၁၉၈၈ ခုနှစ်တွင် ကျောင်းသားလှုပ်ရှားမှုဖြင့် အစတည်ခဲ့သော ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ၂ဝ၁၇ ခုနှစ်တွင် ၂၉ နှစ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ၂၉ နှစ်တိတိပြည့်မြောက်သောနှစ် ဇူလိုင်လတွင် စာရေး ဆရာ ဦးလှဝင်း(လေသူရဲတစ်ဦး)၏ ‘‘ရေစုန်နှင့်ရေဆန်’’စာအုပ်ထွက်လာသည်။
၁၉၈၈ ခုနှစ်အရေးတော်ပုံကာလတွင် ဖြစ်တည်ဖြစ်ပျက်ခဲ့သည်များကို မခံချိမခံသာဖြစ်ခဲ့ကြသော စာပေ နှင့်အနုပညာရှင်များသည် သဘောထားကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။ ထိုအကြောင်းအား အစပြု ၍‘‘ရေစုန်နှင့်ရေဆန်’’ စာအုပ်ကို ရေးသားထားသည်။ ဂိုဒေါင်များကိုဖောက်၍ ဈေးတန်းကြီး တည်ခင်းရောင်းချနေသော ရန်ကုန်အရပ်ဝန်းကျင်များသို့ ဘီခြောက်ရာကားဖြင့် လှည့်ပတ်ကြည့်ရှုရန် စာရေးဆရာ ဦးလှဝင်း(လေသူရဲတစ်ဦး)သည်ဆန္ဒ ဖြစ်ပေါ်ခဲ့သည်။ ထိုဆန္ဒအတိုင်း သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်၊ အယ်ဒီတာ ဦးဝင်းခက်တို့နှင့် ချိန်းဆို၍ လှည့်လည်ကြည့်ရှုကြသည်။ ရန်ကုန်မြို့တွင်း လှည့်ပတ်သွားလာရင်းဖြင့် စာရေးဆရာ မောင်သော်ကထံသို့ ရောက်ရှိသွားကြသည်။
ကျောင်းသား လှုပ်ရှားမှုအတွင်း သေဆုံးသွားသော ကျောင်းသားများနှင့်ပတ်သက်၍ ရတက်မအေး ပူဆွေးဝမ်းနည်းနေသော စာရေးဆရာ မောင်သော်ကသည် စာပေသမားများအနေဖြင့် ယခုအရေးတွင် နှုတ်ဆိတ်၍နေကြတော့ မည်လားဆိုသောအမေးကြောင့် မြန်မာ့ဒီမိုကရေစီအရေးသမိုင်းတွင်အရေးပါလာသည့် ‘‘စာပေနှင့် အနုပညာရှင်များ၏ သဘောထားကြေညာချက်’’ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် စာနယ်ဇင်းသမဂ္ဂ ပေါ်ပေါက်လာသည်။ ထို့နောက် မြန်မာ့နိုင်ငံရေးကို ဦးဆောင်မည့် နိုင်ငံခေါင်းဆောင်ကို ရှာဖွေထုတ်ဖော်ကြသည်။ ထို့နောက် ကျောင်းသားလှုပ်ရှားမှုသည် လူထုလှုပ်ရှားမှု ဖြစ်လာသည်။ မြန်မာ့နိုင်ငံရေးစင်မြင့်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစေရန် စာပေနှင့်အနုပညာရှင်များက အားထုတ်ခဲ့ကြသည်။ ထို့နောက် စာပေနယ်ပယ်မှစာပေပညာရှင်များသည် နိုင်ငံရေးနယ်ပယ်ထဲသို့ ရောက်ရှိသွားကြသည်။ ထောင်ကျသူ ကျ၊ ပြည်ပသို့ ထွက်ခွာသူ ထွက်ခွာ၊ ကွယ်လွန်သူ ကွယ်လွန်အစရှိသဖြင့် အဖြစ်အပျက်အစုံအလင်ခဲ့သော နှစ်ကာလများစွာတို့ ရွေ့လျားလာခဲ့သည်မှာ နှစ်ပေါင်း ၂၉ နှစ်တိုင်အောင်ရှိခဲ့ပြီဖြစ်သော်လည်း အဖြစ်အပျက်များ ဖြစ်တည်ဖြစ်ပျက်ပြီး မကြာမီကာလ ပူပူနွေးနွေးတွင်ပင် ဦးလှဝင်း(လေသူရဲတစ်ဦး)သည် ‘‘ရေစုနှင့်ရေဆန်’’ကို ရေးသားခဲ့ခြင်းဖြစ်သည်။
‘‘ရေစုန်နှင့်ရေဆန်’’စာအုပ်ကို ဦးလှဝင်း(လေသူရဲတစ်ဦး)သည် ၁၉၈၉ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့ကတည်းက အခန်း(၁၆)ခန်း ရေးသားပြီးစီးခဲ့ ပြီးဖြစ်သည်။ ၂၇ နှစ်ကျော်လွန်ပြီးသောအချိန် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၂ဝ ရက်တွင် အခန်း(၁၇)ကို ရေးသားပြီးစီးခဲ့သည်။ စာအုပ်တွင် အလင်းနှင့် အမှောင်၊ တိုက်ပွဲခေါ်သံ၊ ဆရာကြီးများဆန္ဒ၊ ဗိုလ်သူရလမ်း လျှို့ဝှက်အစည်းအဝေး၊ အရိုင်းခေါ်သံ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ရေတိုင်ကီစင်မြင့်၊ ရွှေတိဂုံဘုရားအနောက်ဖက်မုဒ် အစည်းအဝေး၊ ဘာတွေဖြစ်ကုန်ပြီလဲ၊ စာနယ်ဇင်းသမဂ္ဂဖွဲ့ကြပြီ၊ ဆရာရန်အောင်၏ ကြေးစည်သံ၊ ကိုဝင်းဦးနှင့်ကျွန်တော်၊ ဝန်ကြီးချုပ်ဦးနု ပြဿနာ၊ ခေတ်ပျက်နှင့် ဦးနေဝင်း၊ ကြားဖြတ်အစိုးရပြဿနာ၊ နောက်ဆုံး နေ့ရက်များ၊ ခွင့်မတောင်းပေမယ့် ရပါတယ်၊ နိဂုံး၏ နိဂုံး ဆိုသော အခန်း ၁ရ ခန်းနှင့် စာရေးသူ၏ အမှာ အပါအဝင် ဦးနေဝင်း၏ နောက်ဆုံးမိန့်ခွန်း၊ ဒေါက်တာမောင်မောင်၏ မိန့်ခွန်းများ၊ မောင်သော်က အတွက် အမှတ်တရ၊ ဟံသာဝတီ ဦးဝင်းတင်နှင့်ကျွန်တော် တို့သည် နောက်ဆက်တွဲများအဖြစ် ပါဝင်သည်။ ထို့အပြင် ဓာတ်ပုံမှတ်တမ်းအချို့ကိုလည်း ထည့်သွင်းဖော်ပြထားသည်။
သဘောထားကြေညာချက်အတွက် လက်မှတ်စုဆောင်းရန် အားထုတ်ကြခြင်း
ဆရာ မောင်သော်က၊ ဆရာ ဟံသာဝတီ ဦးဝင်းတင်၊ ဆရာ ဦးဝင်းခက်နှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)တို့၏ အားထုတ်ကြိုးပမ်းမှုဖြင့် ‘‘စာပေနှင့် အနုပညာရှင်များ၏ သဘောထားကြေညာချက်’’မူကြမ်းသည် ထွက်ပေါ်လာခဲ့သည်။ ထိုမူကြမ်းကို ထုတ်ပြန်ကြေညာနိုင်ရန်အတွက် စာပေနှင့်အနုပညာ ရှင်တို့၏ လက်မှတ်များကို လိုက်လံစုဆောင်းကြသည်။ လက်မှတ်လိုက်လံစုဆောင်းသည့်အကြောင်းကို ရေးသားထားသည်မှာ စိတ်ဝင်စားဖွယ်ကောင်း သည်။ စာပေနှင့်အနုပညာရှင်အများစုသည် ထိုကာလက ဖြစ်ပျက်နေသောအခြေအနေများနှင့်ပတ်သက်၍ စိတ်မသက်မသာဖြစ်နေကြပြီး စနစ်ဆိုး ခေတ်ဆိုးကြီးကို တော်လှန်ပစ်ရန် လိုလားနေကြသည်။ ထို့ကြောင့် ‘‘စာပေနှင့်အနုပညာရှင်များ၏ သဘောထားကြေညာချက်’’ကို လိုလိုလားလား လက်မှတ်ရေးထိုးခဲ့ကြသည်။ လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့သူ ထင်ရှားသည့် စာရေးဆရာမှာ ဆရာ မြသန်းတင့်ဖြစ်သည်။ ထိုအချိန်ကာလတွင် ဆရာ မြသန်းတင့်က လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့ကြောင်း လူသိသူသိများခဲ့ပေမယ့် မည်သည့်အကြောင်းကြောင့် ငြင်းဆိုခဲ့ကြောင်း ခိုင်လုံသည့် အထောက်အထားမရှိခဲ့ပါ။ ဦးလှဝင်း(လေသူရဲတစ်ဦး)၏ ‘‘ရေစုန်နှင့်ရေဆန်’’စာအုပ်တွင် ဆရာ မြသန်းတင့်က လက်မှတ်ရေးထိုးရန် ဘာကြောင့်ငြင်းဆို ခဲ့ကြောင်း ဖော်ပြထားခဲ့သည်။ ဆရာ မြသန်းတင့်၏ ငြင်းဆိုချက်မှာ အကြောင်းအကျိုးခိုင်လုံပါသည်။ ထိုအချက်များနှင့်အတူ ထိုကာလ၏ အခင်းအကျင်း နှင့်နောက်ဆက်တွဲကိစ္စများကို စာအုပ်တွင် ဦးလှဝင်း(လေသူရဲတစ်ဦး)က သုံးသပ်ရေးသားထားသည်။
ကျောင်းသားများ၏ ခံယူချက်နှင့် နိုင်ငံရေးခေါင်းဆောင်ရှာပုံတော်
ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ကျောင်းသားများ၏ ကျောင်းသားလှုပ်ရှားမှုမှ လူထုလှုပ်ရှားမှုအသွင်သို့ ပြောင်းလဲ၍ အာဏာရှင်ကို တွန်းလှန် တိုက်ခိုက်ခဲ့ကြသော တော်လှန်ရေးကြီးတစ်ရပ်ဖြစ်ခဲ့သည်။ အဆိုပါ တော်လှန်ရေးကြီး မှန်မှန် ကန်ကန်ဖြင့် အောင်မြင်လာစေရန်ဦးဆောင်မည့် ခေါင်း ဆောင်ကောင်းတစ်ဦးသည် အမှန်တကယ်လိုအပ်နေခဲ့သည်။ စာပေသမားများဦးဆောင်လှုပ်ရှားနေသည့် အစုအဖွဲ့တွင်ပင် ခေါင်းဆောင်ဟူ၍ သီးသီးခြား ခြားသတ်သတ်မှတ်မှတ် မရှိခဲ့ မထားခဲ့ကြပါကြောင်း၊ နိုင်ငံရေးအရဦးဆောင်မည့် နိုင်ငံခေါင်းဆောင်သည် မရှိခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မည် သူကမျှ မသိခဲ့ကြပါ။ ကျောင်းသားလှုပ်ရှားမှုများကို ဦးဆောင်လုပ်ဆောင်နေကြသော ကျောင်းသားခေါင်းဆောင်များသည် နိုင်ငံရေးအရ ရည်မှန်းချက် ရှိခဲ့ကြသူများ မဟုတ်ခဲ့သလို အချိန်တန်လျှင် ကျောင်းသို့ပြန်ကြမည့်သူများသာ ဖြစ်ကြောင်း၊ မိမိတို့၏ ကျောင်းသားလှုပ်ရှားမှု အောင်မြင်ပြီးစီးပါက ကျောင်းသို့ ပြန်မည့်သဘောထားသာရှိခဲ့ကြောင်း ‘‘ရေစုန်နှင့်ရေဆန်’’တွင် ဦးလှဝင်း(လေသူရဲတစ်ဦး)က မှတ်တမ်းတင်ထားခဲ့သည်။
ထိုခေတ်ကာလတွင် လိုအပ်နေသော ခေါင်းဆောင်ကောင်းတစ်ယောက်ကို ရှာဖွေ၍ လူထုခေါင်းဆောင်အဖြစ် ဦးဆောင်မှုပေးနိုင်ရန် စာပေနှင့်အနု ပညာရှင်များက ကြိုးပမ်းခဲ့သည်များကိုလည်း မှတ်တမ်းတင်ထားခဲ့သည်။ ခေါင်းဆောင်ကောင်းတစ်ဦးကို ရှာဖွေရသည်မှာ မလွယ်ကူသကဲ့သို့ ထိုခေါင်း ဆောင်ကို အရပ်သူအရပ်သား ပြည်သူများက အသိအမှတ်ပြုလာရန်နှင့် နိုင်ငံရေးရည်မှန်ချက်အတွက် အမြတ်ထုတ်ရန်ကြံစည်ကြသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်ရသည်မှာလည်း လွယ်ကူလှသည် မဟုတ်ပါ။ ထိုအကြောင်းအရာများနှင့်ပတ်သက်သည့် ကိစ္စရပ်တစ်ချို့ကို ‘‘ရေစုန်နှင့်ရေဆန်’’တွင် တွေ့ရ သည်။
မီးလောင်ရာ လေပင့် သတင်းကိစ္စများ
ပဋိပက္ခများကို ပိုမိုကြီးထွားသွားစေရန်နှင့် အကြမ်းဖက်လုပ်ရပ်များဖက်သို့ ဦးတည်သွားစေရန် ဖန်တီးခဲ့သော သတင်းမှား၊ သတင်းအတုနှင့်လုပ်ကြံ သတင်းများသည်လည်း ရှစ်လေးလုံးအရေးတော်ပုံကာလတွင် များစွာထွက်ပေါ်ခဲ့သည်။ သောက်ရေကန်အဆိပ်ခပ်သည့်သတင်းမှအစပြုပြီး ခေါင်းဖြတ်သတ် သည့်လုပ်ရပ်များအကြောင်း သတင်းများသည် ထိုကာလက သတင်းစာမျက်နှာများတွင် ထင်ထင်ရှားရှားပါဝင်လာခဲ့သည်။ ထိုသတင်းများကို တင်ပြသည့် ပုံစံ၊ သတင်း၏ ခိုင်လုံမှုအတိုင်းအတာ၊ ရှေ့နောက်မညီညွတ်ခြင်းနှင့် သတင်းစာပညာရပ်ဆိုင်ရာမှ သွေဖီနေသောတင်ပြချက်များအတွက် ဦးလှဝင်း(လေသူရဲ တစ်ဦး)သည် စိတ်မသက်မသာဖြစ်ခဲ့ရသည်။ ထိုသို့ စိတ်မသက်မသာဖြစ်ခဲ့မှုများနှင့်ပတ်သက်၍ စာနယ်ဇင်းသမဂ္ဂအနေဖြင့် တစ်စုံတရာတာဝန်ယူ၍ ထိန်းသိမ်းစေလိုသည့်ဆန္ဒလည်း ဦးလှဝင်း(လေသူရဲတစ်ဦး)ထံတွင် ရှိခဲ့သည်။ သို့သော်လည်း စာနယ်ဇင်းသမဂ္ဂအနေဖြင့် သတင်းနှင့်ပတ်သက်သည့်ကိစ္စ များကို ကောင်းမွန်မှန်ကန်စွာ ထိန်းသိမ်းနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ဦးလှဝင်း(လေသူရဲတစ်ဦး)က ဝမ်းနည်းစွာမှတ်တမ်းတင်ထားသည်။ အာဏာရှင်ကို တော်လှန်ရန်ဆန္ဒအားကြီးခဲ့ကြရ၍ သတင်းစာပညာဘက်တွင် လစ်ဟသွားရသည်ဟု သုံးသပ်ရနိုင်သည်။ ပဋိပက္ခအခြေအနေများပြားလှသည့် နိုင်ငံတွင် ပဋိပက္ခသတင်းကို အရပ်သားများထံ တင်ပြရာတွင် သတိထားသင့်သည့် သင်ခန်းစာများကို နမူနာယူသင့်လှပါသည်။ သတင်းစာပညာကို လေ့လာခဲ့ဖူးသူ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့သတင်းစဉ် (ပြည်တွင်း)၌ အယ်ဒီတာချုပ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးလှဝင်း(လေသူရဲတစ်ဦး)သည် ထိုကာလတွင် ဖော်ပြခဲ့သောသတင်းများနှင့်သတင်းစာကျင့်ဝတ်များအကြောင်းတို့ကို လေ့လာသုံးသပ်ပြထားသည်မှာ ကျေနပ်စရာကောင်းသလို သင်ခန်းစာယူရန် ကောင်းလှပါသည်။
သတင်းဖော်ပြသည်နှင့်ဆက်စပ်၍ ထိုကာလ၏ နာမည်ကျော်ကုန်သွယ်ရေးရုံးအဖြစ်အပျက်ကိုလည်း စာအုပ်တွင် ဖော်ပြထားသည်။ ကုန်သွယ်ရေးရုံး အဖြစ်အပျက်၏ အခြေအနေအမှန်နှင့် အရပ်ဖက်သို့ ရောက်ရှိလာသော သတင်းလွဲသတင်းမှားကိစ္စရပ်များကို မျက်မြင်သက်သေတစ်ဦးနေရာမှနေ၍ ဦးလှဝင်း(လေသူရဲတစ်ဦး)သည် ‘‘ရေစုန်နှင့်ရေဆန်’’စာအုပ်တွင် ဖော်ပြထားမှာလည်း စိတ်ဝင်စားဖွယ်၊ အထောက်အထားအကိုးအကား ပြုဖွယ်ရာဖြစ်သည်။
ကြားဖြတ်အစိုးရကိစ္စ
ရှစ်လေးလုံးအရေးတော်ပုံကြောင့် ထွက်ပေါ်လာသော နောက်ဆက်တွဲ ကောင်းကျိုးမှာ နှစ်ရှည်လများ အမြစ်တွယ်လာသော အာဏာရှင်ပြုတ်ကျ၍ မြန်မာ့နိုင်ငံရေးအပြောင်းအလဲများ အလျင်အမြန်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ နိုင်ငံအုပ်ချုပ်သူများသည်လည်း နေ့ပိုင်းညပိုင်း ရက်ပိုင်းလပိုင်းအတွင်း၌ပင် အပြောင်းအလဲများဖြစ်ပေါ်ခဲ့သည်။ တစ်ပါတီစနစ်မှ ပါတီစုံဒီမိုကရေစီစနစ်သို့ ပြောင်းလဲကျင့်သုံးရန် ဖြစ်ပေါ်လာခဲ့သည်။ ထိုအခြေအနေတစ်ရပ်တွင် နိုင်ငံရေးဦးဆောင်လှုပ်ရှားသူများဘက်၌ ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းရေးကိစ္စ ပေါ်ပေါက်လာသည်။ ဝန်ကြီးချုပ်ဟောင်းဦးနုကလည်း မိမိထံမှ လုယူသွားသောနိုင်ငံတော်အာဏာကို မိမိက ပြန်လည်ရယူလိုက်ပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုအခင်းအကျင်းများနှင့်ပတ်သက်၍ စာနယ်ဇင်း အသိုက်အဝန်းမှ စာပေတတ်သိပညာရှင်များအကြားတွင် သဘောထားကွဲလွဲခဲ့သည်များနှင့် ထိုကာလ၏ နိုင်ငံရေးအခြေအနေများကို ‘‘ရေစုန်နှင့်ရေဆန်’’တွင် ဦးလှဝင်း(လေသူရဲတစ်ဦး)က သုံးသပ်ရေးသားခဲ့သည်။ ထိုသို့သုံးသပ်ရေးသားရာတွင် ဦးလှဝင်း(လေသူရဲတစ်ဦး)၏ ဖြတ်သန်းမှုအတွေ့အကြုံနှင့် ထိုကာလ၏ နိုင်ငံရေးမိန့်ခွန်းများ၊ ဒေါက်တာမောင်မောင်၏ ရေးသားချက်များကို အခြေခံ၍ ရေးသားထားသည်ကို တွေ့ရသည်။ ထို့ကြောင့် ထိုကာလက တောင်းဆိုခဲ့သော ကြားဖြတ်အစိုးရကိစ္စကို တစေ့တစောင် လေ့လာနိုင်မည်ဖြစ်သည်။
ရုပ်ပုံလွွှာများ
‘‘ရေစုန်နှင့်ရေဆန်’’စာအုပ်သည် ရှစ်လေးပုံအရေးတော်ပုံအကြောင်းမှတ်တမ်းစာအုပ်ဖြစ်သော်လည်း စာပေနှင့်အနုပညာရှင်များဖြစ်သော ရန်အောင်၊ မောင်သော်က၊ ဟံသာဝတီ ဦးဝင်းတင်၊ ကြေးမုံ ဦးသောင်း(အောင်ဗလ)၊ ပါရဂူ၊ မောင်မိုးသူ၊ ဝင်းခက်၊ မောင်ကိုယု၊ မောင်စွမ်းရည်၊ မင်းယုဝေ၊ ရုပ်ရှင်သရုပ်ဆောင် ထွန်းဝေ၊ ဝင်းဦး၊ စံပယ်ဦး ဦးတင်စိုး အစရှိသူတို့၏ စိတ်နေစိတ်ထား အကျင့်စရိုက်နှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)က ရှုမြင်သည့် စာနယ်ဇင်းဆရာများ၏ ရုပ်ပုံလွွှာများကို မြင်တွေ့ရသည်။ ထိုရုပ်ပုံလွွှာများအနက်မှ စာရေးဆရာ အယ်ဒီတာ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ဝင်းဦးနှင့် တွေ့ဆုံသည့်အကြောင်း ရေးသားထားသည့် အခန်း(၁၁)၊ ‘‘ကိုဝင်းဦးနှင့်ကျွန်တော်’’သည် အလွန်နှစ်လိုဖွယ်ကောင်းသည်။ ဝင်းဦးနှင့်ဦးလှဝင်းတို့၏ ဘဝအလှည့်အပြောင်းအကြောင်း၊ ဝင်းဦးနှင့်ဦးလှဝင်း(လေသူရဲတစ်ဦး)တို့၏အကြောင်း ရုပ်ပုံလွွှာများကို မြင်ရတွေ့ရသည်။ ထိုခေတ်ကာလ စာပေအနုပညာ ရှင်တို့၏ အရည်အသွေး၊ ဆက်ဆံရေးနှင့် စိတ်သဘောထားများကိုလည်း တွေ့မြင်ရသည်။ ဦးလှဝင်း(လေသူရဲတစ်ဦး)သည် အခြားသူတို့၏ အကြောင်းကို ရေးသော်ငြားလည်း သူ၏အကြောင်းပါ ထင်ရှားပေါ်လွင်လာသည်။
စာရေးဆရာ မောင်သော်ကနှင့် သတင်းစာဆရာ ဦးဝင်းတင်တို့၏ စိတ်ထား
စာနယ်ဇင်းသမဂ္ဂဖွဲ့စည်းခြင်းနှင့်နိုင်ငံရေးကိစ္စရပ်များဆောင်ရွက်ခြင်းတို့ကြောင့် ဆရာ ဟံသာဝတီ ဦးဝင်းတင်နှင့် ဆရာ မောင်သော်ကတို့အပေါ် ဦးလှဝင်း(လေသူရဲတစ်ဦး)သည် သဘောတရားရေးရာအရ နှစ်သက်အားရခြင်း လုံးဝမရှိခဲ့ပါ။ ‘‘ရေစုန်နှင့်ရေဆန်’’စာအုပ်ကို ရေးသားသည့်အခါတွင် ဆရာမောင်သော်ကအနေဖြင့် မနှစ်သက်သည့်ကိစ္စရပ်များပါနိုင်ကြောင်းနှင့် မိမိအနေဖြင့်ထည့်သွင်းရေးသားမည်သာဖြစ်ကြောင်း ဆရာမောင်သော်ကထံ ဦးလှဝင်း(လေသူရဲတစ်ဦး)က ပြောကြားခဲ့သည်။ ဆရာ မောင်သော်ကလည်း ကန့်ကွက်ခြင်း အလျဉ်းမရှိခဲ့ပါဘဲ လွတ်လပ်စွာရေးသားနိုင်ကြောင်းနှင့်မိမိ အနေဖြင့် ပြန်လည်ချေပသင့်သည်များရှိပါက ပြန်လည်ချေပမည်သာဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။ ဆရာ မောင်သော်ကအနေဖြင့် ဦးလှဝင်း(လေသူရဲတစ်ဦး)၏ ‘‘ရေစုန်နှင့်ရေဆန်’’ကို ဖတ်သွားရခြင်းမရှိပါဘဲ ကွယ်လွန်သွားခဲ့ရသည်။
ဆရာ ဟံသာဝတီ ဦးဝင်းတင်နှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)တို့သည် စာနယ်ဇင်းအရလည်းကောင်း၊ လူမှုရေးအရလည်းကောင်း တစ်ဦးနှင့်တစ်ဦး အလွန်ရင်းနှီးကြသူများဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်စောင့်ရှောက်ကြသူများလည်းဖြစ်သည်။ ထိုသို့ ရင်းနှီးသူနှစ်ဦးသည် ‘‘စာပေနှင့်အနု ပညာရှင်များ၏ သဘောထားကြေညာချက်’’ထုတ်ပြန်ပြီးနောက်ပိုင်း စာနယ်ဇင်းသမဂ္ဂကိစ္စများ၊ အရေးတော်ပုံကိစ္စများ၊ ဦးနု၏ နိုင်ငံတော်အာဏာ ပြန်လည်သိမ်းယူသည့် ကိစ္စများနှင့် နိုင်ငံ့ရေးရားကိစ္စရပ်များကြောင့် သဘောထားကွဲလွဲခဲ့ကြသည်။ အယူအဆများ ကွဲပြားခဲ့ကြသည်။ သဘောထား မတိုက်ဆိုင်မှုများဖြစ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အလွန့်ကို ဝေးကွာသွားခဲ့ကြသည်။ ရှစ်လေးလုံးအရေးတော်ပုံကာလ နောက်ပိုင်းဝန်းကျင်မှသည် ဆရာ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်သွားသည့်အချိန်အထိ သူတို့နှစ်ဦးသည် ပြန်လည်တွေ့ဆုံခြင်းအလျဉ်း မရှိခဲ့ကြတော့ပါ။ တစ်ဦးနှင့်တစ်ဦး အယူအဆရေးရာ သဘောထားရေးရာအရ တိုက်ဆိုင်ခြင်းမရှိဘဲ ဝေးကွားသွားကြသော်လည်း ရှစ်လေးလုံးအရေး တော်ပုံကာလကိစ္စများကို ပြန်လည်ထုတ်ဖော်ပြောဆိုကြရာတွင် တစ်ဦး၏ မကောင်းကြောင်း အတင်းအဖျင်းကို တိုက်ခိုက်ပြောဆိုကြခြင်းမရှိခဲ့ကြပါ။ အယူအဆရေးရာ မတူညီခဲ့သော်လည်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားစွာဖြင့် ရပ်တည်နေထိုင်ခဲ့ကြကြောင်း ပေါ်လွင်ခဲ့သည်။ ဆရာ ဟံသာဝတီ ဦးဝင်းတင်၊ ဦးလှဝင်း(လေသူရဲတစ်ဦး)တို့နှင့် နှစ်ဖက်ရင်းနှီးကျွမ်းဝင်သူတစ်ဦး၏ အဆိုအရ ဆရာတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ပြန်လည်တွေ့ဆုံရန်ဆန္ဒ ရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း ဆရာတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦးနွေးထွေးစွာ ပြန်လည်တွေ့ဆုံခွင့် မရရှိခဲ့သွားကြပါ။
အထောက်အထား အကိုးအကား
‘‘ရေစုန်နှင့်ရေဆန်’’စာအုပ်ပါ အကြောင်းအရာများသည် ဦးလှဝင်း(လေသူရဲတစ်ဦး)အနေဖြင့် ကိုယ်တိုင်ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကို အလေးထားပြီး ရေးသားထားသောအကြောင်းအရာများသာဖြစ်သည်။ ထို့ကြောင့် စာအုပ်ပါ သဘောထားများ၊ ရှုမြင်သုံးသပ်ချက်များနှင့်အယူအဆများ သည် စာရေးသူ၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် ထင်မြင်ယူဆချက်များသာ ဖြစ်နေလိမ့်မည်ဟု သုံးသပ်ရသည်။ သို့သော်လည်း ထိုအယူအဆနှင့်သဘော ထားများသည် သမိုင်းသုတေသီများ၊ မြန်မာ့နိုင်ငံရေးလေ့လာသူများနှင့် အမှန်တရားကို ရှာဖွေသူများအတွက် ချိန်ထိုးချင့်ချိန်ဖွယ်ရာ အထောက်အထား အကိုးအကားကောင်းတစ်ရပ်ဖြစ်နေသည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် ဦးဆောင်ပါဝင်ခဲ့သူများမှအချို့သည် ယနေ့အချိန်အထိ သက်ရှိထင်ရှားရှိနေကြ သေးသည်။ သူတို့သည် သူတို့၏ အရေးတော်ပုံကာလ ဖြတ်သန်းခဲ့မှုများနှင့်ဖိနှိပ်ခံခဲ့ရမှုများကို ယနေ့တိုင်အမှတ်ရ နာကျင်နေကြမြဲဖြစ်သည်။ အချို့ သောအဖြစ်အပျက်များအတွက် မှန်၏ မမှန်၏နှင့် သူ့အမြင် ကိုယ့်အမြင် ချင့်ချိန်ဖွယ်ရာများ ရှိကောင်းရှိနေနိုင်သည်။ သို့သော်လည်း အချို့သောဦးဆောင် ပါဝင်ခဲ့သူများသည် ထိုအဖြစ်အပျက်များကို ပြန်လည်ပြောပြရန် ဝန်လေးနေခဲ့ကြသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နောက်ကြောင်းပြန်မလှည့်ရေး နှင့် နိုင်ငံအရေးတိုးတက်ရေးကို ရှေ့ရှုနေကြသောကြောင့် အချို့သောအဖြစ်အပျက် အကျိုးအပြစ်တို့ကို ပြန်လည်ထုတ်ဖော်ပြောဆိုရန် တွန့်ဆုတ်နေကြ သည်။ ထိုသို့သော အတွေးနှင့်အယူအဆကို ပြစ်တင်ဝေဖန်ရန်မရှိသော်လည်း ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့်ပတ်သက်၍ အထောက်အထား အကိုးအကား ရှားပါးလာမည်ကို စိုးရိမ်မိသကဲ့သို့ အထောက်အထား အမှားအယွင်းများသာ တင်ကျန်ရစ်ခဲ့မည်ကိုလည်း စိုးရိမ်မိသည်။ ဦးလှဝင်း(လေသူရဲတစ်ဦး)၏ ‘‘ရေစုန်နှင့် ရေဆန်’’စာအုပ်သည် ဖြတ်သန်းမှုတူညီသူများအတွက် လက်ခံ၏ လက်မခံ၏ ရှိနိုင်သည်တိုင်အောင် သမိုင်း၏ ရှုထောင့်တစ်ထောင့်အတွက်မူ အုတ်ချပ်တစ်ချပ် ဖြစ်တန်ကောင်းသည်ဟု ယူဆမိပါသည်။
‘‘သမိုင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက်နဲ့ တွေ့ကြုံရတာချင်းမတူဘူး။
ကိုယ်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံကို လူတိုင်းက ဝိုင်းရေးပေးမှထောင့်စေ့တယ်’’ဟု
ဒေါ်အောင်ဆန်းစုကြည်၏အပါးတွင် နှစ်ပေါင်းများစွာအတူနေထိုင်ခဲ့ဖူးသူ ဒေါ်ခင်ခင်ဝင်းကို
သတင်းစာဆရာ စာရေးဆရာ ဟံသာဝတီ ဦးဝင်းတင်က ပြောခဲ့ဖူးသည်။
အကယ်၍သာ ဆရာ ဟံသာဝတီ ဦးဝင်းတင်နှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)တို့သည် တစ်ဦးနှင့်တစ်ဦး ပြန်လည်တွေ့ဆုံခွင့်ရရှိခဲ့ပါက ‘‘ရေစုန်နှင့် ရေဆန်’’နှင့်ပတ်သက်၍ မည်သည့်စကားကို ဟံသာဝတီ ဦးဝင်းတင်က ဆိုလိမ့်မည်ဟု စာဖတ်သူ အနေဖြင့် ထင်မြင်ယူဆပါသလဲ။
ဟန်ဆန်း
စာအုပ်အမည် – ရေစုန်နှင့်ရေဆန်
စာရေးဆရာ – ဦးလှဝင်း(လေသူရဲတစ်ဦး)
စာအုပ်တိုက် – ရတနာပုံ
မျက်နှာဖုံးပန်းချီ – မောင်နေကြည်
မျက်နှာဖုံး – သန့်ဇော်သစ်
ထုတ်ဝေနှစ် – ဇူလိုင်လ၊ ၂ဝ၁ရ ခုနှစ် (ပထမအကြိမ်)
တန်ဖိုး – ၅ဝဝဝ ကျပ်