စာပေဆိုင်ရာနိုဘယ်ဆု
ရူပဗေဒဆိုင်ရာ၊ ဓာတုဗေဒဆိုင်ရာ၊ ဆေးပညာဆိုင်ရာ၊ စာပေဆိုင်ရာ၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေးသိပ္ပံဆိုင်ရာတို့အတွက် နိုဘယ်ဆုကို ပေးလေ့ရှိသည်။ စာပေဆိုင်ရာနိုဘယ်ဆုကို ၁၉၀၁ ခုနှစ်မှ စတင်၍ပေးအပ်ခဲ့ရာ ၂၀၁၃ ခုနှစ်အထိရေတွက် လျှင် နှစ်ပေါင်း ၁၁၂ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ နိုဘယ်ဆုကိုတီထွင်ခဲ့သူ အဲဖရက် နိုဘယ်သည်လည်း စာပေဝါသနာပါသူတစ်ဦးဖြစ်ပြီး ဝတ္ထုရှည်၊ ပြဇာတ်များကို ကိုယ်တိုင်ရေးသားခဲ့သူဖြစ်သည်။ သူ၏ သေတမ်းစာအရ နိုဘယ်ဆုကို ပေးအပ်ခြင်းဖြစ်ပြီး စာပေဆိုင်ရာနိုဘယ်ဆုနှင့်ပတ်သက်သည့် စိတ်ဆန္ဒကိုလည်းထည့် ဖော်ပြထားသည်။ ထိုအချက်ကို အဓိပ္ပါယ်ဖွင့်ဆို၍ ဂန္ထဝင်တွင်မည့် စာပေအရေးအသားများ၊ စံအယူအဆတစ်ရပ်ကို ထူးခြားပီပြင်စွာ တင်ပြနိုင်သည့် စာပေလက်ရာများနှင့် လူသားအခွင့်အရေးကို အလေးပေးသည့် စာပေလက်ရာများ စသည့်အချက်များကို အလေးပေး၍ စာပေဆိုင်ရာနိုဘယ်ဆုကို ရွေးချယ်ခဲ့ကြသည်။ စာပေနိုဘယ် ဆုရွေးချယ်ခြင်းများနှင့်ပတ်သက်၍ ထိုဆုသည် နိုင်ငံရေး နှင့်ဆက်နွယ်နေသည့်စာပေလက်ရာများကိုသာ ပေးလေ့ရှိသည်ဟု ဝေဖန်ခြင်းကိုလည်း ခံရသည်။
ဆုမပေးနိုင်ခဲ့သောနှစ်များ
နှစ်ပေါင်း ၁၁၂ နှစ်အတွင်း စာပေဆိုင်ရာနိုဘယ်ဆုရရှိခဲ့သူ ၁၁၀ ဦးရှိခဲ့သည်။ ထိုအထဲတွင် အမျိုးသမီး ၁၃ ဦးပါဝင်ခဲ့သည်။ ၄ နှစ်တာကာလတစ်ခုတွင် စာရေးဆရာနှစ်စီသည် ပူးတွဲ၍ရရှိခဲ့သူများဖြစ်သည်။ ပူးတွဲပေးအပ်ခဲ့သည့် နှစ်များမှာ ၁၉၀၄ ခုနှစ်၊ ၁၉၁၇ ခုနှစ်၊ ၁၉၆၆ ခုနှစ်နှင့် ၁၉၇၄ ခုနှစ်တို့ဖြစ်သည်။ ပထမကမ္ဘာစစ်နှင့်ဒုတိယကမ္ဘာစစ်ကာလများတွင် စာပေဆိုင်ရာ နိုဘယ်ဆုပေးနိုင်ခြင်းနည်းပါးခဲ့သည်ဟု ဆုရွေးချယ်ရေးအဖွဲ့က မှတ်ချက်ပြုသည်။ စာပေဆိုင်ရာနိုဘယ်ဆုကို ရွေးချယ်ခဲ့နိုင်ခြင်းမရှိသောနှစ်များမှာ ၁၉၁၄ ခုနှစ်၊ ၁၉၁၈ ခုနှစ်၊ ၁၉၃၅ ခုနှစ်၊ ၁၉၄၀ ခုနှစ်၊ ၁၉၄၁ ခုနှစ်၊ ၁၉၄၂ ခုနှစ်နှင့် ၁၉၄၃ ခုနှစ် တို့ဖြစ်သည်။
ထင်ရှားသူများ
၁။ ဂါစီယာ မားကွက်စ်
၂။ ဟဲမင်းဝေး
၃။ ဂျွန် စတိန်းဘတ်
၄။ တဂိုး
၅။ ဝီလျှံ ဖလူကာနာ
၆။ ချာချီ
၇။ ပါပလို နီရူဒါ
၈။ အဲလစ် မန်ရို
၉။ တိုနီ မော်ရီဆန်
၁၀။ အဲဘတ်ခ် ကမျူး
တို့သည်လည်း စာပေဆိုင်ရာနိုဘယ်ဆုရရှိခဲ့သူများဖြစ်သည်။ ထို ၁၀ ဦးကို စာပေနိုဘယ်ဆုရ စာရေးဆရာ ၁၁၀ ဦးတွင် အထင်ရှားဆုံး ၁၀ ဦးအဖြစ် ရွေးချယ်ထားခြင်းဖြစ်သည်။ စာပေနိုဘယ်ဆုရရှိသူများ၏ ယေဘုယျအသက်အရွယ်သည် ၆၄ နှစ်ဖြစ်ပြီး အသက်အငယ်ဆုံးမှာ ၄၂ နှစ်ဖြစ်သည်။ အသက် အကြီးဆုံးမှာ ၈၈ နှစ်ဖြစ်သည်။ အသက်အငယ်ဆုံး နိုဘယ်ဆုရ စာရေးဆရာမှာ The Jungle Book ဖြင့်လူသိများသော ရူရတ်ကာ ပလန့်ဖြစ်သည်။ သူသည် စာပေဆိုင်ရာနိုဘယ်ဆုကို ၁၉၀၇ ခုနှစ်က ရရှိထားသူဖြစ်သည်။ အသက်အကြီးဆုံး နိုဘယ်ဆုရ စာရေးဆရာမှာ ၂၀၁၃ ခုနှစ်က ကွယ်လွန်ခဲ့သော စာရေးဆရာမ ဒေါရစ်လက်ဆင်းဖြစ်သည်။ သူသည် စာပေဆိုင်ရာနိုဘယ်ဆုကို ၂၀ဝ၇ ခုနှစ်က ရရှိထားသူဖြစ်သည်။ နှစ်ပေါင်း ၁၀ဝ ကျော်အတွင်း စာပေဆိုင်ရာနိုဘယ်ဆုကို တစ်ကြိမ်ထက်ပို၍ ရရှိခဲ့သူမရှိသေးပါ။
ဆုကို ငြင်းပယ်ခဲ့သူများ
နိုဘယ်ဆုကိုလက်ခံပြီးမှ ငြင်းပယ်ခဲ့သူရှိသကဲ့သို့ ဆုကိုလက်ခံရန် ငြင်းပယ်ခဲ့သူလည်းရှိသည်။ ဒေါက်တာ ဇီဗားဂိုး လုံးချင်းဝတ္ထု ဖြင့်လူသိများသော ရုရှားစာရေးဆရာ ဘိုးရစ်ပါ စတာနက်သည် ၁၉၅၈ ခုနှစ်တွင် စာပေနိုဘယ်ဆုရရှိပြီး လက်ခံခဲ့သည်။ သို့သော်လည်း ရုရှားကွန်မြူနစ်ပါတီ၏ အာဘော်ဖြစ်သည့် ပရောပဒါသတင်းစာက ဆောင်းပါးများရေးသားကာ ဝေဖန်ခဲ့သည်။ နိုဘယ်ဆုကို ဖောက်ပြန်သောဘူဇွာစာပေဆုအဖြစ် စွတ်စွဲသည်။ ထိုဆုသည် ဝတ္ထုရေးဆရာအား ပေးလိုခြင်းမဟုတ်ဘဲ ဆိုရှယ်လစ်တော်လှန်ရေးကိုညစ်ထေးအောင် ပျက်ရယ်ပြုသူကို ချီးမြှောက်ခြင်းသာဖြစ်သည်ဟု ရှုတ်ချသည်။ ၁၉၆၄ ခုနှစ်တွင် နိုဘယ်ဆုရရှိခဲ့သည့် ပြင်သစ်စာရေးဆရာ ယန်းပေါလ်ဆာ့တ်သည် ဆုကိုလုံးဝလက်မခံခဲ့ပါ။ ထိုသို့လက်မခံခဲ့ခြင်းနှင့်ပတ်သက်၍ စာရေးဆရာဟာ သူ့ကိုယ်သူ ဘာပဲ ဘယ် အထဲကပဲ စသဖြင့် မူသေသတ်မှတ်ခြင်းခံရတဲ့အနေအထား ရောက် ရှိမသွားအောင် ထိန်းသိမ်းရမယ်။ အဲဒီကိစ္စဟာ ဂုဏ်ထူးဝိသေသ အမြင့်မားဆုံးအသွင်သဏ္ဍာန် မျိုးနဲ့လာတာဖြစ်စေ ဒါကို ငြင်းဆန်ရမယ်ဟု ပြောခဲ့သည်။ ထို့အတူ ၁၉၅၄ ခုနှစ်တွင် နိုဘယ်ဆုရရှိခဲ့သည့် ဟဲမင်းဝေးသည်လည်း နိုဘယ်ဆုကို ဝေဖန်ခဲ့သူဖြစ်သည်။ ဟဲမင်းဝေးသည် စာပေနိုဘယ်ဆုနှင့်အကြိမ်ကြိမ်လွဲခဲ့ရသည်။ နောက်ဆုံးတွင် စာပေဆိုင်ရာနိုဘယ်ဆုကို ရရှိခဲ့သည်။ ဆုကိုလည်း လက်ခံခဲ့သည်။ ထိုသို့လက်ခံခဲ့သည့်အတွက် ဝမ်းမြောက်ဝမ်းသာမဖြစ်မိကြောင်း နောက်ပိုင်းတွင် ဟဲမင်းဝေးက ပြောဆိုခဲ့သေးသည်။
ဆုအတွက် အံ့သြရသောနှစ်
ဆေးပြင်းလိပ်ခဲသည့်ဟန်ဖြင့် လူသိများသော ဗြိတိန်ဝန်ကြီး ချုပ် ဝင်စတန် ချာချီသည်လည်း စာပေဆိုင်ရာနိုဘယ်ဆုကို ၁၉၅၃ ခုနှစ်တွင် ရရှိခဲ့ခြင်းဖြစ်သည်။ သမိုင်းဆိုင်ရာစာပေနှင့် အတ္ထုပ္ပတ္တိ စာပေများကြောင့် စာပေဆိုင်ရာနိုဘယ်ဆုကို ရရှိခဲ့ခြင်းဖြစ်သော်လည်း ဝင်စတန် ချာချီက ထိုဆုရသည့်အတွက်ပင် ကမ္ဘာ့စာပေအသိုင်းအဝန်းက အံ့သြဘနန်းဖြစ်ခဲ့ကြသည်။
ကွယ်လွန်ပြီးမှ နိုဘယ်ဆုရသူ
စာပေနိုဘယ်ဆုကို သက်ရှိထင်ရှားရှိသူများကိုသာ ပေးလေ့ရှိသည်။ မိမိစိတ်အားထက်သန်သည့် စာပေအလုပ်အကိုင်ကို တက်ကြွစွာလုပ်ကိုင်နိုင်ရန်အတွက် စာပေနိုဘယ်ဆုကိုပေးခြင်းလည်းဖြစ်၍ သက်ရှိထင်ရှားရှိသည့် စာရေးဆရာများကိုသာ နိုဘယ်ဆု ချီးမြှင့်ခြင်းဖြစ်သည်။ သို့သော်လည်း ၁၉၃၁ ခုနှစ်တွင် ရရှိခဲ့သည့် ကားလ်ဖဲ့လ်(ဒီ)သည် ကွယ်လွန်ပြီးမှသာ စာပေနိုဘယ်ဆုကို ရရှိခဲ့သူ ဖြစ်သည်။ ၁၉၇၄ ခုနှစ် စာပေနိုဘယ်ဆုစည်းမျဉ်းအရ ကွယ်လွန်သူ မည်သူတစ်ဦးတစ်ယောက် ကိုမှ ဆုမပေးတော့ကြောင်းတွေ့ရ သည်။
စာပေနိုဘယ်ဆုရ ဆွိဒစ်အကယ်ဒမီအဖွဲ့ဝင်များ
စာပေဆိုင်ရာနိုဘယ်ဆုကို ဆွိဒစ်အကယ်ဒမီက နှစ်စဉ်ရွေးချယ်လေ့ရှိသည်။ စာပေဆိုင်ရာနိုဘယ်ဆုစတင်ရွေးချယ်သည့် ၁၉၀၁ ခုနှစ်ကတည်းက ဆုရမည့်သူကို ဆွိဒစ်အကယ်ဒမီက ရွေးချယ် ပေးခဲ့ခြင်းဖြစ်သည်။ ဆွိဒစ်အကယ်ဒမီကို ၁၇၈၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ အဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းထားပြီး ဆွိဒစ် နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် တည်ရှိသည်။ ဆွိဒစ်အကယ်ဒမီအဖွဲ့ဝင်ဖြစ်ခဲ့သူများသည်လည်း စာပေဆိုင် ရာနိုဘယ်ဆုကို ရရှိခဲ့ဖူးကြသည်။ ဆယ်လီမာ လေဂီလော့ဖ် သည် ၁၉၀၉ ခုနှစ်တွင် နိုဘယ်ဆုရပြီး ၁၉၁၄ ခုနှစ်၌ အဖွဲ့ဝင်ဖြစ်ခဲ့ သည်။ ၁၉၁၆ ခုနှစ်တွင် နိုဘယ်ဆုရရှိခဲ့သည့် ဗာနာဗန် ဟန်ဒီ ဆန်သည် ၁၉၁၂ ခုနှစ်မှ ၁၉၄၀ ခုနှစ်အထိ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ထို့အတူ ၁၉၃၁ ခုနှစ်တွင်ဆုရရှိခဲ့သည့် ကားလ်ဖဲ့လ်(ဒ)၊ ၁၉၅၁ခုနှစ် တွင် ဆုရရှိခဲ့သည့် ပါးလ် လာဂါဗစ်၊ ၁၉၇၄ ခုနှစ်တွင် ပူးတွဲဆုရရှိခဲ့သည့် ဟယ်ရီ မာတင်ဆန်နှင့် အီဗင် ဂျွန်ဆန် တို့သည်လည်း ဆွီဒစ်အကယ်ဒမီ၏ အဖွဲ့ဝင်များဖြစ်ခဲ့သည်။ ထိုစာရင်းအရ စာပေနိုဘယ်ဆုကို ဆွိဒစ်အကယ်ဒမီအဖွဲ့ဝင် ဖြစ်နေစဉ်ကာလအတွင်းမှာပင် ဆုရရှိခဲ့သူများပါဝင်နေသကဲ့သို့ အဖွဲ့ဝင်ဖြစ်ခြင်းကာလလွန်မှ ဆု ရရှိခဲ့သူများလည်းပါဝင်ကြောင်း တွေ့ရသည်။
ဘာသာစကား
နိုဘယ်ဆုရစာရေးဆရာအများစုသည် စာပေရေးသားရာတွင် အင်္ဂလိပ်ဘာသာစကားကို အသုံးပြုသည့်အပြင် မိခင်ဘာသာစကားကို ပါအသုံးပြုလေ့ရှိကြောင်းတွေ့ရသည်။ အင်္ဂလိပ်ဘာသာစကားဖြင့် စာပေရေးသားသည့် စာပေလက်ရာသည် ၂၇ ကြိမ်တိုင်အောင် စာပေနိုဘယ်ဆုရှိခဲ့သည်။ ပြင်သစ်၊ ဂျာမန်၊ စပိန်၊ ဆွိဒစ်၊ အီတလီ၊ ရုရှား၊ ပိုလစ်၊ နော်ဝေ၊ ဂရိ၊ ဂျပန်၊ အာရေဗစ်၊ ဘင်္ဂါလီ၊ တရုတ်၊ ချက်စ် အစရှိသည့် ဘာသာစကား ၂၅ မျိုးဖြင့် ရေးသားထားသော စာပေလက်ရာများကို လည်း စာပေနိုဘယ်ဆုပေးအပ်ခဲ့ကြောင်း သိရသည်။
ဆုရွေးချယ်ပုံ အဆင့်ဆင့်
စာပေဆိုင်ရာနိုဘယ်ဆုကို ရွေးချယ်နိုင်ရန်အတွက် ဖိတ်ခေါ်စာများကို လူပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများထံ ပေးပို့လေ့ရှိသည်။ ထိုဖိတ်ခေါ်စာသည် နှစ်တစ်နှစ်အတွက် စာပေဆိုင်ရာနိုဘယ်ဆု ရသင့်သည့် အမည်စာရင်းတင်သွင်းရန်ဖိတ်ခေါ်စာ ဖြစ်သည်။ ကမ္ဘာ အရပ်ရပ်ရှိ စာပေဆိုင်ရာဆက်နွယ်သူများထံ ဖိတ်စာစောင်ရေ ၆၀ဝ နှင့် ၇၀ဝ ခန့်နှစ်စဉ်ပေးပို့လေ့ရှိသည်။ အမည်စာရင်းတင်သွင်းရာတွင် စာရေးဆရာတစ်ဦးသည် မိမိကိုယ်ပိုင်အမည်ကို တင်သွင်းခွင့်မရှိပါ။ မိမိမဟုတ်သည့် အခြားသောအဖွဲ့အစည်းတစ်ခုခု၊ လူပုဂ္ဂိုလ်တစ်ဦးဦးကသာ တင်သွင်းခွင့်ရှိသည်။ ထိုဖိတ်ခေါ်စာများကို နှစ်တစ် နှစ်၏ စက်တင်ဘာလတွင် စတင်ပို့သည်။ ရရှိလာသည့်အမည်စာရင်းများထဲမှ စာရေးဆရာများကို လေ့လာပြီးနောက် ဆုရွေးချယ်ရေးကော်မတီသည် စာရေးဆရာ ၁၅ ဦးမှ ၂၀ အထိရွေးချယ်လိုက်သည်။ ထိုသို့ ပဏာမအဆင့်ရွေးချယ် ခြင်းလုပ်ငန်းကို နှစ်တစ်နှစ်၏ ဧပြီလတွင် ပြုလုပ်သည်။ ပဏာမအဆင့်ရွေးချယ်ခြင်းမှရရှိလာသည့် စာရေးဆရာများထဲမှ စာရေးဆရာ ၅ ဦးကို ထပ်မံရွေးချယ်ပြန်သည်။ ထိုသို့ရွေးချယ်ခံရသော စာရေးဆရာများသည် နိုဘယ်ဆုအတွက် နောက်ဆုံးအဆင့်ရွေးချယ်ခံရသူများဖြစ်လာသည်။ ထိုအဆင့်ကို နှစ်တစ်နှစ်၏ မေလတွင် ပြုလုပ်သည်။ နောက်ဆုံးအဆင့် ရွေးချယ်ခံလာရသည့် စာရေးဆရာ ၅ ဦး၏ စာပေလက်ရာများကို ဆုရွေးချယ်ရေးကော်မတီဝင်များက စုစည်း ၍ဖတ်ရှုကြသည်။ ထိုအဆင့်ကို နှစ်တစ်နှစ်၏ ဇွန်၊ ဇူလိုင်၊ သြဂုတ် လများတွင် ပြုလုပ်သည်။ ထို့နောက် စာပေနိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့ဝင်များသည် ဖတ်ရှုထားသည့် စာပေလက်ရာများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်း ကြသည်။ ညှိနှိုင်းဆွေးနွေးရာမှရရှိလာသည့် အချက်အလက်များအရ နှစ်တစ်နှစ်အတွက် စာပေဆိုင်ရာနိုဘယ်ဆုရရှိသူတစ်ဦးကို ရွေးချယ်ကြသည်။ ထိုသို့ရွေးချယ်ခြင်းလုပ်ငန်းများကို နှစ်တစ်နှစ်၏ စက်တင်ဘာလတွင် ပြုလုပ်သည်။ ထိုသို့ နှစ်တစ်နှစ်၏ လအလိုက်အဆင့်ဆင့် ဆောင်ရွက်ရမည့် အဆင့်များကို ဖြတ်သန်းပြီးသည့်အခါ နိုဘယ်ဆု၏သမိုင်းတွင် မှတ် တမ်းဝင်မည့် စာပေဆိုင်ရာနိုဘယ်ဆုရှင်တစ်ဦးပေါ်ထွက်လာရန် နိုဘယ်ဆုရှင်ကြေညာခြင်းကို ဆောင်ရွက်ရသည်။ ထိုသို့ကြေညာခြင်းကို နှစ်တစ်နှစ်၏ အောက်တိုဘာလတွင် ပြုလုပ်လေ့ရှိသည်။
ဆုလက်မှတ်၊ ဆုတံဆိပ်၊ ဆုငွေ
စာပေဆိုင်ရာနိုဘယ်ဆုရရှိသူများကို ဆုလက်မှတ်၊ ဆုတံဆိပ်၊ ဆုငွေတို့ကို ပေးအပ်လေ့ရှိပြီး ဆုရမိန့်ခွန်းတစ်ခုကိုလည်း ပြောဆို ခွင့်ရမည်ဖြစ်သည်။ ဆုတံဆိပ်ကို လော်ရယ်ပင်အောက်တွင် ထိုင် နေသောလူငယ်နှစ်ဦးသည် စာပေအနုပညာ၌ မွေ့လျှော့်နေကြဟန် ဖြင့် သရုပ်ဖော်ထားသည်။ ဆုငွေအဖြစ် ဆွီဒစ်ငွေကြေး ၁၀ သန်း ကို ချီးမြှင့်လေ့ရှိသည်။
အရှိန်အဝါရှိနေသေးသည့် စာပေနိုဘယ်ဆု
စာပေဆိုင်ရာနိုဘယ်ဆုခရီးသည် နှစ်ပေါင်း ၁၂၀ အနီးအပါး သို့ ချဉ်းကပ်လာပြီဖြစ်သည်။ ဖြတ်သန်းခဲ့သည့် တလျှောက်တွင် အပြစ်တင်ဝေဖန်ခံရခြင်းများ၊ ငြင်းပယ်ခံရခြင်းများ၊ ဆန့်ကျင်ခံရ ခြင်းများနှင့် စွပ်စွဲခံရခြင်းများ စသည့် မနှစ်မြို့ခြင်းအကြောင်းတရားပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသည်။ မည်သို့ပင်ဆိုစေ။ စာပေနိုဘယ်ဆုရရှိခဲ့ပြီးမှ ကမ္ဘာ့အသိုင်းအ ဝန်းတွင် အောင်မြင်မှုသရဖူဆောင်နိုင်ခဲ့သော စာရေးဆရာများရှိ ခဲ့ခြင်း၊ ကမ္ဘာ့စာပေအသိုင်းအဝန်းက နှစ်စဉ်နှစ်တိုင်းကြေညာပေး နေသည့် စာပေနိုဘယ်ဆုရသူကို မျှော်လင့်စောင့်စားနေခြင်း၊ ကမ္ဘာ့ စာနယ်ဇင်းအသိုင်းအဝန်းက စာပေနိုဘယ်ဆုရသူများကို သတင်း၊ သတင်းဆောင်းပါး၊ အင်တာဗျူးစသည်ဖြင့် ဂုဏ်ပြုချီးမြှောက်ခြင်း၊ စိတ်ဝင်တစားရှိနေခြင်းတို့နှင့်စာပေအသိုင်းအဝန်းတွင် နိုဘယ်ဆု၏ အရှိန်အဝါမြင့်မားနေခြင်းများကြောင့် စာပေဆိုင်ရာနိုဘယ်ဆုသည် သက်တော်ရာကျော်ရှည်နေဦးမည်ဖြစ်သည်။
ဟန်ဇော်
ကိုးကား။ ။ ဖေမြင့်၏ စာအုပ်ကမ္ဘာ www.nobelprize.org, www.wikipedia.org
ခေတ်ရနံမဂ္ဂဇင်း၊ အမှတ် ၄ ၊ သြဂုတ် ၂၀၁၄ ခုနှစ်တွင် ဖော်ပြခံခဲ့ရပါသည်။