၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ စာပေနိုဘယ်ဆုရှင် ဒေါရစ်လက်စင်း ကွယ်လွန်သွားသည့် သတင်းကို စာရေးသူ ဖတ်လိုက်ရသည်။ ထိုသတင်းဖတ်မိမှပဲ စာပေနိုဘယ်ဆုရှင် ဒေါရစ်လက်စင်းဆိုတာ ရှိနေမှန်းသိ တော့သည်။ ၂ဝ၁၃ ခုနှစ်အတွက် စာပေဆိုင်ရာနိုဘယ်ဆုကို ကနေဒါနိုင်ငံသူ အဲလစ် မန်ရိုကရရှိခဲ့ကြောင်း သိရပြန်သည်။
ထိုအချက်အလက်များက စာပေနိုဘယ်ဆုရ အမျိုးသမီးစာရေးဆရာများအကြောင်းကို တူးစွဖို့ဖြစ်လာခဲ့ သည်။ စာပေနိုဘယ်ဆုရ စာရေးဆရာမများ၏ ကိုယ်ရေးအကျဉ်းကို အလင်းတန်း ဂျာနယ်တွင် အပတ်စဉ်ရေးခဲ့သည်။ ၁၉ဝ၁ ခုနှစ်ကစတင်ပြီး စာပေဆိုင်ရာနိုဘယ်ဆုကို ပေးအပ်ခဲ့သည်။ ထိုကာလမှ ၂ဝ၁၃ ခုနှစ် ကာလအထိ နှစ်ပေါင်း ၁ဝဝ ကျော်ကာလတွင် စာပေဆိုင်ရာနိုဘယ်ဆုရရှိသူ ၁၁ဝ ဦးရှိသည်။ ထို ၁၁ဝ ဦး ထဲတွင် အမျိုးသမီးစာရေးဆရာမ ၁၃ ဦးသာပါဝင်ခြင်းဖြစ်သည်။ ၁၉၁၄၊ ၁၉၁၈၊ ၁၉၃၅၊ ၁၉၄ဝ၊ ၁၉၄၃ ခုနှစ်များတွင် စာပေနိုဘယ်ဆုကို မပေးနိုင်ခဲ့ပါ။
ထို့ကြောင့် စာပေနိုဘယ်ဆုရရှိခဲ့သော စာရေးဆရာမ ၁၃ဦး အကြောင်းလေ့လာပြီး အလင်းတန်း ဂျာနယ်တွင် ၁၃ ပတ်တိတိရေးခဲ့သည်။ စာရေးသူရေးသည့် အမျိုးသမီးနိုဘယ်ဆုရှင်များအကြောင်းကို ဖော်ပြပေး သည့် အလင်းတန်းဂျာနယ်မှ ဆရာဦးဝင်းငြိမ်းနှင့် ဆရာမျိုးမြင့်ညိမ်းတို့ကိုလည်း ကျေးဇူးတင် ရပါသည်။ ထိုသို့အပတ်စဉ်ရေးသားလိုက်ခြင်းကြောင့် စာပေနိုဘယ်ဆုရ စာရေးဆရာမများအကြောင်းကို သိရှိလာ သကဲ့သို့ စာပေနိုဘယ်ဆုနှင့်ဆုရှင်များ၏ ထူးခြားချက်များကိုပါ သိရှိလာရသည်။
၁၉ဝ၉ ခုနှစ် တွင် စာပေနိုဘယ်ဆုကို ဆွိဒင်မှ ဆဲလ်မာ လော့ခ်ဂေလော့ဖ်က ရရှိပါသည်။ ထို့နောက် အီတလီမှ ဂရာဇာ ဒီလဲ့ဒါ၊ နော်ဝေမှ ဆစ်ဂါတ် အန့်ဆက်စ်၊ အမေရိကမှ ပါးလ် ဆိုဒမ်စတွစ်ကာ ဘတ်ခ်၊ ချီလီမှ ဂါးဗရီအဲလာ မစ္စထရို၊ ဂျာမနီမှ နယ်လီ ဆစ်ခ်၊ တောင်အာဖရိကမှ နာဒင် ကိုဒိုင်းမား၊ အမေရိကမှ တိုနီမော်ရီစန်၊ ပိုလန်မှ ဝစ္စလဝါ ရှင်ဘော့စကာ၊ သြစတေးလျမှ အေဖရီဒါ ရယ်လီနက်ခ်၊ ဗြိတိန်မှ ဒေါရစ် လက်စင်း၊ ဂျာမနီမှ ဟာတာ မူလာနှင့် ကနေဒါမှ အဲလစ် မန်ရိုတို့ရရှိခဲ့ကြသည်။ ထိုစာရင်းများအရ စာပေ ဆိုင်ရာနိုဘယ်ဆုရရှိသည့် အမျိုးသမီးစာရင်းတွင် အာရှနိုင်ငံမှအမျိုးသမီးစာရေးဆရာမများ မပါဝင်သေး သည်ကို တွေ့ရသည်။ နှစ် ၁ဝဝ ကျော်ကာလအတွင်းဆုရရှိသည့် စာပေနိုဘယ်ဆုရှင် ၁၁ဝ ထဲတွင် အမျိုးသမီးစာရေးဆရာ ၁၃ ဦးသာ ပါဝင်သည်ကိုလည်း တွေ့ရသည်။
စာပေဆိုင်ရာနိုဘယ်ဆုသည် နိုင်ငံရေးနှင့်နှီးနွယ်သည့် စာပေအမျိုးအစားများကိုသာ ရွေးချယ်ပေး အပ်သည်ဟု သတင်းမွှေးသည်။ ထိုအချက်နှင့်ပတ်သက်၍ ဆုရရှိသည့်အမျိုးသမီးစာရေးဆရာမများကို လေ့လာရာတွင် ဆုရစာရေးဆရာမများသည် နိုင်ငံရေးနှင့်နှီးနွယ်နေသူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ များနှင့် နိုင်ငံရေးနှင့်ဆက်နွယ်သည့် စာပေရေးသားကြသူများအဖြစ် တွေ့ရပါသည်။
”ကျွန်မရဲ့ ကဗျာများဟာ နိုင်ငံရေးသက်သက်ချည်းပဲ မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ လူမှုဘဝ အကြောင်းအရာများသာ ဖြစ်ပါတယ်”ဟု ဝစ္စလဝါ ရှင့်ဘော့စကာက သူမ၏ ကဗျာများနှင့်ပတ်သက်၍ ပြောခဲ့သည်။ ထို့အတူ တောင်အာဖရိကမှ နာဒင် ကိုဒိုင်းမားကလည်း နိုင်ငံရေးစိတ်ဝင်စားသူဖြစ်သလို လူမည်းခေါင်းဆောင် နယ်စင်မန်ဒဲလားနှင့် ခင်မင်ရင်းနှီးသူဖြစ်သည်။ နယ်စင်မန်ဒဲလား၏ နိုင်ငံရေး လုပ်ငန်းများကို ကူညီခြင်း၊ မိန့်ခွန်းအချို့ကို ကူညီရေးသားပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။ နယ်စင် မန်ဒဲလားသည် နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းချခံခဲ့ရပြီး အကျဉ်းထောင်မှ လွတ်မြောက်ချိန်တွင် ပထမဦးဆုံးတွေ့ဆုံလိုခဲ့သူမှာ ကိုဒိုင်းမားဖြစ်ခဲ့သည်။ ထိုအချက်များသည် ထင်ရှားသည့် အကြောင်းအရင်း များဖြစ်ပြီး စာပေနိုဘယ်ဆုရရှိသည့် အမျိုးသမီးများသည် နိုင်ငံရေးနှင့်နှီးနွယ်နေသူများ၊ နိုင်ငံရေးလှုပ်ရှား မှုများတွင် စာပေအားဖြင့်ပါဝင်ခဲ့သူများဟု ဆိုနိုင်မည်ဖြစ်သည်။
စာပေနိုဘယ်ဆုကို နိုင်ငံရေးနှင့်နှီးနွယ်သောစာပေအမျိုးအစားကိုသာ ရွေးချယ်သည်ဆိုသော်လည်း ၂ဝ၁၃ ခုနှစ်အတွက် ရွေးချယ်ခံခဲ့ရသော စာပေနိုဘယ်ဆုရှင် အဲလစ် မန်ရိုသည် ထူးခြားသူဖြစ်သည်။ မန်ရိုသည် ဝတ္ထုတိုများကိုသာ ရေးသားခဲ့သူဖြစ်သည်။ ဝတ္ထုတိုရေးဟန်ထူးခြားဆန်းသစ်သူ၊ သမားရိုးကျ ဝတ္ထုတို ရေးဟန်ကို တော်လှန်သူအဖြစ် အကဲဖြတ်ခံရသူဖြစ်သည်။ စာပေဆိုင်ရာနိုဘယ်ဆုကို မန်ရိုရရှိခဲ့ သည့်အတွက် ဝတ္ထုတိုသက်သက်ကိုသာ ရေးသားသူတစ်ဦး နိုဘယ်ဆုရရှိနိုင်ရန် နှစ်ပေါင်းတစ်ရာနီးပါးခန့် စောင့်ဆိုင်းခဲ့ရသည်ဟု မှတ်ချက်ပြုကြသည်။ နိုင်ငံရေးနှင့်နှီးနွယ်သောစာပေများကို စာပေနိုဘယ်ဆုပေး လေ့ရှိသောကြောင့် မန်ရို ကိုယ်တိုင်ကလည်း နိုဘယ်ဆုရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ။
စာပေနိုဘယ်ဆုရ စာရေးဆရာမများ၏ စာပေလက်ရာများသည် နိုင်ငံရေးနှင့်နှီးနွယ်သည်ဆိုသော် လည်း ကိုယ်ပိုင်စိတ်ကူးစိတ်သန်းရှိခြင်း၊ စာပေရေးဟန်ထူးခြားခြင်း၊ စာပေအတတ်ပညာကျွမ်းကျင်ခြင်း တို့ကို အထင်အရှားတွေ့ရပါသည်။ စာပေနိုဘယ်ဆုပေးသည့်အဖွဲ့ကလည်း ထိုအချက်ကို အလေးထားစဉ်း စားသည်ဟု လေ့လာသိရှိပါသည်။
ထို့အတူ စာပေနိုဘယ်ဆုရ စာရေးဆရာများ၏ စာပေသြဇာကလည်း ဒေသအတွင်းနှင့် ကမ္ဘာ့စာပေ လောကကို လွှမ်းမိုးနိုင်သည်ကို တွေ့ရပါသည်။ ဂါးဗရီအဲလာ မစ္စထရို၏ ကဗျာများကို လက်တင်အမေရိက ကဗျာများ၏ ဦးဆောင်ကဗျာများအဖြစ် ဖြစ်တည်ခဲ့သည်ဟု ဆိုကြသည်။ ချီလီနိုင်ငံတွင်သာမက လက်တင်အမေရိကနိုင်ငံများအထိတိုင်အောင် သြဇာရှိခဲ့သည်။
စာပေနိုဘယ်ဆုရ စာရေးဆရာမများသည် စာပေတွင်သာမက နိုင်ငံရေးဘက်တွင်လည်း သြဇာရှိကြသူများ ဖြစ်သည်။ အမျိုးသမီးစာရေးဆရာများဖြစ်သည်နှင့်အညီ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် အလုပ်သမားလူတန်းစားအရေးများကို ပါဝင်လှုပ်ရှားကြသူများဖြစ်သည်။ ထိုလှုပ်ရှား မှုများတွင် စာပေနိုဘယ်ဆုရစာရေးဆရာမများအားလုံးပါဝင်ခဲ့သည်ဟု မဆိုနိုင်သော်လည်း အများစုသည် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်နေကြသည်။ ထိုသို့ပါဝင်ရခြင်းသည် သူတို့ဖြတ်သန်းရာ ခေတ်စနစ် ၏ကြောင့် ဖြစ်သကဲ့သို့ စာပေကပေးလာသည့် ရင့်သန်သည့် အတွေးအမြင်များကြောင့်လည်းဖြစ်နိုင်သည်။ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ အန့်ဆက်စ်၏ ဝတ္ထုများသည် ဥရောပအမျိုးသမီး များ၏ အခွင့်အရေးတောင်းဆိုလှုပ်ရှားမှုများ၏ ရှေ့ပြေးပုံရိပ်များဖြစ်သည်ဟု ဆိုကြသည်။
ထို့အတူ ရယ်လီနက်ခ်၏ စာပေလက်ရာများတွင် အမျိုးသားအမျိုးသမီးတန်းတူအခွင့်အရေးရရှိမှု ဝါဒ၊ လက်ဝဲဝါဒနှင့်စစ်ဆန့်ကျင်ရေးဝါဒများကို သူမရေးသားသည့် စာပေများတွင် အသားပေး ရေးသား လေ့ ရှိသည်ဟု ဆိုကြသည်။ လက်စင်း၏ စာပေလက်ရာတွင်လည်း အမျိုးသမီးအခွင့်အရေးဆိုင်ရာ အကြောင်းအရာများကိုအခြေခံ၍ ရသစာပေရေးသားလေ့ရှိသော်လည်း လက်စင်းသည် အမျိုးသမီးအခွင့် အရေးဆိုင်ရာ လှုပ်ရှားမှုများနှင့် အလှမ်းဝေးစွာ နေထိုင်တတ်သူဖြစ်သည်။ ကိုဒိုင်းမားသည်လည်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတစ်ဦးဖြစ်ပြီး သူမရေးသားသည့် နိုင်ငံရေးစာပေလက်ရာများဖြင့် နိုင်ငံတကာစာပေအသိုင်းအဝန်းက ကိုဒိုင်းမားကို သိရှိခဲ့ကြသည်။
နိုင်ငံရေးအရေးကိစ္စများကြောင့် အချို့သောစာပေနိုဘယ်ဆုရ စာရေးဆရာမများသည် မိမိနေထိုင် ရာ အမိနိုင်ငံမှ ရှောင်တိမ်းခဲ့ကြရသည်။ အမိနိုင်ငံအတွင်း စာအုပ်ထုတ်ဝေရာတွင် ဆင်ဆာဖြတ်တောက်ခံရ မှုများနှင့်ပိတ်ပင်တားဆီးခြင်းများဖြင့်လည်း ရင်ဆိုင်ခဲ့ကြရသည်။ ၁၉၄ဝ ခုနှစ်တွင် နော်ဝေနိုင်ငံကို နာဇီဂျာမနီတို့သိမ်းပိုက်ခဲ့၍ အန့်ဆက်စ်သည် အမေရိကသို့ တိမ်းရှောင်ခဲ့ရသည်။ ထို့အတူ ဆစ်ခ်သည် လည်း နာဇီတို့၏ ချွေးတပ်စခန်းမှ လော့ခ်ဂေ လော့်ဖ်၏ အကူအညီဖြင့် ဆွိဒင်သို့ ပြောင်းရွေ့နေထိုင်ခဲ့ရ သည်။ ထို့အတူ မူလာ၏ စာပေလက်ရာအချို့သည်လည်း ဆင်ဆာဖြတ်တောက်ခံရခြင်း၊ နိုင်ငံပြင်ပသို့ ခိုးထုတ်၍ ပုံနှိပ်ထုတ်ဝေရခြင်းစသည့် အခြေအနေများဖြင့် ရင်ဆိုင်ခဲ့ရသည်။
စာပေနိုဘယ်ဆုရ စာရေးဆရာမများ၏ ငယ်ဘဝဖြတ်သန်းမှုများသည် တစ်ဦးနှင့်တစ်ဦး မတူညီ ကြသော်လည်း ကျောင်းပညာရေးကို စနစ်တကျသင်ယူကြခြင်း၊ စာပေကို ငယ်စဉ်ကတည်းက ဝါသနာထုံ ခြင်း၊ စာပေလေ့လာခြင်းနှင့် စာရေးခြင်းအလုပ်အကိုင်များကို ငယ်စဉ်ကတည်းက စိုက်လိုက်မတ်တတ် လုပ်ကိုင်လာကြကြောင်း တွေ့ရသည်။ ဆုရစာရေးဆရာမအများစုသည် စာပေရေးသားရာတွင် အင်္ဂလိပ် ဘာသာစကားကို အဓိကအသုံးပြုကြပြီး မိခင်ဘာသာစကားဖြင့် စာပေရေးသားသူအနည်းငယ်ကိုသာ တွေ့ရ သည်။ မိခင်ဘာသာစကားဖြင့် ရေးသားသည့် စာပေများကိုလည်း အင်္ဂလိပ်ဘာသာစကားအပါအဝင် အခြားသော ဘာသာစကားများသို့ ပြန်ဆို၍ ထုတ်ဝေလေ့ရှိကြောင်းတွေ့ရသည်။
ရသစာပေတွင် ထင်ရှားကျော်ကြားသောလုံးချင်းဝတ္ထုများကို ရုပ်ရှင်ဇာတ်ကားများအဖြစ် ရိုက်ကူး လေ့ရှိကြသည်။ နိုဘယ်ဆုရ စာရေးဆရာမများ၏ လုံးချင်းဝတ္ထုများထဲမှ အဲလစ် မန်ရို၊ ဂရာဇာ ဒီလဲ့ဒါနှင့် အေဖရီဒါ ရယ်လီနက်ခ်တို့၏ လုံးချင်းဝတ္ထုအချို့ကို သာ ရုပ်ရှင်ရိုက်ခဲ့သည်။ အဲလစ် မန်ရို၏ The Bear Come Over the Mountain ကို Away from Her အမည်ဖြင့်လည်းကောင်း၊ အေ ဖရီဒါ ရယ်လီနက်ခ်၏ The Piano Teacher ကိုလည်းကောင်းနှင့် ဂရာဇာ ဒီလဲ့ဒါ၏ Cenere ကိုလည်းကောင်း အသီးသီးရုပ်ရှင်ရိုက်ခဲ့သည်။ ရုပ်ရှင် အဖြစ်ပြောင်းလဲခဲ့သော အမျိုးသမီးစာပေနိုဘယ်ဆုရှင်များ၏ စာပေလက်ရာသည် လက် ၅ ချောင်းပင် မပြည့်ပါ။
ကမ္ဘာ့စာပေအသိုင်းအဝန်းနှင့်မြန်မာ့စာပေအသိုင်းအဝန်းသည် စည်းခြားထားခြင်းမရှိသော်လည်း အလှမ်းဝေးနေသည်ဟု စာရေးသူခံစားမိနေသည်။ ထို့ကြောင့် ကမ္ဘာ့စာပေအသိုင်းအဝန်းတွင် ဖြစ်တည်နေ သော၊ ဖြစ်တည်ခဲ့သော၊ ဖွံ့ဖြိုးနေသော စာပေလက်ရာများကို တစတစထိတွေ့ကိုင်တွယ်၍ အလှမ်းကွာဝေး နေသော ကြားစည်းများကို မှိန်သည်ထက်မှိန်အောင် ပါးသည်ထက်ပါးအောင် ဆောင်ရွက်နိုင်လာမည်ဟု ယုံကြည်နေမိသည်။
ဟန်ဇော်
ကိုးကား
ဖေမြင့်၏ စာအုပ်ကမ္ဘာ,www.wikipedia.org, www.nobelprize.org, www.bbc.co.uk
ခေတ်ရနံ့၊ မေလ၊ ၂ဝ၁၄ ခုနှစ်