အမုန်းပွားစေသော စကားများ(မြန်မာ့စာနယ်ဇင်း၊ ရုပ်သံနှင့် လူမှုမီဒီယာအား လေ့လာခြင်း)အစီရင်ခံစာကို ၂ဝ၁၆ ခုနှစ် ဇန်န ဝါရီလဆန်းပိုင်းတွင် ပဲန်မြန်မာက ထုတ်ပြန်ခဲ့သည်။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအတွင်း မီဒီယာအသီးသီးတွင် ဖော်ပြရေး သားခဲ့သည့် အမုန်းစကားများကို ပဲန်မြန်မာက စောင့်ကြည့်လေ့ လာခဲ့ကြောင်းနှင့် စောင့်ကြည့်လေ့လာသော မီဒီယာများမှာ ရုပ်သံမီဒီယာ(ရုပ်ရှင်နှင့်သီချင်းများ)၊ လူမှုကွန်ရက်မီဒီယာ( ဖေ့ဘွတ်ခ်)နှင့် ပုံနှိပ်မီဒီယာ(သတင်းစာ၊ ဂျာနယ်နှင့်မဂ္ဂဇင်းများ) ဖြစ်ကြောင်း အစီရင် ခံစာမှ သိရသည်။
မီဒီယာအသီးသီးတွင် ထုတ်ဖော်ရေးသားလွှင့်တင်ကြသည့် အမုန်းစကားများကို လေ့လာရာတွင်
၁။ နိုင်ငံရေးယုံကြည်ချက်အပေါ်တွင်အခြေပြုသော အမုန်းစကား
၂။ လူမျိုးရေးကိုအခြေပြုသော အမုန်းစကား
၃။ ဘာသာရေးကိုအခြေပြုသော အမုန်းစကားနှင့်
၄။ ကျားမရေးရာအပေါ်တွင်အခြေပြုသော အမုန်းစကားများ ဟူ၍ တွေ့ရှိရကြောင်း အစီရင်ခံစာမှ သိရသည်။
လူမှုကွန်ရက်မီဒီယာပေါ်မှ အမုန်းစကားများကို လေ့လာရာတွင် လူမှုကွန်ရက်မီဒီယာအကောင့်များသည် နိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ် အပေါ်မူတည်ပြီး အရေအတွက်တိုးလာကြောင်း၊ ဘာသာရေးအခြေပြုသော အမုန်းစကားများဖြန့်ဝေသည့် အကောင့်များသည် ၂ဝ၁၅ ခုနှစ် ဇူလိုင်လတွင် ပျောက်ကွယ်သွားပြီး နိုင်ငံ ရေးအခြေပြုအမုန်းစကားများဖြန့်ဝေသည့်အကောင့်များ ပိုမိုများပြားလာကြောင်း သိရသည်။ လူမျိုးရေးအခြေပြုသောအမုန်းစကားများ ဖြန့်ဝေမူသည် နိုဝင်ဘာရွေးကောက်ပွဲမတိုင်မှီ အောက်တိုဘာတွင်သာ သိသာထင်ရှားစွာတွေ့မြင်ရကြောင်း သိရသည်။ လူမှုကွန်ရက်မီဒီယာအပေါ်ရှိ နိုင်ငံရေးအပေါ်အခြေပြု သောအမုန်းစကားပြောဆိုခြင်းသည် လေ့လာသည့် ကာလ ၁၁ လအတွင်း ၄၇၃ ခုရှိပြီး အတိုက်အခံနိုင်ငံ ရေးခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ အစိုးရခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊ ပြည်သူများသို့ ပစ်မှတ် ထားထုတ်ဖော်ရေးသားကြောင်း အစီရင် ခံစာမှ သိရသည်။
ပုံနှိပ်မီဒီယာများပေါ်မှ အမုန်းစကားများကို လေ့လာရာတွင် လေ့လာသည့်ကာလ ၁၁ အတွင်း၌ ဂျာနယ်နှင့်သတင်းစာ ၁၆၁၃ စောင်အနက် နိုင်ငံရေးဆိုင်ရာအမုန်းစကားများနှင့်ပတ်သက်၍ ၁၇၁ ခုတွေ့ရှိခဲ့ကြောင်းနှင့် အတိုက်အခံနိုင်ငံရေးခေါင်းဆောင် များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီများ၊ လက် နက်ကိုင်အဖွဲ့အစည်းများ၊ အစိုးရခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊ ပြည်သူများသို့ ပစ်မှတ်ထားထုတ်ဖော်ရေး သားကြောင်း သိရသည်။ ထို့အပြင် အမုန်းစကားများကိုဖော်ပြရာတွင် ကြမ်းတမ်းသည့် ပုံစံ၊ အတော်အသင့်ပုံစံနှင့်ပျော့ပြောင်းသည့်ပုံစံများဖြင့် ဖော်ပြကြောင်းနှင့် ထိုစကားများကို ဆောင်းပါး၊ ကဗျာနှင့်ဝတ္ထုတိုများ အတွင်း၌ အများအားဖြင့်တွေ့ရကြောင်း အစီရင်ခံစာမှ သိရသည်။
ရုပ်သံမီဒီယာပေါ်မှ အမုန်းစကားများကို လေ့လာရာတွင် လေ့လာသည့်ကာလ ၁၁ လအတွင်း၌ သီချင်းအရေအတွက် ၂၆၉ ပုဒ် အနက် ၉၃ ပုဒ်တွင် အမုန်းစကားပြောဆိုမှုရှိကြောင်းတွေ့ရပြီး ထိုသီချင်းများသည် ဘာသာရေးအပေါ်အခြေခံသော မလိုမုန်းတီး ပြောဆိုမှုနှင့် နိုင်ငံရေး၊ လူမျိုးရေးအပေါ်အခြေခံသည့် မလိုမုန်းတီးပြောဆိုမူများကို တွေ့ရကြောင်း၊ အမုန်းစကားများကို ယူကျူ့ မှ တစ်ဆင့်ဖြန့်ဝေပြီး လူမှုအသိုင်း အဝိုင်းအကြားနှင့်စူပါမားကတ်များတွင် ဒီဗီဒီနှင့်အမ်ပီသရီးဖိုင်များအဖြစ် ရောင်းဝယ်နေကြကြောင်း အစီရင်ခံစာမှ သိရသည်။
ရုပ်ရှင်များကို စောင့်ကြည့်လေ့လာရာတွင် လေ့လာသည့်ကာလ ၁၁ လအတွင်း ရုပ်ရှင်ကားပေါင်း ၃ဝ၄ ကားကို ကြည့်ရှုခဲ့ပြီး အမုန်းစကားပြောဆိုမှုပေါင်း ၂၆၂ ခုတွေ့ရှိခဲ့ကြောင်း သိရသည်။ ထိုအမုန်းစကား များသည် နိုင်ငံရေးနှင့်လူမျိုးရေးအပေါ်အခြေ ခံထားကြောင်းနှင့် ဘာသာရေးအပေါ်အခြေခံထားသည့် အမုန်းစကားမှာမူ ပါဝင်မှုနည်းပါးကြောင်း အစီရင်ခံစာမှ သိရသည်။
အမုန်းပွားစေသောစကားများနှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက်များကို အခြေခံ၍ အစီရင်ခံစာတွင် အကြံပြုချက်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။ အကြံပြုချက်များကို အစိုးရနှင့်ဥပဒေပြုလွှတ် တော်အမတ်များ၊ လူမှုကွန်ရက်အသုံးပြုသူများ၊ အဖွဲ့အစည်းများ၊ ရုပ်ရှင်လုပ်ငန်းလုပ်ကိုင်သူများနှင့်ပုံနှိပ်ထုတ်ဝေသူများ၊ အယ်ဒီတာများသို့ အကြံပြုထားသည်။
ထိုအကြံပြုချက်များမှာ အကြမ်းဖက်မှုအလေ့အထထက် ငြိမ်းချမ်းရေးကို မြှင့်တင်ပေးသော အလေ့အထများပါဝင်သည့် အ ကြောင်းအရာများအား ရေးသားထုတ်ဝေရန်၊ အမုန်းစကားများကို ဆန့်ကျင်သည့်လှုပ်ရှားမှုများတွင်ပါဝင်ရန်၊ အမုန်းစကား၏ နောက်ဆက်တွဲ အန္တရာယ်များကို လူထုပညာပေးခြင်းဖြင့် ကာကွယ်မြှင့်တင်ရန်၊ မိမိထုတ်လွှင့်သည့် သတင်း၊ မှတ်ချက်၊ ဓာတ်ပုံ များအတွက် တာဝန်ယူရန်၊ အပျက်သဘောဆောင်သည့် စကားများ၊ ဇာတ်နာစေသည့် စကားများနှင့် အကြမ်းဖက်သည့် စကား များကို သုံးစွဲခြင်းမှ ရှောင်ကြည်ရန်အစရှိသည်တို့ဖြစ်သည်။
အမုန်းပွားစေသောစကားများ(မြန်မာ့စာနယ်ဇင်း၊ ရုပ်သံနှင့် လူမှုမီဒီယာအားလေ့လာခြင်း)အစီအစဉ်ကို ပဲန်မြန်မာက ကြီးမှူး၍ စာရေးဆရာမ ခင်မမမျိုးနှင့်အဖွဲ့က ၂ဝ၁၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ လူမှုကွန် ရက်များ၊ သတင်းစာများ၊ ဂျာနယ်များ၊ ရုပ်ရှင်များနှင့်သီချင်းများကို စောင့်ကြည့်လေ့လာ၍ သုတေသနပြုခဲ့ကြောင်း သိရသည်။
ဟန်ဆန်း
၂၀၁၆ ခုနှစ်ထုတ် အလင်းတန်းဂျာနယ်တွင် ဖော်ပြခဲ့ပါသည်။