သံလွင်မြစ်ပေါ်ရှိ ရတနာစက်လှေပေါ်သို့ ကချင်၊ ကယား၊ ကရင်၊ ကယန်း၊ မွန်၊ ရှမ်း၊ ပအို့ဝ်၊ ဝ အစရှိသည့် တိုင်းရင်းသားလူငယ် များနှင့်အတူ စုရုံးရောက်ရှိသောနေ့တွင် သံလွင်မြစ်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေနုအေးသည် နှလုံးသားထိတိုင်အောင် လန်းဆန်းအေးမြစေသည်။
ထိုနေ့သည် မြန်မာတစ်နိုင်ငံလုံးတွင် ပိတောက်ပန်းများပွင့်သောနေ့ ဖြစ်သည်။ ပိတောက်ပန်းများသည် တိုင်းရင်းသားလုံမပျိုများ အကြား တောက်တောက်ကြွားကြွား လှပနေသည်။ ကရင်ပြည်နယ်၊ ဘားအံမြို့ဆိပ်ကမ်းမှ မိကရင်တောင်တည်ရှိရာ မိကရင် ကျေးရွာသို့ ရတနာစက်လှေသည် ဦးတည်ခုတ်မောင်းရန် ဟန်ပြင်နေသည်။ ထိုနေ့ နံနက်ခင်းသည် ၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက် နံနက်ခင်းဖြစ်သည်။ သံလွင်မြစ်၏ အနာဂတ်၊ မြစ်များ၏ အနာဂတ်ကို ရင်ဘတ်ခြင်း ဂျက်ပင်ထိုးကြမည့် သာယာလှသော နေ့တစ်နေ့လည်းဖြစ်သည်။
(က)
ကျွန်တော် ဒီနေ့ကို စောင့်နေတာ ကြာပြီ။ တိုင်းရင်းသားလူငယ်တွေနဲ့ အနုပညာသမားတွေနဲ့ ဒီမြစ်ကြီးပေါ်မှာ ဒီမြစ်ကြီးကို ဖြတ် ပြီး ဒီမြစ်ကြီးအကြောင်းကို တေးသီကြူးချင်နေတာ ကြာခဲ့ပြီ။ ဒီနေ့တော့ အထမြောက်ခဲ့ပြီ ဟု သံလွင်မြစ်အပေါ်ထားသည့် မေတ္တာတရားကို ကိုဇော်(ဦးဆောက်ပန်းစာပေ)က နုတ်မှတစ်ဆင့်၊ ရင်မှတစ်ဆင့်၊ နှလုံးသားမှတစ်ဆင့် ကြူးရင့်သည်။ သူ၏ သီကြူးသံသည် နားဝင်ပီယံဖြစ်၏။
ထိုနေ့ကို မြစ်၏ မျှော်လင့်ချက်ဟု ကဗျာဆရာ စောဝေက အမည်တပ်သည်။ ကဗျာဆရာစောဝေနှင့်အပေါင်းအပါများဖြစ်သည့် ညိုဝင်းမောင်၊ စိုးသော်တာ၊ ရန်နောင်၊ မောင်ဆောင်းခ၊ မိုးသစ်ထွန်း၊ စုမီအောင်၊ ဖြူဖြူစိုး၊ ခက်ခက်ခိုင်မြင့်၊ သဇင်မွန်ဟန်နှင့် စာရေးသူတို့သည် တိုင်းရင်းသားလူငယ် မောင်နှမများနှင့်အတူ ရတနာစက်လှေဖြင့် သံလွင်မြစ်အတွင်း စီးဆင်းနေကြသည်။
(ခ)
ရတနာသည် သံလွင်မြစ်အနီးအပါးမှ တောင်တန်းများကို လှည့်လည်ပြသရင်း တောင်တန်းများနှင့် တောင်ကမ်းပါးယံများအလှ ကို ချီးမွမ်းခန်း ဖွင့်စေသည်။ မျက်ဝန်းအစုံက မြင်တွေ့ခွင့်ရသည့် တောင်တန်းများအလှကို ဥရောပတွင်ရှိခဲ့ဖူးသော အင်းပရက် ရှင်းနစ်ပန်းချီဆရာများက မည်သို့ ပုံဖော်ဖွဲ့စည်းလေမည်နည်း။ ဤပန်းချီဆရာများနှယ် ငါတို့၏ ဒေသအလှကို မြင်တွေ့ခွင့် မရသွားကြပါလားဟု တွေးမိလာသည်။
မြစ်တစ်စင်းရဲ့ သန့်စင်မှုက မြစ်ဝှမ်းနေသူများအတွက် အဟာရဖြစ်တယ်။ မြစ်ထဲမှာ သူတို့ဆည်တွေ ဆောက်တယ်။ မြစ်တွေကို ရောင်းစားတယ်။ မြစ်က ပေမယ့် လျှပ်စစ်ဓာတ်အားထက် မြစ်ရေကိုပဲ သူတို့လိုချင်နေကြတယ်။ ဆည်တွေဟာ လူသတ်လက်နက် ဖြစ်တယ်။ သူတို့ မလိုချင်တဲ့သူတွေကို အစဖျောက်ဖြစ်ဖို့ ဆည်တွေကို လက်နက်အဖြစ် သူတို့သုံးကြလိမ့်မယ် အစရှိသည့် မြစ်အ တွက် စိုးရိမ်သံများကို ညိုဝင်းမောင်ထံမှ အထပ်ထပ်အခါခါ ကြိမ်ဖန်များစွာ ပဲ့တင်ထပ်အောင် ကြားရသည်။
ကျောင်းဆရာ၊ ဘားအံဒေသအကြား စာသင်ကြားပေးခဲ့သူ၊ မြစ်များ အကြောင်းသိထားသူ၊ မြစ်များကောသွားအောင် ကြံမည့်သူ အများအကြောင်းသိထားသူ ပန်းချီဆရာသည် ညိုဝင်းမောင် ဖြစ်သည်။ သူသည် သူ၏စိုးထိတ်သံကို နှလုံးသားထဲက တိုးထွက် လာသည့် ဆုတ်ချက်များနှယ် နုတ်မှရေးခြယ်ခဲ့သည်။
(ဂ)
ရတနာနှင့်အတူ လိုက်ပါစီးမျောနေကြသူများသည် သဘာဝအလှအပများနှင့်အတူ ပျော်ရွှင်မြူးတူးနေကြသည်။ ဖြတ်သန်းသွား သော တောင်တန်းများ၊ စီးဆင်းသွားသော မြစ်ရေပြင်၊ ကူးခတ်သွားသော သဘာဝတရားများကို နောက်ခံပြုရင်း သူတို့ဘဝ အတွက် အလှဓာတ်ပုံများကို တဖျတ်ဖျတ် ရိုက်ကူးနေကြသည်။ လူငယ်တို့၏သဘာဝ ပေါ့ပါးမြူးတူးစွာ အလှတရားနှင့်ပွေ့ဖက် ကစားနေကြသည်။
ငါတို့အတွက် ဒုတိယအိမ် မရှိဘူး။ ငါတို့အတွက် ဒုတိယအခြေအနေ မရှိဘူး။ ငါတို့အတွက် ဒုတိယအစီအစဉ်မရှိဘူး။ ငါတို့မှာ ဒုတိယကမ္ဘာ မရှိဘူး။ ငါတို့မှာ ဒီကမ္ဘာဂြိုလ်တစ်ခုပဲ ရှိတယ်။ ငါတို့အိမ်၊ ငါတို့ ဂြိုလ်ကို ငါတို့ကာကွယ်ရမယ်ဟု မစ္စတာ ဘန်ကီ မွန်းက ပြောသည်။ ထိုဟစ်ကြွေးသံနှင့်အတူ၊ သံလွင်မြစ်၏ အနာဂတ်နှင့်အတူ၊ မြစ်များ၏အနာဂတ်နှင့်အတူ သဘာဝအလှ တရားကို ချစ်ခင်နေသော၊ သံလွင်မြစ်ပြင်ပေါ်၌ စီးမျောနေသော လူငယ်များ၏ မျက်နှာသွင်ပြင်တွင် စိုးရိမ်ထိတ်လန့်သော စိတ်အရောင်များ ရဲရဲနီအောင် ဖြတ်သန်းသွားသည်။
(ဃ)
သံလွင်မြစ်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် မြစ်ဖျားခံပြီး မြန်မာနိုင်ငံအတွင်းသို့ ရှမ်းပြည်နယ်မှစတင်၍ စီးဝင်သည်။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့ကို ဖြတ်သန်းစီးဆင်းပြီး မော်လမြိုင်မြို့အနီးရှိ မုတ္တမပင်လယ် ကွေ့၌ ဘင်္ဂလားပင်လယ်အော်အတွင်း တိုးဝင်းစီးဆင်းသည်။ မြစ်အရှည် ၁၇၄၉ မိုင်ရှိသော အရှေ့တောင်အာရှဒေသ၏ ဒုတိယ အရှည်လျားဆုံးမြစ်ဖြစ်သည်။ နိုင်ငံများ၊ လူမျိုးစုများကို ဖြတ်သန်းစီးဆင်းခဲ့သော ရှုခင်းသာသော ရေစီးကြမ်းသော ကမ္ဘာ့ သဘာဝအမွေအနှစ် မြစ်တစ်စင်းဖြစ်သည်။ သံလွင်မြစ်ဝှမ်းနှင့် မြစ်လက်တက်များ၏ ရေဝေဒေသများတွင် တိုင်းရင်းသားလူမျိုးစု ၁၃ စုနေထိုင်ကြသည်။ ရှမ်း၊ ဝ၊ ကယား(ကရင်နီ)၊ ပအို့ဝ်၊ ပလောင်၊ မွန်၊ လားဟူ၊ ပဒေါင်၊ အခါနှင့် လီဆူး စသည့်တိုင်းရင်းသား လူမျိုးစုများ နေထိုင်ကြသည်။
သံလွင်ကို နုကျန်း(နူဂျင်း)မြစ်ဟု တရုတ်တို့က ခေါ်သည်။ ရှမ်းတို့က နမ့်ခုမ်း(နမ်ခေါင်)ဟု ခေါ်သည်။ မြန်မာက သံလွင်ဟု အသံထွက်ပြီး အင်္ဂလိပ်က ဆာလဝင်း(Salween)ဟု အသံထွက်ကြသည်။ ကမ္ဘာက ဆာလဝင်းမြစ်ဟု ယနေ့တိုင် ခေါ်ဆိုနေကြသည်။
တရုတ်နိုင်ငံပိုင်နက်အတွင်း စီးဆင်းနေသည့် သံလွင်မြစ်ပေါ်တွင် ဆည်ပေါင်း ၁၃ ခုတည်ရှိနေသည်။ မြန်မာနိုင်ငံပိုင်နက်အတွင်း စီးဆင်းနေသည့် သံလွင်မြစ်ပေါ်တွင် တာဆန်း၊ ဟက်ကြီးအပါအဝင် အကြီးစားဆည်မြောင်းတာတမံစီမံကိန်း ၃ ခုထက်မနည်း တည်ဆောက်ရန် မြန်မာအစိုးရက တရုတ်၊ ထိုင်းတို့ဖြင့် သဘောတူညီထားသည်ဟု ဆိုသည်။ သံလွင်ရေကိုလည်း ရောင်းစားရန် ကြံထားကြသည်။
(င)
သံလွင်မြစ်ပေါ် ရတနာစက်လှေဖြင့် မိကရင်တောင်၊ မိကရင်ကျေးရွာသို့ စီးဆင်းနေကြသည့် တိုင်းရင်းသားလူငယ်များသည် သဘာဝအမွေအနှစ် သံလွင်မြစ်ကြီးပျောက်ပျက်မည်ကို ပူပင်ကြသည်။ ဆည်များကြောင့် သံလွင်မြစ်ကြီး ပျက်စီးမည်ကို စိုးရိမ်ကြသည်။ သံလွင်မြစ်အတွင်းရှိ ရေနေသတ္တဝါများ သေကြေပျက်စီးမည်ကို စိုးထိတ်နေကြသည်။ မြစ်ဝှမ်းနေဒေသခံများ အဟာရချို့တဲ့မည်ကို ထိတ်လန့်နေကြသည်။
ဘားအံမြို့နှင့် မိကရင်ရွာအကြားတွင် သံလွင်မြစ်အတွင်းမှ ကျောက်ထုတ်နေသည့် စက်လှေများကို တွေ့ရသည်။ စက်လှေများ၏ ကျောက်ထုတ်သံသည် စက်သေနတ်သံများနှင့် တူသည်။ မြစ်အတွင်းမှ ကျောက်စရစ်များကို ဆုတ်ယူထုတ်နုတ်သံသည် နှလုံးသားကို စက်သေနတ်ဖြင့် ညက်ညက်ကျေအောင်ပစ်ခတ်လိုက်သလို ခံစားရနေသည်။ မြစ်ကမ်းနဖူးကို ကပ်ပြီး ကျောက်ထုတ် ရန် ကြံသူများကို ရွာသားများက ဖယ်ရှာမောင်းထုတ်သည်။ သံလွင်မြစ်အတွင်းက ကျောက်စရစ်များကို မတရားဆုတ်ယူနေသူ များကို ရွာသားများက တားဆီးနေရသည်။
မိကရင်ရွာတွင် သဘာဝ၏ အလှတရားများ ရှိသည်။ သဘာဝ၏ ဆန်းကြယ်မှုများ ရှိသည်။ သဘာဝတရား၏ အေးမြမှုရှိသည်။ ရွာဦးစေတီနှင့် ၁ မိုင်ဝန်းကျင်အနီးအပါးရှိ ရေနေသတ္တဝါများကို မည်သူတစ်ဦးတစ်ယောက်ကမှ ဖမ်းဆီးခွင့်မရှိဟု တားမြစ်ထား သည်။ ဒေသခံများက သူတို့၏ သဘာဝဝန်းကျင်ကို သူတို့က ခွန်အားရှိသ၍ ကာကွယ်ထားကြသည်။
ထိုအသံများသည်၊ ထိုစကားများသည် မိကရင်ကျေးရွာက ပါးလိုက်သော စကားသံဖြစ်သည်။ သဘာဝတရားကို ဖျက်ဆီးရန်၊ သဘာဝသယံဇာတများကို ထုတ်နုတ်ပြီးမှ ဝမ်းလှအောင်၊ ခါးလှအောင် ကြံတတ်သည့် ခပ်တုံးတုံး လူ့ရေပေါ်ဆီများကို ခွန်းဆင့် လိုက်သော သဘာဝတရား၏ သစ္စာစကားဖြစ်သည်။
(စ)
သံလွင်မြစ်ပေါ် သွားကြရအောင်ဟု ကဗျာဆရာ စောဝေက တစ်နေ့တွင် ဆိုလာသည်။ တစ်ခုခုလုပ်ကြတာပေါ့ ဟု ထပ်ဆင့်ပြော သည်။ မြစ်ဆိုသောအသံအကြားတွင် ၂၀ဝ၇ ခုနှစ် ဧပြီလထုတ် ချင်းတွင်းမဂ္ဂဇင်း၌ ဖော်ပြသည့် မြင့်သန်း၏ မြစ် ကို သတိရမိ သည်။
မြင့်သန်း၏ မြစ်သည် မြစ်၏ တစ်ဖက်ခြမ်းတွင် ကမ်းရှိ မရှိ အဖြေရှာသော ဝတ္ထုဖြစ်သည်။ မြစ်၏ တစ်ဖက်ခြမ်းတွင် ကမ်းရှိ သည်ဟု ယူဆသည်။ သို့သော် မည်သူမျှ မရောက်ဖူးကြ။ ကမ်းအသေအချာရှိကြောင်း မည်သူတစ်ဦးတစ်ယောက်မှ သက်သေ မပြနိုင်။ ထိုတစ်ဖက်ခြမ်းသို့ ဝတ္ထုထဲမှ ဇာတ်ကောင်များသည် စပ်လှေတစ်စီးဖြင့် လှော်ခတ်သွားကြသည်။ သူတို့၏ အနာဂတ် မြစ်တစ်ဖက်ခြမ်းသို့ ကူးခတ်နေကြသည်။
အချိန်၊ ရာသီဥတုနှင့် လူ့အသွင်သဏ္ဍာန်များ ပြောင်းလဲသွားသည့် တိုင်အောင်၊ ကုန်ဆုံးသွားသည့် တိုင်အောင် သူတို့သည် မြစ်တစ်ဖက်ခြမ်းသို့ မရောက်ကြသေးပါ။ မြစ်ကို ကန့်လန့်ဖြတ်၍ သူတို့ ကူးခတ်နေကြသည်။ မြင့်သန်း၏ မြစ် ကို သံလွင်မြစ် ကမ်းဘေး မိကရင်ရွာဦးစေတီအနီးရှိ ဇရပ်ပေါ်တွင် သံလွင်မြစ်၏ အနာဂတ်၊ မြစ်များ၏ အနာဂတ်အဖြစ် ပုံဖော်မျှဝေခဲ့သည်။
(ဆ)
ဧပြီ ၁ ရက် ညနေပိုင်းတွင် ကဗျာဆရာ စောဝေနှင့် ပြန်ဆုံဖြစ်သည်။ မိကရင်ရွာကနေ ဘားအံမြို့ကို ပြန်သောရေလမ်းခရီးတွင် ရတနာစက်လှေပေါ်၌ တိုင်းရင်းသားလူငယ်များ စပ်ဆိုရွတ်ဆိုကြသည့် သံလွင်မြစ်အကြောင်း ကဗျာ ၇၀ နည်းပါးကို အနှစ်ထုတ် လျှင် အဖြေမည်သို့ ထွက်မည်နည်းဟု ကဗျာဆရာ စောဝေကို မေးခွန်းထုတ်လိုက်သည်။
မြစ်ကြီးကို ရောင်းစားပြီး၊ မြစ်ကြီးထဲက သယံဇာတတွေကို ထုတ်နုတ်ရောင်းချပြီး၊ မြစ်ကြီးပျက်စီးပျောက်ပျက်သွားပြီးမှ သူတို့ ကြွယ်ဝချမ်းသာရမယ်ဆိုရင် သူတို့တတွေက မကြွယ်ဝချင်ပါဘူး။ မချမ်းသာချင်ပါဘူး။ ဒီအတိုင်းပဲ နေပါ့မယ် ဟု အဖြေထွက် ကြောင်း ကဗျာဆရာ စောဝေက ပြောသည်။
(ဇ)
ထိုနေ့ မတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် မိကရင်ရွာ သံလွင်မြစ်ကမ်းဘေးသောင်ခြေ၌ မြန်မာနိုင်ငံမြေပုံတစ်ခုကို စုပေါင်းရေးဆွဲကြ သည်။ မြန်မာနိုင်ငံအတွင်း သံလွင်မြစ် စတင်စီးဆင်းလာသော ရှမ်းပြည်နယ်မှ အဆုံးသတ်စီးဝင်သွားသည့် မွန်ပြည်နယ် အပိုင်း အခြားအတွင်းရှိ မြန်မာပိုင် သံလွင်မြစ်ကြောင်းကို မြေပုံအတွင်းထည့်သွင်းကြသည်။ ထို့နောက် ကဗျာဆရာစောဝေနှင့် တိုင်းရင်း သားလူငယ်များသည် မြေပုံအတွင်းရှိ သံလွင်မြစ်ကို ပန်းများနှင့်ဝေစေခဲ့သည်။ သံလွင်မြစ်ကတော့ မိကရင်ရွာသောင်ခြေအနီးမှ တည်ငြိမ်စွာ ဖြတ်သန်းစီးဆင်းနေသည်။
(ဈ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် မြစ်ဖျားခံ၍ မြန်မာနိုင်ငံ မွန်ပြည်နယ် မော်လမြိုင်မြို့အနီးရှိ မုတ္တမပင်လယ်ကွေ့၌ ဘင်္ဂလား ပင်လယ်အော်အတွင်းသို့ တိုးဝင်းစီးဆင်နေသော၊ မိုင်အရှည် ၁၇၄၉ မိုင်ရှိသော၊ အရှေ့တောင် အာရှဒေသ၏ ဒုတိယအရှည်ဆုံး ဖြစ်သော မြစ်သံလွင် သင့်တွင် အနာဂတ် ရှိပါသလော။
ဟန်ဆန်း
၂၀၁၅ ခုနှစ် ဧပြီ ၂၇ ရက်ထုတ် အလင်းတန်းဂျာနယ် အမှတ် ၅၈၂ တွင် ဖော်ပြခဲ့သော စာမူဖြစ်သည်။