‘‘ဝီကီက ဘယ်လို အကျိုးရှိသလဲ’’ဆိုသည့် မေးခွန်းကို စာရေးသူ အမေးခံရသည်။ မေးသူမှာ ညီအစ်ကိုကဲ့သို့ ရင်းနှီးနေသူဖြစ်၍ ‘‘ပိုက်ဆံကုန်တယ်ကွာ’’ ဟု ရိသဲ့သဲ့ ပြန်ဖြေလိုက်မိသည်။ မေးသူမိတ်ဆွေက ‘‘ပိုက်ဆံကုန်တာတွေ၊ ဘာတွေကို မဆိုလိုပါဘူး။ မြန်မာဝီကီရဲ့ အကျိုးကျေးဇူးနဲ့ သူ့တန်ဖိုးတွေကို သိချင်တာပါ’’ဟု ပြန်လည်ပြောဆိုလာသည်။
ဝီကီပီးဒီးယား
ဝီကီ(Wiki)ဆိုသောစကားသည် ‘‘ဟာဝေယံ’’ ဘာသာစကားဖြစ်သည်။ ‘‘မြန်မြန်’’ဟု အဓိပ္ဋါယ်ရသည်။ စွယ်စုံကျမ်းကို အင်္ဂလိပ်ဘာသာစကားတွင် “Encyclopedia”ဟု ခေါ်သည်။ ဝီကီပီးဒီးယား(wikipedia)ဆိုသည်ကို ‘‘ဝီကီ’’နှင့် “Encyclopeida” မှ “pedia” တို့ကိုရယူပြီး အသုံးပြုလိုက်ခြင်းဖြစ်သည်။ ၂ဝဝ၁ ခုနှစ်ကစတင်ပြီး ဝီကီပီးဒီးယားကို အခမဲ့လွတ်လပ်သည့် အွန်လိုင်းစွယ်စုံကျမ်းအဖြစ် လွွှင့်တင်ခဲ့သည်။ ဝီကီပီးဒီးယားကို ဝက်ဘ် ၂.ဝ (Web 2.0)ရဲ့ အထင်ကရပြရုပ်အဖြစ် အိုင်စီတီနည်းပညာအသိုင်းအဝန်းက ပြောဆိုရေးသားကြသည်။ ဝက်ဘ် ၂.ဝမှာ စုပေါင်းလုပ်ဆောင်ခြင်း၊ ပူးပေါင်းပါဝင်ခြင်း၊ အပြန်အလှန်မျှဝေခြင်းအစရှိသော ဂုဏ်သတ္တိတို့သည် အရေးပါအရာရောက်သော အချက်အလက်ကောင်းများ ဖြစ်ကြသည်။ ထို့ကြောင့် ဝီကီပီးဒီးယားသည် အင်တာနက်အခြေပြု အခမဲ့လွပ်လပ်သောစွယ်စုံကျမ်း ဖြစ်သည်။ စိတ်ပါဝင်စားသူတိုင်း ပါဝင်ရေးသားတည်းဖြတ်နိုင်သည်။ ပညာရပ်နယ်ပယ်၊ လူမှုရေးနယ် ပယ်၊ စီးပွားရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်စသည့် နယ်ပယ်အသီးသီးမှ ပညာရပ်ဆိုင်ရာအကြောင်းအရာများ၊ ဗဟုသုတရဖွယ်အကြောင်းအရာများကို လေ့လာ ဖတ်ရှုနိုင်သကဲ့သို့ စာဖတ်သူကိုယ်တိုင်လည်း ပါဝင်ရေးသားတည်းဖြတ်နိုင်သည်။ ဝီကီပီးဒီးယားကို အင်္ဂလိပ်ဘာသာဖြင့် အသုံးပြုနိုင်သည့်အပြင် အခြားသော ဘာသာစကားများဖြင့်လည်း အသုံးပြုရန်စီစဉ်ထားသည်။ အဆိုပါဘာသာစကားများတွင် မြန်မာဘာသာစကားလည်း ပါဝင်သည်။ မြန်မာဘာသာစကားဖြင့် အသုံးပြုနိုင်သည့် အင်တာနက်လိပ်စာမှာ www.my.wikipedia.org ဖြစ်သည်။
စွယ်စုံကျမ်း
ပညာရပ်နယ်ပယ်အသီးသီး၊ အရပ်ဒေသ၊ သဘာဝမျိုးကွဲများ၊ ကုန်နေရေနေသတ္တဝါများ၊ တောတောင်ရေမြေများ၊ ကမ္ဘာ့နှင့်စကြာဝဠာကြီးတစ်ခုလုံးမှာတည်ရှိ နေသောအကြောင်းအရာများကို စုစည်းပြုစု ရှင်းလင်းထားသည့် ကျမ်းအား စွယ်စုံကျမ်းဟု ပညာရှင်များက ခေါ်ဆိုခဲ့ကြသည်။ ပြုစုခဲ့ကြသည်။ စွယ်စုံကျမ်း အတွင်း၌ ဖော်ပြမည့်အကြောင်းအရာများကို အက္ခရာစဉ်အလိုက် ဖော်ပြလေ့ရှိသည်။ နိုင်ငံတကာ၌ ထင်ရှားကျော်ကြားသည့် စွယ်စုံကျမ်းများပေါ်ပေါက်ခဲ့ သည်။ ယနေ့အထိ စွယ်စုံကျမ်းများအား ပြုစုထုတ်ဝေလျှက်ရှိသည်။ ထိုသို့ပြုစုထုတ်ဝေလျှက်ရှိသော စွယ်စုံကျမ်းများတွင် Britannica, Encarta တို့သည် ထင်ရှား၍ လူသိများသော စွယ်စုံကျမ်းများဖြစ်သည်။ Britannica, Encarta ကဲ့သို့ စွယ်စုံကျမ်းများကို စီဒီရွမ်၊ ဒီဗီဒီရွမ်တို့ဖြင့် အသုံးပြုနိုင်ရန်ဆက်လက်ပြုစု ထုတ်ဝေနေကြသည်ကိုလည်း တွေ့ရသည်။
မြန်မာ့စွယ်စုံကျမ်း
‘‘မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း’’ကို ၁၉၄ရ ခုနှစ် ဩဂုတ်လတွင် ဖွဲ့စည်းခဲ့သည်။ ‘‘လူထု၏ ပညာရေးတိုးပွားကောင်းမွန်လာမှုနှင့်ပညာတတ် အဆင့်အတန်းမြင့်တက်လာမှုကိုရှေးရှုး၍ မြန်မာစာပေနှင့်မြန်မာ့အနုပညာရပ်များကို စူးစမ်းရှာဖွေရန်၊ သို့မဟုတ် စူးစမ်းရှာဖွေမှုကို အားပေးရန်’’ ဟူသော ရည်ရွယ်ချက်ကိုချမှတ်ကာ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းရေး ပျိုးထောင်ရေးကို အားပေးခဲ့သည်။ စာပေပညာရှင်များကို ပန်ကြားစုစည်းကာ ပညာရပ်အသီးသီးနှင့်ဆိုင်သောဝေါဟာရများကို မြန်မာဘာသာပြန်ဆိုခြင်း၊ ဘာသာပြန်စာအုပ်များပြုစုထုတ်ဝေခြင်း၊ မြန်မာ့စွယ်စုံကျမ်းပြုစုခြင်း စသည့် လုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့သည်ဟု ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ရေးသားပြုစုသည့် ‘‘နှစ်တစ်ထောင်ခရီးကို ဖြတ်သန်းခဲ့သော ကျွန်ုပ်တို့၏ မြန်မာစာ’’စာအုပ်၌ ဖော်ပြထားသည်။ ‘‘မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း’’ကို တည်ထောင်ပြီးသည့် နောက်ပိုင်းနှစ်များတွင် မြန်မာ့စွယ်စုံကျမ်းအတွဲပေါင်း ၁၅ တွဲကို ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၅၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅ တွဲကို ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၇၈ခုနှစ်မှ ၁၉၉ရခုနှစ်အထိ စွယ်စုံကျမ်းအနှစ်ချုပ် အတွဲ ၂ဝ တွဲကို ထုတ်ဝေခဲ့သည်။ စွယ်စုံကျမ်းနှစ်ချုပ်များကို ယနေ့အထိ နှစ်စဉ်ထုတ်ဝေလျှက်ရှိကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းသည် နောက်ပိုင်း၌ စာပေဗိမာန်ဟူသောအမည်ဖြင့် ထင်ရှားခဲ့သည်။
ဖတ်ချင်ဖွယ်ရာ အဖြာဖြာ
မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲလုံး၏ ရှေ့ဆုံးစာမျက်နှာများတွင် စွယ်စုံကျမ်းကို အသုံးပြုနိုင်သည့် လမ်းညွွှန်ချက်များ ပါဝင်ခဲ့သည်။ အသုံးပြုသူလမ်းညွွှန်များထဲ မှ ဖတ်ချင်ဖွယ်ရာအဖြာဖြာဆိုသော ခေါင်းစဉ်ငယ်အောက်ရှိ စာသားများကို လေ့လာကြည့်ရာတွင် အောက်ပါအတိုင်း တွေ့ရှိရသည်။
ဖတ်ချင်ဖွယ်ရာ အဖြာဖြာ ။ ။ တခါတရံ ပျင်းပျင်းရှိ၍ စာအုပ်လှန်လိုသောအခါ သို့မဟုတ် ဝါသနာအလျောက် သမိုင်းဖြစ်စဉ်များ၊ တိုင်းနိုင်ငံ များ၊ ပုဂ္ဂိုလ်ကျော်များ၊ စာပေဝတ္ထုများ၊ အနုပညာရပ်များ၊ သိပ္ဋံပညာရပ်များ၊ လုပ်ငန်းကြီးများ၊ သစ်ပင်များ၊ တိရစ္ဆာန်များ၊ ကစားခုန်စားများအကြောင်းကို သိလိုသောအခါ အကူအညီရစေရန် ဖတ်ချင်ဖွယ်ရာအဖြာဖြာကို အတွဲတိုင်း၌ ထည့်သွင်းထားသည်။ (မူရင်းအရေးအသားအတိုင်း ကူးယူဖော်ပြသည်။) ဖော် ပြပါအချက်သည် စွယ်စုံကျမ်းများ၏ ရည်ရွယ်ချက်နှင့်ဦးတည်ချက်ကို တစ်နည်းတစ်လမ်းဖြင့် ပြောဆိုနိုင်သည်ဟု ယူဆမိပါသည်။
ကြားဖူး နားဝ
မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲကို ပြုစုခဲ့သည့် အချိန်ကာလတုန်းက ပညာရှင်ကြီးများသည် သက်ဆိုင်ရာအကြောင်းအရာများကို ဘာသာပြန်ခြင်း၊ ပညာဆိုင်ရာ ကျွမ်းကျင်သူများက ပညာရပ်ဆိုင်ရာဆောင်းပါးများကို ပြုစုခြင်း၊ ရေးသားခြင်းနှင့်ကွင်းဆင်းလေ့လာခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း လူကြီးသူမများ၏ ပြောဆိုစကားများမှတစ်ဆင့် ကြားဖူးသိဖူးခဲ့သည်။ မြန်မာ့စွယ်စုံကျမ်းအတွဲတိုင်း၌ ‘‘မြန်မာ့စွယ်စုံကျမ်း စာပေဗိမာန်၏ ရုပ်ပြဗဟုသုတဘဏ်’’ဟုပါရှိ၍ သက်ဆိုင်ရာနေရာများတွင် ရုပ်ပြပုံများ၊ ပန်းချီပုံများ၊ ကာလဓာတ်ပုံများဖြင့် ဖော်ပြခဲ့သည်မှာ ဖတ်ရှုသူအတွက် ဗဟုသုတရရှိသည့်အပြင် ပညာရပ်ဆိုင်ရာများ အတွက် အကိုးအကားပြုနိုင်သည့် ကျမ်းကြီးများ ဖြစ်ခဲ့သည်။
စီဒီအဖြစ် ထုတ်ဝေ
မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲနှင့်အနှစ်ချုပ်စာအုပ်များကို စုစည်း၍ အကိုးအကား စီဒီချပ်များအဖြစ် ၁၉၉၉ ခုနှစ်ဝန်းကျင်က ထုတ်ဝေခဲ့ဖူးသည်။ ထိုသို့ထုတ်ဝေ ရာတွင် စွယ်စုံကျမ်းအတွင်းမှ အချက်အလက်အကြောင်းအရာများ၊ ဓာတ်ပုံများနှင့်ဆောင်းပါးများကို ပုံနှိပ်ထားသည့်အခြေအနေမှ ကွန်ပျူတာ၌ အသုံးပြုနိုင်ရန် မီဒီယံပြောင်းလဲ၍ ထုတ်လုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါ စီဒီရွမ်ပါအချက်အလက်များအရ ၁၉၅၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ထုတ်ဝေခဲ့သည့်စွယ်စုံ ကျမ်း ၁၅ တွဲနှင့် ၁၉၇၈ ခုနှစ်မှ ၁၉၉ရ ခုနှစ်အထိ ထုတ်ဝေခဲ့သော နှစ်ချုပ် ၂ဝ တွဲတို့မှ အကြောင်းအရာပေါင်း ၇၄၁၂ ခု၊ ကာလဓာတ်ပုံ ၁၆ဝ၊ အဖြူ အမည်းဓာတ်ပုံ ၉၆၇၆ ပုံတို့ကို ထည့်သွင်းထုတ်လုပ်ခဲ့ကြောင်း သိရသည်။ မြန်မာ့စွယ်စုံကျမ်းစီဒီရွမ်ကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် Forever Group တို့မှ ပူးပေါင်းထုတ်လုပ်ကြောင်း သိရသည်။ စွယ်စုံကျမ်းစီဒီရွမ်အဖြစ် ပြန်လည်ထုတ်ဝေရာတွင် တည်ရှိနေသော အချက်အလက်များ၊ ပညာရပ်ဆိုင်ရာများကို ထပ်မံဖြည့်စွက်ခြင်း၊ တည်းဖြတ်ခြင်း၊ ထပ်တိုးခြင်းများပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း တွေ့ရသည်။
မြန်မာဝီကီပီးဒီးယား
ဂျင်မီဝေးလ်စ်နှင့်လာရီဆန်းဂါးတို့သည် ၂ဝဝ၁ ခုနှစ်တွင် ဝီကီပီးဒီးယားကို စတင်လွင့်တင်ခဲ့သည်။ ဝီကီပီးဒီးယားဝက်ဘ်ဆိုဒ်တွင် အကြောင်းအရာတစ်ခုကို လျှင်လျှင်မြန်မြန် ရှာဖွေသိရှိနိုင်သည်။ ဝီကီပီးဒီးယားတွင် ရေးသားထားသည့် အကြောင်းအရာများသည် လူအများ၏ စုပေါင်းအားဖြင့် ရေးသားတည်းဖြတ် ထားသော အကြောင်းအရာများ ဖြစ်တယ်။ ဝီကီလုပ်ငန်းများကို ဝီကီမီဒီယာဖောင်ဒေးရှင်က လုပ်ဆောင်လျက်ရှိသည်။ ဝီကီမီဒီယာဖောင်ဒေးရှင်းကို အစိုးရ မဟုတ်သည့်အဖွဲ့အစည်း(NGO)တစ်ခုအဖြစ် ထူထောင်ထားခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားဖြင့် ဖတ်ရူနိုင်သော ဝီကီပီးဒီးယားကို အများစုက ရင်းနှီးကျွမ်းဝင်လေ့ရှိကြသည်။ မြန်မာဘာသာစကားဖြင့် ရေးသားအသုံးပြုနိုင်သော ဝီကီပီးဒီးယားကိုမူ သိရှိသူနည်းပါးသည်။ စာဖတ်သူအနေဖြင့် မြန်မာ ဝီကီပီးဒီးယားရဲ့ အင်တာနက်လိပ်စာကို သိလိုလိမ့်မည်။ www.wikipedia.org ဆိုသော အင်တာနက်လိပ်စာကို အသုံးပြုလိုက်လျှင် wikipedia ၏ အဖွင့် စာမျက်နှာသို့ ရောက်သွားပါမည်။ ထို့မှတစ်ဆင့် စာဖတ်သူအသုံးပြုလိုသည့် ဘာသာစကားကို ရွေးချယ်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အောက်ဖော်ပြပါ နည်းလမ်းကို အသုံးပြု၍ သက်ဆိုင်ရာဘာသာစကားဖြင့် ဝီကီကို အသုံးပြုနိုင်သည်။ စာဖတ်သူအနေဖြင့် အင်္ဂလိပ်ဘာသာစကားနှင့် ဝီကီကို ဖတ်ရှုလိုပါက www.en.wikipedia.org ဆိုသော အင်တာနက်လိပ်စာကိုအသုံးပြု၍ ဖတ်ရှုနိုင်သည်။ မြန်မာဘာသာစကားနှင့်ဝီကီကို ဖတ်ချင်တယ်ဆိုလျှင် www.my.wikipedia.org ဆိုသော အင်တာနက်လိပ်စာကိုအသုံးပြု၍ ဖတ်ရှုရမည်ဖြစ်သည်။ en.wikipedia ကို သုံးသောအခါ အင်္ဂလိပ်ဘာသာစကားနဲ့ဝီကီကို ဖတ်နိုင်၍ my.wikipedia ကိုသုံးသောအခါ မြန်မာဘာသာစကားနှင့်ဝီကီကို ဖတ်ရူနိုင်မည်။
en. , my.
အင်တာနက်လိပ်စာများကို လေ့လာကြည့်သောအခါ .com, .org, .asia, .com.mm, .net.mm ဟု မြင်တွေ့ရပါမည်။ .com ဆိုသည်မှာ Company ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများကို ကိုယ်စားပြုသည်။ .org ဆိုသည်မှာ Organization ဖြစ်ပြီး အဖွဲ့အစည်းများကို ကိုယ်စားပြုပါတယ်။ .asia မှာ အာရှနိုင်ငံများကို ကိုယ်စားပြုသည်။ .mm ဆိုသည်မှာMyanmar (မြန်မာနိုင်ငံ)အား ကိုယ်စားပြုသည်။ mm သည် မြန်မာကို ကိုယ်စားပြုသည်ဟုဆိုခဲ့လျှင် မြန်မာဝီကီပီးဒီးယား ၏ အင်တာနက်လိပ်စာတွင် mm.wikipedia.org ဖြစ်သင့်သည်။ သို့ပေမဲ့ မြန်မာဝီကီပီးဒီးယား၏ အင်တာနက်လိပ်စာသည် my.wikipedia.org ဖြစ်နေသည်။ ဝီကီပီးဒီးယားသည် နိုင်ငံများကို ကိုယ်စားမပြုပါ။ ဘာသာစကားများကိုသာ ကိုယ်စားပြုသည်။ မြန်မာဘာသာစကားဟုဆိုသောအခါ တိုင်းရင်းသားမျိုးနွယ် စုများဖြစ်သော မွန်၊ ရှမ်း၊ ကရင် စသည့် ဘာသာစကားများလည်း ပါဝင်သည်။ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက် ISO 639-1 အရ ကွန်ပျူတာသုံးမြန်မာ ဘာသာစကား၏ကုဒ်မှာ my ဖြစ်သည်။ ဝီကီအား စိတ်ဝင်စားသူတိုင်း ဝင်ရောက်ရေးသားနိုင်သည်။ ထိုသို့ရေးသားနိုင်သောကြောင့် ဝီကီရေးသားသူသည် အချိန်၊ အင်တာနက်အသုံးပြုခနှင့်ဝီကီတွင် အကြောင်းအရာတစ်ခုရေးသားရန် ထိုက်သင့်သော အဖိုးအခများ ကုန်ကျသည်။ သို့သော်လည်း မိမိအနေနှင့် ကျွမ်းကျင်သိရှိထားသော ဘာသာရပ်၊ ဒေသနှင့် အထွေထွေဗဟုသုတများကို မြန်မာဝီကီကနေတစ်ဆင့် ဖြန့်ဝေနိုင်ခြင်းတန်ဖိုးသည် မြန်မာတို့အတွက် အလွန်အဖိုးများသော တန်ဖိုးတစ်ခု ဖြစ်နေမည်။
ဟန်ဇော်
အိုင်ကွန်မဂ္ဂဇင်း၊ ဧပြီ ၂ဝ၁၂ ခုနှစ်