Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

ဆစ်ဂါတ် အန့်ဆက်စ် ဆိုသူမှာ

Posted on May 26, 2015 by Han Sann
ဆစ်ဂါတ် အန့်ဆက်စ်
ဆစ်ဂါတ် အန့်ဆက်စ်

ဆစ်ဂါတ် အန့်ဆက်စ်ဆိုသူ စာပေဆိုင်ရာနိုဘယ်ဆုရရှိထားသူ အမျိုးသမီးစာရေးဆရာမဖြစ်သည်။ နော်ဝေနိုင်ငံသား စာရေးဆရာမတစ်ဦးဖြစ်ပြီး စာပေနိုဘယ်ဆုကို တတိယမြောက်ရရှိထားသည့် အမျိုးသမီးစာရေးဆရာမဖြစ်သည်။ စက္ကင်းဒီနေဗီးယား အလယ်ခေတ်အကြောင်းကို ရေးသားထား သော အခန်းတွဲဝတ္ထုရှည်ကြီးဖြစ်သည့် Kristin Lavransdatter ဖြင့် သူမကို လူသိများသည်။

အန့်ဆက်စ်ကို ဒိန်းမတ်နိုင်ငံတွင် ၁၈၈၂ ခုနှစ်၊ မေ ၂၀ရက် ကမွေးဖွားခဲ့သည်။ နှစ်နှစ်အရွယ်တွင် သူမ၏ မိသားစုသည် နော်ဝေနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၉၄၀ ခုနှစ် ဧပြီတွင် နာဇီဂျာမနီတို့သည် နော်ဝေကို သိမ်းပိုက်ခဲ့သည်။ ထိုသို့သိမ်းပိုက်ထားချိန်တွင် အန့်ဆက်စ်သည် အမေရိကသို့ ထွက်ပြေးနေထိုင်ခဲ့ရသည်။ အမေရိကတွင် ၁၉၄၅ ခုနှစ်အထိ နေထိုင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ပြီးမှသာ နော်ဝေသို့ ပြန်လာခဲ့သည်။

အန့်ဆက်စ် ၁၁ နှစ်အရွယ်တွင် ဖခင်ဖြစ်သူသည် နာတာရှည်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ မိသားစု၏ စီးပွားရေးအခြေအနေကြောင့် တက္ကသိုလ်ပညာရေး ကို အန့်ဆက်စ်လက်လွှတ်ခဲ့ရသည်။ ၁၆ နှစ်အရွယ်တွင် ကုမ္ပဏီတစ်ခု၌ အတွင်းရေးမှူးအလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး ထိုအလုပ်ကို ၁၀ နှစ်အကြာ လုပ်ကိုင်ခဲ့သည်။ ဝန်ထမ်းဘဝအဖြစ် အလုပ်လုပ်ကိုင်နေစဉ်တွင် အန့်ဆက်စ်သည် စာပေရေးသားခြင်းနှင့်လေ့လာခြင်းများကို တစိုက်မတ်မတ် အားထုတ်ခဲ့သည်။ ၁၉၀၇ ခုနှစ်တွင် နော်ဝေစာရေးဆရာများအသင်းနှင့်ချိတ်ဆက်ခဲ့သည်။ ၁၆ နှစ်အရွယ်တွင် စက္ကင်းဒီနေဗီးယား အလယ်ခေတ် အကြောင်းကို စတင်ရေးသားနေခဲ့သည်။

ထိုသမိုင်းနောက်ခံ ဝတ္ထုရှည်ကြီးကို စတင်ရေးသားလာခဲ့ရာ အသက် ၂၂ နှစ်အရွယ်မှာသာ အပြီးသတ်ခဲ့သည်။ သို့သော်လည်း ထိုဝတ္ထုကြီးကို ထုတ်ဝေရန် ငြင်းပယ်ခြင်းခံခဲ့ရသည်။ အန့်ဆက်စ်သည် ထိုဝတ္ထုကို ထပ်မံဖြည့်စွက်ရေးသားခဲ့ပြန်ရာ ထုတ်ဝေခွင့်ရရှိခဲ့သည်။ သူမ၏ ပွဲဦးထွက်ဝတ္ထုကို အသက် ၂၅ နှစ်အရွယ်တွင် ထုတ်ဝေခွင့်ရရှိခဲ့သည်။ ထိုနောက် အန့်ဆက်စ်သည် ဝတ္ထုပေါင်းများစွာကို ရေးသားထုတ်ဝေခဲ့ပြီး နော်ဝေ၏ အလားအလာကောင်းသော လူငယ်စာရေးဆရာတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။

အလုပ်သမားလူတန်းစားအကြောင်း၊ သာမန်လူတန်းစားများအကြောင်းနှင့် မိဘသားသမီးဆက်ဆံရေးအကြောင်းများကို သူမ၏ ဝတ္ထုများတွင် တင်ပြ ရေးသားလေ့ရှိကြောင်းတွေ့ရသည်။ သူမ၏ အဓိကဇာတ်ကောင်များသည် အမျိုးသမီးများဖြစ်ပြီး သူတို့၏ သံယောဇဉ်မေတ္တာဖွဲ့များကို ရေးသားလေ့ရှိ သည်။ အန့်ဆက်စ်ဝတ္ထု များက ဥရောပအမျိုးသမီးများ၏ အခွင့်အရေးတောင်းဆိုလှုပ်ရှားမှု ရှေ့ပြေးပုံရိပ်များဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

တတိယမြောက်စာအုပ်ထွက်အပြီးတွင် အန့်ဆက်စ်သည် ဝန်ထမ်းဘဝမှ အနားယူခဲ့ပြီး စာပေရေးသားခြင်းကိုသာ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဥရောပ တစ်ခွင်ကို လှည့်လည်ခဲ့သည်။ စာပေဆိုင်ရာနိုဘယ်ဆုကို ၁၉၂၈ ခုနှစ်တွင် ရရှိခဲ့သည်။ စာပေနိုဘယ်ဆုရရှိသည့် အမျိုးသမီးစာရေးဆရာမ ၁၃ ဦးအနက် တတိယမြောက်စာပေနိုဘယ်ဆုရရှိသည့် အမျိုးသမီးစာရေးဆရာမဖြစ်သည်။ အန့်ဆက်စ်သည် ၁၉၄၅ ခုနှစ်တွင် အမေရိကမှ နော်ဝေသို့ ပြန်လာခဲ့ပြီး စာပေရေးသားခြင်းလုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်း မရှိတော့ပါ။ နောင် ၄ နှစ်အကြာ၊ အသက် ၆၇ နှစ်အရွယ်၊ ၁၉၄၉ ခုနှစ် ဇွန် ၁၀ ရက်၌ အန့်ဆက်စ် ကွယ်လွန်ခဲ့သည်။

ဟန်ဇော်

၂၀၁၄ ခုနှစ် မတ်လထုတ် အလင်းတန်းဂျာနယ်တွင် ဖော်ပြခဲ့သည်။

Category: Uncategorized

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme