Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

မင်းလူညနေခင်းများ

Posted on October 9, 2014 by Han Sann
ပန်းချီမျိုးမြင့်ရေးဆွဲ၍ ထွန်းဝင်းအောင်၊ ဝါနု ရိုက်ကူးထားသော ဓာတ်ပုံကို ကူးယူဖော်ပြထားပါသည်။
ပန်းချီမျိုးမြင့်ရေးဆွဲ၍
ထွန်းဝင်းအောင်၊ ဝါနု ရိုက်ကူးထားသော
ဓာတ်ပုံကို ကူးယူဖော်ပြထားပါသည်။

မင်းလူကို လွမ်းကြောင်း စာဖွဲ့ရမည်။ လွမ်းရမည့်အကြောင်းတွေက များလွန်လှသည်။

မင်းလူအရိပ်တွေက စာတစ်စောင်ပေတစ်ဖွဲ့ ဖွဲ့စည်း၍ပင် ကုန်နိုင်မည်မဟုတ်။

ဖွဲ့လိုက်ပါ။ ရေးလိုက်ပါ။

တွန်းအားများ အားကောင်းလွန်းသည်။

ကျန်ရစ်သူဝယ် တလွမ်းတပွေ့ဖြင့်

လွမ်းရခက်ပါသည်။

 

သူက ပူဆွေးမူကို လိုလားသူ မဟုတ်။ ငိုကြွေးခြင်းကို နှစ်မြို့သူမဟုတ်။ ကာတွန်းဆရာကြီးဦးဖေသိန်း နောက်ဆုံးခရီးကို သူက နှစ်သက်ခဲ့သည်။ ပူလောင်ခြင်း၊ ပူဆွေးခြင်းတွေကို မမြင်ခဲ့ရပါဟု သူက အခါခါဆိုခဲ့သည်။ နှစ်သက်ကြောင်း သူက အကြိမ်ကြိမ် ပြောခဲ့သည်။ လောကသဘာဝကို လောကထုံးစံအတိုင်း ရိုးရိုးလေးသာ သူက ဖြတ်သန်းချင်ခဲ့သည်။ သဘာဝအုပ်စုမှ သူသည် သဘာဝတရားကို နှစ်သက်ပေလိမ့်မည်။ ချစ်မြတ်နိုးပေလိမ့်မည်။

 

မင်းလူကိုယ်တိုင်က မင်းလူနောက်ဆုံးအချိန်ကို

ကာတွန်းဦးဖေသိန်း၏ နောက်ဆုံးခရီးဖြင့်

နိမိတ် ပြခဲ့သည်။

ဒီဘဝအတွက် ငါ့ခရီးလမ်းဖြင့်

ဆုံးလေပြီဟု နှုတ်က ဖွင့်ဟ မပြောရုံပင်။

သူဆိုသည်ကား မင်းလူပေကိုး။

 

သဘာဝအုပ်စု၏ ညနေခင်းများထဲတွင် သူ့ကို ရေဒီယိုတစ်လုံး၊ ဂျက်ကမ္ဘာဆေးပေါ့လိပ်တစ်လိပ်၊ ဆေးပေါင်းခနေသော ရေနွေး တစ်ခွက်၊ လက်စွဲတော် ဂတ်စ်မီးခြစ်တစ်လုံး၊ ရွှေကြေးစည်လက်ဖက်ရည်တစ်ခွက်ဖြင့် တွေ့ရပေလိမ့်မည်။ ထိုနေရာ၊ ထိုအချိန် သည် သူ့၏ အနားယူချိန်၊ အနားယူရာ နေရာအမှန်ဖြစ်သည်။ စိတ်အပန်းဖြေချိန် ဖြစ်သည်။

ပြုပြင်လက်စ အီလက်ထရောနစ် ပစ္စည်းများ၊ လုပ်ကိုင်လက်စ တိုလီထွာလီအလုပ်များကို ခေတ္တထားခဲ့ချိန်ဖြစ်သည်။ ရေးလက်စဝတ္ထုအတွက် စိတ်ကူးကွန့်မြူးချိန် ဖြစ်သည်။ အသစ်ရေးမည့်ဝတ္ထုအတွက် ဉာဏ်ကွန့်မြူးချိန်ဖြစ်သည်။

စာပေအရေး၊ အနုပညာအရေး၊ ကမ္ဘာ့အရေး၊ မြန်မာ့နိုင်ငံရေး၊ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသား အရေး၊ ကလိမ်ကျ သည့် နိုင်ငံရေးသမားများအရေး၊ ကောက်ကျစ်သည့် အာဏာရှင်များအရေး၊ မြန်မာ့စီးပွားရေး၊ မြန်မာ့လူမှုရေး၊ မိသားစုအရေး၊ ဆွေမျိုးသားချင်းအရေး၊ ကျန်းမာရေး စသည့် စသည့် အရေးကိစ္စအဝ၀အတွက် စိတ်အာရုံဖြန့်ကျက်ချိန် ဖြစ်သည်။

သူ၏ ညနေခင်းသည် လက်ဖက်ရည်ဆိုင်တွင် ဖြစ်သည်။

သူ၏ ညနေခင်းများသို့ သူ့ကိုချစ်သူများ ရောက်လာတတ်သည်။ သူကလည်း သူထံရောက်လာသူများကို ချစ်ခင်သည်။ သံယောဇဉ်ရှိသည်။ အလေးထားသည်။ စည်းကမ်းထားသည်။ သူ့စည်းကမ်းကို သူ မဖောက်တတ်ပါ။ တစ်ပါးသူစည်းကမ်းကို လည်း သူ လေးစားတတ်သည်။ သူ့စည်းကမ်း ကိုယ့်စည်းကမ်းကို ဖောက်လာခဲ့လျှင် သူလက်ခံလေ့မရှိ။ လက်မခံနိုင်ကြောင်း သူက ထင်ထင်ရှားရှားပြတတ်သည်။

သူသည် စည်းကမ်းကောင်းသူဖြစ်သကဲ့သို့ သူချစ်သော သူများကို သည်းခံနိုင်သူလည်း ဖြစ်သည်။ တစ်ဖက် သားကို ချင့်ချိန်တွေး ပေးတတ်သည်။ နားလည်မှုကို ပေးတတ်သည်။ ဆုံးမပေးတတ်သည်။ သတိပေးတတ်သည်။ စကားတည် တတ်သည်။ ရင်ဘတ်ချင်းနီးသူများကို အောင့်အီးသည်းခံ ပေးတတ်သည်။

ရသအညွန့်အဖူးများနှင့် ကြုံတွေ့ဆုံမိခဲ့လျှင် အားရဝမ်းသာရှိတတ်သည်။ အားပေးတတ်သည်။ လေးစားတတ်သည်။ ဖွင့်ဟချီးမွမ်းတတ်သည်။ သူတို့၏ ရင်ခုန်သံများကို အရေးတယူရှိသည်။ သူတို့၏ လက်ရာများကို တခုတ်တရ စောင့်ဖတ် တတ်သည်။ အညွန့်အဖူးလေးများ ပွင့်လန်းလာလျှင် ကြည်နူးနေတတ်သည်။ သူ၏ ကြည်နူးမှုကို ကာယကံရှင် ပင်မြင့်စံ ပန်းကလေးများ သိမြင်ချင်မှ သိမြင်လိမ့်မည်။ ထိုအရာသည် သူ၏ အားနည်းချက် ဖြစ်ကောင်းဖြစ်နိုင်မည်။

သူ့ကို ချဉ်းကပ်ပေါင်းသင်းရန်

သူ၏ ညနေခင်းသည်

အကောင်းဆုံးအချိန်ဖြစ်သည်။

သူသည်အရာအားလုံးကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်သူ မဟုတ်။ ထိုသို့ စွမ်းဆောင်နိုင်သော စွမ်းအားမရှိ၍ သေခြင်းတရား ကို သူသည်လက်ခံခဲ့ရသည်။ သူသည် မဟာသူရဲကောင်းနှင့်သူရဲကောင်းကိုးကွယ်သည့် ဝါဒကို ဆန့်ကျင်သူဖြစ်သည်။ လူသား တစ်ဦးကို ကြည်ညိုလွန်း၍ ထိုသူအကြောင်း အကောင်းချည်းသာ ချီးမွမ်းခဲ့လျှင် လူသားမဆန်ဟု သူက ယုံကြည်ကြောင်း သူ၏ ညနေခင်းများထဲမှ အကြိမ်ကြိမ် ကြားသိရသည်။

သူသည် ထေ့တတ်၊ ရိတတ်၊ ကလိတတ်၊ ရစ်တတ်သူ ဖြစ်သည်။ ဟာသလွှမ်း၍ နောက်ပြောင်တတ်သူ ဖြစ်သည်။ အချိုးမကျ ထောင့်မမှန်လျှင် အထိနာအောင် ပစ်မှတ်မှန်သူ ဖြစ်သည်။ အအိပ်ကြီးသူဖြစ်သည်။ စာရေးပျင်း၍ စာဖတ်ပျော်သူဖြစ်သည်။ စာရေးနှေး၍ အတွေးလွန်သူဖြစ်သည်။ လိုအပ်သည်ထက် ပို၍ တွေးသူ၊ လိုအပ်သည်ထက် ပို၍ ပူပန်တတ်သူ၊ မိမိစည်း မိမိဘောင်ဖြင့် အကြိမ်ကြိမ် ပိတ်မိတတ်သူဖြစ်သည်။

ချစ်၍ ပြောသော၊ စရိုက်သဘာဝ ပေါ်လွင်စေသော

စကားများဖြင့် သူ့ကို ဝေဖန်ခဲ့သော်

သူသည် ကျေနပ်နိုင်သူ ဧကန်မုချဖြစ်သည်။

သူ၏ ညနေခင်းအများစုသည် သာဓုခြံနယ်နမိတ်အတွင်းရှိ ရွှေကြေးစည်လက်ဖက်ရည်ဆိုင်သာ ဖြစ်သည်။ သူ့ဘဝ၏ ညနေခင်းများစွာကို သူသည် ထိုလက်ဖက်ရည်ဆိုင်တွင်သာ အချိန်ကုန်လွန်စေခဲ့သည်။ ရွှေကြေးစည်လက်ဖက်ရည်ဆိုင်၏ ဘယ်ဖက်ထိပ်နှင့်ညာဖက်ထိပ် ထောင့်နှစ်ထောင့်သည် သူ၏ ညနေခင်းများကို ပြသနိုင်သည့် အမှတ်အသားများဖြစ်သည်။

အကြောင်းကိစ္စ ကြီးငယ်အတွက် မြို့လယ်သို့ သွားခဲ့သည်ရှိသော်လည်း သူ၏ ညနေခင်းရှိရာကို သူသည် အချိန်မီပြန်လာလေ့ ရှိသည်။ သူ၏ ညနေခင်းကို သူကိုယ်တိုင်သစ္စာရှိ၍ ဝတ္တရားမပျက်တတ်သူဖြစ်သည်။

သောကြာညနေခင်းသည် ရွှေကြေးစည်နှင့်အတန်အတင့်ဝေးကွာလွန်းသောနေရာတွင် ရှိသည်။ သူ၏ သောကြာညနေခင်းသည် ရွှေကြေးစည်တွင် မဟုတ်။ အတန်အတင့်ဝေးကွာသော၊ သူ၏ ငယ်ပေါင်းကြီးဖော် များရှိသော၊ သူခေါင်းချရာ ဖြစ်လာနိုင်ဖွယ်ရှိ သော နေရာတွင်ဖြစ်သည်။

သောကြာညနေခင်းများသို့လည်း သူသည် မပျက်မကွက် သွားရောက်တတ်သူဖြစ်သည်။ ဝတ္တရားမပျက် အချိန်တိကျစွာ သွားလာ တတ်ပြီး အချိန်လွဲသူ၊ ပျက်ကွက်တတ်သူကို သူသည် အနိုင်ယူတတ်သည်။

