Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

အင်တာပီးဒီးယား၊ နုပီးဒီးယားမှ ဝီကီပီးဒီးယား

Posted on August 11, 2015September 3, 2025 by Han Zaw
မြန်မာဝီကီပီးဒီးယား၏ အမှတ်တံဆိပ်
ဝီကီပီးဒီးယား၏ အမှတ်တံဆိပ်

မြန်မာ့စွယ်စုံကျမ်း၊ မြန်မာဝီကီနှင့် ဝီကီပီးဒီးယားအကြောင်းတို့ကို စာရေးသူတင်ပြခဲ့ပြီးဖြစ်သည်။ ယခုတစ်လမှာ အွန်လိုင်းစွယ်စုံကျမ်းများအကြောင်းနှင့် ဝီကီပီးဒီးယားမထွက်ပေါ်မီ အခြေအနေများကို တင်ပြလိုသည်။

အင်တာနက်စွယ်စုံကျမ်း
၁၉၉၃ ခုနှစ်တွင် Rich Gates ဆိုသူသည် အင်တာပီးဒီးယား(Interpedia)ဟု အမည်ရသည့် အင်တာနက်စွယ်စုံကျမ်းတစ်ခုကို အွန်လိုင်းအခြေပြုအကောင် အထည်ဖော်နိုင်ရန် ကြိုးပမ်းခဲ့သည်။ အင်တာပီးဒီးယားဆိုသည်မှာ အင်တာနက်စွယ်စုံကျမ်း(Internet Encyclopedia)ဖြစ်သည်။ အင်တာနက် (Internet)ဆိုသည့် စကားလုံးမှ အင်တာ(Inter)နှင့်စွယ်စုံကျမ်း(encyclopedia)မှ ပီးဒီးယား(pedia)ဆိုသည့် စကားလုံးနှစ်ခုကို ပူးတွဲအသုံးပြုထား သော ဝေါဟာရတစ်ခုဖြစ်သည်။ စိတ်ဝင်စားသူတိုင်း အွန်လိုင်းမှတစ်ဆင့် ပါဝင်ပူးပေါင်းရေးသားနိုင်သော စွယ်စုံကျမ်းတစ်ခု ဖြစ်ပေါ်လာစေရန် အင်တာပီးဒီးယားကို Rich Gates က စိတ်ကူးခဲ့သည်။ သို့သော်လည်း Rich Gates ၏ စိတ်ကူးနှင့်အကြံအစည်သည် စီမံကိန်းရေးဆွဲသည့်အဆင့်မှာပဲ နှစ်ဝက်ခန့်ကြာမြင့်ခဲ့သည်။ ညှိနှိုင်းမှု၊ ဆွေးနွေးမှုအခြေအနေများမှာသာ အချိန်ကုန်လွန်ခဲ့ပြီး အင်တာပီးဒီးယားစီမံကိန်းဟာ ဆက်လက်အကောင်အထည်ဖော်နိုင်ခြင်းမရှိပဲ ရပ်ဆိုင်းသွားခဲ့သည်။

ဒီဂျစ်တယ်ပြောင်းလဲခြင်း (Digitization)
၁၉၉၅ ခုနှစ် ဇန်နဝါရီလတွင် Britannica စွယ်စုံကျမ်းကို အွန်လိုင်းပေါ်သို့ လွွှင့်တင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ အဆိုပါအစီအစဉ်ကို Gutenberg Project ဟု အမည်ပေးခဲ့သည်။ ထိုသို့ လွွှင့်တင်သောအခါ Britannica အမည်ကို ဆက်လက်အသုံးမပြုခဲ့ပါ။ Gutenberg စွယ်စုံကျမ်းအမည်ဖြင့်လွွှင့်တင်ရန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် မူပိုင်ခွင့်ဆိုင်ရာငြင်းခုန်မှုများရှိခဲ့သည်ဟု လေ့လာတွေ့ရှိရသည်။ ထို့နောက် ကမ္ဘာကျော်စွယ်စုံကျမ်းများဖြစ်သည်။ Encarta နှင့် Britannica တို့ကို စီဒီရွမ်အဖြစ် ကွန်ပျူတာအခြေပြုထုတ်ဝေခဲ့ကြသည်။ အွန်လိုင်းဝန်ဆောင်မှု ဖြင့်လည်း ယင်းတို့၏ စွယ်စုံကျမ်းများကို အသုံးပြုခွင့်ပေးခဲ့ကြသည်။ ထိုသို့ ပြုလုပ်ခဲ့မှုများသည် ရှိပြီးသားအကြောင်းအရာများကို ဒီဂျစ်တယ်ပြောင်းလဲခြင်း (digitization)အဖြစ် ပြုပြင်ပြောင်းလဲခြင်းသာ ဖြစ်ခဲ့သည်။

