Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

သံမဏိနှင်းဆီ

Posted on December 19, 2018 by Han Sann
သံမဏိနှင်းဆီ စာအုပ်

‌ကျေးလက်‌နေ က‌မ္ဘောဒီးယားအမျိုးသမီးတစ်ဦး၏ ကိုယ်တိုင်‌ရေး ဖြစ်ရပ်မှန် မှတ်တမ်းစာအုပ်တစ်အုပ်ဖြစ်သည်။ အသက်ဆယ့်နှစ်နှစ်အရွယ်တွင် သူ၏ အပျိုစင်ဘဝကို ရပ်ရွာအတွင်းအတူ‌နေထိုင်သူ အမျိုးသားတစ်ဦးထံ အဖိုး‌တော်စပ်သည်ဆိုသူက ‌ရောင်းချခဲ့သည်။ လိင်မူကိစ္စကို မသိတတ်‌သေးသည့် သူမသည် ထိုအမျိုးသား၏ ကြမ်းတမ်း‌သော အပြုအမှုကို ပြင်းထန်စွာခံစားရပြီး မိမိမည်သို့ ပြုမူခံရသည်ကိုပင် မသိခဲ့ပါ။ ထို့အပြင် အမျိုးသမီးတို့၏ သဘာဝရာသီ‌ပေါ်ခြင်းကိုပင် ‌ကောင်းမွန်စွာနားလည်ခြင်းမရှိဘဲ ရပ်ရွာတွင် အတူ‌နေထိုင်သူ အမျိုးသမီးကြီးတစ်ဦး၏ ကူညီမှုဖြင့် ရာသီပေါ်ခြင်းကိစ္စကို ‌ဖြေရှင်းခဲ့ရသည်။

အသက်ဆယ့်ငါးနှစ်အရွယ်တွင် အတင်းအကျပ်အိမ်‌ထောင်ချ‌ပေးခြင်းခံရသည်။ အိမ်‌ထောင်သည်ဘဝတွင် အမျိုးသားနှင့်သာယာသည့် အိမ်‌ထောင်တစ်ခု ကို ထူ‌ထောင်ရခြင်းမဟုတ်ဘဲ အနိုင်ကျင့်ခြင်း၊ မုဒိမ်းကျင့်ခြင်းအစရှိသည့် လိင်‌ကျေးကျွန်ဘဝကို ရင်ဆိုင်ရပြန်သည်။ ထို့‌နောက် ပြည့်တန်ဆာအိမ်သို့ ‌ရောင်းချခြင်း ခံရပြန်သည်။ ပြည့်တန်ဆာအိမ်တွင်လည်း နှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်း၊ ကြမ်းတမ်းစွာ လိင်ဆက်ဆံခံရခြင်း၊ ဧည့်သည်‌ပေါင်းများစွာဖြင့် ‌နေ့စဉ်ထိ‌တွေရပြီး လူ့ငရဲခန်းတွင် ငရဲကျခံသကဲ့သို့ ‌နေထိုင်ရှင်သန်ခဲ့ရသည်။

ပြည့်တန်ဆာအိမ်မှ ထွက်‌ပြေးရန်အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ ထိုသို့ကြိုးစား‌သော်လည်း ထိုဘဝမှ မည်သို့မျှ မလွတ်‌မြောက်နိုင်‌အောင် ရှိ‌နေခဲ့သည်။ ထွက်‌ပြေး၍ မလွတ်‌မြောက်သည့်အပြင် ပြင်းထန်းစွာအပစ်‌ပေးခံရပြီး နှိပ်စက်ခြင်းများစွာကို ခံစားရသည်။ ထိုဘဝဖြင့် ‌နေထိုင်ရင်း မိမိကို ကယ်တင်မည့် သူကိုသာ ‌မျှော်လင့်‌စောင့်စား‌နေရသည်။ ကယ်တင်နိုင်မည်ဟု ထင်ရသူများသည် ပြည့်တန်ဆာခန်းသို့ လာ‌ရောက်သူများဖြစ်ပြီး ထိုသူတို့ကိုလည်း အပြည့်အဝယုံကြည်စရာမရှိခဲ့ပါ။ ကယ်တင်‌ယောင်‌ဆောင်၍ အခြား‌သောပြည့်တန်ဆာကွန်ရက်အတွင်း ပြန်လည်‌ရောင်းချသွား‌လေ့ရှိသည်။ ထို့အတွက် ထိုသို့ကယ်တင်‌ယောင်‌ဆောင်၍ ‌ရောင်းချခြင်းခံရမည့် အ‌ရေးကိုလည်း ‌တွေးပူ‌နေခဲ့ရသည်။

က‌မ္ဘောဒီးယားသို့ နိုင်ငံခြားသားများ‌ရောက်လာ‌သောအခါ နိုင်ငံခြားသားများကွန်ရက်နှင့်ချိတ်ဆက်မိပြီး နိုင်ငံခြားသားများ၏ အသုံး‌တော်ခံဘဝသို့ ‌ရောက်ရပြန်သည်။ ထို့‌နောက် ခမာစကားတတ်သည့် ပြင်သစ်တစ်ဦးနှင့် သူမသည်ဆုံစည်းခဲ့သည်။ ထိုသူက သူမကို လက်ထပ်‌ပေါင်းသင်း၍ ပြင်သစ်သို့ ‌ခေါ်သွားခဲ့သည်။ ပတ်ဝန်းကျင်ကျဉ်းကျဉ်းက‌လေးထဲတွင် ‌နေထိုင်လာ‌သော သူမသည် သာမန်ကိစ္စကိုပင် ကြီးမားသည့်  အခက်အခဲအဖြစ်  ပြင်သစ်ခရီး၌ ရင်ဆိုင်ဖြတ်သန်းရသည်။ ဇွန်းနှင့်ခရင်ကို ကျင်လည်စွာ အသုံးမပြုတတ်၍ စားလိုစိတ်ပြင်းပြ‌နေသည့် ကြက်သားတုံးကို စွန့်လွှတ်လိုက်ရသည်အထိပင် သူမအတွက် ပင်ပန်းခက်ခဲခဲ့သည်။

ထို့‌နောက် က‌မ္ဘောဒီးယားသို့ ပြန်လာပြီး ဆန္ဒမပါဘဲ ပြည့်တန်ဆာဘဝကို ‌ရောက်လာကြသည့် ဘဝတူအမျိုးသမီးများကို ကယ်တင်နိုင်ရန် စတင်ကြိုးပမ်း ခဲ့သည်။ ထိုသို့ကြိုးစားရာတွင်လည်း လွယ်လင့်တကူမဖြစ်ဘဲ အခက်အခဲ‌ပေါင်းများစွာကို ရင်ဆိုင်ရသည်။ အလှူရှင်များ၏ လစ်ဟမှုများကို ကြုံ‌တွေ့ရ ပြီး ‌ငွေ‌ကြေးကူညီသူများထံမှာ က‌မ္ဘောဒီးယားတွင် ပြည့်တန်ဆာမရှိဟူ‌သော နှုတ်ထွက်စကားကိုပင် ကြားသိရသည်။ ထိုအ‌ခြေအ‌နေများကို အရှုံးမ‌ပေးဘဲ ကြိုးစားခဲ့ရာ ပြည့်တန်ဆာဘဝသို့ ဆန္ဒမပါဘဲ ‌ရောက်လာကြသည့် အမျိုးသမီးများနှင့်ဘဝများကို ကယ်တင်နိုင်လာခဲ့သည်။

ကယ်တင်ရာတွင်လည်း လွယ်ကူ‌ချော‌မောလှသည် မဟုတ်ဘဲ ခြိမ်း‌ခြောက်ခြင်း၊ အာဏာပိုင်များ၏ အဂတိလိုက်စားခြင်း၊ တရားဥပ‌ဒေစိုးမိုးမှုမရှိခြင်းနှင့် အားနည်းခြင်းတို့ကို ရင်ဆိုင်ရပြန်သည်။ ထို့အပြင် သမီးဖြစ်သူကို ဖမ်းဆီး‌ခေါ်‌ဆောင်သွားခြင်းနှင့် ကယ်ဆယ်‌ရေး‌ဂေဟာကို စီးနှင်ခြင်း၊ အသက်အန္တရယ် ကို ခြိမ်း‌ခြောက်ခြင်းများဖြင့် ရင်ဆိုင်ခဲ့ရသည်။

ထိုအ‌ခြေအ‌နေများကို ‌ကျေးလက်‌နေ က‌မ္ဘောဒီးယားအမျိုးသမီး ဆမာလီမမ်သည် ကြံကြံခံရင်ဆိုင်ခဲ့ပြီး ဘဝတူများကို ကယ်ဆင်ခြင်း၊ ဘဝအသစ် တစ်ခုအဖြစ် ထူ‌ထောင်‌နေထိုင်နိုင်ရန် ပျိုး‌ထောင်‌ပေးခြင်းများကို ပြုလုပ်‌ပေးနိုင်ခဲ့သည်။ ဆမာလီမမ်၏ လုပ်ငန်းများသည် အခက်အခဲ အကျပ်အတည်း ‌ပေါင်းများစွာ‌အောက်တွင် ‌အောင်မြင်မှုရရှိခဲ့သည်။ ကမ္ဘာ့အသိုင်းအဝန်းနှင့် က‌မ္ဘောဒီးယားအာဏာအသိုင်းအဝန်းတို့ကလည်း အသိအမှတ်ပြုကူညီလာ ခဲ့ကြရသည်။ သူမကို ချီးမြှင့်သည် ဆုများကိုလည်း လက်ခံရရှိခဲ့သည်။ ကမ္ဘာ့အလယ်တွင် ထင်ရှားတင့်လယ်လာခဲ့သည်။

‘‘ကမ္ဘာမီး‌လောင် သား‌ကောင်ချနင်း’’ ဆိုရိုးအတိုင်း မိဘအရင်းအခြားများသည် သမီးဖြစ်သူများကို လိင်ကျွန်အဖြစ်၊ ပြည့်တန်ဆာအဖြစ် ‌ရောင်းချ ကြသည်။ အရွယ်မ‌ရောက်‌သေးသည့် မိန်းက‌လေးများနှင့် အရွယ်‌ရောက်စပြု‌နေသည့် မိန်းက‌လေးများ၏ အပျိုစင်ဘဝကို ကာယကံရှင်ဆန္ဒမပါဘဲ ‌ရောင်းချကြသည်။ အပျိုစင်ဘဝသည် ခွန်အားဖြစ်‌စေသည်၊ အိတ်ချပ်အိုင်ဗီကင်းစင်‌စေသည်ဟု ယူဆပြီး အမျိုးသားကြီးများက ဝယ်ယူသုံးစွဲကြသည်။ ထို့အပြင် ပြည့်တန်ဆာခန်းမှမိန်းက‌လေးများသည် ဧည့်သည်များ၏ ကြမ်းတမ်းစွာ လိင်ဆက်ဆံခြင်း၊ ပြည့်တန်ဆာ‌ခေါင်းများ၏ လူမဆန်စွာ နှိပ်စက် ခြင်းတို့ကို ခံစားကြရသည်။ ထိုအပြုအမှုများကို စာဖတ်သူအ‌နေဖြင့် ‌တွေးယူလက်ခံနိုင်ရန်လွန်စွာ ခက်ခဲမိသည်။ သို့‌သော် ထိုဖြစ်ရပ်များသည် အမှန်  တကယ်ဖြစ်‌နေသည်။

ပြည့်တန်ဆာခန်းများသို့ လာ‌ရောက်ကြသူအများစုသည် က‌မ္ဘောဒီးယားအမျိုးသားအများစုဖြစ်ပြီး သူတို့သည် အိမ်‌ထောင်သည်ဘဝ၌ လိင်မှုသာယာခြင်း အပြည့်အဝမရရှိသူများဖြစ်ကြသည်။ ထိုသို့ဖြစ်ရခြင်းသည် အိမ်‌ထောင်ဖက် အမျိုးသမီးထံမှပြည့်ဝသည့် လိင်ဆက်ဆံ‌ရေးကို မရရှိခြင်း၊ ယဉ်‌ကျေးမှု ဓ‌လေ့များ၏ အမျိုးသမီးများဘဝကို တားဆီးထားခြင်းနှင့်အမျိုးသမီးများသည် နှုတ်ဆိတ်‌နေရမည်ဆိုသည့် ဆိုးဝါးလှသည့် အယူအဆများ‌ကြောင့် ဖြစ်သည်။

ဆမာလီမမ်၏ ဖြစ်ရပ်မှန်ကိုယ်‌ရေးမှတ်တမ်းသည် လိင်ကျွန်ပြုခံရသည့်အမျိုးသမီးများ၏ မသာယာသည့် ဘဝ၊ အ‌ရှေ့‌တောင်အာရှတွင် အလွန်ကြီးမား စွာဖြစ်‌ပေါ်‌နေသည့် ပြည့်တန်ဆာလုပ်ငန်းကြီးများအ‌ကြောင်း၊ ‌ကျေးလက်‌ဒေသများမှ အမျိုးသမီးငယ်များကို လူကုန်ကူး‌နေသည့် လူကုန်ကူးလုပ်ငန်း များအ‌ကြောင်းနှင့် လူ့ငရဲခန်းအတွင်း အနိမ့်ဆုံးဘဝ‌ရောက်ရှိခဲ့သည့် အမျိုးသမီးတစ်ဦး၏ စာနာစိတ်၊ ဘဝဒဏ်ရာ၊ ဘဝအနာ၊ မ‌လျော့‌သော ဇွဲလုံလတို့ကို ဖွင့်ချထား‌သော စာအုပ်တစ်အုပ်ဖြစ်သည်။ စနစ်ဆိုးအဖြစ်ဆိုးများကို ရင်ဆိုင်ခဲ့ရသည့် တိုင်းပြည်တစ်ခု၏ ‌နောက်ဆက်တွဲဆိုးကျိုးများ၏ မူရင်းစာ‌ရေး သူက ထုတ်‌ဖော်‌ပြောဆိုထားခြင်း မရှိ‌သော်လည်း ထိုအ‌ခြေအ‌နေများကို မြင်‌တွေ့ရသည်။

ဆမာလီမမ် ကိုယ်တိုင်‌ရေးသားခဲ့သည့်  The Road ofLost Innocence” စာအုပ်ကို မင်း‌ကျော်စွာက ‘‘သံမဏီနှင်းဆီ’’အမည်ဖြင့်ဘာသာပြန်ခဲ့ပြီး ‌လောကသစ်စာအုပ်တိုက်က ၂ဝ၁၅ ဧပြီလတွင် ထုတ်‌ဝေဖြန့်ချိခဲ့သည်။

ဟန်‌ဆန်း

စာအုပ်အမည်     –  သံမဏီနှင်းဆီ

စာ‌ရေးဆရာ       –  မင်းကျော်စွာ

စာအုပ်တိုက်      –  လောကသစ်စာ‌ပေ

မျက်နှာဖုံး          – ၀ဏ္ဏအောင်

ထုတ်‌ဝေနှစ်       – ဧပြီလ၊ ၂ဝ၁၅ ခုနှစ် (ပထမအကြိမ်)

Category: Uncategorized
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme