Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

သည်းခံနိုင်၏ သည်းမခံနိုင်၏

Posted on June 12, 2019September 3, 2025 by Han Sann
သူရဿဝါ၏ သည်းခံတော် မူကြပါစ ခင်ဗျာ စာအုပ်ဖြစ်သည်။

လူ၊ လူထု၊ အစိုးရ၊ အုပ်ချုပ်သူနှင့်ထင်ရှားသူ စသည် စသူတို့၏ အမူဆိုးအကျင့်ဆိုး၊ နိုင်ငံရေးကိစ္စနှင့်ပြဿနာအသီးသီးတို့ကို ဝေ ဖန်ရေးသား၍ မချိပြုံး၊ မဲ့ပြုံးနှင့်သဲ့သဲ့ပြုံးတို့ကို ပြုံးရသည်မှာ သရော်စာပင်ဖြစ်သည်။ ၉ ပါးသောရသကို ခံစားရရှိစေသော ရသ စာပေအမျိုးအစားဖြစ်ပြီး လူမှုနေ့စဉ်ဘ၀မှကိစ္စအ၀၀ကို အပြုသဘောရေးသားရသည့် စာပေအမျိုးအစားလည်းဖြစ်သည်။ ဟာသစာပေနှင့်လည်း မတူပါ။ သရော်ခြင်းကိစ္စသည် စာပေပုံစံတစ်ခုတည်း ရှိသည်မဟုတ်ဘဲ အခြားသောအနုပညာပုံစံများဖြစ် သည့် သီချင်း၊ ရုပ်ရှင်၊ ပြဇာတ် အစရှိသည့်ပုံစံများဖြင့်လည်း ရှိနေပြန်သည်။ တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းကြီးများဖြင့် ဘောင်ခတ်မထားဘဲ ပွင့်လင်းစွာဖွင့်၍ ရေးသားနိုင်သည်မှာ သရော်စာပင်ဖြစ်သည်။

သရော်စာဆိုသည်မှာ ပေါက်ကွဲပွင့်ထွက်တော့မည့် ဘွိုင်လာအိုးမှ လေဘားကို ဖွင့်ပေးခြင်းဖြစ်သည်ဟု ဆရာမောင်သော်က ကဆို ခဲ့သည်။ လက်ခုပ်နှင့်လက်သီးအကြား ပါးပါးကလေးရေးရသည်မှာ သရော်စာဖြစ်သည်ဟု ဆရာမင်းလူကလည်း ဆိုခဲ့ဖူးသည်။ သူရဿဝါ၏ “သည်းခံတော်မူကြပါစ ခင်ဗျာ” စာအုပ်ပါ သရော်စာများသည် လူမှုဝန်းကျင်တွင် ဖြစ်ပေါ်နေသော လူမှုရေးရာ ကိစ္စများကို တို့ထိရေးသားထားသည်။ နိုင်ငံရေးကိစ္စဖြစ်စဉ်များကို ရှောင်ဖယ်ထားသည်။ ထိုသို့ ရှောင်ဖယ်ထားကြောင်းလည်း အမှာစာတွင် သူရဿဝါက ဝန်ခံရေးသားထားပါသည်။ သူ၏ စရိုက်ဖြင့် မကိုက်ညီခြင်းနှင့် သမမျှတသော အတွေးတို့ဖြင့်သာ တင်ပြလိုသော အကြောင်းအရင်းတို့ကြောင့် လူမှုရေးကိစ္စများကိုသာ ရွေးချယ်ရေးသားထားကြောင်းလည်း အမှာစာတွင် သူရဿဝါက ထုတ်ဖော်ပြောဆိုထားသည်။

“သည်းခံတော်မူကြပါစ ခင်ဗျာ” စာအုပ်ပါ သရော်စာများ၏ အကြောင်းအရာများမှာလည်း ရိုးရှင်းသော အကြောင်းအရာ များဖြစ်သည်။ လူမှုရေးရာကိစ္စများတွင် နေ့စဉ်ကြုံတွေ့နေရသော၊ အမြီးအမောက်မတည့်သောနှင့် လူသိများသည့် အထွေထွေကိစ္စ များသာဖြစ်သည်။ ထင်ရှားကျော်ကြားသူများနှင့် မိဘပြည်သူများအကြားမှ လူမှုရေးရာကိစ္စများ၊ အကယ်ဒမီပေးပွဲကိစ္စ၊ သီချင်း အဆို ပြိုင်ပွဲကိစ္စ၊ ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာနှင့် တယ်လီဖုန်းဆက်သွယ်ရေးအသုံးပြုခြင်းကြောင့် ကြုံတွေ့ရသည့် ကမောက်ကမကိစ္စများကို အရင်းတည်၍ သူရဿဝါသည် သရော်စာများကို အမြတ်ထုတ်ရေးသားခဲ့လေသည်။ စာဖတ်သူများ သိရှိပြီးဖြစ်သည့် အကြောင်းအရာများဖြစ်သည့်တိုင်အောင် သူရဿဝါ၏ ရေးဟန်ကြောင့် စာဖတ်သူသည် ငြီးငွေ့ပျင်းရိမဖြစ် ရပါဘဲ ပြုံးသဲ့သဲ့ဖြစ်ရသည်။ “ဤနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ခေတ်တစ်ခေတ်၏ သမိုင်းကို ရင်ဘတ်ဟင်းလင်းဖွင့်ကာ တင်ပြထားခြင်းဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတော့၏”ဟု သူ၏သရော်စာများနှင့်ပတ်သက်၍ စာရေးဆရာ အရိုး က အမှာစာတွင် မှတ်ချက်ပြုထားပါသည်။

မတူညီသောအကြောင်းအရာများကို သရော်စာတွင် တွဲဖက်ဆက်စပ်ပြသရေးသားထားသည်။ ထိုမတူသော အကြောင်း များကြောင့်ရရှိလာသည့် ဆင့်ကဲဖြစ်စဉ်များကို ငေါ့တော့တော့တွဲဖက်တင်ပြရေးသားဟန်ကြောင့် သရော်စာများသည် အရသာရှိ နေသည်။ ထိုအချက်ကို ထင်ရှားစေသည့် သရော်စာမှာ “မောင်ဝါဝါနှင့်ပြိုင် အိုဘားမားမနိုင်” ဖြစ်သည်။ အမေရိကန်သမ္မတ အဖြစ် မြန်မာနိုင်ငံခရီးစဉ်လာရောက်ခဲ့သော အိုဘားမားသည် သူ၏မြန်မာနိုင်ငံခရီးစဉ်အတွင်း “မင်္ဂလာပါ”နှင့်“ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်” ဆိုသော ဗမာစကားနှစ်ခွန်းကို ပီပီသသပြောကြားသွားခဲ့သည်။ အိုဘားမား၏ ဗမာစကားနှစ်ခွန်းကို အရင်းတည်၍ ထိုကာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ခဲ့သည့်မတူညီသည့် ဖြစ်စဉ်များကို  ချိတ်ဆက်ခါ ရေးသားတင်ပြထား ပါသည်။ သရော်စာတစ်ပုဒ်လုံး အစမှအလယ်အထိ ရေးကြီးခွင့်ကျယ်များ ချဲ့ကားရေးသားလာပြီး စာအဆုံးတွင် မထင်မှတ်ထား သည့် လူအများသိလူငယ်တစ်ဦး၏ စကားတစ်ခွန်းကိုအသုံးပြု၍ အဆုံးသတ်ရေးသားခဲ့သည်။ ထို့အရေးအသားတင်ပြပုံကြောင့် ကမောက်ကမ ဖြစ်နေသည့်လူ့အဖွဲ့အစည်းအတွက် ပြုံးသဲ့သဲ့ဖြစ်ရသည်။

အမြီးအမောက်မတည့်သော ဖြစ်စဉ်များကို ဖော်ပြရာတွင်လည်း စကားပြေအရေးအသားဖြင့် ထိမိအောင်ဖော်ပြသည်ကို တွေ့ရပါ သည်။ ထိုအချက်ကို ထင်ရှားသည့် သရော်စာမှာ “အောင်လအန်ဆိုင်းရှက်သွားပြီ”ဖြစ်သည်။ ထိုသရောစာတွင် “ပရိ သတ်များမှာလည်း သနားဖို့တော့ ကောင်းရှာသည်။ ပရိသတ်တွေ အများဆုံးအရူးအမူးအားပေးသော အားကစားနည်းဖြစ်သည့် ဘောလုံးမှာ ဘယ်လိုမှာ မဟန်တော့။ “မြန်မာ့အားကစားကမ္ဘာကို လွှမ်းရမည်”ဟူသော ကိုယ့်နိုင်ငံပိုင် အားကစားဆောင်ပုဒ် မမှားဘူးဆိုတာ သက်သေပြနိုင်မည့်ကစားနည်းကို ပရိသတ်များ မျက်ကလဲဆန်ပြာ ရှာရတော့သည်”ဟု ရေးသားပါသည်။ မသေ ချာ မရေရာသောမူဝါဒများ၊ လူအများ၏ မျှော်လင့်ချက်နှင့် အရာအားလုံးကိုလိုက်လျောနေရသော လူ့အဖွဲ့အစည်းအတွက် မချိပြုံး ပြုံးမိရသည်။

သရော်စာ ရေးသားခြင်းနှင့်စာမျက်နှာများအပေါ်တွင် ဖော်ပြခြင်းတို့ကြောင့် တရားရင်ဆိုင်ရခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံရ ခြင်းများ ရှိခဲ့သည်။ ထိုအခြေအနေအကြောင်းများကြောင့် စာရေးသူ သူရဿဝါသည် သရော်စာရေးရန် လက်တွန့်ရကြောင်း ရေး သားသည့် အရေးအသားကို “မောင်ဝါဝါနှင့် ကြောက်…ဆက်ကြောက် သရော်စာ”တွင် အထင်အရှားတွေ့ရသည်။ ထို့အတူ သရော်စာကြောင့် ထိန်းသိမ်းခံခဲ့ရသူ ဗြိတိသျှကိုကိုမောင်ကလည်း “သရော်စာဆိုသည်ကား ခေတ်ပြိုင်လူမှုဘ၀ထဲက အမြီး အမောက်မတည့်မှုများကို ဟာသရသကလေးအုပ်ကာ ဝေဖန်ရသည်မျိုး။ ခေတ်ပြိုင်လူမှုဘ၀ဆိုကတည်းကပင် လူမှုရေးပါလာ လျှင် နိုင်ငံရေးပါလာမည်။ ဒီတော့ နိုင်ငံရေးဆို ထိမရ၊ အုပ်ချုပ်သူ လူတန်းစားဆို တို့မရသည့် ခေတ်တွင် သရော်စာသည် ကိုယ့် စာပေအသိုက်အဝန်း၊ အနုပညာအသိုက်အဝန်း အတွင်းကိစ္စများကိုသာ လှည့်ပတ်ဖွဲ့နွဲ့ရင်း တစ်ချက်တစ်ချက်မှ မသိမသာထည့် ကစ်ခဲ့ကြရသည်။ ဒီကြားထဲ စိစစ်ရေးက ကတ်ကြေးစာမိလျှင် စာတစ်ပုဒ်လုံး သုံးစားမရတော့”ဟု သူရဿဝါ၏ “သည်းခံတော် မူကြပါစ ခင်ဗျာ” စာအုပ်အတွက် အမှာစာတွင် ထည့်သွင်းရေးသားခဲ့သည်။ စစ်အစိုးရလက်ထက် စိစစ်ရေးရန်မှ လွတ်မြောက် သော်လည်း လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အဟန့်အတားဖြစ်စေသည့် အရည်အသွေးနိမ့်ဥပဒေများနှင့် ဝေဖန် သည့်၊ သရော်သည့် ဒဏ်ကိုမခံနိုင်သော အုပ်ချုပ်သူများ၏ ရန်မှမလွတ်မြောက်သေးကြောင်း သိသာထင်ရှားသည်။ မိမိစာ၊ မိမိ စိတ်ကူး၊ မိမိအတွေး၊ မိမိထင်မြင်ယူဆချက်များကို မိမိကိုယ်တိုင်စိစစ် ဆင်ဆာဖြတ်တောက်နေကြရသည့် လူ့အဖွဲ့အစည်းအတွက် ခပ်မဲ့မဲ့ပြုံးရပြန်ပါသည်။

“သည်းခံတော်မူကြပါစ ခင်ဗျာ” စာအုပ်ပါ သရော်စာများသည် တိုလွန်းလှသည်ဖြစ်၍ ဖတ်ရသည်မှာ အားမလိုအားမရ ဖြစ်ရသည်။ ခပ်သုတ်သုတ် ခပ်သွက်သွက် သွားရလာရသည့်ခေတ်နှင့်ကိုက်ညီအောင် ခပ်တိုတို ခပ်တုတ်တုတ်ရေးလွှတ်လိုက်လေ သလားဟု တွေးမိသည်။ စကားပြေအရေးအသားမှာ ရိုးရှင်းသည်။ ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးသားမနေပါဘဲ အလွန်လွယ်ကူသော ဝါကျတည် ဆောက်ပုံဖြင့်ရေးသားထားသော စကားပြေအရေးအသားကို တွေ့ရသည်။ သူတစ်ပါးကို ရိသလို သဲ့သလို ထေ့သလို ခနဲ့သလို သရော်သော်သော် လှောင်တောင်တောင်ရေးသားသော်လည်း အရေးအသားယဉ်ကျေးသည်။ တစ်ဖက်လူခံသာစေသည့် အရေး အသားဖြစ်သည်။ သရော်စာခေါင်းစဉ်အများစုကို “မောင်ဝါဝါနှင့်…”ဟု ပေးထားတတ်သည်။ မောင်ဝါဝါ၊ မောင်မင်္ဂလာ စသည် သဖြင့် ဇာတ်ကောင်များဖြင့်လည်း သရော်စာကို ရေးသားထားသည်။

သူရဿဝါ ရေးသားသော “သည်းခံတော်မူကြပါစ ခင်ဗျာ”သရော်စာ စာအုပ်သည် အစစအရာ သည်းခံနေထိုင်နေရသည့် လူ့အဖွဲ့အစည်းအတွင်းရှိ သည်းခံနေကြရသူများ နှစ်သက်နိုင်၏၊ မနှစ်သက်နိုင်၏ အာမခံရန်ခက်ခဲသဖြင့် ဝယ်ယူ၍သာ ကိုယ် တိုင်ဖတ်ရှု အကဲဖြတ်သင့်လှပါသည်။ သို့မှာသာ “သည်းခံနိုင်၏ သည်းမခံနိုင်၏” ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ သူ၏စာအုပ်တွင် သရော်စာ ၁၉ ပုဒ်နှင့်အတူ အရိုး၊ ဗြိတိသျှကိုကိုမောင်နှင့်သူရဿဝါတို့၏ အမှာစာများပါဝင်သည်။ စာအုပ်၏ မျက်နှာဖုံးကို ကာ တွန်းမျိုးမြင့်မြတ်က ဖန်တီးပြီး အတွင်းသရုပ်ဖော်ပုံကို ကာတွန်းမောင်မောင်ဖောင်တိန်က ရေးဆွဲသည်။ စာမျက်နှာဖွဲ့စည်းမှုကို စိုးမင်းအောင်က ပြုလုပ်ထားသည်။ သင်းစာပေမှ ၂၀၁၉ ခုနှစ် မတ်လတွင် ထုတ်ဝေခဲ့သည်။ တန်ဖိုးမှာ ၂၅၀၀ ကျပ်ဖြစ်ပါသည်။

ဟန်ဆန်း

Category: Book

Post navigation

← ဂါစီယာ မားကွက်စ်၊ သူ၏လုံးချင်း၀တ္ထုနှင့်ရုပ်သံဇာတ်လမ်းတွဲ
၀ဿန်ချိန်ခါ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme