မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် ကျမအမျိုးသားအခန်းကို လမ်းထဲမှ အိမ်နီးနားခြင်းတစ်ဦးသည် တံခါးလာခေါက်၍ ပရိတ်ရေဗူး လာပေးသည်။
“နှစ်သစ်ကူးမှာ အန္တရာယ်ကင်းဘေးရှင်းစေဖို့ ပရိတ်ရေဖြန်းပက်လိုက်ပါ။ မကောင်းဆိုးဝါးတွေ ဘေးကနေ ကင်းသွားလိမ့်မယ်” ဟု အိမ်နီးနားခြင်း အမျိုးသားက ကျမအမျိုးသားကို ပြောခဲ့သည်။ ကျမတို့ လမ်းထဲက ကလေးတွေကလည်း မကောင်းဆိုးဝါး များကို နှင်ထုတ်ရန်နှင့်မကောင်းဆိုးဝါးများ ထိတ်လန့်ကြောက်ရွံစေရန် ဆူညံသံများပေးပြီး တောထုတ်မောင်းထုတ်ခဲ့ကြသည်။ ကျမ အမျိုးသားကို ပရိတ်ရေဗူးဝေမျှခဲ့သည့် မိတ်ဆွေကလည်း “မကောင်းဆိုးဝါးတွေ ထွက်။ မကောင်းဆိုးဝါးတွေ ထွက်”ဟု နှုတ်မှ တတွတ်တွတ်ရေရွတ်၍ လှေကားထစ်များမှတဆင့် အပေါ်ထပ်များဆီသို့ လှမ်းတက်သွားသည်။
× × × × × ×
ကျမအမျိုးသားက ပရိတ်ရေဗူးကို တွေတွေကြီး ကြည့်နေသည်။ ပရိတ်ရေဗူးကို သူဘယ်လိုများ လုပ်လေမလဲဟု ကျမငေးကြည့် နေမိသည်။ တောင့်တောင့်တင်းတင်း၊ တွေတွေငေးငေးကြီးဖြင့် တထိတ်ထိတ်ဖြစ်ခဲ့ရသည်။ တစ်စုံတစ်ခုလုပ်လိုက်မည်ကို စိုးရိမ် မိနေသည်။
ထိုအခိုက်အတန့်က သူနှင့်ကျမအကြားက ရှိရင်းစွဲအခြေအနေတွေကို သူဘယ်လို သဘောထားသလဲဆိုသည်ကို အဆုံးအဖြတ်ပေး မည့် အခိုက်အတန့်ဖြစ်သည်။ ဆုံးဖြတ်ပါ။ တစ်ခုခုသာ ဆုံးဖြတ်လိုက်ပါ။
× × × × × ×
သင်္ကြန်ဆိုသည် အသက်အရွယ်ကြီးခြင်း၊ ငယ်ခြင်းအပေါ်တွင် မတည်ဘဲ သင်္ကြန်ကို စိတ်ဝင်စားသည့်အပေါ်တွင်သာတည်၍ ပျော် ကြ ရွှင်ကြတတ်သည်။ သင်္ကြန်ကာလတစ်နေ့၊ မနက်ခင်းတစ်ခုတွင် ကျနော့ သူငယ်ချင်း အတွဲတစ်တွဲသည် ကျနော့အခန်းသို့ ရောက်လာသည်။ အခန်းတံခါးကို မဖွင့်ပေးသ၍ လူခေါ်ခေါင်းလောင်းကို နှိပ်နေလေသည်။ အခန်းထဲကို သူတို့ဝင်လာကြသည်။ သင်္ကြန်ရေပက်ခံထွက်ရန် ကျနော့ကို အတင်းခေါ်ကြသည်။ မလိုက်လိုကြောင်း ကျနော် ငြင်းဆန်သည်။
“စောက် – အသက်တွေလည်း ကြီးနေပါပြီကွာ”ဟု ကျနော် ပြောလိုက်မိသည်။ ညစ်နေသော ကျနော်သည် ရင်းနှီးကျွမ်းဝင် လှသော သူငယ်ချင်းများရှေ့တွင် ယဉ်ယဉ်ကျေးကျေး မပြောမိသလို ပြောရန်လည်း မလိုဟု ကျနော်ထင်မိသည်။ ညစ်နေသော ကျနော်သည် ခပ်ညစ်ညစ်ဖြင့် သူငယ်ချင်းများနှင့်သင်္ကြန်ရေပတ်ခံရန် လိုက်သွားသည်။
× × × × × ×
သူအခန်းထဲကနေ သူ့သူငယ်ချင်းများဖြင့် ထွက်သွားသည်။ ကျမတစ်ယောက်တည်း အခန်းတွင် ကျန်ခဲ့သည်။ သူကျန်ခဲ့သည့် ဆေးလိပ်ဗူးကလေးကို ကိုင်ကြည့်မိသည်။ သူထားခဲ့သလား။ ကျန်ခဲ့သလား။ ကျမ မဝေခွဲတတ်ပါ။ ကျမလိုက်ပေးရန်လည်း မတတ်နိုင်ခဲ့ပါ။
အခန်းထဲတွင် ငုတ်တုတ်ထိုင်နေမိရင်း သင်္ကြန်နေ့ရက်သည် ညနေစောင်းသွားခဲ့သည်။
ရေများရွဲဆို၍ သူပြန်လာခဲ့သည်။ ရေချိုးခန်းထဲ ဝင်သွားသည်။ ပြန်ထွက်လာချိန်တွင် ဝိုင်တစ်ပုလင်း၊ တစ်ဘက်တစ်ထည်ဖြင့် သူသည် ဖြစ်နေသည်။ ဧည့်ခန်းတွင် သူတစ်ယောက်တည်းထိုင်၍ ဝိုင်ထိုင်သောက်ရင်း ဆေးလိပ်ဖွာနေလေသည်။ သူ၏ လက်ကိုင် ဖုန်းခေါ်သံ မြည်လာသည်။ သူကောက်ကိုင်လိုက်သည်။
× × × × × ×
သူနှင့်သူ့သူငယ်ချင်းများ သင်္ကြန်မဏ္ဍိုင်သို့ သွားကြသည်။ ကျမလည်း လိုက်သွားသည်။ မဏ္ဍိုင်တွင် သူနှင့်ကောင်မလေးတစ် ယောက်တို့သည် ရေအတူကစားကြသည်။ အတန်အသင့် ပျော်ရွှင်ဖွယ်ကောင်းမည် ထင်သည်။ ကျမကတော့ နဘေးတွင် တွေးရင်း ငေးရင်း ကြေကွဲနေရသည်။
အိမ်သို့ ပြန်လာကြသည်။ ကောင်မလေးပါလာသည်။ ဝိုင်အတူသောက်ကြသည်။ ကျမသည် ကြေကြေကွဲကွဲဖြင့် ငေးမောနေရ သည်။ သူ့အနီးအပါးတွင် ဖြစ်သည်။
× × × × × ×
ကောင်မလေးနှင့်ကျနော်သည် သင်္ကြန်တွင် ဆုံစည်းမိခဲ့ကြသည်။ သူမအနီးအပါးတွင် နေရထိုင်ရသည့်အတွက် ကျနော်စိတ်သက် သာရာရသည်။ အလွမ်းပြေသလို၊ ကြည်နှုးသလို ခံစားရသည်။ စိတ်အနာတရများနှင့်ဒဏ်ရာဒဏ်ချက်များလည်း သက်သာလာသ လိုခံစားရသည်။
သင်္ကြန်ညနေခင်းတစ်ခုတွင် ကောင်မလေးသည် ကျနော့အခန်းသို့ လိုက်လာသည်။ ကျနော်တစ်ကိုယ်တည်း ကျန်ရစ်နေထိုင်ခဲ့ရ သောအခန်းသည် ကောင်မလေးနှင့်ကျနော်အတွက် လုံခြုံရာနေရာလေးတစ်ခုဖြစ်သည်။ တစ်နေကုန် တစ်နေခမ်း သင်္ကြန်ရေထိ ထားသော ကျနော်တို့နှစ်ဦး နွေးထွေးစေရန် ဝိုင်ပုလင်းကိုထုတ်ယူ၍ ကျနော်နှင့်ကောင်မလေး အတူတကွသောက်ကြသည်။
ဝိုင်သောက်နေစဉ်။ ကောင်မလေးက ကျနော့ပါးလေးကို လှမ်းနမ်းလိုက်သည်။ ကျနော်ကလည်း ကောင်မလေးကို နမ်းမည်ဟု ဟန်ပြင်သည်။ ဟန်ပြင်နေစဉ်ရုတ်တရက် လက်ထဲမှ ဝိုင်ခွက်ရိုက်ချခံလိုက်သလို လွတ်ကျသွားသည်။
× × × × × ×
သူနှင့်ကောင်မလေး ဝိုင်အတူတကွထိုင်သောက်နေသည်အထိ ကျမနားလည်ခံစားပေးနိုင်ပါသေးသည်။ ကောင်မလေးက သူ့ပါးကို လှမ်းနမ်းလိုက်သည်ကိုလည်း ကြည်ဖြူနိုင်ပါသေးသည်။ သူက ကောင်မလေးပါးကို နမ်းရန် ဘာကြောင့်များ ကြိုးစားရပါသလဲ။
ကျမ မခံစားနိုင်တော့ပါ။
သူသောက်နေသော ဝိုင်ခွက်ကို ပုတ်ချလိုက်သည်။
နောက်ဖေးခန်းအတွင်းသို့ ဝင်သွားပြီး စင်ပေါ်က ပုဂံများကို အခန်းတစ်ခန်းလုံး အုံးအုံးကြွတ်ကြွတ်မြည်သွားအောင် ပစ်ပေါက်ခွဲ ပစ်လိုက်သည်။ စိတ်တိုင်းကျသာ ပစ်ပေါက်ခွဲလိုက်သည်။
အခန်းထဲက ကောင်မလေး ထွက်သွားခဲ့သည်။ သူလည်း ငုတ်တုတ်ကြီးထိုင်၍ ငူငူကြီးဖြစ်နေသည်။
သူ့အပါးတွင် ကျမရှိနေသေးသည်ကို သူသည်လည်း ကောင်းကောင်းသိမြင်နေခဲ့ပြီဖြစ်သည်။
× × × × × ×
မြန်မာနှစ်သစ်ကူးတွင် လမ်းထဲနေထိုင်သူများသည် ပရိတ်တရား နားကြားကြသည်။ အန္တရယ်ကင်းဘေးရှင်းစေရန်နှင့်မကောင်း ဆိုးဝါးများကို နှင်ထုတ်နိုင်ရန် ပြင်ဆင်ကြသည်။ ကျမသည် မကောင်းဆိုးဝါး မဟုတ်ပါ။ သူရဲ မဟုတ်ပါ။ သူ့ကို စွဲလန်းမိနေသူပါ။ စွဲလန်းမိနေ၍ သူ့အပါးတွင်တွဲကပ် သဝန်တိုမိနေသူ တစ်ဦးသာဖြစ်သည်။
ကျမရှိနေသေးသည်။ ကျမကို ချစ်နေသေးသည်။ ကျမကို အသိအမှတ်ပြုနေသည် စသည်စသည်တို့ကိုသာ ကျမမျှော်လင့်တောင့်တနေပါသည်။
အခုတော့ သူ့လက်ထဲမှာ ပရိတ်ရေဗူးကြီးကို ကိုင်ထားပြီဖြစ်သည်။
× × × × × ×
ထိုအခိုက်အတန့်က သူနှင့်ကျမအကြားက ရှိရင်းစွဲအခြေအနေတွေကို သူဘယ်လိုသဘောထားသလဲဆိုသည်ကို အဆုံးအဖြတ်ပေးမည့် အခိုက်အတန့်ဖြစ်သည်။ ဆုံးဖြတ်ပါ။ တစ်ခုခုသာ ဆုံးဖြတ်လိုက်ပါ။
× × × × × ×
ဒါရိုက်တာ ဇော်ဗိုလ်ဗိုလ်ဟိန်းနှင့်မောင်ဘုန်း ရိုက်ကူးခဲ့ပြီး ၂၀၁၈ ခုနှစ် ၀ဿန်ရုပ်ရှင်ပွဲတော်၏ ပြိုင်ပွဲဝင်ဇာတ်လမ်းတိုရုပ်ရှင်ဇာတ်ကားအဖြစ် ပြသခဲ့သော “ခေါ်သံတိုးတိတ်”ဇာတ်ကားဖြစ်ပါသည်။ ဒါရိုက်တာ ရိုက်ကူးတင်ပြထားသည်မှာ စာရေးသူ ယခုတင်ပြရေးသား ခဲ့သည်ထက် အနည်းငယ်ပိုပါသေးသည်။
“ခေါ်သံတိုးတိတ်”သည် စာရေးသူ၏ အတွေးများကို နှိုးဆွပေးပါသည်။ စွဲလန်းစိတ်ကြောင့် မကျွတ်မလွတ်ပါဘဲ သက်ဆိုင်သူ အနားက မခွဲနိုင် မခွာရက်နိုင်နေသူကို မကောင်းဆိုးဝါးဟု ဆိုနိုင်မည်လား။ ဆိုသင့်ပါသလားဟု စာရေးသူ တွေးမိပါသည်။ အဲဒီလိုစွဲလန်းမိနေသူတွေကို “သွားဟဲ့”“ပြေးဟဲ့”ဟုဆိုခါ မောင်းထုတ်နှင်ထုတ်၍ သင့်ပါမည်လား။ စသည် စသဖြင့် စာရေးသူ တွေးမိပါသည်။
× × × × × ×
အနုပညာလက်ရာတစ်ခုအား ချဉ်းကပ်သည်ဆိုရာဝယ် အနုပညာသမားနှင့်ပရိသတ်အကြား အနုပညာလက်ရာကို ကြားခံထား၍ အပြန်အလှန်နှီးနှောဖလှယ်ကြခြင်းဖြစ်သည်။ အနုပညာသမားထံမှ တစ်စုံတစ်ရာသင်ကြားလိုခြင်း၊ သင်ယူလိုခြင်းနှင့်အဖြေရယူ လိုခြင်းမဟုတ်ပါ။ အခြားသော သက်ရောက်မှုများနှင့် အခြားသော အတွေးအလွှာများ ပါဝင်ပတ်သက်နေပါသေးသည်။ “ခေါ်သံ တိုးတိတ်”ဇာတ်လမ်းတိုရုပ်ရှင်တွင် ကျမ၊ ကျနော်နှင့်ကောင်မလေးဆိုသည့် ဇာတ်ကောင်တို့အကြားက သုံးပွင့်ဆိုင်ဇာတ်လမ်း အတွက် အဆုံးအဖြတ်တစ်ခုကို ကျမနှင့်ကျနော်ဇာတ်ကောင်အတွက် အဆုံးအဖြတ်ပေးထားခဲ့သည်ကို သိသိသာသာ ခံစားမိပါ သည်။
× × × × × ×
“နှင်မထုတ်ခဲ့ပေမဲ့။ ကြည်ဖြူစွာဖြင့် ရှင့်အပါးက ကျမ ထွက်ခဲ့ပါပြီ။ ကျမတို့ကလည်း ဘ၀တစ်ခုခြားခဲ့ကြပြီကိုး။”
× × × × × ×
ဟန်ဆန်း
(မှတ်ချက် – ကျမ၊ ကျနော်နှင့်ကောင်မလေးဆိုသည်မှာ မြင်သာစေရန် စာရေးသူက သုံးစွဲထားသော အမည်များဖြစ်သည်။)
ဇာတ်ကားအမည် – ခေါ်သံတိုးတိတ်
အမျိုးအစား – ဇာတ်လမ်းတိုရုပ်ရှင်
ဒါရိုက်တာ – ဇော်ဗိုလ်ဗိုလ်ဟိန်း နှင့် မောင်ဘုန်း
ရုပ်ရှင်ဓာတ်ပုံဒါရိုက်တာ – ကိုအောင်ကို(မိုးသွန်း)
သရုပ်ဆောင်များ – သျှား၊ မင်းညို၊ ဂေဘရီရယ်ထူး
ရိုက်ကူးထုတ်လုပ်သည့်နှစ် – ၂၀၁၈ ခုနှစ်
ထုတ်လုပ်ရေး – ကြာဆစ်ရိုးရုပ်ရှင်
ပထမဦးဆုံးပြသခဲ့သည့်နေရာ – ၂၀၁၈ ခုနှစ် ၀ဿန်ရုပ်ရှင်ပွဲတော်၊ ရန်ကုန်မြို့။