အဖွင့်အမှာ
ဤဇာတ်လမ်းသည် ရယ်ရမည့်ဇာတ်လမ်း မဟုတ်။ ဘာမှန်းမသိသော ဇာတ်လမ်းဖြစ်မည်။ မဖတ်လိုက ကျော်နိုင်သည်။
၁။ စာရေးဆရာဖြစ်ချင်သော မောင်ရင်ညို
တစ်နေ့တစ်၌ ဂန္ထဝင်စကားလုံးကောင်းကင် မောင်ရင်ညိုသည် စာရေးဆရာကြီး ဖြစ်ချင်စိတ် ပြင်းထန်လာခဲ့သည်။ အကျဉ်းထောင် အကြောင်းရေးသားသည့်ဘုတ်အုပ်များကို ဖတ်ရှုလတ္တံ၍လည်းကောင်း၊ စာရေးဆရာများ၏ စာပေဟောပြောပွဲဓာတ်ခွေများကို ကြည့်ရှုလတ္တံ၍လည်းကောင်း၊ စာအုပ်မိတ်ဆက်ပွဲများတွင် စာရေးဆရာကို ချီးမွမ်းခန်းဖွင့်သည့် သတင်းများကို ဖတ်ရှုလတ္တံ၍ လည်းကောင်းနှင့် စာရေးဆရာများကို ဓာတ်ရှင်မီဒီယာများက အင်တာဗျူးများမေးမြန်းသည်ကို ကြည့်ရှုလတ္တံ၍လည်းကောင်း၊ လတ္တံများကို လတ္တံ ဖြစ်၍လည်းကောင်း မောင်ရင်ညိုသည် စာရေးဆရာကြီးဖြစ်လိုသောစိတ် ပြင်းထန်စွာဝင်၍ စာရေးဆရာဖြစ်ရန် ဆန္ဒအားများ ကြီးမား လာခဲ့လေသည်။
၂။
အနှီးမောင်ရင်ညိုသည် စာရေးဆရာဖြစ်ချင်စိတ် ကြီးမားကြီးထွားလာခြင်းကြောင့်၊ သူ့၏အားကိုးရာအဖြစ် စာရေးဆရာဟာညံညံထံ ချဉ်းကပ်ရန် မဟာအကြံဉာဏ်ထွက်လေသတည်း။ ထိုသို့ရသည့် မဟာ့မဟာအကြံ ဉာဏ်ကြောင့် မောင်ရင်ညိုသည် စာရေးဆရာ ဟာညံညံထံ ပညာရည်ခါး စုပ်ယူရန်သွားလေသည်။
၃။
ထိုတစ်နေ့တစ်၌ မောင်ရင်ညိုသည် ကလောင်တံသွားကို ဓားရေးပြနေသည့်အလား ဟန်ရေးများပြ၍ စာရေးနေသော စာရေးဆရာ ဟာညံညံထံ ရောက်ရှိလာခဲ့လေသည်။ ထိုအခါ ဟာညံညံသည် ကော်ကိုင်းမျက်မှန်ကြီး၏ အထက်မှကျော်လွန်၍ မျက်လုံးများ ကျွတ်ကျလာ သကဲ့သို့ မောင်ရင်ညိုအား ကြည့်လေသည်။ မျက်နှာအမူအရာသည်လည်း အနှောက်အယှက်ပေးခံလိုက်ရသည့်နှယ် တွန့်ကျေကောက်ကွေး သွားလေသည်။
မောင်ရင်ညိုက ဂန္ထဝင်တင်ကျန်သောမည့်အရေးနှယ် ဆရာညံ ဟု စာရေးဆရာ ဟာညံညံကို ခေါ်လိုက်လေသည်။ ဟာညံညံကလည်း စာရေး ဆရာကြီးဟန်ဆြာ၏အမူအရာအတိုင်း လက်တွင်ကိုင်စွဲထားသော ကလောင်တံကို စားပွဲပေါ်သို့ ဖြေညှင်းစွာချလိုက်သည်။ ထိုနောက် မောင်ရင်ညိုကို အဓိပ္ပါယ်ပြည့်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လေသည်။
စာရေးဆရာကြီးဟန်ဆြာဆိုသူမှာ တစ်ခေတ်တစ်ခါက အလွန်နာမည် ကျော်ကြားထင်ရှား၍ စာပေသြဇာကြီးမားသူဖြစ်သည်။ သူ့ထံတွင် တပည့်များစွာရှိသည်။ ယနေ့အချိန်တွင် ထင်ရှားနေသော စာရေးဆရာမှုန်မှုန်လွင်သည် သူ၏လက်ရင်းတပည့်ဖြစ်သည်။
ဟာညံညံသည် မောင်ရင်ညိုကို စိုက်ကြည့်နေရာမှ ဘာလဲ ဟု ထူးလိုက်လေသည်။
၄။ အကြံကုန် ဟာညံညံ ဆားချက်
ဘာလဲ ဟူသော တုံပြန်သံကို ကြားသိလိုက်၍ မောင်ရင်ညို၏ မဟာဂန္ထဝင်အိပ်မက်ကြီးသည် တစ်ဝက်မျှပြီးမြောက်သွားသည့်အလား ခံစားမှု ဖြစ်ပေါ်လာသည်။ ထို့နောက် မောင်ရင်ညိုက မိမိသည် စာရေးဆရာဖြစ်ချင် စိတ်အလွန်ပြင်းထန်နေ၍ ဆရာညံထံ ချဉ်းကပ်ရပါကြောင်း ပြောကြားလေသည်။ ထိုကြောင့် ဆရာညံအနေဖြင့် မိမိကို လူအထင်ကြီးသော၊ အလွန်ကျော်ကြားသော၊ အလွန်သြဇာကြီးမားသောနှင့် လူသိထင်ရှားဖြစ်စေသော စာရေးဆရာတစ်ယောက်ဖြစ်လာစေရန် သင်ကြားပေးစေလိုကြောင်း ပြောကြားလေသည်။
ထိုသို့ ကြားသိရသောအခါ အကြံကြီး၍ အကြံကုန်နေသော စာရေးဆရာ ဟာညံညံသည် အကြံကုန် ဟာညံညံဆားချက် ဆိုရိုးအလား လက်ခနဲလင်း ခနဲ မဟာစိတ်ကူးရလေသည်။ ဟာညံညံသည် စာရေးသားရန်အတွက် ဦးနှောက်ခန်းမှ ညှစ်ထုတ်ရသည့် လွန်ကဲရသများ ကုန်ခန်းနေလေသည်။ ထို့ကြောင့် သူများတကာစာရေးဆရာကို အရိပ်ထိုးအတွက် ငွေထိုးရေးခိုင်း နေရသည်။
၅။ အရိပ်ထိုးအတွက် ငွေထိုးရေးခိုင်းလမ်းစဉ်
အရိပ်ထိုးအတွက် ငွေထိုးရေးခိုင်းဆိုသည် မိမိနာမည်ရရှိရေးအတွက် တစ်ပါးသူအား ငွေကြေးတစ်စုံတရာပေး၍ စာမူရေးခိုင်းသည်ကို ဆိုလိုခြင်း ဖြစ်သည်။ ထိုသို့ရေးခိုင်းခြင်းကြောင့် စာရေးဆရာ ဟာညံညံသည် အမည်ပျက် ယွင်းလတ္တံဖြစ်ခဲ့ရဖူးသည်။ သို့သော်လည်း ထိုလမ်းစဉ်ကို လိုက်မြဲလိုက်နေ၍ လူမသိသူမသိ လုပ်ဆောင်နေလေသည်။ ထိုသို့လုပ်ဆောင်သော်လည်း ဟာညံညံအတွက် ယင်းအမှုဆောင်ရွက်ပေးနေသူသည် စာရေးဆရာ မှုန်မှုန်လွင်ထံမှ အခကြေးငွေပိုမိုရရှိနေသောကြောင့် ကောင်းမွန်စွာရေးပေးနိုင်ခြင်းမရှိ ပေ။ စာရေးဆရာ မှုန်မှုန်လွင်သည်လည်း လေးဆယ့်ငါးရက်ဖြတ်တောက်မှုဥပဒေကြောင့် အခက်တွေ့နေရသည်။ ထိုအခက်ကြောင့် မှုန်မှုန်လွင်သည် အရိပ်ထိုးအတွက် ငွေထိုးရေးခိုင်းလမ်းစဉ်ကို ကျင့်သုံးနေရသည်။
၆။ မှုန်မှုန်လွင် ပျော့ကွက်
စာရေးဆရာမှုန်မှုန်လွင်၏ဇနီးဖြစ်သူ မယားမှုန်လွင် မီးဖွားနေသောကြောင့် စာမရေးနိုင်ဘဲဖြစ်နေရခြင်းလည်းဖြစ်သည်။ ထိုသို့ဖြစ်နေခြင်း သည်ကား မှုန်မှုန်လွင်သည် သားရေးသမီးရေးရာ၌ အလုပ်များနေသည်ကြောင့် မဟုတ်ပေ။ မယားမှုန်လွင်က ကျွန်မမီးဖွားနေရတယ်။ ဒါရှင့်ကြောင့်၊ ရှင့်အပြစ်နဲ့ရှင်၊ ရှင့်အတွက် ကျွန်မ စာမရေးပေးနိုင်ဘူး ဟုဆို၍ လေးဆယ့်ငါးရက်ကြာ စာရေးဆရာမှုန်မှုန်လွင်အတွက် စာမူကိုယ်စားရေးပေးခြင်းကို ဖြတ်တောက်လိုက်လေသည်။ ထို့ကြောင့် မှုန်မှုန်လွင်သည် အရိပ်ထိုးအတွက် ငွေထိုးရေးခိုင်းသည့်လမ်းစဉ်ကို ကျင့်သုံးလာရလေသည်။ ထိုအရိပ်ထိုးအတွက် ငွေထိုးရေးခိုင်းလမ်းစဉ်ကို လွန်ခဲ့သောနှစ်အနည်းငယ်က ရှဲဒိုးဟုခေါ်ဆိုခဲ့သည်။ ထိုလမ်းစဉ် သည် စာရေးဆရာကြီး ဟန်ဆြာတို့၏ လက်ထက်ကတည်းကရှိခဲ့သည်။ ထိုလမ်းစဉ်ကို စာရေးဆရာကြီးဟန်ဆြာက အပြင်းအထန် ကန့်ကွက်၍ ရှုံချခဲ့သည်။
မှုန်မှုန်လွင်သည် ဆရာကြီးဟန်ဆြာ၏ တပည့်ရင်းဖြစ်သောငြား ဆရာကြီးရှိစဉ် ကိုယ်တိုင်ရေးသားသည့် စာတိုပေစတစ်ခုနှစ်ခုမှလွဲ၍ ကိုယ်တိုင်ရေးသားခြင်း မရှိပေ။ ဆရာကြီးသည် မှုန်မှုန်လွင်ကို သူ၏အညံဖျင်းဆုံး တပည့်စာရင်းတွင် ထည့်ထားလေသည်။ ယနေ့ကဲ့သို့ ထင်ရှားသည့် စာရေးဆရာတစ်ဦးဖြစ်လာမည်ဟု မတွက်ဆထားပေ။
မှုန်မှုန်လွင် ထင်ရှားလာခြင်းသည် မယားမှုန်လွင်ကြောင့်သာ ဖြစ်သည်။ ဆရာကြီးဟန်ဆြာကလည်း ပေါတောတော ဝက်ပုတ်လို ကောင်လေးထံက ယမကာမပြတ်၍သာ တပည့်ရင်းပေပဲဟု ထုတ်ဖော်ပြောကြားထားခဲ့သည်။ ထိုကြောင့် ပေါတောတော ဝက်ပုတ်လို မှုန်မှုန်လွင်သည် ဆရာကြီးဟန်ဆြာ ကန့်ကွက်ခဲ့သည့် အရိပ်ထိုးအတွက် ငွေထိုးရေးခိုင်းသည့် လမ်းစဉ်ကို လိုက်လံကန့်ကွက်ရမည်ကို မသိကျေးကျွန်ပြုခဲ့လေသည်။
၇။ ရှေးဒယ်ဒီတာမင်းကြီးနှင့် ဆက်ဆံရေး
စာရေးဆရာကြီးဟန်ဆြာလမ်းစဉ်မှာ ကိုယ့်အရည်အသွေးဖြင့် ကိုယ်ရေး၊ ထမင်းပင်ငတ်ငတ်ဟူ၍ ဖြစ်သည်။ ဆရာကြီးဟန်ဆြာတို့ လက်ထက်တွင် ဘုတ်ဇင်းတစ်အုပ်၏ အယ်ဒီတာမင်းထံ ခံစားမှုရသလွန်ကဲသော စာတစ်ပုဒ်ပေးပို့ရာတွင် သံခင်းတမန်ခင်းများသည် အလွန်နှစ်သက်ဖွယ်ကောင်းလေသည်။
အယ်ဒီတာမင်းကြီးထံ စာရေးဆရာကြီးက ခံစားမှုရသလွန်ကဲသော စာတစ်ပုဒ်ပေးပို့ရာတွင် ထိုစာမှုကို အယ်ဒီတာမင်းကြီးက လက်ဖက် ရည်ဖန်တော်ဖြင့်ဧည့်ခံ၍ လက်ခံတော်မူသည်။ ထို့နောက် စာရေးဆရာကြီးထံမှ စာမူကို ရွှေဗန်းဖြင့်ထည့်ယူ၍လေသည်။ ထိုအပြုအမှုသည် စာရေးဆရာကြီးကို လေးစားကြောင်းနှင့် စာမူကို အလေးထားကြောင်း ပြသခြင်းဖြစ်သည်။
၈။ ဟန်ဆြာလမ်းစဉ်
အယ်ဒီတာမင်းကြီးသည် လက်ခံရရှိလာသောစာမူတော်ကို ဂရုပြုခြင်း များလွန်ကဲစွာထားရှိ၍ စိစိစစ်စစ်ဖတ်ရှုလေသည်။ ထိုသို့ဖတ်ရှုခြင်းကို ယခင်က မြန်မာနိုင်ငံတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော စာပေကင်ပေတိုင်မှ ယူဆောင်ခဲ့ထားသည်ဟု ရှေ့မီနောက်မီစာရေးဆရာတို့က ဆိုလေသည်။
ထိုသို့ ဖတ်ရှုပြီးသကာလ အယ်ဒီတာမင်းကြီးသည် ယင်း၏ ဘုတ်ဇင်းတွင် သုံးသင့်၊ မသုံးသင့်၊ တည်းဖြတ်သင့်၊ မတည်းဖြတ်သင့်၊ မှောက်ခါ လှန်ခါ၊ ကော့ခါ ကားကာ ဓားရေးပြသည့်နှယ်ပြုမူ၍ ဆုံးဖြတ်တော်မူသည်။ ထိုအဆုံးအဖြတ်ကို စာရေးသူသည် တစ်လတန်သည်၊ နှစ်လ တန်သည် စောင့်ကြည့်ရပေသည်။ ထို့နောက် စာမူခဟူသော ဖွတ်ကလိစက္ကူအချို့ရလေသည်။ ထိုဖွတ်ကလိစက္ကူသည် မွတ်တာဆိုင်မှ လက်ဖက်ရည်ဆယ်ခွက်နှင့်ညီလေသည်။
ထို့ကြောင့် စာရေးဆရာကြီးဟန်ဆြာက ကိုယ့်အရည်အသွေးဖြင့် ကိုယ်ရေး၊ ထမင်းပင်ငတ်ငတ်ဟု ကြွေးကြော်ခြင်းဖြစ်လေသည်။ မည်သို့ပင် ဆိုစေ သူတို့သည် ဆရာကြီးများဟု အမည်ကျော်ကြားတော်မူလေသည်။ သိက္ခာတရားသည်လည်း အလွန်ကြီးမားလေသည်။
၉။ စာရေးဆရာကွယ်လွန်၍ ထုတ်ဝေသူ စီးပွားဖြစ်ခြင်း
တစ်နေ့တစ်၌ ဆရာကြီးဟန်ဆြာသည် အစာအိမ်အတွင်း အစာမရောက်သည့်ရောဂါဖြင့် ကွယ်လွန်လေသည်။ ကွယ်လွန်ချိန်တွင် ရေးထုတ်ခဲ့ သော ဘုတ်အုပ်များသာကျန်ရှိခဲ့သည်။ ထိုဘုတ်အုပ်များကို နင်တို့စာပေမှ မွမွအောင်သည် ထုတ်ဝေသောကြောင့် ချမ်းသာကြွယ်ဝ၍ ရန်ကုန်မြို့တွင်းရှိ ဇိမ်ခန်းများတွင် သောင်းကျန်းလျက်ရှိသည်။
စာပေအသိုင်းအဝိုင်းတွင်မူ မွမွအောင်သည် ဆရာကြီးဟန်ဆြာ ကျန်းမားရေးမကောင်းစဉ် အလကားမူတင်းနီးနီးဖြင့် စာမှုများကို ဈေးဖြတ်ထားသည်ဟု ပြောဆိုနေကြသည်။ ဆရာကြီးကွယ်လွန်ခါနီးတွင် စာအုပ်များကို ရိုက်နှိပ်ထားပြီး ကွယ်လွန်သည်နှင့်တစ်ပြိုင်နက် ဖြန်ချိခဲ့သည်ဟုလည်း သတင်းများထွက်ပေါ်လာသည်။ မည်သို့ပင်ဆိုစေ ဆရာကြီးဟန်ဆြာ အသက်ပျောက်၍ ထုတ်ဝေသူမွမွအောင်က ဇိမ်ခန်းများတွင် သောင်းကျန်းနေလေသည်။
၁၀။ ဟာညံညံ အကြပ်တွေ့ခြင်း
စာရေးဆရာ ဟာညံညံသည် ထုတ်ဝေသူ မွမွအောင်ထံမှ စာအုပ်ထုတ်ဝေရန် စာချုပ်ဖြင့် ငွေများ ကြိုထုတ်ထားမိလေသည်။ ထိုသို့ငွေကြို ထုတ်ထားသည့်အပြင် ဘုတ်အုပ်တစ်အုပ်အတွက် စာမှုကို သုံးရက်မှ ငါးရက်အတွင်း ရုပ်ရှင်ကားများ ရိုက်သကဲ့သို့ အပြီးရေးပေးရန် စာချုပ်ထည့်သွင်းချုပ်ဆိုထား မိပြန်သည်။
ထို့ကြောင့် ထုတ်ဝေသူမွမွအောင်ထံ အချိန်မီစာမူပေးရေးက အလွန်အရေးကြီးနေပေသည်။ အချိန်မီစာမှုမပေးနိုင်ပါက ဇိမ်ခန်းများတွင် သောင်းကျန်းထားခဲ့သည်များကို လိုက်လံရှင်းလင်းပေးရသည်။ ထို့အပြင် စာမှုကိုလည်း မူလဂတိအတိုင်းပေးရသည်။ ထိုအချင်းအရာများ သည် စာရေးဆရာဟာညံညံအတွက် မစားသာပေ။
ထို့ကြောင့် ရှေ့တွင် ဖော်ပြလတ္တံသကဲ့သို့ ဟာညံညံ အကြံကုန်နေခြင်း ဖြစ်သည်။ ထိုအချိန်၌ မောင်ရင်ညိုသည် ဟာညံညံထံ စိုက်စိုက်မျိုက် မျိုက် ရောက်လာခြင်းဖြစ်သည်။
၁၁။ အပိတ်အမှာ
ဤဇာတ်လမ်းသည် ရယ်ရသည့် ဇာတ်လမ်းမဟုတ်။ အဆွေတော်အနေဖြင့် ယခုတိုင်ဖတ်နေသေးသည့်အတွက် အကျွန်ုပ် ကျေနပ်မိသည်။ အမှန်အားဖြင့် ဇာတ်လမ်းတစ်ပုဒ်တွင် အဆုံးသတ်ရှိသင့်ပေသည်။ သို့သော် အကျွန်ုပ်ထံတွင် အဆုံးသတ်မရှိပေ။ စာရေးဆရာဖြစ်လိုသူသည် စာရေးဆရာဖြစ်ပြီးသူထံ လာသည်။
ဇာတ်လမ်းသည် အစသာရှိ၍ အစမှာသာ ဇာတ်လမ်းရှိသည်။
ဟန်ဆန်း
၂၀၁၃ ခုနှစ် မေလထုတ် ဂျုတ်ယူနိုက်တက်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် စာမူဖြစ်သည်။