လူကူးမျဉ်းကြားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည် စာအုပ်သည် စာရေးဆရာ ဟန်ဆန်း၏ စာပေလက်ရာကိုးပုဒ်ကို စုစည်းထားသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။
ထိုစာအုပ်တွင်
၁။ လူကူးမျဉ်းကျားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည်
၂။ ထွေသူ၏ မှတ်စု
၃။ ကိုယ့်ပုံတူ
၄။ နိုင်ငံတော်သမ္မတဖတ်စာ
၅။ မွေးရပ်မြေ
၆။ ငယ်ဘဝ ငယ်အိပ်မက် ငယ်အတွေး
၇။ ကွန့်မြူးတတ်သော အစားထိုးလောကတွင် သူတို့ အိပ်မက်များ မက်နေပါစေ
၈။ အသိဉာဏ်ရှိသော လက်ကိုင်ဖုန်းတစ်လုံး
၉။ မင်းလူ ညနေခင်းများဟု အမည်ရသည့် စာပေလက်ရာကိုးပုဒ်ပါဝင်ပြီး စာရေးသူ ဟန်ဆန်း၏ ပင်ကိုယ်ရေးစာပေလက်ရာများစုစည်းမှု စာအုပ်ဖြစ်ပါသည်။
စာအုပ်နှင့်ပတ်သက်သော အမှာစာကို ကဗျာဆရာ ဇေယျာလင်း၊ အယ်ဒီတာ မျိုးမြင့်ညိမ်းနှင့် စာရေးဆရာ ဟန်ဆန်းတို့က ရေးသားထားပါသည်။
ထိုစာအုပ်နှင့်ပတ်သက်၍ ကဗျာဆရာ ဇေယျာလင်းက
“ဟန်ဆန်း၏ စကားပြေကို ကျွန်တော်ဖတ်ပြီး ကြည်လင်သော ဝါကျများကို ကျွန်တော်မြင်သည်။ ဝါကျတိုများကို တရစပ်ပစ်ခတ်သည့်နှယ် ချိတ်ဆက်တတ်သည်ကို တွေ့ရသည်။ ဝါကျရှည်များသုံးလျှင်လည်း ဖတ်သူစိတ်ထဲ တစိမ့်စိမ့်ဝင်သွားသည့် အပိုဒ်များကို ချုပ်ရိုးမပေါ်၊ အပြတ်အတောက်မရှိ၊ တစ်လျဉ်တည်းစီးဝင်စေပြီး အဆုံးသတ်တွင် ပွင့်လင်းပွင့်လန်းသွားစေသည်။ ဖတ်ရသည်မှာ အရသာရှိသည်ဟု ပင်ဆိုရပေတော့မည်” ဟု မှတ်ချက်ပြုခဲ့သည်။
ထို့အတူ ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာတစ်ဦးဖြစ်သူ မျိုးမြင့်ညိမ်းကလည်း
“သူ့ဆောင်းပါးစာစုများ၊ သတင်းဆောင်းပါးများ ကျွန်တော့်စားပွဲထံ ရောက်လာတတ်သည်။ ကျွန်တော်တာဝန်ယူသည့် ရွှေအမြုတေမဂ္ဂဇင်း၊ အလင်းတန်းဂျာနယ်၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းတို့တွင် ကြိုကြားဖော်ပြခဲ့သည်။ ဖိတ်မိသမျှတို့မှာ အများသူငါ မမြင်သည့် ရှုထောင့်မှရေးသည့် အတွေး၊ အရေးများဖြစ်သည်။ စကားလုံးရွေးချယ်တတ်သည်။ ရသမြောက်အောင် ရေးဖွဲ့တတ်သည်။ စိတ်ပညာဆိုင်ရာအတွေး၊ အမြင်များကို ထက်သန်သည်” ဟု မှတ်ချက်ပြုခဲ့သည်။
စာအုပ်ကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ပထမအကြိမ်အဖြစ် ဟိမ၀န္တာစာပေမှ စီစဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်၏ မျက်နှာဖုံးကို မိုးသွန်းမှပြုလုပ်ပေးခဲ့သည်။ စာအုပ်တွင် စာမျက်နှာ ၁၀၀ ပါဝင်ပြီး တန်ဖိုး ၁၅၀၀ ကျပ်ဖြင့် ရောင်းချခဲ့ပါသည်။