၁၉၉၉ ခုနှစ် ဝန်းကျင်က မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲနှင့်အနှစ်ချုပ် စွယ်စုံကျမ်းများကို ဒီဂျစ်တယ်ပြောင်းလဲခြင်းအဖြစ်သို့ ပြောင်းလဲ၍ စီဒီရွမ်အဖြစ် ထုတ်ဝေခဲ့သည်။ စီဒီရွမ်တွင်ပါရှိသည့် အချက်အလက်များအရ ၁၉၅၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ထုတ်ဝေခဲ့သော စွယ်စုံကျမ်း ၁၅ တွဲနှင့် ၁၉၇၈ ခုနှစ်မှ ၁၉၉ရ ခုနှစ်အထိ ထုတ်ဝေခဲ့သည့် နှစ်ချုပ် ၂ဝ တွဲတို့မှ အကြောင်း အရာပေါင်း ၇၄၁၂ ခု၊ ကာလဓာတ်ပုံ ၁၆ဝ၊ အဖြူအမည်းဓာတ်ပုံ ၉၆၇၆ ပုံ တို့ကို ထည့်သွင်းထုတ်လုပ်ခဲ့ကြောင်း သိရသည်။ မြန်မာ့စွယ်စုံကျမ်းစီဒီရွမ်ကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် Forever Group တို့မှ ပူးပေါင်းထုတ်လုပ်ကြောင်း သိရသည်။ စွယ်စုံကျမ်းစီဒီရွမ်အဖြစ် ပြန်လည်ထုတ်ဝေရာတွင် တည်ရှိနေသော အချက်အလက်များ၊ ပညာရပ်ဆိုင်ရာများကို ထပ်မံဖြည့်စွက်ခြင်း၊ တည်းဖြတ်ခြင်း၊ ထပ်တိုးခြင်းများ ပြုလုပ်နိုင်ခဲ့ခြင်းမရှိကြောင်း တွေ့ရသည်။

၁၉၉၅ ခုနှစ် ဝန်းကျင်တွင် Encarta နှင့် Britannica တို့ကို ဒီဂျစ်တယ်အကြောင်းအရာများအဖြစ် ပြောင်းလဲနိုင်ရန် ကြိုးပမ်းအကောင်အထည်ဖော်ခဲ့သကဲ့သို့ မြန်မာ့စွယ်စုံကျမ်းများကိုလည်း ဒီဂျစ်တယ်ပြောင်းလဲခြင်းအဖြစ်ပြောင်းလဲ၍ စီဒီရွမ်အဖြစ် ထုတ်ဝေနိုင်ခဲ့ကြောင်း တွေ့ရသည်။ စွယ်စုံကျမ်းအတွက် အကြောင်းအရာ များကို ပြုစုရေးသားရာတွင် ကျွမ်းကျင်သူပညာရှင်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များနှင့် စာတည်းအဖွဲ့များကို ထားရှိသည်။ ပြီးမှသာ ပုံနှိပ်ထုတ်ဝေခြင်း၊ စီဒီရွမ်၊ ဒီဗီဒီရွမ်နှင့်အွန်လိုင်းလွွှင့်တင်ခြင်းတို့ကို ပြုလုပ်ကြောင်း တွေ့ရသည်။ ၁၉၉၃ ခုနှစ်တွင် Rich Gates သည် အင်တာပီးဒီးယားကို အများက ပါဝင်ပူးပေါင်းရေးသားနိုင်သောပုံစံအဖြစ် လွွှင့်တင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ထိုသို့ကြိုးပမ်းမှု သည် စိတ်ကူးယဉ်သက်သက် မဟုတ်ခဲ့ပါ။ Rich Gates ၏ စိတ်ကူးကိုနည်းပညာက အကောင်အထည်ဖော်ဆောင်ပေးနိုင်သည်။ သို့သော်လည်း ယင်းစိတ်ကူးသည် အကောင်အထည်မပေါ်ခဲ့ပါ။

အကြံတူ နောက်လူ သာစမြဲ
‘‘အကြံတူ နောက်လူ သာစမြဲ’’ဆိုသည့် ဆိုရိုးစကားအတိုင်း Rich Gates ၏ စိတ်ကူးနှင့်အလားတူသော အွန်လိုင်းအခြေပြု စွယ်စုံကျမ်းတစ်ခုကို ဂျင်မီ ဝေးလ်စ်နှင့်လာရီဆန်းဂါးတို့က ၂ဝဝဝ ခုနှစ်အစပိုင်းမှာ အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့သည်။ ဝေးလ်စ်နှင့်ဆန်းဂါးတို့ ကြိုးပမ်းခဲ့သည့် အွန်လိုင်းစွယ်စုံကျမ်းမှာ နုပီးဒီးယား(Nupedia)ဖြစ်သည်။ အင်တာနက်လိပ်စာမှာ www.nupedia.com ဖြစ်ခဲ့သည်။ နုပီးဒီးယားကို အခမဲ့ဖတ်ရှုအသုံးပြုနိုင်သည့် စွယ်စုံကျမ်းအဖြစ် လွွှင့် တင်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ နုပီးဒီးယားတွင် ရေးသားသည့် အကြောင်းအရာများအတွက် ကျွမ်းကျင်သူပညာရှင်များကို အသုံးပြုရန်စီစဉ်ခဲ့ကြသည်။ နုပီးဒီးယား တွင် ဂျင်မီဝေးလ်က တည်ထောင်သူဖြစ်ခဲ့ပြီး လာရီ ဆန်းဂါးက အယ်ဒီတာချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ နုပီးဒီးယား၏ ပိုင်ရှင်အဖြစ် ဘိုမစ်(Bomis)အား ဖော်ပြထားသည်ကို တွေ့ရသည်။ နုပီးဒီးယားတွင် ရေးသားဖော်ပြမည့် အကြောင်းအရာများ၏ အရည်အသွေးနှင့် တိကျမှန်ကန်မှုကို အလေးထားခဲ့ကြသည်။ အောင်မြင်ပြီး စွယ်စုံကျမ်းများကဲ့သို့ အများက ယုံကြည်ရသည့် စွယ်စုံကျမ်းတစ်ခုဖြစ်ရန်လည်း စိတ်ကူးရှိခဲ့ကြသည်။ ပညာရှင်များနှင့်ကျွမ်းကျင်သူများအား နုပီးဒီးယားက လုပ်အားပေးများအနေဖြင့် အကြောင်းအရာများကို ရေးသားပေးရန် ဆန္ဒရှိခဲ့သည်။ ယင်းအချက်ကြောင့် နုပီးဒီးယားတွင် ဖတ်ရှုနိုင်သော အကြောင်းအရာများ နည်းပါးသွားခဲ့သည်။ နုပီးဒီးယား ရေရှည်ရပ်တည်နိုင်ရေးနှင့်ဝင်ငွေရရှိရေးတို့အတွက် အွန်လိုင်းကြော်ငြာများကို လက်ခံသွားရန် ဘိုမစ်က စီစဉ်ခဲ့သည်။ ထိုသို့ စီစဉ်ခြင်းဖြင့် www.nupedia.com သည် ရပ်တည်နိုင်မည်ဖြစ်ပြီး အသုံးပြုသူများကို အခကြေးငွေ တစ်စုံတစ်ရာမယူပဲ အခမဲ့အသုံးပြုခွင့်ပေးနိုင်မည်ဖြစ်သည်။

နုပီးဒီးယားကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အယ်ဒီတာ့လုပ်ငန်းစဉ် ခုနှစ်ချက်ကို ချမှတ်ခဲ့သည်။
အဆိုပါအချက် ခုနှစ်ချက်မှာ –
၁ ။ တာဝန်ပေးအပ်ခြင်း (Assignment)
၂ ။ သုံးသပ်ပေးနိုင်သူ ရှာဖွေခြင်း (Finding a lead reviewer)
၃ ။ သုံးသပ်ခြင်း ( Lead review )
၄ ။ ပွင့်လင်းစွာ ဆွေးနွေးခြင်း ( Open review )
၅ ။ တည်းဖြတ်ခြင်း ( Lead copyediting )
၆ ။ ပွင့်လင်းစွာ တည်းဖြတ်ခြင်း ( Open copyediting )
ရ ။ အတည်ပြုချက်ရယူခြင်းနှင့်ဖော်ပြခြင်း (Final approval and markup )စသည်တို့ ဖြစ်သည်။

အထက်တွင် တင်ပြခဲ့သည့် အခြေအနေများအတိုင်း နုပီးဒီးယားကို အကောင်အထည်ဖော်ခဲ့သည်။ သို့သော် အောင်မြင်မှုမရရှိခဲ့ပဲ ၂ဝဝ၃ ခုနှစ် စက်တင်ဘာလမှာ www.nupedia.com သည် ရပ်တန့်သွားခဲ့သည်။ အင်တာပီးဒီးယားကို စီမံကိန်းရေးဆွဲခြင်းအဆင့်မှာ ရပ်တန့်ခဲ့ပြီး ဆက်လက်အကောင်အထည်မဖော်နိုင်ခဲ့ပါ။ နုပီးဒီးယားသည်လည်း အွန်လိုင်းစွယ်စုံကျမ်းအဖြစ် သုံးနှစ်ဆိုသော သက်တမ်းသာ ရပ်တည်နိုင်ခဲ့သည်။
၂ဝဝ၁ ခုနှစ် ဇန်နဝါရီလတွင် ဝီကီပီးဒီးယား(Wikipedia)ကို နုပီဒီးယား(Nupedia)၏ လုပ်ငန်းခွဲအဖြစ် စတင်ခဲ့သည်။ ဝီကီပီးဒီးယားကို စတင်ချိန်တွင် လူအများက ပါဝင်ရေးသားနိုင်သော အွန်လိုင်းဝီကီပီးဒီးယားအဖြစ် စတင်ခဲ့သည်။ ယင်းအချက်သညf Rich Gates နှင့် တူညီခဲ့သည်။ အင်တာပီးဒီးယား (Interpedia)တွင် အကောင်အထည်မပေါ်ခဲ့သော စုပေါင်းရေးသားခြင်း၊ စုပေါင်းတည်းဖြတ်ခြင်း၊ အပြန်အလှန် မျှဝေခြင်းတို့သည် ဝီကီပီးဒီးယားမှာသာ အကောင်အထည်ပေါ်ခဲ့သည်။ ထိုအခါမှ ‘‘အကြံတူ နောက်လူ သာစမြဲ’’ ဆိုသည့် စကားရပ်နှင့် ကိုက်ညီသွားခဲ့သည်။ ဝီကီပီးဒီးယားသည်လည်း အောင်မြင်သော အွန်လိုင်းစွယ်စုံကျမ်းတစ်ခု ဖြစ်လာခဲ့သည်။ ဝိကီပီးဒီးယား၏ အောင်မြင်မှုသည် ကြီးမားခဲ့သည်။ ဝီကီပီးဒီးယားကို ဝက်ဘ် ၂.ဝ (Web 2.0)၏ အထင်ကရပြရုပ် အဖြစ် အိုင်စီတီနည်းပညာအသိုင်းအဝန်းက ပြောဆိုခဲ့ကြသည်။ ဝက်ဘ် ၂.ဝ တွင် စုပေါင်းလုပ်ဆောင်ခြင်း၊ ပူးပေါင်းပါဝင်ခြင်း၊ အပြန်အလှန်မျှဝေခြင်း အစရှိသော ဂုဏ်သတ္တိတို့သည် အရေးပါအရာရောက်သော အချက်အလက်ကောင်းများ ဖြစ်သည်။

နုပီးဒီးယား၏ ရပ်တည်ရေးနှင့် ဝင်ငွေရရှိရေးအတွက် ဘိုမစ်က အွန်လိုင်းကြော်ငြာများကို လက်ခံသွားရန် စီစဉ်ခဲ့သည်။ ဝီကီပီးဒီးယားကို စတင်ချိန်တွင် ကြော်ငြာများ ကို လက်ခံခြင်းမပြုခဲ့ပါ။ ဝီကီမီဒီယာဖောင်ဒေးရှင်းကို ဂျင်မီဝေးလ်က တည်ထောင်သည်။ ဖောင်ဒေးရှင်းကိုလည်း စီးပွားရေးအရ အကျိုးအမြတ်မဟုတ်သည့် အဖွဲ့အစည်း(NPO)အဖြစ်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အများမှ ကြည်ဖြူစွာပေးအပ်သည့် အလှူငွေများကို လက်ခံ၍ ဖောင်ဒေးရှင်းကို ရပ်တည်နိုင်ရန် ဂျင်မီဝေးလ်က ဆုံးဖြတ်ခဲ့သည်။

