မွေးရပ်မြေက ဝေးလေ၊ မင်း အောင်မြင်လေပဲ ဟု မိတ်ဆွေတစ်ဦးက ပြောဆိုခဲ့ဖူးသည်။ မွေးရပ်မြေက ဝေးခဲ့သည်မှာလည်း ကြာခဲ့ပြီ။ လွန်ခဲ့သော နှစ်အနည်းငယ်ကတော့ မွေးရပ်မြေသို့ တစ်ကြိမ်တစ်ခေါက်ရောက်ခဲ့ရသည်။
၁၉၇၉ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိ မော်လမြိုင်မြို့တွင် နေထိုင်ခဲ့သည်။ ထိုကာလများသည် ကလေးဘဝ၏ အစဦးပိုင်းများဖြစ်သည်။ မော်လမြိုင် အမှတ် ၁ ဈေးကြီးထဲမှ အရုပ်ဆိုင်။ သင်္ဘောဆိပ်တွင် မျောပါသွားဖူးသည့် ကလေးဖိနပ်တစ်ရံ။ ဆိုက်ကားစီး၍ တက်ခဲ့ရသည့် သမီးတော်ကျောင်း။ ဆော့ကစားခဲ့ဖူးသော မုဒုံကားဂိတ်။ သင်္ဘောပေါ်ကနေ ဇင်ယော်များကို ပစ်ကျွေးခဲ့ဖူးသော စာကလေးခွေ။ သင်္ဘောပေါ်က ကြည့်ခဲ့ဖူးသော ခေါင်းဆေး ကျွန်း။ ထိုင်ခုံလက်ရမ်းပေါ်မှာ ထိုင်ကြည့်ခဲ့ဖူးသော ဘုရင့်ရုပ်ရှင်ရုံတို့ကိုပဲ မှတ်မိတော့သည်။ မော်လမြိုင်တွင် နေထိုင်ခဲ့သည့် ခြောက်နှစ်သာကာလသည် အရာအားလုံးကို မှတ်မိနိုင်သော အသက်အရွယ်အပိုင်းအခြားတစ်ခု မဟုတ်ခဲ့ပါ။
၁၉၉၀ ပြည့်နှစ် နွေရာသီကျောင်းပိတ်ရက်တွင် မော်လမြိုင်မြို့နှင့်သထုံမြို့သို့ တစ်ခေါက်ရောက်ခဲ့သည်။ ထိုကာလများသည် ကလေးဘဝ၏ အလယ်ပိုင်း ကာလများဖြစ်သည်။ မော်လမြိုင်သွားသည့် ရထားပေါ်ကို ဖယောင်းတိုင်နှင့်ဓာတ်မီး ယူခဲ့ရသည်။ မှောင်ရီပျိုးသည်နှင့်ဖယောင်းတိုင်မီးကို ထွန်းညှိရ သည်။ သို့ပါမှ ရထားပေါ်တွင် လူသူလေးပါးကွဲပေမည်။ အပေါ့အလေးသွားသည့်အခါ ဓာတ်မီးဆောင်ရသည်။ သို့ပါမှ လိုရာကိစ္စ ပြီးစီးနိုင်မည်။
မြို့ပေါ်ရောက်၍ ဘူတာရုံမှ ဖိုးလေးအိမ်ကို သွားကြသည့်အခါ မှောင်နှင့်မည်းမည်းထဲတွင် လိမ္မော်ရောင် သုံးဘီးကားကို တစ်ပျော်တစ်ပါးစီးခဲ့ရသည်။ ဘုံပြတ်ဟုခေါ်သော မြင်းလှည်းကို စီးရသည်။ စစ်လက်ကျန် အမွေအနှစ်များဖြစ်သော သစ်သားကိုယ်ထည်နှင့် ကားအိုကြီးများကို စီးရသည်။ အမှတ် ၁ ဈေးကြီးထဲက အရုပ်ဆိုင်လေးကို တစ်ခုတ်တရ သတိရမိခဲ့သည်။ ၁၉၉၀ ပြည့်တွင်ရောက်ခဲ့သော မော်လမြိုင်မြို့မြင်ကွင်းများသည် မှုန်ပြပြ ဝေဝေဝါးဝါးအဖြစ်သာ ကျန်ရစ်နေသည်။
၂၀၁၀ ပြည့်နှစ် စက်တင်ဘာတွင် မော်လမြိုင်မြို့ကို တစ်ခေါက်ရောက်ပြန်သည်။ အနှစ် ၂၀ ဆယ် ကာလအတွင်းမှာ ပထမဆုံးအကြိမ်အနေဖြင့် မော်လမြိုင်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ နေထိုင်ခဲ့သည့် အချိန်ကာလများက တိုတောင်းလှသည်။ တိုတောင်းလှသည့် ကာလအပိုင်းအခြားလေးမှာ လွတ်လပ်မှုများ၊ ပျော်ရွှင်မှုများ၊ ပေါ့ ပါးလန်းဆန်းမှုများနှင့် ကလေးတစ်ယောက်ဘဝများကို ခေတ္တပြန်ရခဲ့သည်။ အနှစ် ၂၀ ၊ အနှစ် ၃၀ ဆိုသော ကာလများအကျော်တွင် တည်ရှိနေသော မော်လမြိုင်မြို့၏ မြင်ကွင်းများသည် မွေးရပ်မြေသို့ အလည်လာသူတစ်ယောက်ကို စိမ်းစိမ်းကားကား မဆက်ဆံခဲ့ပါ။
တစ်ချိန်က လှုပ်လှုပ်ခတ်ခတ်ရှိခဲ့ဖူးသော မော်လမြိုင်သည် ငြိမ်သက်နေ၏။ သင်္ဘောများသည် မုတ္တမကမ်းနှင့်မော်လမြိုင်ကမ်းဘက်ကို လူးလားတုန့်ပြန် ခြင်းမရှိ။ ဇင်ယော်များကလည်း ရေကြည်ရာကို သွားခဲ့ကြ။ ကလေးဖိနပ်တစ်ရံကို မြစ်ထဲက တစ်ခုတ်တရ ပြန်လည်ဆယ်ယူပေးမဲ့ ဆိပ်ကမ်းလုပ်သား များလည်း မရှိတော့။ မုဒုံသွားသည့် ကားများသည် ငယ်စဉ်က မြင်ခဲ့ဖူးသော မြင်ကွင်းများထဲကအတိုင်း မပြောင်းမလဲ။ ချီပိုးခဲ့ဖူးသော ယာဉ်မောင်းကြီး များ ဘယ်ဆီမှာ မသိ။ အမှတ် ၁ ဈေးကြီးထဲက အရုပ်ဆိုင်လည်း ရှာလို့ မတွေ့နိုင်။ သူတို့ ဘယ်ရောက်သွား ကြသလဲ။ သူတို့ဘာတွေ ပြောင်းလဲသွားကြ သလဲ။ သူတို့ ဘဝများ အေးချမ်းပါစ။
ယခင်က ခေါင်းဆေးကျွန်းကို မျက်မြင်တန်းကနေ တစ်တန်းတည်း ကြည့်ခဲ့ရသည်။ ယခုတော့ ခေါင်းဆေးကျွန်းကို သံလွင်တံတားအပေါ်ကနေပဲ ငေးကြည့်ခဲ့ရသည်။ ဘုရင့်ရုပ်ရှင်ရုံသည် ဟို့အရင်ကအတိုင်း မပြောင်းလဲ။ ထိုင်ခဲ့ဖူးသော လက်ရမ်းများ ရုံထဲ ရှိနေသေးလား။ မရှိတော့ဘူးလား။ ပြေးဆော့ခဲ့ဖူးသော အိမ်နောက်ဖက်ခြမ်းသည် ကမ်းနားပတ်လမ်း ဖြစ်သွားခဲ့သည်။ ပြေးဆော့ဖို့ မြေမရှိတော့။ ကလေးတွေကကော် ပြေးဆော့ချင်ကြ သေးလား။
လိမ္မော်ရောင် သုံးဘီးကားများသည် ပြေးလွှားနေဆဲ ဖြစ်သည်။ သစ်သားကိုယ်ထည်နှင့်စစ်လက်ကျန် ကားများလည်း ပြေးလွှားနေသည်။ သူတို့သည် မော်လမြိုင်၏ အမှတ်အသားတစ်ခုလား။ ဒါမှမဟုတ် သူတို့၏ မပြီး ဆုံးသေးသော ဘဝပေးတာဝန်များကိုပဲ ဆက်လက်ထမ်းပိုးနေကြသလား။ ဘုံပြတ် ဟုခေါ်သော မြင်းလှည်းများကော် ဘယ်ရောက်သွားသနည်း။ တိုတောင်းလွန်းသည့် ခရီးစဉ်ကြောင့်ပဲ သူတို့ကို နှုတ်ဆက်ခွင့် မရလိုက်လေသလား။ ဆိုက်ကယ်သံ တဝီဝီကိုတော့ အမှတ် ၁ ဈေးကြီးထဲက အထည်ဆိုင်ရှင်၏ ဈေးမရောင်းကောင်းဘူးဆိုသည့် ညည်းသွားသံနှင့်အတူ အထပ်ထပ်ကြားခဲ့ရ သည်။ နယ်မြို့များတွင် ဆိုက်ကယ်က တကယ်ပဲ မင်းမူနေပြီလား။
မော်လမြိုင်သို့ ခေတ္တပြန်လည် လည်ပတ်ချိန်မှာ အာရုံထားပြီး လုပ်ကိုင်ဖြစ်ခဲ့သည့် အလုပ်သည် ဓာတ်ပုံရိုက်သည့် အလုပ်ဖြစ်သည်။ နှစ်ကာလများ မည်မျှပင်ကြာခဲ့ပါစေ ၂၀၁၀ ပြည့်နှစ်က ရောက်ခဲ့သော မော်လမြိုင်မြင်ကွင်းကို ပြန်လည်မှတ်မိနေလိုသည်။ တိတိကျကျ မှတ်တမ်းတင်လိုခဲ့သည်။ လက်လှမ်းမီသ၍ ရသမျှမြင်ကွင်းများကို ဓာတ်ပုံရိုက်ဖြစ်ခဲ့သည်။ မော်လမြိုင်သူ အမေ့ကိုလည်း မိရွှေမြိုင်၏ ရုပ်ပုံလွှာကို ပြသလိုခဲ့သည်။
ရန်ကုန်မြို့သို့ ပြန်ရောက်သောအခါ မော်လမြိုင်သူဖြစ်ခဲ့ဖူးသော အမေ့ကို မော်လမြိုင် အလွမ်းပြေဓာတ်ပုံများ တစ်ခုတ်တရ ပြသမိသည်။ မော်လမြိုင်သူ အမေသည် ရန်ကုန်တွင် အခြေချနေထိုင်ခဲ့သည်မှာ အနှစ် ၂၀ ကျော်ခဲ့ပြီ။ သူမသည် သူ့မြို့ သူ့နယ်မြေကို သတိရလွမ်းဆွတ်နေပေလိမ့်မည်။
ဓာတ်ပုံများက ပြောဆိုနေသော မော်လမြိုင်မြို့မြင်ကွင်းကို အမေသည် တသသကြည့်၍ မော်လမြိုင်ဟာ ထူးထူးခြားခြား ဘာမှမပြောင်းလဲသေးဘူး ဟု ပြောဆိုလာသည်။ အဖေသည် အမေ့အဆိုကို ထောက်ခံ၍ တစ်ချိန်ကတော့…ဆိုသောစကားကို အစပျိုး၍ ခေတ်ဟောင်းဓာတ်ပြားတစ်ချပ်ကို ဖွင့်လှစ် နေသည်။
အမေပြောသည့် မပြောင်းလဲသေးဘူးဆိုသည့် အနက်အဓိပ္ပါယ်က မည့်သို့ အဓိပ္ပါယ်ရသနည်း။ အဖေပြောသည့် တစ်ချိန်ကတော့ဆိုသည်ကကော် မည်သို့ အဓိပ္ပါယ်နည်း။ မော်လမြိုင်ကကော် အနှစ် ၂၀ အတွင်းမှာ ဘာတွေများ ဖြစ်ခဲ့သနည်း။ ယခုကော် ဘာတွေများ ဖြစ်နေခဲ့သနည်း။ သူကိုယ်တိုင်ကကော် ဘာတွေများဖြစ်ဖို့ လိုအပ်နေသနည်း။
မော်လမြိုင်မြို့ပေါ်တွင် ကလေးဘဝ အစဦးပိုင်းကာလကို ဖြတ်သန်းခဲ့ရသည့် လူသားတစ်ဦးသည် ရန်ကုန်မြို့ပေါ်တွင် ခေတ်ကာလ၏ ရိုက်ပုတ်မှု များနှင့်အတူ ကြီးပြင်းခဲ့သည်။ မိသားစုဘဝနှင့် လူသားတစ်ဦး၏ ဘဝသည် ခေတ်ကာလတစ်ခုအတွင်းမှာ ပုံသဏ္ဍာန်များစွာသို့ ပြောင်းလဲသွားခဲ့ကြ သည်။ မြင်ခဲ့သော မြင်ကွင်းများ၊ ရိုက်ယူခဲ့သော ပုံရိပ်များ၊ ကလေးဘဝဖြစ်စဉ်များထဲက မှတ်မိခဲ့သော ပုံရိပ်များဖြင့် မိရွှေမြိုင်ကို အကဲဖြတ်ဖို့ အားနာ နေမိသည်။
အကြောင်းတစ်ရာတစ်ခုအား အကြောင်းပြုပြီး ခွဲခွာခဲ့ရသော မွေးရပ်မြေကို ခေတ္တခဏ အလည်အပတ် သွားကြည့်ရုံလေဖြင့် သူမ၏ အပြောင်းအလဲများ ကို ဝေဖန်ဆန်းစစ်ဖို့ အလှမ်းဝေးလှသည်။ သူ့မြေပေါ်မှာ ရိုးမြေကျ နေထိုင်နေသည့် ရွှေမြိုင်သူရွှေမြိုင်သားများကကော် သူတို့၏ မိရွှေမြိုင်ကို ဘယ်သို့များ ဖွင့်ဟပြောဆိုလိုကြသနည်း။ အတွေးများသည် အဖြေတစ်ခုပေးနိုင်သည်အထိ ခရီးမဆန့်နိုင်ခဲ့ပါ။
လူမှန်း မသိတတ်ခင် ကတည်းက မွေးရပ်မြေကို ခွဲခွာခဲ့ရသည်။ ဝေးရပ်မြေက ဝေးလေ အောင်မြင်လေဆိုသော မိတ်ဆွေ၏ စကားထဲကလို အောင်မြင် ခြင်းအတွက် မွေးရပ်မြေကို စွန့်ခဲ့သည် မဟုတ်။ ဝေးရပ်မြေကို ခွဲခွာခဲ့ကြသည့် လူသားတို့သည် အဘယ်ကြောင့် ခွဲခွာခဲ့ ကြသနည်း။ သူတို့မှာ အဖြေရှိ ကောင်း ရှိနိုင်သည်။ မြို့တစ်မြို့ကနေ တစ်မြို့၊ နိုင်ငံတစ်နိုင်ငံကနေ တစ်နိုင်ငံကို ပြောင်းရွေ့နေထိုင်ခြင်းသည် မည်သို့သော အကြောင်းကိစ္စများဖြင့် ပတ်သက်ဆက်နွယ်နေပါသနည်း။ သူတို့အဘယ်ကြောင့် ဝေးရာသို့ ထွက်ခွာသွားကြ၍ သူတို့အဘယ်ကြောင့် မွေးရပ်မြေသို့ ပြန်လည်နားခို ကြသနည်း။
သူတို့မှာ အဖြေရှိပါလိမ့်မည်။ မွေးရပ်မြေသည် မွေးဖွားရာဒေသကို အသိအမှတ်ပြုပေးဖို့ တာဝန်ကျေလိမ့်မည်။ ကိုယ်ရေးအချက်အလက်များကို ဖြည့်စွက် ရသည့် အမှုကိစ္စတိုင်းအတွက် မွေးဖွားရာဒေသကို ဖော်ပြနိုင်ခဲ့လျှင် မွေးရပ်မြေသည် သူ့တာဝန်ကို ကျေပွန်နေလိမ့်မည်။ သူ့မြေမှာ မွေးဖွားခဲ့သူများ အတွက် လူသားစံမှု လူလားမြောက်မှုကိုပဲ သူမ မျှော်လင့်ပေလိမ့်မည်။
မိရွှေမြိုင် မြေပေါ်မှာ မွေးဖွားခဲ့သူတစ်ဦး လူလားမြောက်ခဲ့ပြီ။ ငယ်စဉ်က သင်္ဘောဆိပ်မှာ ဖိနပ်ကျွတ် ထွက်ခဲ့သလို မဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်း နိုင်ခဲ့သည်။ လက်ထဲတွင် အမြဲတမ်း အဆင်သင့်ဖြစ်နေအောင် အသင့်ပြင်ထားသည့် ဓာတ်ပုံကင်မရာကိုလည်း အကြောင်းတစ်စုံတရာကြောင့် အဝေးကို လွင့်ထွက်မသွားအောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။ ဘဝတစ်ခုအတွက် လိုအပ်သောပုံရိပ်များကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်။
ဖိနပ်တစ်ရံ သံလွင်မြစ်ထဲကို မျောပါသွားချိန်မှာ ဆိပ်ကမ်းလုပ်သားများက ကလေးအငိုတိတ်အောင် မြစ်ထဲကို ခုန်ဆင်း၊ ဖိနပ်ကလေးကို ဆယ်ယူပြီး ချော့ခဲ့ဖူးသည်။ ယခုဆို ဆိပ်ကမ်းလုပ်သားများလည်း အသက် အရွယ်ရနေလောက်ပြီ။ ယခုအချိန်မှာ ဖိနပ်တစ်ရံနှင့် ကင်မရာတစ်လုံးသာ လက်ထဲက လွတ်ထွက်၍ သံလွင်မြစ်ထဲ မျောပါခဲ့လျှင် လူကြီးအငိုတိတ်အောင် နှစ်သိမ့်မည့်သူ မရှိနိုင်တော့ပါ။
အရွယ်ရောက်သူတိုင်းသည် သူ့ဘဝနှင့် သူ့ပတ်ဝန်းကျင်ကို မွေးရာပါတာဝန်တစ်ခုအဖြစ် တာဝန်ယူကြလိမ့် မည်။ သူတို့ တာဝန်ယူသော ဝန်းကျင်သည် သူ့တို့ ခွန်အားရှိသောအတိုင်းအတာ နယ်ပယ်အလိုက် အကျိုးဖြစ်ထွန်းနိုင်သည်။ ပတ်ဝန်းကျင်ကို မဖျက်စီးဘူးဆိုလျှင် မွေးရပ်မြေသည် သင့်မွေးဖွားရာ ဒေသကို အသိအမှတ်ပြုလို လိမ့်မည်။
ဟန်ဆန်း
သည်လေဒီဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၀၊ ၂၈ ဧပြီ ၂၀၁၂ ခုနှစ်