’’တွင် ‌ဖော်ပြခဲ့သည်။ ဆယ်စုနှစ်များစွာအထီးကျန်၍ အစစအရာ‌နောက်ကျခဲ့‌သော မြန်မာနိုင်ငံသည် ကမ္ဘာ့အ‌တွေ့အကြုံများကို နမူနာယူ၍ အရှိန်အဟုန်‌ကောင်း‌ကောင်းဖြင့် အားသွန်ခွန်စိုက်‌ပြေးခဲ့မည်ဆိုလျှင် အ‌မောဆို့နိုင်‌သော်လည်း ကမ္ဘာ့အလယ်တွင် တင့်တယ်နိုင်မည်ဖြစ်‌ကြောင်း ‌ဖော်ပြပါ အချက်တို့က သက်‌သေပြ‌နေသည်။

နည်းပညာ‌ကြောင့် ပြား‌သောကမ္ဘာ

‘‘တက္ကနိုလိုဂျီက ညှိ‌ပေးလိုက်လို့ ကမ္ဘာကြီးက ‌မြေညီကွင်းဖြစ်သွားပြီဗျ။ ဂလိုဘယ်ပြိုင်ပွဲမှာ ဝင်ဆင်နွွှဲဖို့ ‌ရေကြည်ရာမြက်နုရာရှာဖို့ မလို‌တော့ဘူး။ ကျွန်‌တော် တို့ဆီက‌နေ ခင်ဗျာတို့ကို ‌ကောင်း‌ကောင်းယှဉ်လို့ ရ‌နေပြီ။’’ဆို‌သောစကား‌ကြောင့် ကမ္ဘာပြားပြီ(The world is Flat)စာအုပ်‌ရေးသားသူ ‌တောမတ်ဖရီးမင်းသည် အ‌တွေး တဝီဝီလှည့်၍ ‘‘ဘုရား‌ရေ၊ ကမ္ဘာကြီး ပြားသွားပါ‌ရောလား’’ဟု ဆိုခဲ့ဖူးသည်။ နည်းပညာသည် အချိုးညီညီဖွံ့ဖြိုးတိုးတက်မှုနှင့် လူတိုင်းတန်းတူ အခွင့်အ‌ရေးရရှိနိုင် ခြင်းကို ‌ပေးစွမ်းနိုင်စွမ်းရှိသည်။ ထိုအခွင့်အ‌ရေးရရှိရန် ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်က ထွက်‌ပေါ်လာသည့် တိုးတက်မှုအရင်းအမြစ်များကို မလိုလားအပ်‌သော ရည်ရွယ် ချက်ဖြင့် အဟန့်အတာဖြစ်ရန် မတားမြစ်အပ်‌ပေ။ နည်းပညာဆိုင်ရာကွာဟမှုများကို နည်းနိုင်သမျှနည်းရန်ကြိုးပမ်းရမည်။ ထို့အတူ နည်းပညာကို အများနည်းတူ တန်းတူအသုံးပြုလာနိုင်ပါက ဆယ်စုနှစ်‌ပေါင်းများစွာ ကွာဟခဲ့သည့် ကွာဟချက်များ၊ အထီးကျန်ဆန်မှုများနှင့် ကမ္ဘာ့ယဉ်‌ကျေးမှုအသိုင်းအဝန်းအတွင်း မဝင်ဆန့်မှုများ ကို ကျဉ်း‌မြောင်း နည်းပါးသွား‌စေမည်။ အ‌ပြောင်းအလဲများသည် ဆင့်ကဲ‌ပြောင်းလဲခြင်း၊ တစတစ‌ပြောင်းလဲခြင်းများဖြင့် စတင်‌လေ့ရှိသည်။ ကမ္ဘာတွင် မိုဘိုင်းစနစ် တိုးတက်မှုသည် မြန်မာ၏ ကာလများနှင့် မတိမ်မယိုင်ဖြစ်‌ကြောင်း ‌ရှေ့တွင် ‌ဖော်ပြခဲ့သည်။ ထိုအ‌ပြောင်းအလဲများသည် အရှိန်အဟုန်‌ကောင်းလာပါက၊ နည်းပညာကို စနစ်တကျအသုံးပြုပါက၊ နိုင်ငံသားများကလည်း မှန်ကန်စွာပါဝင်လာပါက ကျွန်ုပ်တို့သည် ပြား‌သောကမ္ဘာတွင် ဟန်ချက်ညီစွာ‌နေထိုင်လာနိုင်လိမ့်မည်။ ထိုအချိန်တွင် သင်သည် သင်၏လက်အတွင်းရှိ မိုဘိုင်းဖုန်း၏ စွမ်းအားကို ‌မေ့‌ကောင်း‌မေ့‌နေ‌ပေမည်။ သို့‌သော်သူသည် သင်နှင့်အတူရှိ‌နေမည်သာဖြစ်သည်။

ဟန်‌ဇော်

ICON Magazine, June 2013

Category: Tech

Post navigation

← မိုဘိုင်းတယ်လီဖုန်းနှင့် ဖွံ့ဖြိုးရေးဖြစ်စဉ်
ယန် မာတဲလ် ဆိုသူမှာ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme