လူတစ်ယောက် ဇာတ်လမ်းတစ်ပုဒ် စာအုပ်သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းဖြစ်တည်ခဲ့သော လူသားရှစ်ဦး၏ ဇာတ်လမ်းရှစ်ပုဒ်ကို စာရေးဆရာ ဝင်းဇော်လတ်က တူးဆွဖော်ထုတ်တင်ပြထားသော စာအုပ်ဖြစ်သည်။ စိတ်ကူးဉာဏ်ကွန့်မြူး၍ ဖန်တီးလိုက်သော အဆန်းသစ်ဆုံးဆို သည့်ဇာတ်လမ်းများသည်ပင် လိုက်မီရန်ခက်ခဲသော လူရှစ်ယောက်၏ စိတ်ဝင်စားဖွယ်ကောင်းသည့် ဘ၀ဖြစ်စဉ်များဖြစ်နေလေသည်။ “လူတွေ စိတ်အဝင်စားဆုံးမှာ လူတွေအကြောင်းသာ ဖြစ်ပါသည်။ စိတ်ကူးကွန့်မြူး၍ အနုပညာမြောက်ဖန်တီးသော ၀တ္ထုတွေ၊ ရုပ်ရှင်တွေ၊ ပုံပြင်ဇာတ် လမ်းတွေက စိတ်ဝင်စားစရာပါပေ။ သို့သော် တစ်ခါတစ်ရံ လက်တွေ့ ဘ၀သည် စိတ်ကူးထက်ပင် ဆန်းကြယ်နေပေသေးသည်။ ဘ၀၏ ဆန်း ကြယ်မှုကို စိတ်ကူးတို့ လိုက်မမီပါချေ” ဟု စာအုပ်၏အမှာစာတွင် စာရေးဆရာ ဝင်းဇော်လတ်က ဖွင့်ဆိုရေးသားထားသည်။ ဦးထွန်းလွင်၊ ဦးအုန်း၊ မသွဲ့သွဲ့ဝင်း၊ ဒေါ်မာမာအေး၊ ဦးခင် မောင်ရင်၊ ဒဂုန်တာရာ၊ ဟံသာ၀တီ ဦးဝင်းတင်နှင့်ကိုစောလင်းအောင်တို့၏ ဇာတ်လမ်းရှစ်ပုဒ်ကို စာအုပ်တွင် ဖော်ပြထားသည်။
ဦးထွန်းလွင်နှင့်ဦးအုန်းတို့၏အကြောင်းကို ဖတ်ရှုရာတွင် သူတို့ဘ၀တစ်သက်တာလုံးလေ့လာလိုက်စားခဲ့သည့် ပညာရပ်အပေါ်ထား သည့် သစ္စာတရား၊ အုပ်ချုပ်သူနှင့်ထိပ်တိုက်တွေ့မှု၊ ပညာရပ်နှင့်အကြောင်းပါလိုက်စားလာမှု၊ ဖြတ်သန်းရသည့် လူမှုဘ၀အခြေအနေ၊ ခံယူချက် နှင့် တည်ကြည်သော စိတ်ဓာတ်တို့ကို သိရှိရပါသည်။ အောင်မြင်သူများအဖြစ် ယခုအချိန်တွင် အများက မှတ်ကျောက်တင်နေကြသော်လည်း အများမသိသေးသော သူတို့၏ဘ၀ဇာတ်လမ်းများရှိနေသေးကြောင်း သိရှိရပါသည်။ ပညာသည်ကို ပညာသည်ကဲ့သို့ အရေးမပေး၊ မလေးစား တတ်သော အုပ်ချုပ်သူတို့ကြောင့် အခက်တွေ့ရသည်များကိုလည်း သိခွင့်ရခဲ့ပါသည်။ ပညာရပ်ဆိုင်ရာနယ်ပယ်တစ်ခုအပေါ် လူအများနားလည် လက်ခံလာရန်နှင့် အတိမ်အနက်ကို သိရှိလာစေရန် ပေးရသည့်အရင်းအနှီး ကြီးမားလှကြောင်း ဦးထွန်းလွင်နှင့်ဦးအုန်းတို့၏ဇာတ်လမ်းများက ပြောပြနေပါသည်။
မသွဲ့သွဲ့ဝင်းအကြောင်းကို ဖတ်ရှုရာတွင် သူမ၏ သတ္တိ၊ ရဲရင့်စိတ်၊ မိသားစုအရေးနှင့်အများအကျိုးစီးပွားအကြားက ပဋိပက္ခများကို သိရှိရပါသည်။ ဓမ္မနှင့်အဓမ္မအကြားက ပဋိပက္ခ၊ ဓမ္မ၏ ရဲရင့်ခြင်းနှင့် အဓမ္မ၏ ကြောက်ရွံခြင်းများကို ထင်သာမြင်သာတွေ့မြင်စေရန် သူမ၏ ဇာတ်လမ်းက ပြောပြနေပါသည်။ မည်သည့်အကြောင်းအရင်းကိုမှမသိရပါဘဲ ပြည်ဝင်ခွင့်မရတော့သည့်အခါတိုင်းတစ်ပါးတွင် ရှင်သန်နေထိုင်နိုင် ရန် ကြိုးပမ်းရသည့် ရှုန်းကန်မှု၊ သူမ၏ တည်ကြည်ခိုင်မာသော စိတ်ဓာတ်နှင့် ကိုယ်ရည်ကိုယ်သွေးများကို ဒေါ်မာမာအေးအကြောင်းကို ဖတ်ရှု ရာတွင် သိမြင်နားလည်လာရပါသည်။ အောင်မြင်သောဘ၀တို့၏ အခြားတစ်ဖက်က လူအများမသိသေးသော သူမ၏ဘ၀အကြောင်းများကို ဒေါ်မာမာအေးဇာတ်လမ်းက ပြောပြနေပါသည်။
ဦးခင်မောင်ရင်အကြောင်းဖတ်ရှုရာတွင် ဂျပန်ခေတ်မြန်မာနိုင်ငံကို ဖြတ်သန်းခဲ့သော ဂျပန်နိုင်ငံသားတစ်ဦး၏ ရှုထောင့်ကို သိရှိရပါ သည်။ ခေတ်နှင့်စနစ်တို့၏ ချယ်လှယ်ခြင်းကို ခံစားခဲ့ရသော လူသားတို့၏ ဒဏ်ရာအနာတရကို သိမြင်ရပါသည်။ သေမင်းတမန်ရထားလမ်း ဖောက်လုပ်စဉ် ကြုံတွေ့ရသည့်အကြောင်းနှင့်လူသားတစ်ဦး၏ လူသားဆန်မှုတို့အကြောင်းကို သိရှိရခဲ့ပါသည်။ ဦးခင်မောင်ရင်ဆိုသူသည် ဂျပန်နိုင်ငံသားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံသို့ နှစ်စဉ်လာရောက်လည်ပတ်၍ မိတ်ရင်းဆွေရင်းများဖြင့် တွေ့ဆုံနေသူဖြစ်ပါသည်။ ရက်စက်ခြင်း၊ ကြမ်းတမ်းခြင်းနှင့် မှောင်မိုက်သော အမှောင်တို့အကြားမှ လူသားဆန်ခြင်း၊ ဖြူစင်ခြင်းနှင့်လူသားတို့အကြားက မေတ္တာတရားများကို ဦးခင် မောင်ရင်ဇာတ်လမ်းက ပြောပြနေပါသည်။
ဒဂုန်တာရာနှင့်ဟံသာ၀တီ ဦးဝင်းတင်အကြောင်းဖတ်ရှုရာတွင် ဆရာကြီးနှစ်ဦး၏ ရိုးသားလှသောဘ၀ဖြစ်စဉ်၊ ယဉ်ကျေးသိမ်မွေ့မှုနှင့် သူတို့နှစ်ဦးအကြားက ဆက်နွယ်နေသည့် အကြောင်းအရာများကို သိရှိလာသည်။ သူတို့နှစ်ဦးနှင့် ဆက်နွယ်ခဲ့သူတို့အကြားက မထင်မရှား မသေ မချာခဲ့သောကိစ္စရပ်များကို သေချာခိုင်မာသွားစေရန် ဝင်းဇော်လတ်က ထုတ်နုတ်ရယူနိုင်ခဲ့သည်။ မှတ်တမ်းတင်ခဲ့နိုင်သည်။ အငြင်းပွားဖွယ် ရှိသောကိစ္စများကို ပြေလည်သွားစေရန်၊ သေချာသွားစေရန် အားထုတ်ခဲ့သည်။ ဆရာကြီးတို့၏ လူမှုဘ၀ဆက်ဆံရေးများ၊ နိုင်ငံရေးနှင့်စာနယ် ဇင်းအရေးကိစ္စဆက်ဆံရေးများနှင့်အထွေထွေသောဆက်ဆံရေးများအကြားတွင် စူးစမ်းတွယ်တာချစ်ခင်တတ်လွန်းသည့် မျိုးဆက်သစ်လူငယ် တစ်ဦးကိုလည်း မြင်တွေ့လိုက်ရသည်။ ထိုသူမှာ ဆရာကြီးတို့အကြောင်းကို စူးစမ်းဖော်ထုတ်ရေးသားသည့် စာရေးဆရာ ဝင်းဇော်လတ်ပင်ဖြစ် သည်။ သူ၏ ဆရာကြီးတို့အပေါ် ချစ်ခင်တွယ်တာစိတ်နှင့်အားကိုးယုံကြည်စိတ်တို့ကို နှစ်လိုဖွယ်ရာမြင်တွေ့လိုက်ပါသည်။ မြေးနှင့်အဖိုးအကြား က နှစ်လိုဖွယ်ကောင်းသည့် ကြည်နှုးစရာအခိုက်အတန့်တစ်ခုအဖြစ် ဖတ်ရှုခံစားလိုက်ရပါသည်။
ကိုစောလင်းအောင်အကြောင်းဖတ်ရှုရာတွင် လွမ်းဆွတ်ခြင်း၊ ဂရုဏာသက်ခြင်း၊ မခံချိမခံသာဖြစ်ခြင်းနှင့် နှမျောခြင်းစသည့် စိတ်တို့ ဖြစ်ပေါ်ခံစားလာရသည်။ ကွယ်လွန်သွားပြီဖြစ်သော လူသားတစ်ဦး၏အတွင်းတွင် ငုပ်လျှိုးနေခဲ့သည့်၊ တိမ်မြှပ်နေခဲ့သည့် လူဂုဏ်သိက္ခာတစ်ရပ် ကို ဝင်းဇော်လတ်က ဖော်ထုတ်ပြသလိုက်နိုင်ခဲ့သည်။ ကိုစောလင်းအောင်ကို သတင်းစာနှင့် စာပေစာနယ်ဇင်းနယ်ပယ်မှသူများသာ လူသိများကြ မည်ဖြစ်သော်လည်း ချစ်ခင်ရသည့် အစ်ကိုတစ်ဦးအကြောင်းကို ညီငယ်တစ်ဦးက မှတ်တမ်းတင်ဂုဏ် ပြုရေးသား၍ လူတစ်ယောက် ဇာတ်လမ်း တစ်ပုဒ် စာအုပ်တွင် တစ်ခုတ်တရထည့်သွင်းဖော်ပြထားသဖြင့် စာရေးဆရာ ဝင်းဇော်လတ်ကိုယ်တိုင် ကျေနပ်နေမည့်အပြင် ကိုစောလင်းအောင် နှင့်ကျန်ရစ်သူ မိတ်ဆွေများပါ ကျေနပ်ကြမည်မှာ အသေအချာဖြစ်ပါသည်။ ထို့နောက် ကိုစောလင်းအောင်ကို လွမ်းဆွတ်ကြလိမ့်မည်။ နှမျောတမ်း တကြလိမ့်မည်မှာ မလွဲနိုင်ပါ။
လူတစ်ယောက် ဇာတ်လမ်းတစ်ပုဒ် စာအုပ်တွင်ပါဝင်သူ ရှစ်ဦးအနက်အများစုသည် လူသိများသော လူသိထင်ရှားပုဂ္ဂိုလ်များဖြစ်ပါ သည်။ လူသိထင်ရှား လူပုဂ္ဂိုလ်များဖြစ်သည့်အလျောက် သူတို့၏အကြောင်းများကို အများစုက သိရှိကြပြီးဖြစ်ပါသည်။ သို့သော်လည်း လူသား တစ်ဦး သို့မဟုတ် စာအုပ်ထဲမှ လူရှစ်ဦး၏ လူသားဆန်ခြင်းအကြောင်းနှင့်ဘ၀၏ ဆန်းကြယ်သောအကြောင်းအရာများကိုတော့ ခရေစေ့တွင်းကျ သိသူနည်းပါလိမ့်မည်။ ဟိုတစ်ကွက် သည်တစ်စ ရိုးတိုးရိပ်တိတ်သိရှိမှုများ ရှိနိုင်သည့်တိုင်အောင် မှန်ကန်တိကျမှုကိုမူ တိုင်းတားရခက်ပါလိမ့် မည်။ စာအုပ်ပါ ဇာတ်လမ်းရှစ်ပုဒ်အတွက် ဝင်းဇော်လတ်သည် အတွေးစိတ်ကူးဖြင့် ရေးသားခဲ့သည်မဟုတ်ဘဲ သက်ဆိုင်ရာလူပုဂ္ဂိုလ်ကို တွေ့ဆုံ မေးမြန်းခြင်း၊ မှတ်သားခြင်း၊ လူပုဂ္ဂိုလ်အကိုးအကားနှင့် စာအကိုးအကားတို့ဖြင့် ရေးသားတင်ပြထားသည်ဖြစ်၍ ခိုင်လုံတိကျသောအဖြစ်အပျက် အကြောင်းအရာများအဖြစ် ခိုင်မာလှပါသည်။
လူတစ်ယောက် ဇာတ်လမ်းတစ်ပုဒ်ကို တင်ပြရာတွင် နုတ်ထွက်ပြောစကားများကို အစီအစဉ်တကျရေးသားတင်ပြသွားရုံသက်သက် မဟုတ်ပါဘဲ သူတို့၏ကိုယ်အမှုအရာ၊ နှုတ်အမှုအရာ၊ ပြောဟန်ဆိုဟန်နှင့် ပြောဆိုနေသည့်အကြောင်းအရာအလိုက် ဖြစ်ပေါ်လာသည့် ခံစားမှုတို့ အပေါ်ဖော်ပြသော အမှုအရာများကို စာဖတ်သူသိမြင်လာအောင် သရုပ်ပါစွာဖြင့် စာပေအတတ်ပညာကို အသုံးပြုရေးသား တင်ပြထားပါသည်။ ထိုသို့ရေးသားတင်ပြနိုင်အောင် ဝင်းဇော်လတ်သည် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်စဉ်ကတည်းက မှတ်သားထားပြီး ဇာတ်လမ်းအဖြစ် ပြန်လည် ရေးသားသည့်အခါ သင့်တော်သည့်နေရာများတွင် အံ့ဝင်ခွင်ကျဖြစ်အောင်ထည့်သွင်းဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။
ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို ရေးသားတင်ပြသည့်အခါ သက်ဆိုင်ရာလူပုဂ္ဂိုလ်၏ ဖြစ်ရပ်မှန်သက်သက်ကို တင်ပြရုံနှင့်မလုံလောက်ဘဲ ထိုအကြောင်းအရာနှင့်ပတ်သက်၍ စိတ်၏ခံစားမှုအပေါ်တုန့်ပြန်သည့် တုန့်ပြန်မှုအမူအရာအမှန်များကိုလည်း ထည့်သွင်းပြသနိုင်ရမည်ဖြစ်သည်။ ထိုတုန့်ပြန်သည့် အမှုအရာများကို ဝင်းဇော်လတ်သည် ဂရုတစိုက်ထည့်သွင်းရေးသားထားခဲ့ပြန်သည်။ သက်ဆိုင်သူတို့၏ အမှုအရာဟန်ပန်များ ကို ထည့်သွင်းရေးသားသည့်အပြင် သက်ဆိုင်သူတို့၏ ပတ်ဝန်းကျင်အနေအထားများကိုလည်း ရေးသားထည့်သွင်းဖော်ပြထားကြောင်းတွေ့ရပါ သည်။ ထို့ကြောင့် လူရှစ် ယောက်၏ ဇာတ်လမ်းရှစ်ပုဒ်သည် သက်ဝင်လှုပ်ရှားအားကောင်းပြီး သက်ဆိုင်သူတို့၏ ရုပ်လုံးများကြွတက်လာသည်။
လူတစ်ယောက်၏ ဇာတ်လမ်းတစ်ပုဒ်ကို တင်ပြရာတွင် ထိုသူ၏ကျွမ်းကျင်မှုနှင့်ဖြတ်သန်းရာနယ်ပယ်အကြောင်းသက်သက်ကိုပဲ တင်ပြ ထားသည်မဟုတ်ပါ။ ထိုသူ၏ စရိုက်သဘာ၀၊ ကိုယ်ရည်ကိုယ်သွေးနှင့်တိမ်မြုပ်နေသော ဘ၀၏ အစိတ်အပိုင်းတို့ကိုပါ တူးဆွတင်ပြထားသည်ကို တွေ့ရပါသည်။ တင်ပြရာတွင်လည်း မူလအရင်းအမြစ်ဖြစ်သည့် သက်ဆိုင်သူ၏ နုတ်ထွက်စကားဖြင့် တင်ပြသည့်အပြင် အမူအကျင့်၊ အဖြစ် အပျက်နှင့်အကြောင်းအရာအတွက် ပိုမိုအားကောင်းစေမည့်ပံ့ပိုးမှုအဖြစ် အခြားသောသူတစ်ဦး၏ အားဖြည့်သက်သေပြချက်ကိုလည်း ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။ ဥပမာ – အဆိုတော်ကြီး ဒေါ်မာမာအေး၏ဆဲဆိုတတ်သည့် အမူအကျင့်အကြောင်းကို ဒေါ်မာမာအေးက နှုတ် ထွက်စကားဖြင့် တင်ပြထားသကဲ့သို့ ကဗျာဆရာကြီး တင်မိုး၏ ဒေါ်မာမာအေးအပေါ် ပြုခဲ့သောမှတ်ချက်အားဖြင့်လည်း ပံ့ပိုးထားသည်ကို တွေ့ ရပါသည်။ ထိုအချက်များကို ပြန်လည်တင်ပြရာတွင်လည်း သက်ဆိုင်သူတို့၏စရိုက်သဘာ၀ကို နားလည်သွားစေရန်၊ စာနာသွားစေရန်နှင့် ချစ်ခင် သွားစေရန်သာ တင်ပြရေးသားထားကြောင်းပေါ်လွင်ပါသည်။
စာရေးဆရာ ဝင်းဇော်လတ်သည် လူတစ်ယောက် ဇာတ်လမ်းတစ်ပုဒ်အတွက် ၁၉၆၀ – ၇၀ ခုနှစ်များက စတင်အသုံးပြုလာကြသည့် “ သတင်းစာပညာအသစ်(New Journalism)”အတတ်ပညာကို ကျွမ်းကျင်လိမ္မာစွာအသုံးပြုတင်ပြထားကြောင်း တွေ့ရပါသည်။ ထိုသို့တင်ပြ ထားသော ထင်ရှားသည့်စာပေလက်ရာများသည် ကမ္ဘာ့စာပေတွင် ရှိပါသည်။ ယင်းတို့အနက် ထရူးမင်း ကာပို့တီ၏ “ In Cold Blood”စာအုပ် သည်ထင်ရှားပြီး ထိုအကြောင်းအရာ နှင့်ဆက်နွယ်သော ရုပ်ရှင်များလည်း ရှိပါသည်။
စာပေတွင် ထိုးဇာတ်(Fiction)နှင့်ဖြစ်ရပ်မှန်ဇာတ်လမ်း(Non-fiction) ဟူ၍ အမျိုးအစားနှစ်မျိုးရှိပါသည်။ ထိုးဇာတ် (Fiction)သည် ဖြစ်ရပ်မှန်အကြောင်းအရင်းတစ်ခုအပေါ်တွင် ရာနှုန်းပြည့်အခြေမခံပါဘဲ စာရေးသူ၏အတွေ့အကြုံနှင့်စိတ်ကူးဉာဏ်အပေါ် အခြေခံ၍ ရေးသားတင်ပြထားသော ဇာတ်လမ်းဖြစ်ပါသည်။ ဖြစ်ရပ်မှန်ဇာတ်လမ်း(Non-fiction)သည် စာရေးသူ၏ စိတ်ကူးဉာဏ်အပေါ် ရာနှုန်းပြည့်မတည်မီပါဘဲ လက်တွေ့ဘ၀တွင် အမှန်တကယ်တည်ရှိနေသောအကြောင်းအရာများကို တူးဆွဖော်ထုတ်၍ ရေးသားတင်ပြထားသော ဇာတ်လမ်းဖြစ်ပါသည်။ လူတစ်ယောက် ဇာတ်လမ်းတစ်ပုဒ် စာအုပ်သည် ဖြစ်ရပ်မှန်ကိစ္စများကို တူးဆွတင်ပြထားသော ဖြစ်ရပ်မှန်ဇာတ်လမ်း (Non-fiction)အမျိုးအစားစာအုပ်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ပထမအကြိမ်အဖြစ် တိုးမြစ်စာအုပ်တိုက်မှ ထုတ်ဝေဖြန့်ချိခဲ့ပါ သည်။ လူတစ်ယောက် ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်ရှုရခြင်းကြောင့် သက်ဆိုင်သူတို့၏ အကြောင်းအရာများကို သိရှိရသကဲ့သို့ စာပေ၏ အရသာ ဖြစ်သော ရသကိုးပါးကို ခံစားရပြီး နှစ်သက်ခြင်းအာဟာရကို အပြည့်အ၀ရရှိပါသည်။
ဟန်ဆန်း