မြို့ပတ်ရထားဖြင့် ရသအစုန်အဆန် ရေးသူဖတ်သူဆွေးနွေးပွဲ သွားရမည်ဆိုကတည်းက ကဗျာဆရာ မောင်ချောနွယ်၏ ရထား၊ စာရေးဆရာ ရဲသျှမ်း၏ ကျွန်တော်အချိန်သူခိုး၊ ဖေဖေနှင့်တူတူ ငယ်ငယ်ဘဝက တိုးဝှေ့စီးခဲ့ရသည့် မြို့ပတ်ရထားကြီးကို တစ်ခုတ်ရမှတ်မိလာခဲ့သည်။ မီးရထားခရီးဖြင့် စုန်၍ဆန်၍ သွားခဲ့ရသော ခရီးဝေးများကိုလည်း သတိရစေဖို့ အတွေးက တွန်းအားပေးနေပြန်သည်။ သို့နှင့် PEN Myanmar ၏ ရသအစုန်အဆန် ရေးသူဖတ်သူဆွေးနွေးပွဲ မီးရထားခရီးစဉ်ကို ကဗျာဆရာ မောင်ချောနွယ်၏ ရထား ကဗျာရှည် ငါးပုဒ်စုစည်းမှု စာအုပ်ကို ပိုက်၍ လိုက်ပါခဲ့သည်။
ထိုနေ့သည် စက်တင်ဘာ ၆ ရက် နေ့လည် ၁၂ နာရီ အလွန်ဖြစ်သည်။ ရန်ကုန်ဘူတာကြီး၏ စင်္ကြန်အမှတ် ၄ သို့ စာရေးဆရာ၊ စာရေးဆရာမများ၊ သတင်းစာဆရာများ၊ စာချစ်သူမိတ်ဆွေများနှင့်မြန်မာ့မီးရထားမှတာဝန် ရှိသူများ တဖွဲဖွဲရောက်လာကြသည်။ စာရေးဆရာတစ်ချို့က ရန်ကုန်ဘူတာ ကြီးအတွင်းရှိ လပ်ကီးဖလားဝါးလက်ဖက်ရည်ဆိုင်တွင် လူစု၍ ချီတက်လာ ကြဟန်ရှိသည်။ လပ်ကီးဖလားဝါးလက်ဖက်ရည်ဆိုင်သည် တစ်နှစ်တာကာ လအတွင်း စာရေးဆရာတို့ ပျော်ပိုက်ရာနေရာတစ်ခုလည်း ဖြစ်ခဲ့သည်။ စာရေးသူတို့၏ စာဖတ်ဝိုင်းမှ စာသံပေသံ ကဗျာသံများကို ကြားနေရသည့်နေရာ ဖြစ်သည်။ ဒါကြောင့် သူတို့အဲဒီမှာ စုစည်းကြပြီး မီးရထားကြီးဖြင့် ရသစုန်ရန်ဆန်ရန်လာကြခြင်း ဖြစ်လိမ့်မည်။
အဲယားကွန်းမြို့ပတ်ရထားသည် စင်္ကြန်အမှတ် ၄ သို့ ဆိုဒ်ရောက်လာခဲ့သည်။ ရသစုန်ဆန်ကြမည့်သူများသည် သီးခြားငှားရမ်းထားသော ရထား တွဲပေါ်သို့ တက်ခဲ့ကြသည်။ PEN Myanmar ၏ ရသအစုန်အဆန် ရေးသူဖတ်သူ ဆွေးနွေးပွဲ စာတမ်းပါ နဖူးစည်းများကို ရထားတွဲ၏ ဝဲဘက်၊ ယာဘက်နှင့်မျက်နှာစာတွင် ချိတ်ဆွဲလိုက်ကြသည်။ ထိုအချိန်ကစပြီး အဲယားကွန်းမြို့ပတ်ရထားတွဲသည် PEN Myanmar ၏ ရသရထားတွဲကြီးအဖြစ် အသွင်ပြောင်းသွားတော့သည်။ စာရေးဆရာ ရဲသျှမ်းကလည်း မြန်မာ့မီးရထားနှင့် PEN Myanmar ပူးတွဲပြုလုပ်သည့်အကြောင်းကို ပြောကြား၍ အစီအစဉ်ကို စတင်ဖွင့်လှစ်ပေးခဲ့သည်။
ရသရထားတွဲခရီးစဉ်တွင်ပါဝင်ခဲ့သော သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းတက္ကသိုလ်တစ်ခုမှ စာပေသင်ကြားပို့ချပေးနေသော စာရေးဆရာမ မီရှဲလ် အောင်သင်းကလည်း သူမ၏ မြန်မာနိုင်ငံအတွေ့အကြုံများနှင့်ပတ်သက်၍ ရေးသားထား သော The Monsoon Bride အမည်ရစာအုပ်ကို မိတ်ဆက်ခဲ့ပြီး စာအုပ်ကောက်နုတ်ချက်ဖတ်ကြားခဲ့သည်။ မီရှဲလ်အောင်သင်းသည် ဥရောပ-မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပြီး ၁၉၆၂ ခုနှစ်၌ မြန်မာနိုင်ငံတွင် မွေးဖွား ခဲ့သည်။ ဖခင်ဖြစ်သူမှာ မြန်မာနိုင်ငံသားဖြစ်သည်။ မီရှဲလ်၏ စာသံ ပေသံကို ကြားရသောအခါ ရသစာပေသည် နှလုံးသားအချင်းချင်းအကြားမှာသာ စီးဆင်းနေပြီး အသားအရောင် လူအမျိုးအစားများကို ခွဲခြားလေ့မရှိဟု ခံစားမိလာသည်။ ရသရထားတွဲကြီးမှာလည်း ဘူတာစဉ်များကို စတင်ဖြတ်သန်း နေခဲ့သည်။
ထိုအချိန်တွင် ကိုယ်က ကဗျာဆရာ မောင်ချောနွယ်၏ ရထား ကဗျာရှည်အဖွင့်ပိုဒ်ဖြစ်သော
အမြဲတမ်း နောက်ကျသူ နာရီအိုကြီးလို
အမြဲတမ်း နောက်ကျနေသူ နာရီအိုကြီးကို တင်ဆောင်ကာ
ရထားထွက်ခဲ့ပြီ
ကို စတင်ရွတ်ဆို၍ ရသအစုန်အဆန်တွင် ပါဝင်ဖတ်ကြားရွတ်ဆိုကြမည့် စာရေးသူများနှင့် စာချစ်သူများကို တစ်ဦးချင်းစီဖိတ်ခေါ်၍ ခရီးဆက်ခဲ့ကြပြန်သည်။ ဆရာ မောင်ချောနွယ်၏ ရထား ကဗျာရှည်မှ တစ်ပိုဒ်ခြင်းနှင့် စာချစ်သူများ၏ ရသစာပေလက်ရာများက တစ်လှည့်ဖြင့် စည်းချက်ကျကျ ရွတ်ဆိုခဲ့ကြသည်။ စာရေးသူများဖြစ်ကြသော မိချမ်းဝေ၊ ခင်မြဇင်၊ လွတ်လပ်စိုး၊ မြသွေး နီ၊ အဖြူရောင်(ရွှေ)၊ မေဇွန်အေး၊ ထားဥဿုံ၊ မကြည်ပြာ(သင်္ချာ)၊ ရှင်းသန့် မေ၊ လွမ်းမြတ်ဝေ၊ ကြာဖြူနွယ်၊ ညီငယ်လေးနှင့် နေဘုန်းလတ်တို့က ကဗျာ၊ ရသစာတမ်း၊ ဝတ္ထု၊ ဆောင်းပါးတို့ကို ဖတ်ကြားခဲ့ကြသည်။ ထိုသို့ဖတ်ကြားခြင်းနှင့်အတူ ရသရထားတွဲအတွင်း အတူလိုက်ပါလာခဲ့သော အင်းစိန်မြို့နယ်ရှိ Myanmar Institute of Theology ကျောင်း၊ BARS Program မှစာချစ်သူကျောင်းသားများကလည်း ကဗျာစာဆိုကြီး မင်းသုဝဏ်၏ သူ့မှာတမ်းကဗျာအပါအဝင် ကဗျာများရွတ်ဆိုခြင်း၊ ကောက်နုတ်ချက် ဖတ်ကြား ခြင်းနှင့် ရသအစုန်အဆန်အစီအစဉ်၏ အားသာချက်၊ အားနည်းချက်များကိုပါ ထည့်သွင်းဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ဘူတာစဉ်ဖြတ်ခဲ့သော ရထားပေါ်မှ ရသချစ်သူများသည် ပတ်ဝန်းကျင်က ရိုက်ခတ်လာသော ဆူညံသံအချို့၊ နာရီအတန်ကြာ မတ်တပ်ရပ်၍ လိုက်ပါရခြင်းနှင့်အာရုံညောင်းလာခြင်းများကို ကြုံတွေ့ခဲ့ကြရသည်။ ရသရထားတွဲပေါ်သို့ လိုက်ပါလာသော ကဗျာဆရာ စောဝေနှင့် စာရေးဆရာမ စုမီအောင်တို့၏ တင်ဆက်မှုအနုပညာများက အာရုံညောင်းလာသူများ၏ ပြေလျော့မှု အတွက်ပေးစွမ်းနိုင်ခဲ့သည်။ ကဗျာဆရာ စောဝက မြန်မာနိုင်ငံမြေပုံ ကြီးထဲက မြနဒီ ဆိုသူကို ပရိသတ်အား ရှာခိုင်းခဲ့ပြီး ကဗျာရွတ်ခဲ့သည်။
စာရေးဆရာမ စုမီအောင်ကလည်း ရထားကြိုက်သလား။ ကားကြိုက် သလား တင်ဆက်မှုအနုပညာကို ပြုလုပ်ခဲ့သည်။ ခရီးစဉ်တွင်ပါဝင်သူများ ကို မီးရထားစီးခြင်းနှင့်ကားစီးခြင်းတို့တွင် မည်သည့်ယာဉ်အမျိုးအစားအား စီးရသည်ကို နှစ်သက်ပါသလဲဟု မေးမြန်းခဲ့သည်။ ဖြေကြားသူများက မီး ရထားကို နှစ်သက်သည်ဟု ဆိုပါက မိမိနှင့်စိတ်သဘောထားတိုက် ဆိုင်ပြီး မနှစ်သက်ပါက မိမိနှင့်စိတ်သဘောထား မတိုက်ဆိုင်ကြောင်း ပြောကြားခဲ့ သည်။ ထို့နောက် မီးရထားစီးနင်းရသည်ကို နှစ်သက်သူများကို မိမိနောက်မှ နောက်တွဲ ကဲ့သို့လိုက်ပါစေခဲ့ပြီး မီးရထားတစ်စီးသဏ္ဌာန်ပြု၍ မီးရထားတွဲထဲ၌ လှည့်ပတ်သွားလာခဲ့သည်။ ထို့နောက် မီးရထားစီးရခြင်းကို မိမိအနေဖြင့် နှစ်သက်ကြောင်းပြောသလို သူမ၏ ဖေဖေကလည်း မီးရထားစီးရသည်ကို နှစ်သက်ကြောင်း ပြောသည်။ ထို့နောက် သူမ၏ တင်ဆက်မှုအနုပညာကို စာရေးဆရာမ စုမီအောင်က အဆုံးသတ်ခဲ့သည်။ သူမ၏တင်ဆက်မှုသည် ရသစာပေ၊ အနုပညာနှင့် မီးရထားခရီးစဉ်တို့ဖြင့် လိုက်ဖက်ညီနေပြီး ခရီး စဉ်တွင် ပါဝင်ခဲ့သူများလည်း အထူးနှစ်ခြိုက်ခဲ့ ကြသည်။ ထို့အတူ စာရေးဆရာ ညီငယ်လေးက ရွတ်ဆိုခဲ့သော ကဗျာစာဆိုကြီး မင်းသုဝဏ်၏ ဖိုးမောင်လာပြီ ကဗျာကိုလည်း နှစ်သက်အားရခဲ့ကြပြီး ရသအစုန်အဆန် ရေးသူဖတ်သူဆွေးနွေးပွဲ မီးရထားခရီးစဉ်အတွက် တသသဖြင့် ပြောစမှတ်ပြုရမည့် ကဗျာတစ်ပုဒ်ဖြစ်ခဲ့ရသည်။ ထို့အတူ စာရေးဆရာ ရဲသျှမ်းက တင်ဆက်ခဲ့သော ဟာသဇာတ်လမ်းတို ဖတ်ကြားခြင်းအစီအစဉ်နှင့် စာရေးဆရာမ ခင်မြဇင် ဖတ်ကြားခဲ့သည့် ဆယ်လီဗလစ်တီတစ်ရာ့ကိုးဇင် သရောစာတို့ကိုလည်း နှစ်သက်၍ သဘောကျ ရယ်မောခဲ့ကြသည်။
ထိုသို့ ဤသို့ဖြင့် အဲယားကွန်း မြို့ပတ်ရထားကြီးက မြို့ကိုပတ် နေသလို ရသ ရထားတွဲပါ စာချစ်သူများကလည်း ကဗျာများ စာများရွတ်ရင်း ရန်ကုန် တစ်မြို့လုံးကို စာသံ ပေသံ ရသအသံများ လွှမ်းခြုံလိုက်သလို ဖြစ်ခဲ့ရသည်။ ရသ ရထားတွဲက ဘူတာစဉ်များကိုဖြတ်၊ ဘေးဝဲယာက ရှုခင်းများကို အရှိအတိုင်းငေး၊ ဘူတာစဉ်များက လူမှုဘဝတွေကို ထပ်တူမျှသလို ဝင်ရောက်ခံစားရသောအခါ မောင်ချောနွယ်၏
ရထားဟာ
သူကြည့်မိသမျှ
ရှုမျှော်ခင်းတွေ
အဲသည် ရှုမျှော်ခင်းတွေရဲ့
ကိုယ်ရည် ကိုယ်သွေးတွေကိုပါ
သူပြန်တင်ဆောင်ခဲ့ရ
ကို နုတ်မှ ရွတ်ခဲ့ပြီးသော်လည်း စိတ်မှ အကြိမ်ကြိမ်ပြန်ရွတ်နေမိသည်။
သည်လိုနှင့်။ မောင်ချောနွယ်၏ ရထား ကဗျာရှည် အဆုံးပိုဒ်ကို ရွတ်ဆိုရန် ရောက်လာခဲ့သည်။
နှစ်သုံးဆယ်လုံးလုံး ပျောက်ဆုံးနေတဲ့
မြို့တစ် မြို့
ဘီးလှိမ့်စ ရထားပေါ်
ဖျတ်ခနဲ ခုန်တက်လိုက်ပါ
ရထားပေါ် ရထား ပါလာခဲ့တာကိုပဲ
တရားပေါ် ရထားတင်ခဲ့ရတာကိုပဲ
ရထား
စိတ်ပျက်ခဲ့တယ်
ရထားလာခဲ့ပြီ
ဆိုသော ရထား ကဗျာရှည်အဆုံးပိုဒ်ကို ရွတ်ဆိုချိန်တွင် စာချစ်သူများ၏ ရသ အစုန်အဆန်ခရီးစဉ်သည် ရန်ကုန်ဘူတာကြီးသို့ ပြန်လည်ဆိုဒ် ရောက်ခဲ့သည်။
ရသ ရထားတွဲကြီးပေါ်က ဆင်းသက်လိုက်ချိန်တွင် ဖေဖေနှင့်တူတူ စီးခဲ့ဖူးသော မြို့ပတ်ရထားကို သတိရမိပြန်သည်။ မီးမလင်းသော ရထား၊ အပူချိန် မထိန်းပေးနိုင်သော ရထား၊ လူကြားသူကြားထဲက တိုးဝှေ့ထွက် ရသော ရထား၊ သာယာကြည်နှုးဖွယ် မကောင်းသော ရထားအဖြစ် အမှတ်ကြီးကြီးမှတ် ၍ စိတ်ဆင်းရဲခြင်းကို နှစ်ပေါင်းများစွာ သိမ်းထားမိခဲ့သည်။ ယနေ့တော့ ကိုယ်ချစ်ရသော စာရေးဆရာများဖြင့် ကိုယ်ချစ်သော ကဗျာများရွတ်၍ ကိုယ်ချစ်သောစာပေအကြောင်းကို ရထားကြီးပေါ်မှာ အာဘောင်အာရင်းသန်သန် ပြောဆိုလိုက်ရသည်။ ကိုယ်၏ စာပေဘဝကိုလည်း ကျေနပ်ခဲ့ရသည်။ ထိုသို့ကျေနပ်ခြင်းများဖြင့် ငယ်စဉ်က သိမ်းဆည်းထားမိသော စိတ်ဆင်းရဲခြင်းကို ရကောက် ရသရထားကြီး ပျော်ပျော်စီး၍ စိတ်ချမ်းသာခြင်း ကိုယ်ချမ်းသာခြင်းများဖြင့် အစားထိုးလိုက်သည်။ ထိုခရီးစဉ်ကို မြန်မာ့စာပေသမိုင်း၏ ပထမဦးဆုံးသော ရသအစုန်အဆန် ရေးသူဖတ်သူ ဆွေးနွေးပွဲ အဖြစ် ဆိုရမည်ဆိုသော မှားလိမ့်မည်ဟု ကိုယ်ကတော့ မထင်မိပါ။
ဟန်ဆန်း
၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်ထုတ် အလင်းတန်းဂျာနယ် အမှတ် ၈၂၂ တွင် ဖော်ပြခဲ့သော စာစုဖြစ်သည်။