‘‘အကြောင်းတစ်ခုကြောင့် ကျွန်တော် စိတ်မချမ်းမသာဖြစ်ခဲ့ရတယ်။ သူတော်စင်ဆိုရင်ဖြင့် စိတ်နှလုံးအေးချမ်းမှုရမှာပဲလို့ စဉ်းစားမိတာနဲ့ အိပ်ရာခင်းတစ်ခု ကိုယ်မှာပတ်ပြီး သူတော်စင်ဆိုတာ ဒီလိုလေလားလို့ ကိုယ့်ကိုယ်ကို မှန်ထဲမှာ ကြည့်ရင်း ဒီပုံကို ဆွဲပါတယ်။ မီးခိုးရောင်ကို သုံးတာက အေးချမ်းတဲ့အရောင်မို့ပါ’’
ပေါ်ဦးသက် (၁၉၃၆-၁၉၉၃)
(က)
ပေါ်ဦးသက်၏ ပန်းချီများကို စတင်မိတ်ဆက်ပေးခဲ့သူမှာ ဖေဖေဖြစ်သည်။ သူရှင်သန်ခဲ့သောနေရာ၊ သူနှင့်ခွဲမရနိုင်ခဲ့သောနေရာဖြစ်သည့် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမကြီးထက်က လောကနတ်အနုပညာပြခန်းတွင် သူ၏ပန်းချီလက်ရာများသည် ကိုယ့်နှလုံးသားထဲဝင်ရောက်ပြီး နေရာယူသွားခဲ့သည်။ ‘‘ပေါ်ဦးသက်’’ဆိုသောအသံ အကြားမှာပင် သူဖန်တီးခဲ့သော ပန်းချီကားများသည် နှလုံးသားပြခန်းအတွင်း ရင်ခုန်သံစည်းချက်နှင့်အတူ လင်းလက် စီးမျောလာသည်။ စီးမျောမှုနှင့်အတူ သူကိုယ်တိုင်ရေးဆွဲခဲ့သည့် သူ၏ကိုယ်တိုင်ရေးပုံတူပန်းချီသည်လည်း နှလုံးသားပြခန်းတွင် ရာသက်ပန်ချိတ်ဆွဲခွင့်ရခဲ့ သည်။ စိတ်မချမ်းမသာဖြစ်၍ သူတော်စင်ဘဝကို ရည်မှန်းရေးသားခဲ့သည်ဟု သူ့ပုံတူအကြောင်းကို ဆရာပေါ်ဦးသက်က ဖွင့်ဆိုခဲ့သည်။
အချစ်အတွက် နားရွက်တစ်ဖက်ဖြတ်ပေးခဲ့သော ဗင်းဆင့် ဗန်ဂိုးက ဦးခေါင်းတွင် ပတ်တီးစီးထားသည့် ကိုယ်တိုင်ရေးပုံတူကို ရေးဆွဲခဲ့သည်။ ချစ်ခြင်းကို သက်သေပြသော ကိုယ်တိုင်ရေးပုံတူပန်းချီကားဟု ကိုယ့်နှလုံးသားက မှတ်တမ်းပြုသည်။
သစ်ပင်ပန်းမာန်အကြားမှ ကိုယ်တိုင်ရေးပုံတူများကို ဖရီဒါကာလိုက ရေးဆွဲခဲ့သည်။ ဖရီဒါပုံတူပန်းချီကားများသည် သူမနှင့်သူမဘဝအတွက် အရေးပါခဲ့ သည်။ ဘဝတစ်သက်တာ အရင်းအနှီးပြုပြီး ကမ္ဘာ့ပန်းချီလောကကို အမွေပေးခဲ့လေခြင်းဟု ကိုယ့်နှလုံးသားက မော်ကွန်းထိုးထားသည်။
ဒါလီ၏ သူ့ပုံတူများကိုလည်း သတိတရဖြစ်မိပြန်သည်။ သူ၏ သဏ္ဍာန်နှင့်သရုပ်ဟန်ပန်ပေါ်လွင်နေသည့် ပုံတူများသည် စိတ်ဝင်စားမှုကို နိုးထစေသည်။ မိုးပေါ်သို့ ထောင်တက်နေဟန်ရှိသော နှုတ်ခမ်းမွှေးထိုးထိုးထောင်ထောင်များက ဒါလီကို ကြွယ်စေခဲ့သည်။ ‘‘ငါ မူးယစ်ဆေးမသုံးဘူး။ ငါကိုယ်တိုင်က မူးယစ်ဆေးပဲ’’ဟု သူဆိုခဲ့သော စကားအတိုင်း ကိုယ်တို့သည် သူ့ကို မူးယစ်နေကြသည်။
မှန်ခုံးထဲက ကိုယ်တိုင်ရေးပန်းချီပုံတူဆိုသော ပုံတူပန်းချီကို အီတလီပန်းချီဆရာ ပါမီဂျီယန်နီနိုက ၁၅၂၄ ခုနှစ်တွင် ရေးဆွဲခဲ့သည်။ မှန်ဘီလူးခုံးထဲတွင် ပါမီဂျီယန်နီနို၏ ရုပ်ပုံလွွှာသည် အချိုးကျကျ ထင်ဟပ်မနေဘဲ ညာဘက်လက်သည် ပုံမှန်ထက်ကြီးနေသည်။ ဦးခေါင်း၊ ခန္ဒာကိုယ်နှင့် နောက်ခံမြင်ကွင်းတို့ သည် သဘာဝအချိုးထဲက သွေဖည်နေခဲ့သည်။ မှန်ခုံးထဲမှ ပုံရိပ်ယောင်များသည် ပါမီဂျီယန်နီနို၏ နှလုံးသား၊ လှုပ်ရှားမှုများမှတဆင့် ကိုယ်တိုင်ရေးပန်းချီကား အဖြစ် သက်ဝင်ကူးပြောင်းသွားသည်။ မှန်ခုံးထဲက ကိုယ်တိုင်ရေးပန်းချီ(Self-Portrait in convex mirror) အဖြစ် ထင်ရှားသည့် ပန်းချီကားတစ်ချပ်ဖြစ်လာသည်။
၁၉ ရာစုကို ရောက်လာသောအခါ မှန်ခုံးထဲက ကိုယ်တိုင်ရေးပုံတူသည် ကဗျာရှည်ကြီးတစ်ပုဒ် ဖြစ်လာခဲ့သည်။ အမေရိကန်ကဗျာဆရာ ဂျွန် အက်ရှ်ဘရီ က ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ အီတလီပန်းချီဆရာ ပါမီဂျီယန်နီနို၏ မှန်ခုံးထဲက ကိုယ်တိုင်ရေးပန်းချီကို ခံစားမှုတစ်ခုအရင်းပြုပြီး ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။
အနုပညာဟန်ပန် တစ်ခုနှင့်တစ်ခု၊ အနုပညာရှင်တစ်ဦးနှင့်တစ်ဦး ခံစားမှုခြင်း ကူးလူးဆက်နွယ်၍ နှလုံးသားထဲဝယ် ဓာတ်ပြုပေါင်းဖက်လာသည်။
ရာစုနှစ်ခြင်း ဝေးလံခြားနားခဲ့သော်လည်း နှလုံးသားအတွင်း စည်းချက်ညီညီ လတ်ဆတ်မြဲဖြစ်နေသော ရင်ခုန်သံတို့ကြောင့် မှန်ခုံးထဲက ကိုယ်တိုင်ရေး ပန်းချီအမည်ရသော ကဗျာရှည်တစ်ပုဒ် ထပ်မံမွေးဖွားပြန်သည်။ ၁၈ ရာစုမှ ကိုယ်တိုင်ရေးပုံတူတစ်ခုကို နှလုံးသားအတွင်း ဌာပနာပြုရေးဖွဲ့ခဲ့သော မှန်ခုံးထဲ က ကိုယ်တိုင်ရေးပုံတူကဗျာသည် ပူလစ်ဇာဆုကို ရရှိခဲ့သည်။ ရာစုနှစ်များ ခြားနေခဲ့သော်လည်း ရှင်သန်လတ်ဆတ်နေသည့် ခံစားမှုများက အချိန်၏ခြားနားမှု ကို နယ်စည်းထားခွင့် မပြုခဲ့ပါ။
(ခ)
ကိုယ်တိုင်ရေး ပုံတူပန်းချီကားများသည် ကိုယ့်ဘဝကို တစ်စိတ်တစ်ပိုင်း သက်ရောက်မှုပေးခဲ့သည်။ စွဲလန်းနှစ်သက်စေခဲ့သည်။ အတွေးပွားစေခဲ့သည်။ ဦးဘဉာဏ်၏ ကိုယ်တိုင်ရေးပုံတူ၊ ခင်မောင်ရင်၏ ကိုယ်တိုင်ရေးပုံတူနှင့် မောင်ဒီရေးခဲ့သည့် ကိုယ်တိုင်ရေးပုံတူများသည် ကိုယ့်အတွေးများကို နှိုးဆွသည်။ ဦးနှောက်လှိုင်းများကို လျှပ်စီးလက်စေသည်။ ကိုယ်တိုင်ရေးပုံတူများကို တူးဆွရန် အတွေးများက တွန်းအားပေးခဲ့သည်။
၁၄၃၃ ခုနှစ်တွင် ရေးဆွဲခဲ့သည့် Portrait of a Man in a Turbon ပန်းချီကားကို ကမ္ဘာ့အစောဆုံး ကိုယ်တိုင်ရေးပန်းချီဟုဆိုကြသည်။ ၁၅၁၂ ခုနှစ်၊ အသက် ၆ဝ အရွယ်တွင် လီယိုနာဒို ဒါဗင်ချီက သူ့ပုံတူကို ကိုယ်တိုင်ရေးခဲ့သည်။ ၁၅ ရာစုမှစတင်ခဲ့သော ကိုယ်တိုင်ရေးပန်းချီသက်တမ်းတစ်လျှောက်တွင် အောင်မြင်ထင်ရှားသော ကိုယ်တိုင်ရေးပန်းချီများစွာ ဖူးပွင့်ခဲ့သည်။
ကိုယ်တိုင်ရေးပန်းချီကားများကဲ့သို့ ကိုယ်တိုင်ရိုက်ဓာတ်ပုံများသည်လည်း ကိုယ့်ပုံတူအတွက် အရေးပါသောနေရာတစ်ခုတွင် ရှိခဲ့သည်။ ကိုယ်တိုင်ရိုက် ဓာတ်ပုံကို အမေရိကန်ဓာတ်ပုံဆရာ ကော်နီလပ်က ၁၈၃၉ ခုနှစ်တွင် စတင်ရိုက်ကူးခဲ့သည်။ ကော်နီလပ်၏ ပုံတူဓာတ်ပုံသည် ကမ္ဘာ့အစောဆုံးကိုယ်တိုင်ရိုက် ဓာတ်ပုံဖြစ်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကော်လင်းပါဝဲလ်ကလည်း လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ကတည်းက သူ့ပုံတူကို သူကိုယ်တိုင်ရိုက် ခဲ့သည်ဟု သက်သေအထောက်အထားဖြင့် လူမှုကွန်ရက်များကတဆင့် ဆိုခဲ့ဖူးသည်။
(ဂ)
မိမိပုံကို မိမိကိုယ်တိုင်ရေးဆွဲခြင်း၊ မိမိကိုယ်တိုင်ရိုက်ကူးခြင်းကို ကိုယ်တိုင်ရေးပုံတူ၊ ကိုယ်တိုင်ရိုက်ပုံတူဟု ဆိုကြသည်။ ပန်းချီရေးဆွဲနိုင်သူများက မိမိပုံတူပန်းချီရေးဆွဲကြသည်။ ဓာတ်ပုံရိုက်နိုင်သူများက မိမိပုံတူဓာတ်ပုံရိုက်ကူးကြသည်။ ခုခေတ်အခါတွင် စမတ်ဖုန်းများကို ထောက်ကူ၍ ဆဲလ်ဖီဆိုသော ကိုယ့်ပုံတူကို ကိုယ်တိုင်ရိုက်ကြပြန်သည်။ selfie ဟု အင်္ဂလိပ်က စကားလုံးပြုသည်။ ကမ္ဘာကျော် အောက်စ့်ဖိုဒ့်အဘိဓာန်ကလည်း selfie စကားလုံးကို အဘိဓာန် အတွင်းထည့်သွင်း ထောပနာပြုသည်။ ကိုယ်တိုင်ရိုက်ပုံတူဟု selfie ကို မြန်မာမှုပြုလိုသည်။ ဆဲလ်ဖီများသည် လူသားများအကြား ရေပန်းစားသည်။ လူမှုဘဝ နေထိုင်မှု ဟန်ပန်များအကြားတွင် ဆဲလ်ဖီသည် တအိအိဖြင့် စိမ့်ဝင်နေထိုင်သည်။
ကိုယ်တိုင်ရိုက်တုတ်တံပေါ်တွင် စမတ်ဖုန်းကလေးကိုညှပ်ပြီး တစ်ကိုယ်တည်း ဓာတ်ပုံအရိုက်ခံသူ ပုရိသတစ်ဦးကို စတိုင်ကျကျ၊ ဟန်ကျကျဖြင့် တွေ့မြင် ခဲ့ဖူးသည်။ တစ်ကိုယ်တော် ကမ္ဘာလှည့်ခရီးသည် ဖြစ်ဟန်တူသည်။ စင်္ကာပူက ခြငေ်္သရုပ်ကို နောက်ခံထားပြီး လှလှပပဟန်ပန်ဖြင့် ကိုယ့်ပုံတူကို ကိုယ်တိုင် ရိုက်သွားသည်။ ြမင်ရသူမှာ ကျေနပ်ပြုံးဖြင့် နှစ်လိုဖွယ်ခံစားမူကို ခံစားရသည်။
ထိုသို့ ဤသို့ ကိုယ်ပုံတူ ကိုယ်တိုင်ရိုက်သူများကိုတွေ့ရ၍ ဆရာကြီး ဦးဘဂျမ်း၏ ကာတွန်းတစ်ကွက်ကို သတိတရဖြစ်ရပါသည်။ ကင်မရာကြီးကို ခြေထောက်နှစ်ဖက်ဖြင့်ညှပ် ပိုးလိုးပက်လက်လေးလှန်ကာ ကိုယ်ပုံကိုယ် ကိုယ်တိုင်ရိုက်နေသည့် ကာတွန်းတစ်ကွက်ဖြစ်သည်။
ညာလက်ကလေးကို ရှေ့ထုတ်လျှင် ထုတ်၊ ဦးခေါင်းလေး အထက်နားကို ညာလက်ကလေး အနည်းငယ်မြှောက်လျှင် မြှောက်ပြီး ကိုယ့်ပုံတူကို ကိုယ်တိုင် ရိုက်ကြသည့် ခုခေတ်ဆဲလ်ဖီများကို ဆရာကြီးက မည်သို့ပုံနှယ် သရော်တော်တော် ရေးပါလိမ့်ဟု မှန်းဆတွေးရင်း ပြုံးရပါသည်။
(ဃ)
ကြည့်မှန်တစ်ချပ်သည့် ကိုယ့်ပုံတူ ပန်းချီရေးလိုသူများနှင့်ဓာတ်ပုံရိုက်လိုသူများအတွက် မရှိမဖြစ်လိုအပ်ခဲ့သည်။ ကြည့်မှန်တစ်ချပ်မရှိပါဘဲ ကိုယ့်ပုံတူ ကားချပ် ထင်ဟပ်လာရန် အလှမ်းဝေးလှသည်။ ကိုယ့်ပုံတူ ပန်းချီဆရာများနှင့်ကိုယ့်ပုံတူ ဓာတ်ပုံဆရာများသည် ကြည့်မှန်တစ်ချပ်ကို အသေအချာသုံးပြီး သူတို့ပုံတူကို ကိုယ်ပွားအရုပ်ထင်စေခဲ့ကြသည်။ အီတလီပန်းချီဆရာက မှန်ခုံးကို သူ့ပုံတူအတွက် သုံးခဲ့သည်။ ဖရီဒါကာလိုကလည်း သူ့ကုတင်အထက်တွင် မှန်တစ်ချပ်မိုးကာခဲ့ပြီး သူ့ပုံတူများကို ရေးခဲ့သည်။ မသန်စွမ်း ဖရီဒါကာလိုအတွက် ကိုယ်ဟန်ပြမယ်သည် ဖရီဒါကာလိုသာ ဖြစ်သည်။ သူ့ပုံရိပ်ကို မြင်နိုင်ရန် သူ့ပုံရိပ်ကို သူ့ပုံတူရေးဆွဲရန် ကြည့်မှန်သည် ဖရီဒါကာလိုအတွက် ဇာတ်ပို့ဖြစ်သည်။ ကိုယ့်ပုံတူတစ်ပုံရရန် စမတ်ဖုန်းများမပေါ်မီက ကြည့်မှန်ကိုသာ ထောက်ကူရသည်။ ကိုယ့်ပုံတူ ဆဲလ်ဖီနှင့် ကိုယ်တိုင်ရေးပုံတူအနုပညာဆိုသည်မှာလည်း အနှစ်သာရခြင်း ကွာခြားလှပါသည်။ သဘာဝနှင့်ဦးတည်ရာ ထပ်တူ ညီမျှနိုင်မည် မဟုတ်ပါ။
(င)
ကိုယ်တိုင်ရေးပုံတူများအကြောင်း တွေးတောနေရင်း ဘာကြောင့်များ သူတို့ပုံတူကို ရေးခဲ့ကြသနည်းဟု အတွေးတစ်စဖြစ်ထွန်းမိသည်။ ဆရာ ပေါ်ဦးသက်က သူတော်စင်ဘဝကို မှန်းဆကြည့်ပါသည်ဟု ဆိုခဲ့၏။ ပန်းချီဆရာတစ်ဦးဖြစ်ရန် ကိုယ့်ပုံတူဖြင့် လေ့ကျင့်ပြီး မိမိကိုယ်ကို ဆင်ခြင်သုံး သပ်နိုင်ရန် ကိုယ့်ပုံတူကို ရေးရပါသည်။ ပန်းချီရေးရန်ဟန်ပြမောင်မယ် ရှားလွန်း၍ ကိုယ့်ပုံတူ ကိုယ်တိုင်ရေးရပါသည်ဟု ဗင်းဆင့် ဗန်ဂိုးက ဆိုခဲ့သည်။
ငယ်စဉ်ဘဝကတည်းက မသန်စွမ်းဘဝဖြင့် ဖြတ်သန်းရသော ဖရီဒါသည်လည်း အိပ်ယာထက်တွင် သူနှင့်သူသာ သူ့ကမ္ဘာဖြစ်နေရ၍ သူ့ပုံတူများကို အမြောက်အများရေးခဲ့ရပေမည်။ ထိုသို့ဆိုလျှင် အီတလီပန်းချီဆရာက ဘာကြောင့်များ မှန်ခုံးထဲက သူ့ပုံတူကို ရေးခဲ့ပါလိမ့်။ အမေရိကန်ကဗျာဆရာက ဘာကြောင့်များ မှန်ခုံးထဲက ကိုယ့်ပုံတူကဗျာကို စပ်ဆိုခဲ့ပါလိမ့်။ ဆုရွေးချယ်သူများကလည်း ဘာကြောင့်များ ပူလစ်ဇာဆုကို ပေးခဲ့ကြပါလိမ့်။ စမတ်ဖုန်းများဖြင့် ကိုယ့်ပုံတူဆဲလ်ဖီရိုက်နေသူများက ဘာကြောင့်များ သူ့ပုံတူများကို ရိုက်ကူးနေကြပါလိမ့်။
(စ)
အတွေးများ ဆန့်ထွက်တွေးသော်လည်း ရသည့်ရလာဒ်အဖြေက ကိုယ့်အတွက် မသေချာပါ။ ကျော်ကြားထင်ရှားသည့် ပန်းချီဆရာ၊ ဓာတ်ပုံဆရာနှင့် ကိုယ်တိုင်ရေးပုံတူ ရေးဆွဲသူများ၏ ကိုယ်တိုင်ရေးပုံတူနှင့်ပတ်သက်သောမှတ်ချက်၊ ပြောစကားများကို သိချင်ဇောဖြင့် ရှာဖွေရင်းသေချာမှုကို ကူညီလိုက်သည်။ ရှာဖွေမိသော ဆိုစကားများ အဆိုအမိန့်များထဲမှ အမည်မသိစာဆိုတစ်ဦး၏ အဆိုအမိန့်တစ်ခုကို ကျေနပ်မိသွားသည်။
‘‘ပြုမူလိုက်သည့် လုပ်ရပ်တိုင်းသည် ထိုသူ၏ ကိုယ်တိုင်ရေးပုံတူဖြစ်သည်။
ကိုယ်တိုင်ရေးပုံတူတွင် ကိုယ်တိုင်သာ လက်မှတ်ရေးထိုးရမည်ဖြစ်၍ စွမ်း ဆောင်ချက်များမှာလည်း အကောင်းဆုံးဖြစ်နေရပါမည်’’
ဟန်ဆန်း
ရွှေအမြုတေမဂ္ဂဇင်း
ဖေဖော်ဝါရီ၊ ၂ဝ၁၆ ခုနှစ်