အွန်လိုင်းစွယ်စုံကျမ်းများကို ၁၉၉၃ ခုနှစ်ဝန်းကျင်မှစတင်၍ အကောင်အထည်ဖော်နိုင်ရန် စတင်ကြိုးပမ်းခဲ့ကြောင်း လေ့လာသိရှိရသည်။ ထိုသို့ ကြိုးပမ်းမှုတွင် အင်တာပီးဒီးယားသည် အစောဆုံးဖြစ်ခဲ့သည်။ အင်တာပီးဒီးယားကို အများမှ ပါဝင်ပူးပေါင်းရသည့် စွယ်စုံကျမ်းအဖြစ် ထူထောင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် လည်း အောင်မြင်မှုမရပဲ ရပ်တန့်သွားခဲ့သည်။
ယင်းနောက် ဂျင်မီဝေးလ်နှင့်လာရီးဆန်းဂါးတို့သည် နုပီးဒီးယားအွန်လိုင်းစွယ်စုံကျမ်းကို တည်ထောင်ရန် ကြိုးပမ်းကြပြန်သည်။ ထိုသို့ ကြိုးပမ်းရာတွင် နုပီးဒီးယားရှိ အကြောင်းအရာများကို အသုံးပြုသူများမှ အခမဲ့ဖတ်ရှုအသုံးပြုနိုင်သော အကြောင်းအရာ(free content)အဖြစ်ပေးနိုင်ရန် ကြိုးပမ်းခဲ့သည်။ အကြောင်းအရာများ ပြုစုရေးသားခြင်းအတွက် ကျွမ်းကျင်ပညာရှင်များကို လုပ်အားပေးအဖြစ် ပါဝင်စေချင်ခဲ့သည်။ ဝင်ငွေရရှိရေးအပိုင်းအတွက် ကြော်ငြာကို အားကိုးအားထားပြုရန် လုံးပမ်းခဲ့ကြသည်။ သို့သော် နုပီးဒီးယားသည်လည်း အောင်မြင်သော အွန်လိုင်းစွယ်စုံကျမ်းအဖြစ် ရပ်တည်နိုင်ခြင်း မရှိခဲ့ပါ။

အင်တာပီးဒီးယား၊ နုပီးဒီးယားတို့မှ ရရှိလာသည့် အတွေ့အကြုံများသည် ဂျင်မီဝေးလ်နှင့်လာရီးဆန်းဂါးတို့အတွက် သက်လုံကောင်းစေခဲ့ဟန်ရှိသည်။ ၂ဝဝ၁ ခုနှစ်တွင် ဝီကီပီးဒီးယားကို ထူထောင်ပြီး အများက ပူးပေါင်းပါဝင်ခြင်း၊ အကြောင်းအရာများကို အခမဲ့ဖတ်ရှုစေခြင်းနှင့်ဝင်ငွေအတွက် ကြော်ငြာများဖြင့် မရပ်တည်ခြင်းစသည့် စိတ်ကူးစိတ်သန်းများကို ပူးတွဲအကောင်အထည်ဖော်ခဲ့ဟန်တူသည်။ ရှေးက ကြုံတွေ့ခဲ့သော မအောင်မြင်ခဲ့သည့် အတွေ့အကြုံများသည် အောင်မြင်ရေး၏ လမ်းစဖြစ်ခဲ့သည်။ ၂ဝဝ၁ ခုနှစ်မှစတင်၍ ယနေ့အထိ ဝီကီပီးဒီးယားသည် ကမ္ဘာ့အကြီးဆုံး၊ ပါဝင်ရေးသားသူ အများဆုံး၊ အကြောင်းအရာအစုံလင်စုံ၊ ဘာသာစကားအစုံအလင်နှင့် အွန်လိုင်းတွင် သက်တမ်းအရှည်ဆုံး စွယ်စုံကျမ်းအဖြစ် ရပ်တည်လျှက်ရှိသည်။

ဝီကီပီးဒီးယားသည် အောင်မြင်သော အွန်လိုင်းစွယ်စုံကျမ်းအဖြစ် ရပ်တည်လျှက်ရှိသော်လည်း အကြောင်းအရာများ၏ တိကျမှန်ကန်မှု၊ အကိုးအကားပြုနိုင်မှုနှင့် မူပိုင်ခွင့်ဆိုင်ရာအချက်အလက်များအတွက် ငြင်းခုန်ဆွေးနွေးမှုများ ရှိနေသည်။

ဟန်ဇော်
ကိုးကား – ဝီကီပီးဒီးယား
အိုင်ကွန်မဂ္ဂဇင်း၊ ဇွန် ၂ဝ၁၂ ခုနှစ်

Category: Tech

Post navigation

← အီးအဲလ် ဒေါက်သရိုး ဆိုသူမှာ
အန်ဆိုက်ကလိုပီးဒီးယား →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme