“သမိုင်းဆိုတာ တစ်ယောက်နဲ့ တစ်ယောက်နဲ့ တွေ့ကြုံရတာချင်း မတူဘူး။ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံကို လူတိုင်းက ဝိုင်းရေးပေးမှ ထောင့်စေ့ တယ်”ဟု (ဆရာ)ဟံသာ၀တီ ဦးဝင်းတင်က ပြောခဲ့သည်။ “သမိုင်းသင်တာ မအအောင်လို့”ဟုလည်း (ဆရာ)ဒေါက်တာသန်းထွန်းက ပြောခဲ့သည်။ ဖြစ်ပျက်ပြီးခဲ့သော အတိတ်သမိုင်းကို မှတ်တမ်းတင်ရန်နှင့် သမိုင်း၏ မှန်ကန်တိကျမှုကို တိုင်းတာအတည်ပြုရန် လုံလောက်သော သက်သေအထောက် အထားများ လိုအပ်မည်ဖြစ်သည်။ သို့မှသာ မှန်ကန်သောသင်ခန်းစာနှင့် သင့်အပ်လျောက်ပတ်သော ဆုံးဖြတ်ချက်များကို ပြုနိုင်မည်ဖြစ်သည်။ သမိုင်း ထောင့်စေ့ပါမှ တုံးခြင်း၊ အခြင်းလည်း ကင်းပေမည်။
၁၉၈၈ ခုနှစ်နောက်ပိုင်းကာလ၊ နှစ် ၃၀ ကာလအတွင်း ဖြစ်တည်ပျက်ခဲ့သော မြန်မာ့နိုင်ငံရေးသမိုင်းအမှန်ကို ပြုစုသည့်အခါတွင်လည်း ထောင့်စေ့ရန် လိုပါ သည်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် ရှစ်လေးလုံးလူထုလှုပ်ရှားမှုနှင့် နောက်ပိုင်းကာလဖြတ်သန်းမှုများအကြောင်း ကိုယ့်တွေ့မှတ်တမ်းစာအုပ် အများအပြားထွက်ပေါ်လာသည်။ ထွက်ပေါ်လာသောစာအုပ်များကို မျက်မြင်အခြေအနေအရ သုံးသပ်ရသော နိုင်ငံရေးအကျဉ်းသားဘ၀အဖြစ် အကျဉ်း ထောင်အတွင်း ဖြတ်သန်းရသောအကြောင်းအရာအများစုကို ရေးသားပြုစုကြကြောင်းတွေ့ရသည်။ ရှစ်လေးလုံးအရေးတော်ပုံအကြောင်း၊ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဖြတ်သန်းမှုအကြောင်းနှင့် ၂၀၁၀ ပြည့်နှစ်မတိုင်မီကာလနိုင်ငံရေးဖြတ်သန်းမှုအကြောင်းကိုယ်တွေ့မှတ်တမ်းများ အတွေ့ရနည်း ပါသည်။ အကျဉ်းထောင်အကြောင်းကိုယ်တွေ့မှတ်တမ်းများ များပြားနေရခြင်းမှာလည်း နိုင်ငံရေးအကျဉ်းသားများ၏ ထောင်သက်ရှည်ရခြင်းကြောင့် လည်းဖြစ်မည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် (ဒေါ်)ခင်ခင်ဝင်း၏ “ရေဆန်လမ်းမှ အိမ်အပြန်”ဟု အမည်ရသော နိုင်ငံရေးကိုယ်တွေ့မှတ်တမ်းစာပေတစ်ခုထွက်လာပါ သည်။ (ဒေါ်)ခင်ခင်ဝင်းဆိုသူမှာ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အနီးအပါးတွင် နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ပေါင်းများ စွာနေထိုင်ခဲ့သူတစ်ဦးဖြစ်သည်။ (ဒေါ်)ခင်ခင်ဝင်း၏ ကျောင်းဆရာမဘ၀မှ နိုင်ငံရေးသမားတစ်ဦးဖြစ်လာခြင်း၊ နိုင်ငံရေးဖြတ်သန်းခြင်းနှင့် အာဏာရှင် ကိုအန်တုတွန်းလှန်ခဲ့ခြင်းများကိုမူ လူသိနည်းပါးလှပါသည်။ ကျောင်းဆရာမတစ်ဦးအဖြစ် ကျေးလက်ဒေသများအကြားတွင် တာဝန်ထမ်းဆောင်၍ နိုင်ငံ အတွင်းနေထိုင်ကြသူများ၏ စီးပွားရေးလူမှုရေး အခက်အခဲ အကြပ်အတည်းများကို သူမသိလာသည်။ မိမိကိုယ်တိုင်၏ ခက်ခဲကြပ်တည်းခြင်းကိုလည်း သူမသည် မခံမရပ်နိုင်ဖြစ်လာသည်။ ခေတ်ဆိုးခေတ်ပျက်ကြီးနှင့်အဖက်ဖက်က ယို့ယွင်းနေသော နိုင်ငံ့အခြေအနေအကြား ရုန်းကန်လှုပ်ရှားနေရသော ကြပ်တည်းလှသောဘ၀များကို မခံမရပ်နိုင်ဖြစ်ပေါ်ခဲ့သည်။ ထိုစိတ်နှင့်အတူ တာဝန်သိစိတ်၊ တာဝန်ယူစိတ်တို့က နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်လာစေ ရန် တွန်းအားပေးခဲ့သည်။ နိုင်ငံရေးသမားတစ်ဦးအနေဖြင့် လှုပ်ရှားရာတွင်လည်း ခင်ပွန်နှင့်သားသမီးအရေးကို ဒုတိယနေရာတွင်သာထားပြီး နိုင်ငံ့ အရေးကို ပထမဦးစားပေးခဲ့သူဖြစ်သည်။ ဘ၀တစ်ခုလုံးကို နိုင်ငံ့အရေးအတွက်မြှုပ်နှံခဲ့သည်။ နိုင်ငံရေးအတွက် ခင်ပွန်းသည်ကို ခွဲခွာခဲ့သည်။ နိုင်ငံရေး ကြောင့် ဆွေမျိုးအသိုင်းအဝန်း၏ ရှောင်ဖယ်ခြင်းကို ခံခဲ့ရသည်။ ကိုယ်ပိုင်မိသားစုဘ၀နှင့်မိမိအိမ်ထောင်ဦးစီးအရေးထက် နိုင်ငံပိုင်မိသားစုနှင့်နိုင်ငံအိမ် ထောင်ဦးစီးကို ဦးစားပေးခဲ့သည်။ နေအိမ်အကျယ်ချုပ်မှ လွတ်အောင်ရှောင်နိုင်သည့်တိုင်အောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေအိမ်အကျယ်ချုပ် ဘ၀ဖြင့်နေထိုင်ခဲ့သည်။ သူမ၏ သမီးတစ်ဦးပင် နေအိမ်အကျယ်ချုပ်တွင် ပါဝင်ခဲ့သည်။
“ရေဆန်လမ်းမှ အိမ်အပြန်”စာအုပ်တွင် စိတ်ဝင်စားဖွယ်ကောင်း၍ ရင်နင့်အောင်ထိရှခံစားလိုက်ရသည့် အကြောင်းအရာကိစ္စရပ်ပေါင်းများစွာပါဝင် သည်။ (ဒေါ်)ခင်ခင်ဝင်း၏ မိသားစုဘ၀၊ နိုင်ငံရေးသမားတစ်ဦး၏ လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်းစုကြည်အနီးအပါးမှ ကာလနှင့်သူမ၏ အိမ်ပြန်ချိန်တို့ သည် စာရေးသူအတွက် စိတ်ဝင်စားမှုအကောင်းဆုံးအကြောင်းကိစ္စများဖြစ်စေခဲ့သည်။ “ရေဆန်လမ်းမှ အိမ်အပြန်”စာအုပ်တွင် အခန်း(၉)ခန်းပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက ဦးတင်ဦးနှင့် (ဒေါ်)ခင်ခင်ဝင်း၏ အမှာစာတို့ပါဝင်ပါသည်။
ဒေါ်ခင်ခင်ဝင်း၏ မိသားစု
(ဒေါ်)ခင်ခင်ဝင်း၏ ခင်ပွန်းနှင့်မိသားစုဝင်များသည် နိုင်ငံရေးသမားတစ်ဦးအနေဖြင့် သူမရပ်တည်နေနိုင်အောင် ထောက်ပံ့ပေးထားခဲ့ကြသည်။ မိသားစု ဘ၀နှင့်ခင်ပွန်းသည်ထက် နိုင်ငံရေးနှင့်ဒေါ်အောင်ဆန်းစုကြည်ကို ပိုမိုဦးစားပေးခဲ့သည်။ မိသားစုအနေဖြင့် အခက်အခဲအကြပ်အတည်းတွေ့စေမည့် ပြဿ နာများ ပြေလည်လို ပြေလျော့စေလိုငြား၊ နိုင်ငံရေးတွင် ရန်ငါ ကွဲလိုကွဲငြားအတွက် မိမိချစ်ရသော ခင်ပွန်းသည်နှင့်တရားဝင်ကွာရှင်းနေထိုင်ခဲ့သည်။ သာမန် အားဖြင့် ယုံကြည်နိုင်ဖွယ်ရာမရှိနိုင်သော အခြေအနေတစ်ရပ်ကို (ဒေါ်)ခင်ခင်ဝင်းသည် တကယ်ပင်ပြုမူခဲ့သည်။ ထို့အတူ(ဒေါ်)ခင်ခင်ဝင်း၏ ခင်ပွန်း ဖြစ်သူသည်လည်း စိတ်ဓာတ်ကြံခိုင်ပြီး စွန့်လွတ်အနစ်နာခံသူတစ်ဦးဖြစ်သည်။ မိမိအရေးထက် နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပိုမိုအရေး ကြီးသည်ဟု ခံယူကာ ဒေါ်အောင်ဆန်းစုကြည်အနီးအပါးတွင် နေထိုင်ရှင်သန်လှုပ်ရှားစေခဲ့သူဖြစ်သည်။ (ဒေါ်)ခင်ခင်ဝင်း၏ ခင်ပွန်းသည် ဆေးရုံဆေးခန်းတက်၍ ဆေးကုသမှုခံယူနေရချိန်များတွင် သူမသည် ခင်ပွန်းသည်ရှိရာနေရာသို့ လာရောက်ရလေသည်။ ထိုသို့သွားလာရာလမ်းများတွင် ထောက် လှမ်းရေးများသည် ထပ်ချပ်မကွာ လိုက်လံလေ့ရှိသည်။ ဆေးရုံဆေးခန်းပေါ်တွင် ခင်ပွန်းဖြစ်သူနှင့်တွေ့ဆုံအားပေးနေ၍ ပြန်ချိန်ကြာချိန်လင့်လာ သည့်အခါ(ဒေါ်)ခင်ခင်ဝင်း၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသူ ထောက်လှမ်းရေးများကို အားနာသော စာနာသောကြောင့် (ဒေါ်)ခင်ခင်ဝင်းကို နေထိုင် ရာအရပ်သို့ ပြန်ရန် ခင်ပွန်းသည်က တိုက်တွန်းလေ့ရှိသည်။ မိမိကို မျက်စိတောက်ထောက်စောင့်ကြည့်နေသူကို စာနာထောက်ထားသည့် မေတ္တာ တရားသည် မသေးလှပါ။
(ဒေါ်)ခင်ခင်ဝင်း၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့်လည်းကောင်း၊ အာဏာရှင်တို့၏ ညစ်လုံးများကြောင့်လည်းကောင်းနှင့်လူသားတို့၏ ခံနိုင်ရည်ရှိမှုတို့ ကြောင့်လည်းကောင်း၊ နိုင်ငံရေးလှုပ်ရှားသူ သူမကို ဆွေမျိုးသားချင်းအချို့က ရှောင်ကြည်လာကြသည်။ အကြောက်တရားကြောင့် သူမကို ဘေးသို့ ထုတ် လာခဲ့ကြသည်ကို ရင်ဆိုင်ရပြန်သည်။ ကျန်းမာရေးချို့ယွင်းလာသောခင်ပွန်းကို ကောင်းစွာမပြုစု မစောင့်ရှောက်နိုင်သလို သားသမီးတို့၏ အရေးကိစ္စကို လည်း သူမအချိန်မပေးနိုင်ခဲ့ပါ။ အာဏာရှင်များက သူမဘ၀ရှင်သန်ခြင်းကိုသာမကဘဲ သူမ၏မိသားစု၊ ဆွေမျိုးသားချင်းနှင့်ပတ်ဝန်းကျင်၏ ဆက်နွယ် ရှင်သန်ခြင်းကိုပါ နှောင့်ယှက်ဟန့်တား၍ ဒုက္ခကောင်းကောင်းပေးလေသည်။
ခမောက်မှ နှဲသို့
(ဒေါ်)ခင်ခင်ဝင်း၏ နိုင်ငံရေးလှုပ်ရှားမှုများသည် အလွန်အားရဖွယ်ကောင်းလှပါသည်။ ထက်မြက်သည့် စူးရှသည့် နိုင်ငံရေးအမြင်ကျယ်သည့် သူတစ်ဦး အဖြစ်မြင်ရသည်။ (ဒေါ်)ခင်ခင်ဝင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ပါတီတာဝန်ကို ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့သည်။ ပါတီ အတွင်းဖြစ်ခဲ့သော အုပ်စုများအကြား သဘောကွဲလွဲခြင်းများ၊ အယူအဆရေးရာကိစ္စရပ်များနှင့် မိမိ၏ မိခင်ပါတီနှင့်ပတ်သက်၍ သုံးသပ်တင်ပြခြင်းများ သည် ရဲရင့်ပြတ်သားလှပါသည်။ (ဒေါ်)ခင်ခင်ဝင်း၏ တစ်ခြားသော ထူးခြားသည့်စွမ်းရည်မှာ စည်းရုံးရေးစွမ်းရည်ဖြစ်ပါသည်။ နိုင်ငံရေးအခြေအနေ ကြောင့် ပါတီကြီးသည် ပါတီငယ်လေးတစ်ခုကို အရံအားဖြင့် တည်ထောင်ခဲ့ရသည်။ ပါတီကြီး၏ သင်္ကေတမှာ ခမောက်ဖြစ်ပြီး ပါတီငယ်(အရံပါတီ)၏ သင်္ကေတမှာ နှဲဖြစ်ပါသည်။ (ဒေါ်)ခင်ခင်ဝင်းအနေဖြင့် ပါတီစည်းရုံးရေးတာဝန်ယူထားရသည့် ဒေသများအနက် ဒေသတစ်ခုမှ အမျိုးသမီးတစ်ဦးသည် ခမောက်မှလွဲ၍ မည်သည့်ပါတီကိုမှ လက်ခံသူမဟုတ်ပါ။ ဗျူဟာအရ ထိုဒေသအတွက်လိုအပ်နေသည်မှာ နှဲ ဖြစ်ပါသည်။ နှဲကို ထိုအမျိုးသမီးလက်ခံရန် လိုသည်။ (ဒေါ်)ခင်ခင်ဝင်းသည် သူမ၏ရင်ဘတ်တွင် ခမောက်နှင့်နှဲ ပါတီသင်္ကေတ(၂)ခုကို အပေါ်အောက်ဆင့်၍ တပ်လိုက်သည်။ ထို့နောက် ထိုအမျိုး သမီးထံသွားခဲ့သည်။ ခမောက်မှ ခမောက်ဆိုသူကို နှဲ ဖြစ်သွားအောင်သူမစွမ်းဆောင်နိုင်ခဲ့သည်။
အမေစု တောင့်ထား
“ရေဆန်လမ်းမှ အိမ်အပြန်”စာအုပ်မှ စိတ်ဝင်စားရန်ကောင်းသောအစိတ်အပိုင်းတစ်ခုမှာ မြန်မာ့ဒီမိုကရေစီအရေးဦးဆောင်သူ ဒေါ်အောင်ဆန်းစုကြည် အကြောင်းဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် စတင်တွေ့ဆုံချိန်မှစတင်၍ နိုင်ငံရေးကိစ္စအတူဖြတ်သန်းချိန်၊ နေအိမ်အကျုပ်ချုပ်အဖြစ်အတူတကွ နေထိုင်ချိန်များအကြောင်းတို့ကို စိတ်ဝင်စားဖွယ်ဖတ်ရှုခဲ့ရသည်။ နေအိမ်အကျယ်ချုပ်အဖြစ် နှစ်ပေါင်းများစွာနေထိုင်ခဲ့ရသူတစ်ဦး၏အစိတ်အပိုင်းအချို့ နှင့် ဒေါ်အောင်ဆန်းစုကြည်၏ကိုယ်ရည်ကိုယ်သွေးများမှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပါသည်။ နိုင်ငံရေးနှင့်ဒေါ်အောင်ဆန်းစုကြည်၊ (ဒေါ်)ခင်ခင်ဝင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၊ လုံခြုံရေးအစောင့်အကြပ်များနှင့်ဒေါ်အောင်ဆန်းစုကြည်၊ လူသားဆန်မှုနှင့်ဒေါ်အောင်ဆန်းစုကြည် စသည်စသဖြင့် များစွာလှ သောအကြောင်းအရင်းပေါင်းများစွာကို မှတ်တမ်းတင်ရေးသားထားသည်။
များလှစွာသော သူမတို့နှစ်ဦးအကြား ဆက်ဆံရေးများနှင့်အမှတ်ရဖွယ်အကြောင်းအရာများအနက်မှ (ဒေါ်)ခင်ခင်ဝင်းသမီးညိုညို၏ ထီးတစ်လက် အကြောင်းနှင့်ဒေါ်အောင်ဆန်းစုကြည်၏ ထီးဗီဒိုကြီးအကြောင်းကို စိတ်ဝင်စားဖွယ်ကောင်းစွာ သိလိုက်ရပါသည်။ တူညီသော နိုင်ငံရေးအခင်းအကျင်း အောက်တွင် ဖြတ်သန်းမှုမတူညီသော၊ ကံအကျိုးပေးခြင်း မတူညီသော မြန်မာအမျိုးသမီးနှစ်ဦး၊ မိခင်နှစ်ဦးနှင့်နိုင်ငံရေးလှုပ်ရှားသူနှစ်ဦးတို့၏ ဘ၀ကို သိမြင်ခွင့်ရခဲ့ပါသည်။
အာဏာရှင်ကို တော်လှန်ကြသည့်အခါ အာဏာရှင်နှင့်တော်လှန်သူအုပ်စုဟူ၍ ရှိကြစမြဲပင်ဖြစ်သည်။ နိုင်ငံရေးစနစ်ဆိုးတစ်ခုအောက်တွင် အာဏာရှင်ကြီး စိုးသောကာလတစ်ခုတွင် အာဏာရှင်အတွက် တနည်း အုပ်ချုပ်သူအတွက် စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ် စေ အမိန့်အာဏာအတိုင်း အကောင်အထည်ဖော်ရသူများ ရှိလေသည်။ ထိုသူတို့သည် အုပ်ချုပ်သူတို့ကို တစ်ခါတစ်ရံပြန်လည် တော်လှန်တတ်ကြသလို တော်လှန်သူများကို တစ်နိုင်တစ်ပိုင်အားပေးထောက်ပံ့ကြပါသည်။ လူသားဆန်မှုနှင့်မေတ္တာတရားကိုလည်း ထုတ်နုတ်ပြသကြသည်။ ထိုအချင်းအရာကိစ္စ ကို (ဒေါ်)ခင်ခင်ဝင်း၏ “ရေဆန်လမ်းမှ အိမ်အပြန်”တွင် မြင်ရဖတ်ရပါသည်။ (ဒေါ်)ခင်ခင်ဝင်း၏ မိသားစုအရေးရာကိစ္စများ၏ သတင်းကို (ဒေါ်)ခင်ခင်ဝင်းသည် သူမနောက်သို့ တကောက်ကောက်လိုက်နေသော ထောက်လှမ်းရေးများထံမှ ရသည်။ ခြံအမှတ်(၅၄)၏ တံခါး၀တွင် နာရီပေါင်း များစွာရပ်တန့်၍ ဆန္ဒဖော်ထုတ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ခြင်ကိုက်မည်စိုးရိမ်၍ ခြင်ဆေးခွေ လာထွန်းပေးသည့် တပ်မတော်သားနှင့် ရွှေဝါ ရောင်တော်လှန်ရေး၏ သံဃာများကို ခြံ၀ထွက်ပြီး ဦးခိုက်ကန်တော့သည့် ဒေါ်အောင်ဆန်းစုကြည်ကို ဟန့်တားကြရသည့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များထဲမှ တပ်ဖွဲ့ဝင်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ဘက်သို့လှည့်ကာ “အမေစု…တောင့်ထား”ဟု အားပေးထောက်ခံခဲ့ကြသည်။
အိမ်အပြန်
“ရေဆန်လမ်းမှ အိမ်အပြန်”ဟု(ဒေါ်)ခင်ခင်ဝင်းက သူမ၏စာအုပ်ကို ဆိုထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေအိမ်အကျယ်ချုပ်ဘ၀မှ လွတ်မြောက်ချိန်တွင် သူမသည်ပြန်ခဲ့သော်လည်း ပြန်စရာအိမ်အဖြစ် သူမတွင် ကိုယ်ပိုင်အိမ် မရှိခဲ့ပါ။ နေထိုင်ရာ အိမ်ကိစ္စသည် သူမနှင့်သူမ၏ မိသားစုဘ၀တွင် အကြိမ်ပေါင်းများစွာရင်ဆိုင်ဖြေရှင်းခဲ့ရသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့သည်။ နေအိမ်အကျယ်ချုပ်ဘ၀မှ လွတ်မြောက်လာသော်လည်း လူမှုဘ၀တွင် ရှင်သန် နေထိုင်နိုင်အောင် (ဒေါ်)ခင်ခင်ဝင်းသည် ရှုန်းကန်လှုပ်ရှားရပြန်သည်။
ကျောင်းဆရာမတစ်ဦး၊ အိမ်ထောင်ရှင်တစ်ဦး၊ ပါတီဝင်တစ်ဦးနှင့် နိုင်ငံရေးသမားတစ်ဦး၊ ထက်မြက်တက်ကြွစွာဖြတ်သန်းခဲ့သူ၊ မိမိနှင့်မိသားစုဘ၀ထက် ဒီမိုကရေစီရေးခေါင်းဆောင်အတွက် ဦးစားပေးနေထိုင်အနစ်နာခံပေးခဲ့သူ၊ အကျဉ်းကျခံအဖြစ်မှ လွတ်မြောက်နိုင်ချေများစွာရှိသည့်တိုင်အောင် ခေါင်း ဆောင်နှင့်အတူ နေအိမ်အကျယ်ချုပ်ဘ၀သို့ ရဲဝင့်စွာခံယူခဲ့သူ (ဒေါ်)ခင်ခင်ဝင်းသည် စာပေအရေးအသားကောင်းသူလည်း ဖြစ်ပါသည်။ စာရေးခြင်း အတတ်ပညာကို ကောင်းမွန်စွာနားလည်ပြီး သင့်တင့်လျောက်ပတ်စွာ ရေးသားတင်ပြနိုင်သူဖြစ်သည်။ မိမိဖြတ်သန်းခဲ့ရသည့် ကိုယ်တွေ့ဖြစ်ရပ်များကို ပြန်လည်တင်ပြရာတွင် သိမ်မွေ့စွာဖြင့် လူ့သဘောလူ့မနောကို နားလည်အောင်တင်ပြနိုင်သည်ကို တွေ့ရသည်။ နက်နက်နဲနဲတွေးလေ နက်နက်နဲနဲ နာကျင်ရလေဖြစ်မည့်ကိစ္စများကို (ဒေါ်)ခင်ခင်ဝင်းသည် အညိုးအတေးကင်းကင်း၊ အာဃာတကင်းကင်းဖြင့် ကိုယ်တွေ့မှတ်တမ်းကို ပြုစုရေးသားနိုင်ခဲ့ သည်။
လူမှုဘ၀တို့၏ ကျပ်တည်းမှုတို့ကို မခံမရပ်နိုင်ဖြစ်ခဲ့သောကြောင့် အာဏာရှင်ကို တော်လှန်ရန် နိုင်ငံရေးလမ်းကို သူမရွေးခဲ့သည်။ သူမရည်ရွယ်ချက်သည် အပြောင်းအလဲဖြစ်သည်။ အပြောင်းအလဲအရွေ့တစ်ခုအရောက်တွင် သူမသည် သူမဆိုခဲ့သော အိမ်သို့ ပြန်ခဲ့သည်။ ကျော်ကြားမှု၊ အာဏာနှင့် ဩဇာ တို့ သည် သူမနှင့်မသက်ဆိုင်၊ သူမစိတ်မဝင်စား။ တာဝန်ကျေတတ်လွန်း တာဝန်သိတတ်လွန်းသော (ဒေါ်)ခင်ခင်ဝင်းသည် (ဆရာ)ဟံသာ၀တီ ဦးဝင်းတင် ပြောကြားမှာကြားခဲ့သလို သမိုင်းထောင့်စေ့စေဖို့ ကိုယ်တွေ့မှတ်တမ်းစာအုပ်တစ်အုပ်ကို ရေးသားခဲ့ပြီး တာဝန်တစ်ရပ်ကျေခဲ့ပြန်သည်။
လေးစားဦးညွတ်ရပါသည်။
ဟန်ဆန်း
၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်
စာအုပ်အမည် – ရေဆန်လမ်းမှ အိမ်အပြန်
စာရေးဆရာ – ခင်ခင်ဝင်း
စာအုပ်တိုက် – ဓူဝံ
မျက်နှာဖုံးပန်းချီ – ကိုယ်ထိုက်
ထုတ်ဝေနှစ် – ဒီဇင်ဘာလ၊ ၂ဝ၁၆ ခုနှစ် (ပထမအကြိမ်)
တန်ဖိုး – ၃၅ဝဝ ကျပ်