Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ဝိုင်ဖိုင် ရသလား

Posted on April 1, 2015September 3, 2025 by Han Zaw
ဝိုင်ဖိုင်လွှမ်းခြုံဧရိယာပြပုံနှင့်ချိတ်ဆက်အလုပ်လုပ်ပုံ
ဝိုင်ဖိုင်လွှမ်းခြုံဧရိယာပြပုံနှင့်ချိတ်ဆက်အလုပ်လုပ်ပုံ

ဝိုင်ဖိုင် ရသလားဆိုသောစကားသည် အင်တာနက်အသုံးပြုနေသူများနှင့်ငယ်ပေါင်းကြီးဖော်လို ရင်းနှီးကျွမ်းဝင်နေသော စကားဖြစ်သည်။ ထိုစကားလုံး သည် လူသားများနှင့်ပေါင်းဖက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကို ကျော်သည်ဆို ရုံကလေးသာရှိသေးသည်။ မည်သို့ပင်ဆိုစေ။ ဝိုင်ဖိုင်ရသလားဆိုသောစကား သံကြားလျှင် အင်တာနက်ကို ကြိုးမဲ့စနစ်ဖြင့် အသုံးပြုနိုင်သလားဟု မေးမြန်းလိုက်မှန်း သိသာလွန်းပါသည်။

ဝိုင်ဖိုင်(Wi-Fi)စကားလုံးကို ၂၀ဝ၀ ပြည့်နှစ် သြဂုတ်လ အစောပိုင်းက တရားဝင်စတင်အသုံးပြုခဲ့သည်။ ဝိုင်ဖိုင်ဆိုသော စကားလုံးကို Wifi ၊ WiFi ဟု လည်း စာလုံးပေါင်းနိုင်သည်။ ဝိုင်ဖိုင်ဆိုသည်မှာ နည်းပညာဆိုင်ရာစကားလုံးတစ်လုံးဖြစ်ပြီး အီလက်ထရောနစ်ကိရိယာတစ်ခုမှတစ်ခုသို့ ကြိုးမဲ့စနစ်ဖြင့် အချက်အလက်များကို ပေးပို့နိုင်သောစနစ်တစ်ခုဖြစ်သည်။ အင်တာနက်ကွန်ရက်ကိုလည်း ဝိုင်ဖိုင်စနစ်ဖြင့် ချိတ်ဆက်အသုံးပြုနိုင်သည်။

ဝိုင်ဖိုင်စနစ်သည် မိုက်ခရိုဝေ့နည်းပညာအပေါ်တွင် အခြေခံ၍ အချက်အလက်များကို ထုတ်လွှတ်ခြင်းနှင့်လက်ခံခြင်းတို့ကို ပြုလုပ်သည်။ ဝိုင်ဖိုင်စနစ်ကို ကွန်ပျူတာ၊ ဗီဒီယိုဂိမ်း၊ စမတ်ဖုန်း၊ ဒီဂျစ်တယ်ကင်မရာ၊ သယ်ယူရလွယ်ကူသော သင်ပုန်းကွန်ပျူတာနှင့် ဒီဂျစ်တယ်တေးဂီတကိရိယာတို့တွင် အသုံးပြုနိုင်သည်။ ယနေ့ခေတ်တွင် ထိုကိရိယာများသည် လူတိုင်းနီးပါး၏ လက်ထဲတွင် ရှိနေသောကြောင့် ဝိုင်ဖိုင်စနစ်အသုံးပြုမှုသည် ကျယ်ပြန့်လာ သည်။ နည်းပညာအသုံးပြုမှု ကျယ်ပြန့်လာသည်နှင့်အညီ ဝိုင်ဖိုင်စကားလုံးကိုလည်း လူသုံးများလာခဲ့သည်။

Wi-Fi (ဝိုင်ဖိုင်)သည် အင်္ဂလိပ်စကားလုံး wireless fidelity ၏ အတိုကောက်အခေါ်အဝေါ်ဖြစ်သည်။ မြန်မာဘာသာစကားဖြင့် တိကျမှန်ကန်သော ကြိုးမဲ့စနစ်(Wireless Fidelity)ဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။ သို့သော်လည်း computer ဆိုသောအင်္ဂလိပ်စကားလုံးကို ကွန်ပျူတာဟုသာ မြန်မာစကားလုံး အဖြစ် မွေးစားခေါ်ယူသကဲ့သို့ Wi-Fi ကိုလည်း မြန်မာစကားလုံး ဝိုင်ဖိုင်အဖြစ်ခေါ်ယူအသုံးပြုခြင်းက သင့်တော်သည်ဟု စာရေးသူယူဆပါသည်။ ဝိုင်ဖိုင် ကို မြန်မာနားကလည်း ယဉ်ပါးပြီးဖြစ်သလို အသံကြားရုံဖြင့် ဆိုလိုရင်းကို ထိမိပြီး ဖြစ်နေပါသည်။

ဝိုင်ဖိုင်စနစ်သည် ကြိုးမဲ့စနစ်ဖြစ်သောကြောင့် ထိုစနစ်တွင် အမြင်ရှုတ်ထွေးစေသော ဝါယာကြိုးများမပါဝင်ပါ။ အချက်အလက်များကို ပေးပို့ရာတွင် ဖြစ်စေ၊ လက်ခံရာတွင်ဖြစ်စေ ရေဒီယိုလှိုင်းစနစ်ကိုသာအသုံးပြုပါသည်။ ထို့ကြောင့် ဝိုင်ဖိုင်စနစ်သည် နေရာအကျယ်အဝန်းအကန့်အသတ်ရှိနေပါသည်။ ထို့ကြောင့် ထိုစနစ်ကို ကျယ်ပြန့်စွာအသုံးပြုနိုင်ရန် ဝိုင်ဖိုင်လွှမ်းခြုံသည့် ဧရိယာများကို ဖန်တီးတည်ဆောက်ပေးရပါသည်။ ထိုဧရိယာများ ကျယ်ပြန့်ဖွံ့ ကားလာမှာသာ ဝိုင်ဖိုင်စနစ်ကို ထိရောက်စွာအသုံးပြုနိုင်မည်ဖြစ်သည်။

ဝိုင်ဖိုင်စနစ်သည် သတင်းအချက်အလက်လုံခြုံရေးအတွက် အားနည်းချက်ရှိသော စနစ်တစ်ခုဖြစ်သည်။ ကြိုးစနစ်ဖြင့် အသုံးပြုခြင်းသည် ကြိုးမဲ့စနစ် ဖြင့်အသုံးပြုထက် သတင်းအချက်အလက်လုံခြုံရေး ပိုမိုအားကောင်းကြောင်း နည်းပညာသမားများက ထောက်ပြပြောဆိုကြသည်။ မည်သို့ပင်ဆိုစေ။ ကြိုးမဲ့စနစ်သည် ကြိုးရှိစနစ်ထက် ပိုမိုကောင်းမွန်၍ အားသားနေသောကြောင့် ဝိုင်ဖိုင်သည် လူတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်လာခဲ့သည်။

ထို့ကြောင့် ဝိုင်ဖိုင်လွှမ်းခြုံခြင်းအားကောင်းရန် စားသောက်ဆိုင်များ၊ မီး ရထားဘူတာရုံများ၊ လေဆိပ်များ၊ စာကြည့်တိုက်များ၊ ဟိုတယ်များ၊ ကော်ဖီ ဆိုင်များ၊ စာအုပ်ဆိုင်များ၊ ဓာတ်ဆီဆိုင်များ၊ ဈေးများ၊ တက္ကသိုလ်များနှင့် ကျောင်းများတွင် ဝိုင်ဖိုင်စနစ်များတပ်ဆင်ခြင်းဖြင့် ဝိုင်ဖိုင်လွှမ်းခြုံဧရိယာများ ကို တိုးချဲ့ဖန်တီးခဲ့ကြသည်။ ထိုသို့ တိုးချဲ့ဖန်တီးခြင်းကြောင့် ၂၀၁၂ ခုနှစ် တွင် ဝိုင်ဖိုင်လွှမ်းခြုံဧရိယာ ၄.၉ မီလီယံရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်အကုန်တွင် ဝိုင်ဖိုင် လွှမ်းခြုံဧရိယာ ၆.၃ မီလီယံအထိ တိုးပွားခဲ့ကြောင်း ABI သုတေသနအဖွဲ့၏စစ်တမ်းက ဖော်ပြခဲ့သည်။ ABI သုတေသနအဖွဲ့သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် အခြေစိုက်သော နည်းပညာဆိုင်ရာဈေးကွက်ကို သုတေသနပြုနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုအဖွဲ့ကို ၁၉၉၀ ပြည့်နှစ် တွင် စတင်တည်ထောင်ခဲ့သည်။

စာရေးသူအနေဖြင့် ဝိုင်ဖိုင်ဆိုသောစကားရပ်ကို ၂၀ဝ၅ ခုနှစ်နောက်ပိုင်းကာလတွင် ရင်းနှီးကျွမ်းဝင်၍ နားရည်ဝနေခဲ့ပါ သည်။ ထိုအချိန်မှစပြီး မြန်မာနိုင်ငံတွင် ဝိုင်ဖိုင်ဆိုသောစကားရပ် ပိုမိုတွင်ကျယ်လာခဲ့ပါသည်။ ထိုသို့တွင်ကျယ်လာခဲ့သော်လည်း ဝိုင်ဖိုင်လွှမ်းခြုံ များ တိတိပပကျယ်ပြန့်လာခြင်း မရှိသေးပါ။ တနိုင်တပိုင်အားဖြင့် မိမိရုံးခန်းအတွင်း၊ မိမိဧရိယာအတွင်း ဖြန့်ထားနိုင်ခြင်းကိုသာ ပြုလုပ်နိုင်ပါသေးသည်။

အမှန်စင်စစ်များအားဖြင့် ဝိုင်ဖိုင်လွှမ်းခြုံဧရိယာသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မည်သည့်နေရာသို့ သွားသည်ဖြစ်စေရရှိနေရမည်ဖြစ်သည်။ ထိုသို့ ရရှိနေခြင်းသည် ဆက်သွယ်ရေးစနစ်ကောင်းမွန်ခြင်း၏ တစိတ်တဒေသဖြစ်သည်။ ဆက်သွယ်ရေးစနစ်ကောင်းမွန်ခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အားတစ်ခုဖြစ်သည်။ ထိုသို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်သွယ်ရေးစနစ်ကောင်းမွန်လာစေရန် အစိုးရကသာ စွမ်းဆောင်နိုင်သည်။ ထို့ကြောင့် အင်နှင့်အားဖြင့် ဝိုင်ဖိုင်လွှမ်းခြုံဧရိယာတိုးပွားလာစေရန် အစိုးရမင်းများ၏ သတင်းအချက်အလက်နှင့်နည်းပညာစီမံကိန်းများသည် အလွန်အရေးကြီးပါ သည်။ ထိုစီမံကိန်းများ စနစ်တကျတိုးတက်ရန် ကောင်းမွန်မှန်ကန်သည့် အခြေခံအဆောက်အအုံများကို စနစ်တကျတည်ဆောက်ရန်လည်း အထူးလိုအပ် လှပါသည်။ မြန်မာပြည်သားများ နည်းပညာတန်ဖိုးဖြင့် ကြီးပွားကြစေသား။ နည်းပညာတန်ဖိုး အပြည့်အဝ ရစေသား။

ဟန်ဇော်

၂၀၁၄ ခုနှစ် မေလထုတ် ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။

Category: Tech

Post navigation

← မှားနေရင် ပြင် သိချင်ရင် ပူးပေါင်း မြန်မာစာ ယူနီကုတ်အကြောင်း
မြန်မာဝီကီပီးဒီးယား မြန်မာ့စွမ်းအားနဲ့ လုပ်ရအောင် →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme