၂ဝ၁ဝ ပြည့်နှစ် မေလ(၁၆)ရက်နေ့ ည ၇ နာရီ ဝန်းကျင်မှာ သောကြာကြယ်ဟာလကို ဖောက်လို့ ဖြတ်သန်းခဲ့တယ်။ လူတစ်စု လူတချို့က ကောင်းကင်ကို မော့ကြည့်နေကြတယ်။ ည ၈ နာရီနဲ့ ၉ နာရီ ဝန်း ကျင်မှာ သောကြာကြယ်နဲ့ လတို့ရဲ့ ဓာတ်ပုံတွေ သတင်းတွေကို ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ အင်တာနက်ပေါ် မှာ တွေ့မြင်နေရတယ်။ အဲဒီအချိန်က အနုပညာကြယ်တစ်ပွင့် အဝေးကို ထွက်ခွာသွားလိမ့်မယ်လို့ မထင်မိ ခဲ့ဘူး။
ည ၁ဝ နာရီမှာ တယ်လီဖုန်းသံက ကျယ်ကျယ်လောင်လောင် အော်မြည်လိုက်တယ်။ အော်မြည် လိုက်တဲ့ တယ်လီဖုန်းအသံနဲ့အတူ အနုပညာရှင် သုမောင် ကွယ်လွန်ပြီဆိုတာ သိလိုက်ရတယ်။ ဆရာ သုမောင်ကွယ်လွန်ခြင်းနဲ့အတူ ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေက သူသုံးနှုန်းလေ့ရှိသလို တမင်္ဂလာ(တမင်တကာ) တိုက်ဆိုင်ခဲ့လေသလား။
ဆရာသုမောင်ကို ၁၉၅၁ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ မွေးဖွားတယ်။ ဖခင် စာရေးဆရာ၊ ဒါရိုက် တာသာဓုနဲ့ မိခင် မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုတို့ရဲ့ ဒုတိယမြောက်သား။ သူဟာ စာရေး ဆရာ၊ အဆိုတော်၊ သရုပ်ဆောင် ဝင်းဦးနဲ့ မွေးနေ့တူတယ်။ ဆရာဝင်းဦးလိုပဲ ဆရာသုမောင်ဟာ စာရေး ဆရာ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ခဲ့တယ်။ မတ်လ ၁၃ ရက်နေ့ဟာ သုမောင်နဲ့ ဝင်းဦးတို့ ရဲ့ မွေးနေ့တူခြင်းအပြင် အခြားသော အမှတ်ရစရာအင်္ဂါရပ်တွေ ရှိနေတယ်။
စာပေအသိုင်းအဝန်း၊ အနုပညာအသိုင်းအဝန်းမှာ ဆရာ ကျားဘညိမ်းမျိုးဆက်နဲ့ ဆရာသာဓု မျိုး ဆက်တို့ကို ကျားစင်ဒီဂိတ်နဲ့သာဓုအင်န်ဆန်းလို့ အမှတ်သညာပြုခဲ့ကြဖူးတယ်။ ဆရာမောင်ဝဏ္ဏနဲ့ ဆရာ ဦးဝင်းငြိမ်း။ ဆရာဆန်နီညိမ်းနဲ့ ဆရာသုမောင်။ ဆရာမင်းလူနဲ့ ဆရာမျိုးမြင့်ညိမ်း။ ခုလို အတွဲညီမှုတွေနဲ့ မိသားစုနှစ်စုရဲ့ အဖြစ်အပျက်တွေက အမှတ်ရစရာတွေ ရှိနေခဲ့တယ်။ အချိန်ကာလသိပ်မကွာပဲ သူတို့ရဲ့ မိခင်တွေ ကွယ်လွန်တယ်။ မေလ ၁၆ ရက်နေ့မှာ ဆရာဦးဝင်းငြိမ်းဟာ ဘန်ကောက်မြို့ကနေ ကျန်းမာရေး အတွက် ဆေးကုသမှုခံယူပြီး ရန်ကုန်မြို့ကို ပြန်ရောက်ခဲ့တယ်။ ဆရာသုမောင်လည်း အဲဒီနေ့မှာ ကွယ်လွန် တယ်။
ဈာပနအခမ်းအနားမှာ ဂါဝရပြု ချိတ်ဆွဲဖို့ ဆရာသုမောင်ရဲ့ ပုံတူပန်းချီကို ပန်းချီဆရာ မောင်ညို ဝင်းနဲ့ ပန်းချီဆရာ မောင်မောင်သိုက်တို့က ရေးဆွဲပေးခဲ့တယ်။ မေလ ၁၆ ရက်နေ့ဟာ ဆရာမောင်မောင် သိုက်ရဲ့ မွေးနေ ဖြစ်တယ်။ ပန်းချီဆရာ မောင်ညိုဝင်းကလည်း ဆရာသုမောင်ရဲ့ ဖခင်ဖြစ်သူ ဆရာသာဓု ကွယ်လွန်ချိန်မှာ ဂါဝရပြု ပုံတူပန်းချီရေးဆွဲပေးခဲ့ဖူးတယ်။
ဆရာသုမောင်ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကို မေလ ၁၆ ရက်နေ့ကနေ မေလ ၂ဝ ရက်နေ့အထိ ၅ ရက်တိုင်တိုင် မသဂြိုလ်သေးဘဲ ထားခဲ့တယ်။ ၅ ရက်မထားပဲ ထုံးတမ်းစဉ်လာအတိုင်း ၃ ရက်နဲ့ သဂြိုလ်ခဲ့မယ်ဆိုရင် ဈာပနအခမ်းအနား ကျင်းပတဲ့နေ့ဟာ မေလ ၁၈ ရက်နေ့ဖြစ်ခဲ့မယ်။ မေလ ၁၈ ရက် နေ့ဟာ ဆရာသုမောင်ရဲ့ ညီဖြစ်သူ စာရေးဆရာမင်းလူရဲ့ မွေးနေ့ဖြစ်တယ်။
၂ဝ၁ဝ ပြည့်နှစ် မေလအတွင်းမှာ ကွယ်လွန်ခဲ့တဲ့ ထင်ရှားသူတွေကို ပြန်ကြည့်ရင် – စာရေးဆရာ သာဂဒိုး၊ ပန်းချီဆရာ ကဗျာဆရာ သန်းမြင့်အောင်(သင်းဝေအောင်)၊ ဆရာသုမောင်၊ သခင်စိုးမြင့်၊ သခင် ထိန်ဝင်း တို့ကို တွေ့ရတယ်။ ဆရာသုမောင်ဟာ သောကြာနေ့မှာ မွေးဖွားသူမဟုတ်။ အင်္ဂါနေ့မှာ မွေးဖွား သူ ဖြစ်တယ်။ မည်သို့ပင်ဆိုစေ အမည်ရဲ့နေ့နံကို ကြည့်ရင် သောကြာနံပါပဲ။ သူနဲ့ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်သူတွေဟာလည်း သောကြာနံပါပဲ။ သောကြာဆိုတာလည်း ဗီးနပ်ခေါ်တဲ့ အနုပညာရဲ့အမှတ် အသားတစ်ခုပဲ။ လကို ဖြတ်သန်းခဲ့တဲ့ ကြယ်ဟာလည်း သောကြာကြယ်ပါ။ ဆရာသုမောင် မွေးဖွားပေးခဲ့ တဲ့ အနုပညာမျိုးဆက်သစ်ရဲ့ အနုပညာအမည်ကလည်း ဖိုးသောကြာ။
၂ဝ၁ဝ ပြည့်နှစ် မေလရဲ့ အပူဒါဏ်ကို လူသားတွေ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်။ တစ်နှစ်မှာ တစ်ခါပွင့်တဲ့ သစ္စာရှိတယ်ဆိုတဲ့ ပိတောက်။ ဧပြီမှာ သင်္ကြန်မိုးရဲ့ ဖတ်ဆွတ်မှု မရလို့ ဖူးသာဖူး၏ မပွင့်ခဲ့ ကြ။ ဆရာ သုမောင်ဟာ ဆရာဝင်းဦးလို မန်းသင်္ကြန်ရဲ့ အသည်းကျော်ပဲ။ ဒါပေမယ့် ဧပြီမှာ ပိတောက်တွေ မပွင့်ကြဘူး။ ဒီတစ်နှစ်ဖြင့် ပိတောက်ရနံ့၊ ပိတောက် ပသာဒကို မမြင်ရတော့ဘူးရယ်လို့ တွေးထင်ထားခဲ့ တယ်။ မိုးရွာဖို့လည်း မျှော်ခဲ့ရတယ်။
၂ဝ၁ဝ ပြည့်နှစ် မေလ ၁၆ ရက်နေ့ ညမှာ မိုးကောင်းကင်က အုံးမှိုင်း မှိုင်းရှိခဲ့တယ်။ နောက်တစ် နေ့မှာ ဟန်မဆောင်နိုင်လို့ ငိုချရသလို သွန်းဖြိုးတော့တယ်။ ပိတောက်တွေက အရိပ်အရောင်မပြပဲ တင်းခံ လို့ အံကြိတ်နေကြတယ်။ ပိတောက်ရနံ့၊ ပိတောက်ပသာဒကို မပေးကြဘူး။ နေ့တစ်နေ့ကို စောင့်နေကြလေ သလား။
မေလ ၂ဝ ရက်နေ့မှာ ဆရာသုမောင်ကို နောက်ဆုံး နှုတ်ဆက်ကြတော့မယ်။ သူ့ကို ချစ်သူခင်သူ တွေ တဖွဲဖွဲရောက်နေကြတယ်။ သူ့ရဲ့ ရုပ်ရှင်အသိုင်းအဝန်း၊ စာပေအသိုင်းအဝန်း၊ ဂီတအသိုင်းအဝန်း၊ ပန်းချီအသိုင်းအဝန်းက ချစ်သူခင်သူတွေလည်း ရောက်ရှိနေကြပြီ။
သူတို့တွေပဲလား။ ဘယ်ဟုတ်မလဲ။ သူ့ရဲ့ ပရိသတ်တွေပါ ရောက်ရှိနေကြတယ်။ သူ့ပရိသတ်တွေက –
သူ့ရဲ့ စာတွေကို ဖတ်ချင်သေးတယ်တဲ့။ သူ့သီချင်းတွေကို နားထောင်ချင်သေးတယ်တဲ့။ သူ သရုပ် ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားတွေကို ပြန်ကြည့်ချင်တယ်တဲ့။
ဆရာ သုမောင်ရဲ့ ကျန်ရစ်ခဲ့တဲ့ ရုပ်ကလပ်ဆီသို့ သူ့ရဲ့ ပရိသတ်တစ်ဦး လျှောက်သွားတာကို သတိထားမိ လိုက်တယ်။ ရနံ့တစ်ခု ရလိုက်တယ်။ အရောင်တစ်ခု မြင်လိုက်တယ်။ ပိတောက်တွေပါလား။ မြင်ရပြီ။ ပိတောက်တွေကို မြင်ရပြီ။ ဪ သူတို့က ဆရာသုမောင်ကို လွမ်းဆွတ်ကြောင်း ပြောပြဖို့ ဂုဏ်ပြုဖို့ ဒီနေ့မှ တစ်ခုတ်တရ ပွင့်လာကြတာကိုး။ တကယ့် ပိတောက်ပန်းအစစ်တွေက လွမ်းလွမ်းဆွေးဆွေးနဲ့ ပွင့်ခဲ့ကြ တယ်။
ဆရာသုမောင်အတွက် လွမ်းသူပန်းခြင်းတွေ စင်မြင့်တစ်ခုမှာ အစီအရီ ရှိနေတယ်။ ဓာတ်ပုံ ကင်မရာတစ်လုံးက မှတ်တမ်းတင်ဖို့ ရွှေ့လျားနေတယ်။ တစ်နေရာ အရောက်မှာ မှတ်တမ်းတင်သူ ဓာတ်ပုံ ဆရာကို စာတမ်းတစ်ခုက သတိရလာစေတယ်။ ဆရာသုမောင်ဟာ သူ့ဖခင် ဆရာသာဓု မကျန်းမာခဲ့စဉ်က နွေအခါမှာ အိမ်ခေါင်မိုးပေါ် ရေပန်းတင်ပေးခဲ့ပြီး ဆရာသာဓုကို အပူဒါဏ်မှ သက်သာစေခဲ့တယ်။
ထိုအသိကို လင်းလက်ပေးလိုက်တဲ့ လွမ်းသူ့ပန်းခြင်းမှ စာတမ်းက –
ဖခင်ကြီး ဦးသာဓုအတွက်
မိုးရေအတု ဖန်တီးပေးခဲ့သော
ကိုဗလ (ခ) ကိုသုမောင်
အခုတော့ . . .
ပြည်သူလူထုအတွက် မိုးရေအစစ် ဖန်တီးပေးခဲ့သလိုပါဘဲဗျာ…
ရေငတ်နေကြတဲ့ ပြည်သူလူထုကိုယ်စား ကြေကွဲမှုများစွာနှင့်
တချိန်က ရုပ်ရှင်သရုပ်ဆောင်
ဟန်ဆန်း
(အလင်းတန်းဂျာနယ်၊ ၂၁၊ ဇွန်၊ ၂၀၁၀ ပြည့်နှစ်)
(မောင်ဗလအလွမ်းပြေ သုမောင်အမှတ်တရ စာစုများ၊ ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာ)