အဖွင့်
ဖေ့ဘွတ်ခ်အသုံးပြုသူ သန်းတစ်ထောင်ပြည့်သွားပြီ ဟု
မက်ဇူကာဘတ်က အောက်တိုဘာလ အဆန်းပိုင်းမှာ ပြောကြားလိုက်သည်။
စတိ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ခဲ့ပါပြီ။ ဝမ်းနည်းရပါတယ်။
စတိ ဆီက ထူးခြားတဲ့အကျိုးထူးတွေကို ခံစားနေရပါတယ်။
ကမ္ဘာကြီးကို ကောင်းမွန်တဲ့နေရာတစ်ခုဖြစ်ဖို့ စတိဟာ လမ်းစတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
စတိဟာ ကောင်းမွန်တဲ့ လက်ဆောင်ကောင်းတွေကို ပေးခဲ့ပါတယ် ဟု
Apple ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Tim Cook က အလွမ်းစာတစ်စောင်ရေးခဲ့သည်။ ထိုစာကို စတိဂျော့စ် ကွယ်လွန်ခြင်းနှစ်ပတ် လည်နေ့တွင် www.apple.com ၌ လွှင့်တင်ခဲ့သည်။ ထိုနေ့သည် အောက်တိုဘာလ ၅ ရက်နေ့ဖြစ်သည်။
ဖေ့ဘွတ်နှင့် မြန်မာ့အလှမယ် နန်းခင်ဇေယျာ
အောက်တိုဘာအဆန်းပိုင်းရက်များတွင် မြန်မာကိုယ်စားပြု အလှမယ်နန်းခင်ဇေယျာ၏ အလှဓာတ်ပုံများသည် ဖေ့ဘွတ်ခ် စာမျက်နှာထက်တွင် နေရာယူခဲ့ပြန်သည်။ အွန်လိုင်းအသုံးပြုသည့် ဖေ့ဘွတ်ခ်အသိုင်းအဝန်းတွင် နန်းခင်ဇေယျာသည် နိုင်ငံကိုယ်စားပြု အမျိုးသမီးငယ်ဖြစ်လာဖို့ ဝိုင်းဝန်းချီးမြှောက်ခံရသည်။ နိုင်ငံတကာအလှမယ်ရွေးချယ်ပွဲဖြစ်သည့်အတွက် နန်းခင်ဇေယျာသည် မြန်မာမျက်စိဖြင့် မအပ်စပ်သောဝတ်စုံကို ဝတ်ဆင်ခဲ့ရသည်။ ထိုဝတ်စုံဖြင့် ရိုက်ကူးထားသော ဓာတ်ပုံသည်လည်း ဖေ့ဘွတ်ခ်စာမျက်နှာထက်တွင် ပလူပျံ နေခဲ့သည်။ ဓာတ်ပုံနှင့်ပတ်သက်သောဝေဖန်မှု အချို့ကို တွေ့ရသည်။
ဝေဖန်မှုများကို လက်လှမ်းမီသ၍ လေ့လာကြည့်သောအခါ အမြင်ကျဉ်းမြောင်းခြင်း၊ အားကစားမျက်စိမရှိခြင်းနှင့် အားကစားစိတ် ထား မမွေးမြူနိုင်ခြင်းတို့ကို တွေ့ရသည်။ ထိုအချက်များနှင့်ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးကြ၊ ပြောဆိုကြသည်ကို တွေ့ရသည်။ သတင်းမီဒီယာများအတွက် သူမသည် သတင်းဖြစ်ခဲ့သည်။ အွန်လိုင်း၊ ပုံနှိပ်မီဒီယာများ အလုပ်များကြသည်။ မီဒီယာတွင် မပါမဖြစ်ပါဝင်ရ သော မြန်မာ့အလှမယ်ဖြစ်ခဲ့ရသည်။
မည်သို့ပင်ဆိုစေ။ နိုင်ငံကိုယ်စားပြုနိုင်သော၊ အောင်မြင်မှုများဖြင့် လှပတင့်တယ်စေလိုသော မြန်မာ့ဆန္ဒအားသည် သူမအတွက် ခွန်အားဖြစ်ပေလိမ့်မည်။ နန်းခင်ဇေယျာ၏ ဓာတ်ပုံများတွင် အားကစားကို ကိုယ်စားပြုရသည့် ဓာတ်ပုံတစ်ပုံနှစ်ပုံမှလွဲ၍ အမြင်ရိုင်းသော၊ ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေ မရှိသော ဓာတ်ပုံများကို မတွေ့ရပါ။ တစ်ချို့သော ဓာတ်ပုံများတွင် မြန်မာကိုယ်စားပြုသော အဝတ်အစား များဖြင့် တင့်တယ်စွာ တွေ့ရပါသည်။ ဖေ့ဘွတ်ခ်စာမျက်နှာတွင် လူအများစုက မှတ်ချက်ပြုကြသည့်အတိုင်း အားပေးထိုက်သူ၊ ချီးမြှောက် ထိုက်သူကို အမြင်ရှင်းရှင်း၊ စိတ်ရှင်းရှင်းဖြင့် မြင်တတ်၊ ဝေဖန်တတ်၊ အားပေးတတ်ရန် လိုအပ်လှပါသည်။
ဖေ့ဘွတ်ခ်ကို တကမ္ဘာလုံးကနေ အသုံးပြုနေကြသည်မှာ သန်းပေါင်းတစ်ထောင်ရှိသွားပါပြီ။ အွန်လိုင်းကမ္ဘာမှာ အလွန်ကြီးမားသည့် နိုင်ငံကြီးတစ်နိုင်ငံကို မာက်ဇူကာဘတ်က တည်ထောင်လိုက်နိုင်ပါပြီ။ သူ့ရဲ့ကမ္ဘာမှာ အရောင်အသွေးစုံသည့် လူသားများ၊ အယူအဆမတူညီ သည့် လူသားများ၊ အရွယ်မတူသည့် လူသားများ၊ နောက်ခံအသိုင်းအဝိုင်းမတူညီသည့် လူသားများကို စုစည်းထားလိုက်နိုင်ပါပြီ။
မက်ဇူကာဘတ်သည် အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ်သာရှိသေးသည့် လူငယ်တစ်ဦးဖြစ်သည်။ သူ့ကို ၁၉၈၄ ခုနှစ် မေလ ၁၄ ရက် တွင် မွေးဖွားခဲ့သည်။ ၂၀ဝ၄ ခုနှစ်တွင် ဖေ့ဘွတ်ခ်ကို မိတ်ဆက်ခဲ့သည်။ ၂၀၁၀ ပြည့် နှစ်တွင် တိုင်းမဂ္ဂဇင်း၏ အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံရသည်။ ကွန်ပျူတာပရိုဂရမ်မာတစ်ဦးဖြစ်သည်။ အင်တာနက်စွန့်ဦးတီထွင်သူများထဲမှ တစ်ဦးဖြစ်သည်။
မက်ဇူကာဘတ်၏ ဖေ့ဘွတ်ခ်နိုင်ငံထဲတွင် လူသန်းပေါင်းတစ်ထောင်သည် နေထိုင်ရှင်သန်လျက်ရှိသည်။ နေထိုင်သူတို့သည် အရောင် အသွေး မစုံညီကြပါ။ အကျင့်စရိုက် မတူညီကြပါ။ အမြင်မတူညီကြပါ။ ထို့ကြောင့် ဖေ့ဘွတ်ခ်ပေါ်တွင် ဖြစ်ပျက်လျက်ရှိသော ကိစ္စအရပ်ရပ် သည် လူ့သဘော လူ့မနောအတိုင်းသာ ဖြစ်သည်ဟု မြင်တတ်ရပေမည်။ လူ့ကလိမ်၊ လူ့ကကျစ်၊ လူ့မသမာတို့ကို သတိချပ်ရမည်။ ဖေ့ဘွတ်ခ် အလိမ်အညာကိုလည်း မြင်တတ်ရမည်။
နည်းပညာကို အနုပညာဖြင့် လက်ထပ်ထိမ်းမြားပေးသူ
နည်းပညာဟာ သူ့ချည်းသက်သက် ရပ်တည်နေရုံနဲ့ မလုံလောက် ပါဘူး။ နည်းပညာကို အနုပညာနဲ့ ထိမ်းမြားပေးခဲ့တယ်။ နည်းပညာကို လူသား ဆန်မှုနဲ့ ထိမ်းမြားပေးခဲ့တယ် ဟု ၂၀၁၁ ခုနှစ် မတ်လက iPad 2 မိတ်ဆက်ပွဲမှာ ကွယ်လွန်သူ စတိဂျော့စ်က ပြော ကြားခဲ့ပါသည်။
နည်းပညာသည် သူ့ချည်းသက်သက် ရပ်တည်နေခဲ့လျှင် ပညာရှိ ကဝိတို့အတွက်သာ အသက်ရှင်နေပေလိမ့်မည်။ လူသားတို့အတွက် သိလွယ် မြင်လွယ်၊ ထိလွယ်ကိုင်လွယ်သော ဥစ္စာတစ်ခု ဖြစ်နိုင်ချေမရှိပါ။ စတိ၏ ထိမ်းမြှားလက်ထပ်ပေးမှုသည် လူသားတို့အတွက် ကောင်း မွန်သော လမ်းစများကို ဖြစ်ပေါ်စေခဲ့သည်။
ထိုနေရာတွင်လည်း Apple ဆိုသည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် မြင်၍မရနိုင်ပါ။Apple အသုံးပြုသူ အသိုင်းအဝန်းအတွက်ပဲ စတိ က အကျိုးပြုနိုင်ခဲ့သည်ဟု ကွက်ကွက်ကလေး မြင်၍မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော စတိ၏ကြိုးပမ်းမှုနှင့်တီထွင်ဖန်တီးမှုများသည် တေးဂီတ၊ မိုဘိုင်းဖုန်း၊ စမတ်ဖုန်း၊ သင်ပုန်းကွန်ပျူတာနှင့် ကွန်ပျူတာအဝန်းအဝိုင်းအတွက် လွမ်းမိုးမှုများ၊ ဈေးကွက်ဖော်ဆောင်မှုများ၊ လူနေမှုအခြေအနေပြောင်းလဲမှုများအတွက် ကြီးမားသော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။ နည်းပညာလောကကို ပြောင်းလဲစေခဲ့ သည်။ ကမ္ဘာ့လူ့အဖွဲ့အစည်းကို ပြောင်းလဲစေခဲ့သည်။
လူအစ သမိုင်းကို အာဒံနှင့်ဧဝတို့အကြား ပတ်သက်မှုရှိခဲ့သည့် ပန်းသီးတစ်လုံးကို ကိုယ်စားပြု၍ ဆိုလေ့ရှိကြသည်။ သိပ္ပံနှင့်ပတ် သက်သည့် အပြောင်းအလဲများအတွက် နယူတန်အသုံးချခဲ့သည့် ပန်းသီးဖြင့် ကိုယ်စားပြုကြ ပြန်သည်။ ထို့အတူ စတိကိုလည်း တတိယ မြောက်ပန်းသီးပိုင်ရှင်အဖြစ် ဆိုကြပြန်သည်။ Apple ကွန်ပျူတာ၏ အမှတ်တံဆိပ်မှာ ကိုက်ရာပါဝင်သည့် ပန်းသီးတစ်လုံးပင်ဖြစ်သည်။ လူသန်းပေါင်းများစွာသည် ပန်းသီးကွန်ပျူတာမှ ထုတ်လုပ်လိုက်သည့် ကွန်ပျူတာပစ္စည်းများကို ဝယ်ယူကြရန် တန်းစီစောင့်ဆိုင်းခဲ့ကြ သည်။ မိမိတို့ ကြိုးစားရှာဖွေထားသည့် ငွေကြေးများကိုပေး၍ ပန်းသီးကွန်ပျူတာထုတ်ပစ္စည်းများကို ဝယ်ကြသည်။ ထို့အပြင် ကမ္ဘာတစ် ဝန်းမှ သန်းနှင့်ချီသော လူပေါင်းများစွာသည် rememberingsteve@apple.com သို့ အီးမေးလ်ပို့၍ စတိကို လွမ်းဆွတ်ကြောင်း၊ ဝမ်းနည်းကြောင်း နှင့်ဂုဏ်ပြုပါကြောင်း ပေးစာများ ပေးပို့ကြသည်။ ထိုပေးစာများကို www.apple.com/stevejobs စာမျက်နှာတွင် အမှတ်တရအနေဖြင့် ဖော်ပြပေး ခဲ့သည်။ ထိုနေ့သည် စတိကွယ်လွန်ခြင်း တစ်နှစ်ပြည့် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၅ ရက်ဖြစ်သည်။
စတိဂျော့စ်ကို ၁၉၅၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် မွေးဖွားခဲ့သည်။ Apple ကွန်ပျူတာကို တည်ထောင်သူတစ်ဦးဖြစ်သည်။ အမေရိ ကန် စွန့်ဦးတီထွင်သူများထဲတွင် ပါဝင်သူတစ်ဦးဖြစ်သည်။ စတိသည် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၅ ရက်တွင် ကွယ်လွန်သည်။ မကွယ်လွန် မီတစ်ရက်ဖြစ်သည့် အောက်တိုဘာ ၄ ရက်တွင် iPhone 4S ကို မိတ်ဆက်ခဲ့သည်။
သမ္မတအိုဘားမားနှင့် အိုင်စီတီ
ကျောင်းဆရာဘဝကို အချစ်ဆုံးပါ။ စာသင်ရတဲ့ အလုပ်ကို လွမ်းပါတယ် ဟု အမေရိကန်သမ္မတ အိုဘားမားက ရုပ်သံလိုင်းတစ်ခုနှင့် တွေ့ဆုံခန်းတွင် ပြောကြားခဲ့သည်။ လာမည့်အမေရိကန်ရွေးကောက်ပွဲတွင် သမ္မတဒုတိယသက်တမ်းကို အိုဘားမားအနေဖြင့် ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ထိုသမ္မတသက်တမ်းပြည့်သွားပါက ကျောင်းဆရာအဖြစ်နေထိုင်လိုကြောင်း အိုဘားမားက ပြောခဲ့သည်။
ဒုတိယသမ္မတသက်တမ်းအတွက် ကြိုးပမ်းနေသည့် အိုဘားမားသည် အိုင်စီတီကို ကောင်းစွာအသုံးချနိုင်သူတစ်ဦးဖြစ်ခဲ့သည်။ လက်ရှိ သမ္မတသက်တမ်းအတွက် မဲဆွယ်စည်းရုံးခြင်းနှင့် လူထုဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့စဉ်က Facebook နှင့် Twitter ကို ကောင်းမွန်စွာ အသုံးချခဲ့သည်။ အိုဘားမား၏ twitter အကောင့်မှာ @BarackObama ဖြစ်ခဲ့သည်။ @WhiteHouse ဆိုသော အကောင့်ကိုလည်း အသုံးပြုခဲ့သည်။ အိုဘားမားသည် အမေရိကန်သမ္မတဖြစ်ပြီးနောက် အမေရိကန်ပြည်သူများကို Google Hangout ဖြင့် ဆက်သွယ်ခဲ့သည်။ ပြည်သူတို့၏ မေးခွန်များကို ဖြေကြားခဲ့သည်။ ထိုနေ့သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်ဖြစ်သည်။
ယခုပြုလုပ်မည့် အမေရိကန်ရွေးကောက်ပွဲအတွက် ဖေ့ဘွတ်ခ်က Facebook Election Insights ဆိုသည့် စာမျက်နှာတစ်ခုကို ဖန်တီးထား ခဲ့သည်။ ထိုမှတစ်ဆင့် အမေရိကန်ရွေးကောက်ပွဲအခြေအနေအချို့ကို သိရှိနေနိုင်မည် ဖြစ်သည်။ Election Insights ကို ဖေ့ဘွတ်ခ်နှင့် စီအန်အန်f(CNN)တို့မှ ပူးတွဲအကောင်အထည်ဖော်ကြောင်း သတင်းစာမျက်နှာများတွင် ဖော်ပြထားသည်။
အိုဘားမားမှာ iPad ရှိသလား
အိုဘားမားမှာ ကိုယ်ပိုင်ကွန်ပျူတာနှင့် iPad ရှိသလား ဆိုသောမေးခွန်းကို အများက စိတ်ဝင်စားခဲ့ကြသည်။ ထိုသတင်းကိုလည်း သတင်းမီဒီယာများတွင် ရေးသားဖော်ပြကြသည်။ The Huffington Post သတင်းဌာန၏ နည်းပညာကဏ္ဍတစ်ခုတွင် အမေရိကန်သမ္မတ၏ အိမ်ဖြူတော်အတွင်းရှိ စားပွဲပေါ်တွင် iPad ရှိမရှိ မေးခွန်းထုတ်ခဲ့သည်။ ထိုသတင်းဌာန၏ အခြားသောနည်းပညာသတင်းတစ်ပုဒ်တွင်လည်း အိုဘားမားကိုယ်ပိုင် iPad ရှိမရှိ မေးခွန်းထုတ်ထားသည်ကို တွေ့ရသည်။ အိုဘားမားကလည်း သူ့တွင်ကိုယ်ပိုင် iPad ရှိပါသည်ဟု ပြန်လည် ဖြေကြားခဲ့သည်။ ထို့အပြင် ပန်းသီးကွန်ပျူတာမှ စတိ ဂျော့စ်က iPad ကိုလက်ဆောင်အဖြစ် အိုဘားမားထံပေးခဲ့ကြောင်း သတင်းများလည်း တွေ့ရသည်။
အိုဘားမားကို ၁၉၆၁ ခုနှစ် သြဂုတ် ၄ ရက်တွင် မွေးဖွားခဲ့သည်။ အမေရိကန်နိုင်ငံ၏ ၄၄ ဦးမြောက် သမ္မတဖြစ်သည်။ ပထမဆုံး သော အာဖရိက-အမေရိကန်နွယ်ဖွား လူမည်းသမ္မတဖြစ်သည်။ ဟားဗတ်ဥပဒေကျောင်းနှင့် ကိုလံဘီယာတက္ကသိုလ်တို့တွင် ပညာသင်ကြား ခဲ့သည်။ လွတ်တော်အမတ်မဖြစ်မီက ရှီကာဂိုတက္ကသိုလ်၊ ဥပဒေဌာနတွင် ကျောင်းဆရာအဖြစ် ၁၂ နှစ် လုပ်ခဲ့သည်။
အပိတ်
ဇူကာဘတ်၊ စတီဂျော့တို့သည် နည်းပညာ၏ ဦးဆောင်လမ်းပြကြသူများဖြစ်သည်။ နည်းပညာ၊ အနုပညာနှင့် လူသားဆန်မှုတို့ကို ရှင်သန်စေသူမျာဖြစ်သည်။ အိုဘားမားနှင့်နန်းခင်ဇေယျာတို့သည် နည်းပညာကြောင့် လူသားဆန်မှုနှင့်အနုပညာမြောက်မှုကို ခံစားရသူများ ဖြစ်သည်။ ဖေ့ဘွတ်နှင့်အွန်လိုင်းတို့ကြောင့် နန်းခင်ဇေယျာသည် မြန်မာ့ခွန်အားကိုရ၏။ နည်းပညာကြောင့် အိုဘားမားသည် သူ၏ အမေရိ ကန်ပြည်သူများနှင့် နွေးထွေးစွာ၊ ပွင့် လင်းမြင်သာစွာ ထိတွေ့ခွင့်ရခဲ့သည်။
နည်းပညာသည် ကောင်းလေစွ။
သို့သော် နည်းပညာဖြင့် မကောင်းမှုကိုလည်း ကျူးလွန်နိုင်၏။
ထို့ကြောင့် သတိမှုသင့်၏။
သတိမှု၍ သုံးစွဲပါမှ လူ့လောကကြီး သာယာပေမည်။
ဟန်ဇော်
အိုင်ကွန်မဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၁၂ ခုနှစ်