သူသည် သူ၏ ညနေခင်းများကို နှစ်သက်သူ ဖြစ်သည်။

ရွှေကြေးစည်သည် သူ၏ ညနေခင်းများအတွက် နှစ်ပေါင်းများစွာ အတူရှိနေခဲ့သည်။ သူ၏ ညနေခင်းများတွင် မောင်ဝဏ္ဏ ရှိခဲ့ဖူး သည်။ သူ၏ ညနေခင်းများတွင် သုမောင် ရှိခဲ့ဖူးသည်။ သူ၏ ညနေခင်းများတွင် အာယုရှိခဲ့ဖူးသည်။ သူ၏ ညနေခင်းများထဲသို့ သူတို့လာခဲ့ကြသည်။ သူတို့သည် သူ၏ ညနေခင်းများထဲက စောလျှင်စွာ ထွက်ခွာသွားကြသည်။ သူတို့ထွက်ခွာချိန်တွင် သူတို့ အတွက် ဝမ်းနည်းကြောင်းဆိုကြသူများက သူ၏ ညနေခင်းများတွင်သာ လာရောက်ပြောဆိုကြသည်။

သူ၏ ညနေခင်းများတွင် ဝမ်းနည်းခြင်းများလည်း ရှိခဲ့ဖူးသည်။

သူ၏ ညနေခင်းများထဲမှ ရွှေကြေးစည်သည်လည်း စောလျှင်စွာ ထွက်ခွာသွားခဲ့သည်။ သောကြာညနေခင်းများ တည်နေရာသည် သူ၏ညနေခင်းများတည်နေရာ ဖြစ်လာသည်။ သူ၏ညနေခင်းများအတွက် ထိုနေရာသို့ နေဝင်သောအချိန်များတွင် သူရောက်လာ တတ်သည်။ သူ့ကို ချစ်ခင်သူများကလည်း သူ၏ ညနေခင်းများသို့ ရွေ့ပြောင်းလိုက်ပါလာတတ်မြဲဖြစ်သည်။

တစ်ချိန်တွင် သူသည် သူ၏ညနေခင်းများထဲမှ တစ်လခန့် ပျောက်သွားခဲ့သည်။ ထိုသို့ ပျောက်ဆုံးခြင်းသည် ထာဝရပျောက်ဆုံး ခြင်းအတွက် အလေ့အကျင့်တစ်ခု လေ့ကျင့်ပေးခဲ့သလိုဖြစ်လာလိမ့်မည်ဟု မည်သူမျှမထင်ခဲ့ပါ။ ထိုအလေ့အကျင့်သည်လည်း အရာမထင်ခဲ့ပါ။

 

သူ၏ ညနေခင်းများသို့ သူပြန်ရောက်လာသည်။

သူ၏ ညနေခင်းများကို ရှင်သန်ရန် သူကြိုးစားသည်။

သူ၏ ညနေခင်းများက ရှိမြဲ၊ နေမြဲ၊ တည်မြဲ အတိုင်းသာ

သူ့ကို ကြိုဆိုကြသည်။

သူ၏ ညနေခင်းများ မှေးမှိန်လာခဲ့သည်။

သူ၏ ညနေခင်းများ တုန်ချိလာခဲ့သည်။

သူ၏ ညနေခင်းများ ဝေ၀ါးလာခဲ့သည်။

သူ၏ ညနေခင်းများ လူနာကြည့်ချိန် ဖြစ်လာသည်။

သူ၏ ညနေခင်းများ စိုးရိမ်ရေအမှတ် ဖြစ်လာသည်။

သူ၏ ညနေခင်းများကို သူကိုယ်တိုင်သိမ်းထုတ် သွားခဲ့သည်။

သူ၏ ညနေခင်းတွင် ခြေရာလက်ရာများကိုသာ သူချန်ရစ်ခဲ့သည်။

 

သူဆိုခဲ့ဖူးသော အလွမ်းစကားသည်

သူ့အတွက်သာ ဖြစ်ရချေတော့မည်။

အလွမ်း၌ ခြေထောက်ပါလျှင်

အလွမ်းခြေရာ

ရင်၌ ထင်စေသတည်း။

ဟန်ဆန်း

၁ ဒီဇင်ဘာ ၂၀၁၃

သို့ မင်းလူ၊ ဒေဝတာမြို့တော် မင်းလူအမှတ်တရစာအုပ်တွင် ဖော်ပြပါရှိသည်။

၂၀၁၄ ခုနှစ် အောက်တိုဘာ၊ ပထမအကြိမ်

Category: Uncategorized
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme