မြန်မာစာ ယူနီကုတ်(Open Type Font)တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တို့မှာ ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ မြန်မာ အင်ဖိုက်ခ်၊ အခန်း ၂၀၅ မှာ ကျင်းပခဲ့ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲမှာ ကွန်ပျူတာသုံးမြန်မာစာ အကောင်အထည် ဖော်ရေးအဖွဲ့(Myanmar NLP)မှ ကိုဆန်းထွန်းနဲ့ ကိုကျော်ကျော်ဇင်တို့က Myanmar3 ယူနီကုတ်ဖောင့် ရေးသားခဲ့တဲ့ အတွေ့အကြုံများ၊ အသုံးပြုသူများ သိရှိရန် လိုအပ်ချက်များ၊ တွေ့ကြုံနေရတဲ့ ပြဿနာများနဲ့ တွေ့ရှိထားတဲ့ ဖြေရှင်းနည်းများ စသဖြင့် လက်တွေ့သရုပ်ပြ ရှင်းလင်းပေးခဲ့ပါတယ်။ Myanmar’s Net က ကိုအောင်ဇေယျက Font Lab အသုံးပြုပြီး မြန်မာစာဖောင့်တစ်ခု တည်ဆောက်ပုံများနဲ့ လိုအပ်သောအချက်များကို သရုပ်ပြရှင်းလင်း ပေးခဲ့ပါတယ်။ မြန်မာစာယူနီကုတ်(Open Type Font)တည်ဆောင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးပြီး Myanmar Information Technology Pte Ltd.(MIT)က ကူညီပံ့ပိုးပေးခဲ့ပါတယ်။ အခုလို အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးတဲ့ နောက်ပိုင်းမှာ MIT က ကိုနေလင်းသန်းနဲ့ကိုအောင်ဇေယျတို့ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲ၊ မြန်မာယူနီကုတ် အသုံးပြုမှုဆိုင်ရာအကြောင်းအရာများကို မေးမြန်းခဲ့ရာမှ ကိုနေလင်းသန်း ပြန်လည်ဖြေဆိုခဲ့တဲ့အကြောင်းအရာများကို တင်ပြလိုက်ပါတယ်။
ကိုနေလင်းသန်း
အလုပ်ရုံဆွေးနွေးပွဲ လုပ်ဖြစ်ခဲ့ပုံ
ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ရရင်ကောင်းမလဲဆိုတာကို ဆွေးနွေးနေတာ နှစ်နဲ့ချီပြီး ကြာနေပါပြီ။ ကိုထွန်းသူရသက်ကတော့ ဒါနဲ့ ပတ်သက် ပြီး တော်တော်လေးကို ပူးပေါင်းလုပ်တယ်။ ကျွန်တော်ကတော့ ဒီဘက်ကနေ ပံ့ပိုးတဲ့ အပိုင်းလောက်ပဲရှိတယ်။ Myanmar3 စတဲ့အချိန်မှာလည်း ဆရာမကြီး(ဒေါ်မြင့်မြင့်သန်း)အကူအညီနဲ့ ကျွန်တော်တို့ရဲ့ Application တွေမှာ ထည့်ပြီး သုံးကြည့်ပေးတယ်။ သူတို့နဲ့ လိုအပ်တာတွေကို ပြန်ပြောတယ်။ ပြဿနာက တကယ်တမ်း ချောသွားတဲ့အထိကို အချိန်တိုတိုအတွင်းမှာ မရနိုင်ဘူးဆိုတာပဲ။ ကျွန်တော်တို့က ဈေးကွက်မှာကျတော့ မြန်မြန်ဆန်ဆန် လုပ်ရတဲ့ ဟာတွေ များတယ်။ ဟိုဘက်ကို တိုက်တွန်းတဲ့အခါ သူတို့မှာလည်း နည်းပညာအခက်အခဲ၊ စံသတ်မှတ်ချက်လုပ်တဲ့ဘက်နဲ့ ညှိနှိုင်းရတာတွေ အများကြီးရှိတယ်။
ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်သင့်တယ်ဆိုတဲ့ အချက်ကို သွားတွေ့တယ်။ ဝိုင်းပြီးတော့လုပ်ရင် ပိုမြန်မယ်ဆိုတဲ့ အချက်ကိုလည်း တွေ့တယ်။ အပြင်မှာ ကျွန်တော်တို့လိုပဲ အဆင်ပြေသလို ဖြေရှင်းတဲ့သူတွေလည်း အများကြီးပဲ။ မြန်မာယူနီကုတ်စံ အဆင်သင့်မဖြစ်သေးခင် လိုသလိုလုပ်ကြတာ ရှိတယ်။ အဲဒီမှာ မူကွဲတွေနဲ့ ပြဿနာမျိုးစုံဖြစ်လာတာကို တွေ့ရတယ်။ ယူနီကုတ် ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာထက် ကျွန်တော်တို့က ဒီလိုသာ လျှောက်သုံးနေမယ်ဆိုရင် ရေရှည်မှာ အခက်အခဲအများကြီး ရှိလာနိုင်တယ်။ နောက်တစ်ခုက Data ပါ။ အရင်သုံးခဲ့တာပုံစံကနေ နောက်ပုံစံတစ်ခု ပြောင်းဖို့ဆိုတာ စံတစ်ခုတည်းကို သုံးခဲ့တယ်ဆိုရင် ပြဿနာမရှိဘူး။ ဒီလိုမဟုတ်ပဲနဲ့ ဖောင့်လေးငါးမျိုးကို သုံးခဲ့တယ်ဆိုရင် ပြဿနာရှိတယ်။ တစ်ဖွဲ့မှာ ပြဿနာတစ်ခုဆိုရင် အဖွဲ့ဆယ်ခုမှာ ပြဿနာဆယ်ခု ဖြစ်သွားမယ်။ ဒါကို လက်ရှိမှာ ဖြေရှင်းမယ်ဆိုရင် ဖြေရှင်းချင်သလို ဖြေရှင်းနိုင်ပေမယ့် ယူနီကုတ်စံနှုန်းအတိုင်း ကြိုပြီးပြင်ဆင်ထားမယ်ဆိုရင် နောင်ကာလတွေအတွက် အများကြီး အဆင်ပြေနိုင်မယ်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ဆရာဦးသိန်းထွဋ်က ဒီပွဲကို ခရီးသွားနေလို့ မမီလိုက်ဘူး။ ဆရာက MCPA မှာ နည်းပညာကော်မတီရဲ့ ဥက္ကဌအဖြစ်နဲ့ တာဝန်ယူပေးထားတယ်။ အဲဒီအောက်မှာ SIG ဖွဲ့ပြီးတော့ ပရိုမို့လုပ်ချင်တာလဲ ရှိတယ်။ သူကိုယ်တိုင်ကလည်း အစိုးရလုပ်ငန်းတွေအတွက် Application ရေးတဲ့အခါမှာ အရင်က Myanmar1 သုံးတယ်။ အခု Myanmar2 သုံးတယ်၊ နောက် Myanmar3 ဖြစ်တဲ့အခါ စံသတ်မှတ်ချက်ကို လိုက်ပြောင်းနေ ရတော့ မညီတာတွေ အများကြီး ဖြစ်တယ်။ သူကလည်း ဒါလေးတွေကို ဖြေရှင်းချင်တယ်။
ကိုကျော်ကျော်ဇင်နဲ့ကိုဆန်းထွန်းက ဒါတွေနဲ့ပတ်သက်ပြီးရှင်းထားတာတွေ ရှိတယ်လို့ ပြောတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး သိတဲ့လူရှိလာဆိုတော့ သိတဲ့သူ သိတယ်။ မသိတဲ့သူ မသိဘူးလို့ ပြောတယ်။ အဲဒါလေးကို သိအောင်လုပ်မယ်။ MIT အနေနဲ့ ပံ့ပိုးချင်သလို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ကလည်း ဒီလိုပွဲမျိုး လုပ်ပေးသင့်တယ်။ အသင်းမှာလည်း နည်းပညာနဲ့ပတ်သက်တဲ့ အစီအစဉ်ကို လစဉ်လုပ်သွားဖို့ ရှိတယ်။ အသင်းကလည်း ဒီပွဲကို ဦးစီးကျင်းပပြီး ကုန်ကျစရိတ်ကို MIT အနေနဲ့ ကူညီပံ့ပိုးပေးထားပါတယ်။ ဆရာမကြီး ဒေါ်မြင့်မြင့်သန်းတို့ကလည်း သူတို့သိတဲ့ဟာတွေကို ပြောပြ ချင်တယ်။ အဓိကကတော့ ခြေလှမ်းစလိုက်တာပဲ။ တောက်လျှောက်သွားဖို့လည်း လိုတယ်။ နောက်တစ်ကြိမ် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုပုံစံနဲ့ သွားမလဲ၊ များများသိအောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားနေပါတယ်။ အခုအချိန်က မှန်တယ်၊ မှားတယ်၊ ငြင်းနေဖို့ မဟုတ်တော့ဘူး။ သုံးခြင်းအားဖြင့် ဘာအားသာချက်ရှိမလဲ။ အဆိုးအပြစ်လေးတွေ၊ ကိုယ်သိထားတဲ့ ဖြေရှင်းနည်းတွေကို မျှဝေလိုက်တယ်ဆိုရင် အားလုံးသုံးလို့ ရသွားမယ်။
စံနှုန်းအတိုင်း လိုက်နာမယ်ဆိုရင်
ကျွန်တော်တို့ဆီက သူတွေဆိုရင် ဖောင့်ဆိုတာကိုသိတယ် ဒါပေမယ့် ဒီလိုသေသေချာချာ လုပ်ရတယ်ဆိုတာကို အရင်က နားမလည်ခဲ့ဘူး။ သေသေချာချာ သိသွားတဲ့အခါ Application ရေးတော့ အဆင်ပြေပါတယ်။ ကိုယ်ပိုင်ဖောင့်လေးတွေ လုပ်မယ်ဆိုရင်လည်း သူ့စံနှုန်းအတိုင်းလုပ်ထားရင် ဘယ်ဖောင့်မဆို ပြောင်းလိုက်တာနဲ့ အဆင်ပြေတယ်။ လက်ကွက်က ကြိုက်တာဖြစ်လို့ရတယ်။ သိမ်းတဲ့နေရာမှာ Storage ကို စံထားဖို့လိုတယ်။ ဖောင့်ဒီဇိုင်းဆိုလဲ ကြိုက် တဲ့ ပုံစံလုပ်လို့ရတယ်။ သိမ်းသွားတဲ့အခါ သူ့စံနှုန်းအတိုင်းရှိမှ တစ်ခုနဲ့တစ်ခု အပြောင်းအလဲမှာ လွယ်ကူမယ်။ မဟုတ်ရင် ရေရှည်မှာ ဒုက္ခအများကြီး ဖြစ်နိုင်တယ်။ ဒီပွဲမှာကတော့ Font Development လောက်နဲ့ပဲ ပြီးသွားတယ်။ ပြဿနာဖြေရှင်းတဲ့အပိုင်းကို မရောက်လိုက်ဘူး။ တကယ်တမ်း ရည်ရွယ်တာ က Industry ဘက်က Feedback တွေ များများယူမယ်။ ပြီးတော့မှ ဘာလုပ်မယ်ဆိုတာကို ဆွေးနွေးမယ် စိတ်ကူးခဲ့တယ်။ တကယ်လုပ်ဖြစ်တဲ့ အခါမှာတော့ ကိုယ်လိုချင်တဲ့ ပုံစံတော့ မရသေးဘူး။ ဒါပေမယ့် Message တော့ ပေးလိုက်နိုင်တယ်။
ဖြစ်လာမယ့် အခက်အခဲကို သိထားမှ
ကျွန်တော်တို့က Myanmar3 ကို Promote လုပ်တာမဟုတ်ဘူး။ ယူနီကုတ်စံကို Promote လုပ်တာပါ။Myanmar3 ကိုလည်း Open Source အနေနဲ့ ပေးထား တယ်ဆိုတော့ လေ့လာချင်တဲ့ သူ၊ လုပ်ချင်တဲ့သူက ဒါကို ယူပြီးတော့ ပိုကောင်းအောင်လုပ် သွားလို့ရတယ်။ ယူနီကုတ်စံကတော့ တစ်ချိန်မှာ ရောက်သွား မှာပဲ အနှေးနဲ့အမြန်ပဲ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့က နောက်ကျနေတယ်။ အခုအချိန်မှာ ကျွန်တော်တို့က တော်တော်များများကို သိနေရမယ်။ လက်ရှိကတော့ အဲဒီလောက်အထိ မရောက်သေးဘူး။ လုပ်တဲ့သူတွေက ဒီနယ်ပယ်မှာ ကျွမ်းကျွမ်းကျင်ကျင် ရှိနေပေမယ့် သုံးတဲ့သူတွေဆီကို ပြန်သုံးဖို့ ရောက်တဲ့အခါမှာ အားနည်းမှု ရှိနေတယ်။ မြန်မာယူနီကုတ်စံသတ်မှတ်ချက်က ပြီးသွားပြီ လူမျိုးစုတွေအတွက် လိုအပ်တဲ့ အပိုင်းတွေပဲ နည်းနည်းကျန် တော့တယ်။ ဒါကို အသုံးပြုတဲ့သူတွေ သိအောင်လုပ်ချင်တယ်။ ထပ်ပြီးတော့ အမှားတွေ မဖြစ်အောင် ပြောပြချင်တယ်။ ကြားကာလမှာ လုပ်ခဲ့တဲ့ဟာ တွေက အခုအချိန်မှာ လုပ်စရာမလိုတော့ဘူး။ စံသတ်မှတ်ချက်ကို လိုက်နာမယ်ဆိုရင် အားလုံးအတွက် အဆင်ပြေနိုင်မယ်ဆိုတာရယ်၊ မလိုက်နာရင် ဘာပြဿနာရှိမလဲဆိုတာကို သိစေချင်တာပါ။
Developer တွေ ဘယ်လိုအသုံးချမလဲ
Developer တွေအနေနဲ့ ဘယ်လိုအသုံးချမလဲ၊ ကျွန်တော်တို့ User တွေရဲ့ Data တွေဆိုတာက အရမ်းကို အရေးကြီးတယ်။ အဲဒီအခါမှာ ဖောင့်တွေက အဆင်မပြေဖြစ်လို့ မရဘူး။ အခု အချိန်အထိ အဆင်ပြေနေတယ်ဆိုတာက အင်္ဂလိပ်လို အသုံးပြုနေတဲ့သူတွေ များနေလို့ပါ။ မြန်မာလို ကွန်ပျူတာကို သုံးဖို့ တောင်းဆိုလာပြီဆိုရင် ဘယ်လိုလုပ်မှာလဲဆိုတာကို ရွေးရတော့မယ်။ အဲဒီမှာ အဓိကအရေးကြီးပါတယ်။ Myanmar3 ဆိုတာလည်း Supporting ပေးတဲ့ Tool တစ်ခုပဲ။ ကျွန်တော်တို့အနေနဲ့က ဘယ်လိုသုံးသင့်တယ်ဆိုတဲ့ဟာကို ချပြတယ်။ လက်ရှိ သုံးနေတဲ့ဟာတွေကို ပြန်ပြောင်းဖို့ ဆိုတဲ့အခါမှာ တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ရတာ ရှိသလို တစ်ချို့ကိစ္စမှာ အကူအညီလိုအပ်တာ ရှိနိုင်တယ်။ ဒါကြောင့် ဒီလိုပွဲလေးတွေ လုပ်တယ်။ နောက်တစ်ခုက ဒီပွဲလေးတွေက Community တစ်ခု ဖန်တီးချင်တယ်။ www.myanmarlanguage.org က ဖိုရမ်တွေမှာ ကူညီတဲ့လူတွေများလာလို့ ရှိရင်လည်း ဒီအခက်အခဲ တွေ ပြေလည်လာလိမ့်မယ်။
ကျန်တာတွေကို ရပ်လိုက်ဖို့ ဖြတ်ပစ်ဖို့ ပြောတာမဟုတ်ဘူး။ Data တွေ တစ်ခုကတစ်ခုကို ပြောင်းဖို့ လိုအပ်လာတဲ့အခါ ဖောင့်တွေက စံမကိုက်ခဲ့ဘူးဆိုရင် အခက်အခဲရှိမယ်။ Data Exchange လုပ်တဲ့အခါမှာ စံတစ်ခုရှိတယ်ဆိုရင် အဆင်ပြေပါတယ်။ အရင်တုန်းက တနိုင်တပိုင်လုပ်နေကြတာကနေ အခုအချိန်မှာ လုပ်ငန်းတွေကို ချဲ့ထွင်လာကြတယ်။ လုပ်ငန်း တစ်ခုနဲ့တစ်ခု ပူးပေါင်းလုပ်တဲ့အပိုင်းတွေ များလာတယ်။ အဲဒီအချိန်မှာ စံသတ်မှတ်ချက်ဆိုတာ မရှိလို့ မရတော့ဘူး။
အလုပ်ရုံဆွေးနွေးပွဲမှာ ကိုအောင်ဇေယျက Font Lab အသုံးပြုပြီး မြန်မာစာဖောင့်တစ်ခု တည်ဆောက်ပုံနဲ့ လိုအပ်ချက်များကို လက်တွေ့သရုပ်ပြရှင်းလင်း ခဲ့သလို၊ Myanmar Unicode Font Tester နဲ့ Input Method အကြောင်းတို့ကို မိတ်ဆက်ခဲ့ပါတယ်။ ကိုအောင်ဇေယျ မိတ်ဆက်ပေးခဲ့တဲ့ အကြောင်းအရာများနဲ့ ပတ်သက်ပြီးမေးမြန်းထားခဲ့တဲ့ အကြောင်းအရာများကို တင်ပြလိုက်ပါတယ်။
ကိုအောင်ဇေယျ
Myanmar’s Unicode Standard Fonts Tester
Myanmar Unicode Tester ကို အလုပ်ရုံဆွေးနွေးပွဲမှာ စပြီး မိတ်ဆက်ပေးခဲ့တယ်။ ဖောင့်တစ်ခုကို ရေးဆွဲနည်းက သင်ပေးလို့ ရတယ်။ Myanmar3 ကိုလည်း Open Source ဆိုပြီး လုပ်လိုက်တယ်။ အဲဒါနဲ့ပတ်သက်ပြီး နောက်ဖြစ်လာနိုင်တဲ့ အန္တရယ်က အရမ်းကို များလာတယ်။ Open Source Coding ကို ပေးလိုက်တဲ့အခါကျတော့ နားလည်တတ်ကျွမ်းတဲ့သူတွေက ဖောင့်ရေးလာနိုင်မယ်။ ယူနီကုတ်စံအတိုင်း ဖြစ်မဖြစ် သိ ဖို့ Test လိုလာတယ်။ ကိုယ်ရေးထားတဲ့ ဖောင့်ကကော်၊ လက်ရှိ ကိုယ်သုံးနေတဲ့ ဖောင့်ကကော် စံထဲ ဝင်မဝင် သိဖို့လိုတယ်။ မြန်မာအတွက် Code Page မှာပါ အရာအားလုံးဟာ ယူနီကုတ် စံသတ်မှတ်ချက်ထဲမှာ အကုန်ဝင်တယ်။
ယူနီကုတ်စံသတ်မှတ်ချက်ထဲမှာ ဘယ်ဖောင့်တွေက ဝင်သလဲ၊ ကိုယ်ဖောင့်လုပ်တဲ့ အခါမှာ စံအနေနဲ့ ဝင်မဝင် ကြည့်လို့ Test ဖြစ်တယ်။ ယူနီကုတ်စံနှုန်းထဲ ဝင်တယ်၊ မဝင်ဘူးဆိုတာကို အကဲဖြတ်ပေးတာပဲ။ ကိုယ်ဟာနဲ့ကိုယ် Tester ကို သုံးပြီး ကြည့်လို့ ရတယ်။ ဒီ Tester က ဖောင့်အတွက်ပဲ ဖြစ်တယ်။ Input Method တို့ ၊ Driver တို့အတွက် မပါဘူး။ Code Page မှာ သိမ်းတဲ့ သိမ်းပုံသိမ်းနည်းတွေက မှန်နေရမယ်။ ဗျည်းနဲ့ ဗျည်းတွဲအုပ်စုတွေကို မြင်နိုင်ရမယ်။ Code Page မှာ ထားတဲ့ Pointer လေးတွေ ပြည့်စုံတယ်ဆိုရင် ယူနီကုတ်စံအုပ်စုထဲမှာ ပါသွားပြီ။ ဒုတိယအဆင့်မှာ သရနဲ့ပေါင်းတဲ့အဆင့်က ပေါ်လာလိမ့်မယ်။ ထူးခြားတဲ့ ပါ့ဆင့်တွေ ပေါင်းပုံပေါင်းနည်းတွေကို ကြည့်လိုက်လို့ရှိရင် ဘယ်ဖောင့်ရဲ့ ပါဖောင့်မန့် ဘယ်လောက်အထိ ပြည့်စုံတယ်၊ ကောင်းတယ်၊ မှန်ကန်တယ်ဆိုတာ ပေါ်လာလိမ့်မယ်။
ဖောင့်ဖန်တီးတဲ့ အခါကျရင်လည်း ဒီအထဲမှာဝင်ရင် ပိုပြီးတော့ ကောင်းလိမ့်မယ်။ အခုဆိုရင် (မြန်မာ)ယူနီကုတ်တွေ ပေါ်နေပြီ၊ သုံးလည်း သုံးနေကြပြီ။ Data Base လည်း ရှိနေပြီ။ Text တွေမှာလည်း Data Base ရှိတယ်။ Text တွေကို ပြန်ခေါ်ကြည့်ပြီး ဖောင့်တစ်ခုကို ပြောင်းလိုက်လို့ရှိရင် ယူနီကုတ်ရဲ့ သဘောအရပြောင်းနိုင်ရမယ်။ ဝင်းအင်းဝတုန်းကဆိုရင် ဝင်းအင်းဝနဲ့ရိုက်ထားတဲ့ ဟာကို ဝင်းတောင်ကြီး ပြောင်းမယ်ဆိုရင် ပြောင်းလို့ရရမယ်။ ယူနီကုတ်မှာ Code Point တွေ အကုန်မှန်ဖို့ပဲ။ မမှန်ဘူးဆိုရင်တော့ ဒီထဲမှာ ချို့ယွင်းလို့ လွဲမှားနေတယ်လို့ ပြောနိုင်တယ်။ ဒီ Tester က ဘယ် Code Point မှာ မှားနေတယ် ဆိုတာတော့ မပြောနိုင်ဘူး။
မင်္ဂလာပါအနေနဲ့ လုပ်ခဲ့တယ်
မြန်မာယူနီကုတ် Tester ကို မင်္ဂလာပါ အမည်နဲ့ Third Party လုပ်ခဲ့တယ်။ ယူနီကုတ်ဆိုတာ သူသူငါငါ အများကြီး လုပ်ကြတယ်။ ရေးနိုင်တဲ့ သူတွေ ရေးကြတယ်။ ကျွန်တော့မှာလည်း ဖောင့် သီးသန့်ရှိတယ်။ ဒီထဲမှာလည်း ထည့်ပေးထားတယ်။ Myanmar3 ကို Open Source ဆိုပြီး ပေးထားတယ်။ အဲဒီမှာ ဘယ်ဟာကို လိုက်ပြီးရေးရမလဲ၊ Myanmar3 ကိုပဲလိုက် ရေးရမလား။ အခြားဟာကိုပဲ လိုက်ရေးမလား။ ဒါမှမဟုတ် စံမမီတဲ့ ဟာကိုပဲ လိုက်ရေး မလား။ ကိုယ်တိုင်သိလိုက်မှာ မဟုတ်ဘူး။ သိဖို့အတွက်က ဘယ်ဟာကို စံထားမလဲ။ ယူနီကုတ်ရဲ့ သဘာဝက တစ်လုံးစီ သိမ်းပါတယ်။ ဒါကို စမ်းသပ်လို့ ရအောင် Third Party အနေနဲ့ မင်္ဂလာပါ နာမည်ကိုသုံးပြီး ထုတ်ချင်ဖြစ်တယ်။ MyanmarNet နဲ့ ဘာမှမသက်ဆိုင်ဘူး။ MyanmarNet မှာလည်း Win Uni ဆိုတဲ့ ယူနီကုတ်ဖောင့်အုပ်စုတွေ ရှိတယ်။ Myanmar3 ဆိုတာလည်း ဖောင့်တစ်ခုပါပဲ။ အလားတူ ယူနီကုတ်ဖောင့်တွေ အများကြီး ရှိပါတယ်။ နာမည်ကြီး ဖောင့်တွေလည်း ရှိပါတယ်။ နာမည်ကြီးတယ်ဆိုတာက အသုံးများတာလည်း ဖြစ်နိုင်တယ်။ လူသိများတာလည်း ဖြစ်နိုင်တယ်။ လူသိမများတဲ့ ဖောင့်တွေ လည်း ရှိတယ်။
Myanmar’s Unicode Standard Font Tester ထုတ်ရတဲ့ ရည်ရွယ်ချက်
လူတိုင်းက ဖောင့်ပုံစံကို မျိုးစုံဖန်တီးလို့ ရတယ်။ Developer တွေကလည်း ကိုယ်ကြိုက်တဲ့ဖောင့်ကို ထုတ်လို့ရတယ်။ Tester ထုတ်တဲ့ ရည်ရွယ်ချက်က လည်း Developer တွေအနေနဲ့ ကိုးကားနိုင်အောင်၊ စမ်းသပ်နိုင်အောင်ထုတ်ချင်ဖြစ်ပါတယ်။ ဖောင့်တွေအနေနဲ့ စံကိုက်တယ် မကိုက်ဘူးဆိုတာကို စမ်းချင် တဲ့သူ စမ်းနိုင်တယ်။ စမ်းကြည့်တဲ့အခါ အမှားလေးတွေ မြင်လာတယ်။ အမှားလေးတွေကို အသုံးပြုသူအနေနဲ့က ဖတ်လို့ ရတာပဲ၊ သုံးလို့ ရတာပဲ အဆင်ပြေနေတာပဲလို့ မြင်မယ်။ စံအနေနဲ့ သွားတဲ့အခါမှာ ဒါတွေဟာ အမှားအယွင်းတွေ ဖြစ်လာမယ်။ Data Base ထဲမှာ သိမ်းထားတဲ့ ဟာတွေကို Sorting စီတဲ့အခါ၊ Searching လုပ်တဲ့အခါ အခက်အခဲ တွေ့နိုင်တယ်။ နာမည်တစ်ခုကို Data Base ထဲမှာ သိမ်းတဲ့အခါ အမှားအယွင်းတွေ ဖြစ်နိုင်တယ်။
မင်္ဂလာပါ Input Method
Input Method ဖြစ်တဲ့ ကီးဘုတ်ကို လုပ်မယ့်သူတွေက ကီးဘုတ်ပေါ်မှာ လက်သွားတဲ့ ပုံစံကို သတိပြုသင့်တယ်။ ကီးဘုတ်ပေါ်မှာ လက်က လက်ဆုတ် လက်ကားဆိုတဲ့ ပုံစံမျိုးကို သွားတယ်။ ဆုတ်လိုက် ကားလိုက်သွားတယ်။ ကီးဘုတ်မှာ လက်ချလိုက်တယ်ဆိုရင် လက်ကလည်း ဆုတ်လိုက်ကားလိုက်ပဲ သွားရမယ်။ ဝင်းလက်ကွက်ကို အခုအချိန်မှာ အသုံးများတယ်။ ဖောင့်တော်တော်များများက ဝင်းလက်ကွက်ကိုပဲ မူတည်ပြီးတော့ သုံးထားကြတယ်။ ဝင်းဖောင့်ကလည်း လက်နှိပ်စက်ကို မီပြီးတော့ ထုတ်ခဲ့တယ်။ ဒါကလည်း နောက်ခံအဖြစ် အပျက်ရှိပါတယ်။ ကီးဘုတ်လက်ကွက်လုပ်တဲ့အခါ လက်ရဲ့ အနေအထားကို ကြည့်ပါတယ်။ ကလေးတစ်ယောက်ကို စာသင်ပြီဆိုရင် ကလေးတစ်ယောက်ရဲ့ မှတ်ဉာဏ်ကို ကြည့်တယ်။ ကကြီး ခခွေးကို နေရာအများ ကြီးထားပြီး မှတ်ထားခိုင်းတယ်ဆိုရင် မှတ်ဉာဏ် အများကြီးကုန်တယ်။ ရိုက်ဖို့အတွက်ကလည်း စဉ်းစားနေရမယ်။ ကကြီ ခခွေး ဂငယ် တွေကို လက်က ကီးဘုတ်ရဲ့ ဘယ်ဖက်ခြမ်း ညာဖက်ခြမ်းမှာ လိုက်ရိုက်နေရရင် အဆင်မပြေဘူး။ လက်အသွားအလာ အဆင်မပြေသလို မှတ်တဲ့ အခါမှာလည်း အဆင်မပြေဘူး။ မျက်စိကလည်း တောင်မြောက် ကြည့်ရတော့မယ်။ Input Method က Soft ဖြစ်ရမယ်။ Solution လည်း မှန်ရမယ်။ Soft Solution ကို ကျွန်တော် တီထွင်တယ်။
လက်ဆုတ်လက်ကားဆိုတာကိုပဲ အဓိကအခြေခံတယ်။ တစ်ခါပြန်ပြီးတော့ Phonetic ကို အခြေခံတယ်။ Phonetic ရဲ့ သဘာဝအရ တစ်ဖက်တခြမ်းဆီမှာ ဗျည်းနဲ့သရကို ခွဲထားတယ်။ ဗျည်းက တစ်ဖက်မှာ ရှိတယ်။ ဗျည်းတွဲနဲ့သရတွေက တစ်ဖက်မှာ ရှိတယ်။ ဗျည်းကို ကီးဘုတ်ရဲ့ ညာဖက်မှာထား ပေးထား တယ်။ ဘယ်ဖက်ခြမ်းမှာက ဗျည်းတွဲနဲ့ သရတွေကို ထည့်ပေးထားတယ်။ ကီးဘုတ်ပေါ်မှာ ရနိုင်တဲ့ လက်ကွက်ကို ကြည့်တယ်။ အဲဒီလက်ကွက်မှာ Input Pointer ဘယ်လောက်ထည့်လို့ ရမလဲကြည့်တယ်။ ထည့်လို့ရတာတွေကို ထည့်တယ် ထည့်လို့မရတဲ့ ဟာတွေကိုလည်း ရိုက်လို့ရအောင်လုပ်ပေးထားတယ်။ Shift Key သုံးတဲ့ အခါကျတော့ ကကြီး ခခွေး ဂငယ်ကို လက်ခလယ်နဲ့ သုံးတယ်ဆိုပါဆို့၊ လက်ခလယ်နဲ့ပဲ က ခ ဂ ဃ င ဆိုတဲ့ ငါးလုံးကို သူ့မြောင်း အလိုက် ကစားပါတယ်။ ဒါ ကလည်း အင်္ဂလိပ်လက်ကွက် လက်ရဲ့ Maturity အတိုင်းပေါ့။ ကကြီးကို ရိုးရိုး K မှာ ထားလိုက်တယ်။ လက်ခလယ်ရဲ့ အသုံး များဆုံးနေရာမှာ ထားလိုက်တယ်။ ခခွေးသည် Shift K ကို သုံးတယ်။ ဂငယ်သည် K ရဲ့ အပေါ်မှာရှိတဲ့ I မှာ သုံးတယ်။ Mac မှာ သုံးတဲ့ သူတွေက ကကြီး ကို K မှာ ထားပြီးတော့ ဂ ငယ်ကြတော့ G မှာ သွားထားတယ်။ Mac မှာ အင်္ဂလိပ်အသံထွက်တူတဲ့ နေရာတွေမှာ မြန်မာစာလုံးတွေကို သွားထားလိုက် တယ်။ ဒါကြောင့်မို့ သူကလည်း နည်းနည်းအရုပ်ဆိုးတယ်။ ရှာရပြုရတာ အရမ်းကို ခက်တယ်။ တစ်ဖက်တည်းမှာ ထားတဲ့အတွက် ဗျည်းရိုက်ချင်တဲ့သူ တွေ ညာဖက်နဲ့ ရိုက်ရမယ်ဆိုတာကို သိတယ်။ သရနဲ့ ဗျည်းတွဲကို တွဲရိုက်မယ်ဆိုရင် ဘယ်နဲ့ သုံးမယ်ဆိုတာ သိတယ်။
ယူနီကုတ်ရဲ့ စံနှုန်းကို ဝင်ဖို့အတွက်က သဝေထိုး၊ ကကြီး၊ ရရစ်လို့ သုံးတယ်။ အရင်တုန်းက ASCII မှာတုန်းတာက သဝေထိုး၊ ရရစ်၊ ကကြီး လို့ သုံးတယ်။ အဲဒီမှာ သင်ပုန်းကြီးအနေနဲ့ လွဲမှားနေတယ်။ ယူနီကုတ်မှာက သင်ပုန်းကြီးနဲ့ စာရိုက်လို့ ရတယ်။ အဲဒါကို Phonetic နဲ့ ချိန်ပြီးတော့ ပထမ အဆင့်အနေနဲ့ သင်ပုန်းကြီးလက်ကွက်(Input Method)ကို လုပ်လိုက်တယ်။ ဒါကြောင့် သဝေထိုး၊ ကကြီး၊ ရရစ် ရိုက်လို့ ရတယ်။ သဝေထိုးကိုလည်း ဘယ်ဖက်နဲ့ ရိုက်မယ်။ Input Method အရ တစ်ဖက်တည်းမှာ နှစ်ခါရိုက်တာ ရှိနိုင်သလို၊ Crossing သွားတာလဲ ရှိနိုင်တယ်။ Crossing သွားဖို့အတွက် မသွားမိအောင် ထိမ်းထားတယ်။ ကီးဘုတ်မှာ အဆင့်တွေများလို့ မဖြစ်ဘူး။ များရင်လည်း ရှားပါးပြီး အရိုက်နည်းတဲ့ စာလုံးတွေပဲ ဖြစ်စေချင်တယ်။
လက်ရှိ ကွန်ပျူတာအသုံးပြုသူတွေက ဝင်းလက်ကွက်နဲ့ အသားကျနေကြတယ်။ ဝင်းလက်ကွက်ကိုပဲ ဇော်ဂျီက ယူသုံးထားတယ်။ ဒီလက်ကွက်မှာ အသားကျနေတဲ့ သူတွေက တော်တော်များတယ်။ မြန်မာစာကို စပြီး ရိုက်မယ့် သူတွေက လက်ကွက်ပေါ်မှာ ရှာတဲ့အခါ အခက်အခဲတွေ့ကြတယ်။ ကျွန်တော် လုပ်ထားတဲ့ လက်ကွက်မှာ ရှာစရာမလိုဘူး။ ကြည့်ပြီးတော့ မှတ်စရာလည်း မလိုဘူး။ ဘယ်ဖက်နဲ့ ညာဖက်ပဲ ဘယ်မှာ ဗျည်းရှိမယ်။ ညာဖက်မှာ ဗျည်းတွဲနဲ့သရ ရှိမယ်။ ရိုက်ချင်တဲ့ ဟာကို သင်ပုန်းကြီးအတိုင်း ရိုက်သွားလို့ ရမယ်။ ဂိမ်းကို ထည့်ပေးရတာက ပျော်ရွှင်မှု သက်သက်အပြင် ဗဟုသုတပါ ရစေချင်တယ်။ ကျွန်တော်တို့ ကကြီးကနေ အ အထိကို သိကြတယ်။ လူတိုင်း သိကြတယ်။ ဒါပေမယ့် မသိတဲ့အပိုင်းကို မသိတာက မသိတာပဲ။ မသိတဲ့အထဲမှာ သိတာကို ဗဟုသုတပေးတဲ့ သဘောပါပဲ။ ဂိမ်းရဲ့ အဖြေမှန်ကိုတော့ ဘုန်းတော်ကြီးတွေနဲ့ လူကြီးပိုင်းတွေ သိကြတာ များတယ်။ လူ တိုင်းကို ဏဘရံ လို့ ပြောလိုက်ရင် ဘေးရန်ကင်းရှင်းပါစေလို့ သိတယ်။ လူကြီးတွေကလည်း ဏဘရံ ဆိုပြီးတော့ ဆုပေးလေ့ ရှိကြတယ်။ ဒီ ဏဘရံ ကဘယ်လို ပေါ်လာသလဲ။ ဏဘရံ ဆိုတဲ့ အဓိပ္ပါယ်က ဘေးရန်ကင်းရှင်းပါစေလို့ ပြောတယ်။ ဘာကြောင့် ခေါ်သလဲ။ ဖြစ်ပေါ်လာသလဲ ဆိုတာကို အများစုက မသိကြဘူး။ ဒီဟာကိုသိအောင် ကျွန်တော်က ဖော်ပြပေးတယ်။ တစ်နည်းအားဖြင့် မြန်မာစာမှာ မြန်မာစာရဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်ဆိုတာကို ပြချင်တာပါ။ ထဆင်ထူး ဆိုတာကလည်း မြန်မာစာမှာ အလယ်ကောင်တည့်တည့် ကျသလို အပြင်းဆုံးသော ပါဝါရှိတယ်။ ကကြီးကနေ စပြီး အ အထိကို ဝဆွဲနဲ့ နငယ်တတ်ပြီး ပေါင်းသွားကြည့်လိုက် ကွန်၊ ခွန်၊ အွန် လို့ပဲ အသံထွက်တယ်။ ထဆင်ထူး၊ ဝဆွဲ၊ နငယ်တတ် တစ်ခုပဲ ထွန်းထွန်းပေါက်ပေါက်ဆိုတဲ့ ထွန်း အသံထွက်တယ်။ တဝမ်းပူနဲ့ဆိုရင် တွန်းပဲ။ ထဆင်ထူးကို ထောင်လိုက် ဝလုံးကြီးတင် ဝိ ဖြစ်မယ်။ ဒီဟာက ဝမရှိပဲ ဝိမလုပ်နဲ့ ဆိုတာကို ဆိုလိုတာပါ။
Myanmar’s Unicode Standard Font Tester ကို အခမဲ့ဖြန့်ဝေပေးတယ်
Myanmar Unicode Tester ကို အခမဲ့ဖြန့်ဝေ ပေးထားပါတယ်။ လိုချင်တဲ့လူတွေအနေက အီးမေးလ်ပို့ပြီး တောင်းနိုင်ပါတယ်။ လောလောဆယ် ဝက်ဘ်ဆိုဒ် တွေမှာ တင်ထားခြင်း မရှိပါဘူး။ အီးမေးလ်က mglp.mm@gmail.com ပါ။ အဆင်ပြေအောင် ပို့ပေးပါ့မယ်။ တစ်ယောက်နဲ့တစ်ယောက် လက်ဆင့်ကမ်း ပြီးတော့လည်း မျှဝေပေးနိုင်ပါတယ်။ ၁၉၉၈ ခုနှစ် မင်္ဂလာပါ ကို စလုပ်တယ်။ သင်ပုန်းကြီး လက်ကွက်ကို ပြကြည့်တော့ အသစ်ဖြစ်နေတဲ့အတွက် မစမ်း ချင်ဘူး။ ကီးဘုတ်မှာ မြန်မာစာမပါတဲ့အတွက် ရှာပြီးမရိုက်ချင်ဘူး။ အဲဒီအချိန်တုန်းက ယူနီကုတ်မရသေးတဲ့အတွက် အရင်လာ အရင်ရိုက်စနစ်ပဲ ဖြစ်နေတယ်။ မင်္ဂလာပါအနေနဲ့ တစ်ဦးတည်း လုပ်ဖြစ်နေတဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးခြင်း မရှိသေးဘူး။ နောက်ပိုင်းတော့ လုပ်ဖြစ်လာ ပါမယ်။ မင်္ဂလာပါကTester အပြင် တစ်ခြား Product တွေ ထွက်လာပါဦးမယ်။ Input Method ကို ကီးဘုတ်အနေနဲ့ပဲ ပြထားပါသေးတယ်။ Tester ကလည်း Input Method မဟုတ်တဲ့အတွက် ကီးဘုတ်ကို မထည့်ပေးထားပါဘူး။ ၁၉၉၈ ခုနှစ်မှာ Apple Computer ပေါ်မှာ မူပိုင်လက်ကွက်နဲ့ မြန်မာစရိုက်စနစ်ကို ထုတ်လုပ်ပြီး ပညာရေးဝန်ကြီးဌာနကို လှူဒါန်းခဲ့တယ်။ ဝင်းမြန်မာစာလုံးတွေကို Mac ပေါ် တင်ပေးလိုက်တဲ့ သဘောပဲ။ လက်ကွက်ကလည်း ဝင်းမြန်မာ လက်ကွက်အတိုင်းပဲ။ ဖောင့်နာမည်ကို Mac Myanmar လို့ ပေးခဲ့တယ်။
မှားနေရင် မြန်မြန် ပြင်လိုက်ပါ
Myanmar NLP ကနေပြီးတော့ ယူနီကုတ်စံသတ်မှတ်ချက်ဖြစ်ပေါ်လာအောင် အကောင်အထည်ဖော်တယ်။ ကျွန်တော်က အကောင်အထည်ဖော်လာတဲ့ စံသတ်မှတ်ချက်မှာ အခြေခံတယ်။ ကွန်ပျူတာမှာ သိမ်းတဲ့အပိုင်းတွေ အကုန်လုံးကို Data Base မှာ အခြေခံတဲ့အတွက် Data Base ကိုပဲ ကျွန်တော်ကြည့် တယ်။ ကကြီး ရရစ် သဝေထိုးပဲ ရိုက်ရိုက်၊ တစ်ခြားပုံစံတစ်ခုနဲ့ပဲ ရိုက်ရိုက်၊ Data သိမ်းတဲ့အချိန်မှာ Sequence က သူ့အတိုင်းပဲ ဖြစ်ရမယ်။ Data Base မှာက သိမ်းတဲ့ Method အတိုင်းသိမ်းမယ်ဆိုရင် Unicod Family မှာရှိတဲ့ ဖောင့်နဲ့ပြတယ်ဆိုရင် အားလုံးပေါ်မယ်။ ကိုယ့်ရဲ့ဖောင့်က မှားနေတယ်ဆိုရင် မြန်မြန်ပြင်လိုက်ပါ။ အသစ်ထွင်မယ့် လူကလည်း Data သိမ်းတာကို သိရမယ်။ မှားနေတာကို ပြင်လိုက်ရင် ယူနီကုတ်စံထဲကို ဝင်လာလိမ့်မယ်။
ယူနီကုတ်ကို အားသန်လာတယ်
ယူနီကုတ်ကို လေ့လာတဲ့အချိန်မှာ ယူနီကုတ် ဖွံ့ဖြိုးဖို့ အားသန်လာတယ် စိတ်ဝင်စားလာတယ်။ ဝင်းတုန်းက ကကြီးကို ရှစ်မျိုးလောက်ပဲ ထည့်လို့ရတယ်။ ASCII ဖြစ်တဲ့အတွက် ၂၅၅ ထက် ကျော်လို့ မရဘူး။ ယူနီကုတ်မှာဆိုရင် ဆယ်မျိုးထည့်တယ်။ သိမ်းတဲ့ ပွိုင့်အနေနဲ့က တစ်ခုတည်းပဲ ပုံစံကိုသာဆယ် မျိုးလုပ်ထားတယ်။ Data Base မှာတစ်ခုထဲ သိမ်းတယ်။ ယူနီကုတ်မှာလည်း ရပင့်ဆိုတာကို တစ်လုံးတည်းပြတယ်။ ဖောင့်ပုံစံက ကိုယ်ကြိုက်သလောက် ထည့်လို့ရတယ်။
ပူးပေါင်းပါဝင်စေချင်
ယူနီကုတ်အလုပ်ရုံဆွေးနွေးပွဲ မှန်သမျှကို Font Developer တွေ၊ Software Developer တွေ တက်ရောက်ကြဖို့ ဖိတ်ခေါ်ချင်တယ်။ အပြင်ကနေ ကန့်လန့်ကန့်လန့်နဲ့ ငါလုပ်တာ ယူနီကုတ်ကွလို့ ပြောနေဖို့ မသင့်ပါဘူး။ အားလုံးကို ပါဝင်စေချင်တယ်။ အပြင်မှာ သီးသန့်နေတဲ့ သူတွေလည်း အများကြီး ရှိတယ်။ သူတို့ကိုလည်း လာစေချင်တယ်။ ကိုယ့်ဖောင့်က လူသုံးများတဲ့ ယူနီကုတ်ကွဆိုပြီး အပြင်မှာ အမြင်ကျဉ်းနေရင်တော့ မဖြစ်ပါဘူး။ ဒါကြောင့် ယူနီကုတ်နဲ့ပတ်သက်ပြီးလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေမှာ ပူးပေါင်းပါဝင်စေချင်ပါတယ်။
သိလိုသမျှကို စိတ်ရှည်စွာ ဖြေကြားပေးတဲ့ ကိုနေလင်းသန်းနဲ့ ကိုအောင်ဇေယျကို ကျေးဇူးတင်ကြောင်း မှတ်တမ်းထားပါတယ်။
ဟန်ဇော်
၂၀၁၁ ခုနှစ်ထုတ် ဇန်နဝါရီလထုတ် ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ဆောင်းပါးဖြစ်ပါသည်။