PEN Myanmar အဖွဲ့နှင့်အတူ ရသအစုန်အဆန် ရေးသူဖတ်သူ ဆွေးနွေးပွဲ မုံရွာ-ရွှေဘိုခရီးစဉ်ကို လိုက်ပါခဲ့သည်။ ထိုခရီးစဉ်သည် ဝမ်းနည်းဝမ်းသာဖြစ်ရသော ခရီးစဉ်တစ်ခုဖြစ်ခဲ့သည်။ ဝမ်းနည်းခြင်းက တစ်ဖက်၊ ဝမ်းသာ ကြည်နှုးခြင်းက တစ်ဖက်ဖြင့် သွားခဲ့ရသော ခရီးတစ်ခုဖြစ်သည်။
မုံရွာမြို့ကို ဧပြီ ၂၁ ရက် မနက်အစောပိုင်းတွင် ရောက်ခဲ့သည်။ စာရေးဆရာ၊ အယ်ဒီတာ၊ သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင် များမကြာမီအချိန်ကလေးအတွင်းကပင် ကွယ်လွန်သွားကြောင်း မုံရွာမြို့သို့ ချင်းနင်းဝင်ရောက်နေစဉ် စာရေးဆရာမ မသီတာ(စမ်းချောင်း)ထံ ဖုန်းဝင်လာသည်။ အတူလိုက်ပါလာသော ကဗျာဆရာ စောဝေ၊ စာရေးဆရာ နေဘုန်းလတ်၊ မြေမှုန်လွင်၊ စာရေးဆရာမ ထားဥဿုံ၊ ကြာဖြူနွယ်၊ ရည်ဝေ(လင်းရောင်ခြည်)တို့၏မျက်နှာများတွင် ဝမ်းနည်းခြင်းနှင့်စိတ်မကောင်းခြင်း အရိပ်အရောင်များ ဖြတ်ပြေးသွားသည်ကို မြင်တွေ့လိုက်ရသည်။
ဟံသာဝတီ ဦးဝင်းတင်သည် PEN Myanmar ၏ ဂုဏ်ထူးဆောင်နာယကတစ်ဦးဖြစ်သည်။ ပြည်သူချစ်သော စာရေးဆရာ၊ သတင်းစာဆရာတစ်ဦးဖြစ်သည်။ ဆရာကိုယ်တိုင်ကလည်း စာရေးဆရာအဖြစ်သာ သူကိုယ်သူ ခံယူထားသကဲ့သို့ PEN Myanmar ၏ လှုပ်ရှားမှုများကို အားပေးထောက်ခံနေသူဖြစ်သည်။ ဆရာ၏ နောက်ဆုံးခရီးတွင် ဆရာနှင့်အတူမရှိနိုင်သော်လည်း ဒေသခံမြို့သူမြို့သား စာပေမိတ်ဆွေများနှင့်အတူ ရသအစုန်အဆန် ရေးသူဖတ်သူဆွေးနွေးပွဲကို ဆင်နွဲရုံမှတစ်ပါးအခြားမရှိခဲ့ပါ။ ရသများ စုန်ဆန်စီးမျောရင်း ဆရာဦးဝင်းတင်ကို လွမ်းကြရသည်။ ဒေသခံ စာချစ်သူများကလည်း ဆရာကို လွမ်းကြသည်။ တမ်းတပြောဆိုကြသည်။
လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်
PEN Myanmar က လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်ကို ဦးထိပ်ထားသည်။ ကာကွယ်သည်။ မြှင့်တင်သည်။ ရသအစုန်အဆန် ရေးသူဖတ်သူ ဆွေးနွေးပွဲများတွင် ဦးဆောင်သူစာရေးဆရာများနှင့်အတူ ဒေသခံစာရေး ဆရာများ၊ ကဗျာဆရာများ၊ စာချစ်သူများဖြင့် ပူးတွဲ၍ ကဗျာရွတ်ခြင်း၊ ကောက်နုတ်ချက်ဖတ်ကြားခြင်းတို့ကို ပြုလုပ်မြဲဖြစ်သည်။ ထိုသို့ ရသကို စုန်ကြ ဆန်ကြသည်။ ထိုသို့ စုန်ကြ ဆန်ကြရင်း လွတ်လပ်စွာရေးသားထုတ် ဖော်ခွင့်ကို မြှင့်တင်ကြသည်။ လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်သည် စာရေးဆရာများ၊ ကဗျာဆရာများနှင့် စာပေလုပ်ငန်းလုပ်ကိုင်သူများဖြင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ လူသားတိုင်းနှင့်သက်ဆိုင်သည်။
PEN Myanmar ၏ ရသအစုန်အဆန် ရေးသူဖတ်သူဆွေးနွေးပွဲများတွင် စာရေးဆရာများနှင့်အတူ စာချစ်သူများက လည်း တန်းတူပြောရေးဆိုခွင့်ရရှိသည်။ လူအများအကြားတွင် ပြောခွင့်ဆိုခွင့် မရရှိခဲ့ဖူးသော စာချစ်သူများ၊ သာမန်လူများကို PEN Myanmar က သူတို့၏ ရပိုင်ခွင့်များကို ဖမ်းဆုတ်နိုင်ရန် တွန်းတိုက်အားပေးခဲ့သည်။ “ကျွန်တော်စာပေဟောပြောပွဲတွေကို တက်ရောက်နားထောင်ဖူးပါတယ်။ စာရေးဆရာတွေ ပြောသွားတဲ့စကား တွေကို နားထောင်ပြီး ပြန်လည်ဆွေးနွေးခွင့်၊ မေးမြန်းခွင့်မရှိဘူး။ သူတို့ပြောသမျှအားလုံးကို ယုံလိုက်ရမလိုဘဲ။ တစ်ဖက်သတ်ကြီးလိုဖြစ်နေတယ်။ သူတို့က စင်မြင့်ထက် အလင်းရောင်ကြီးထဲမှာ ကျွန်တော်တို့က အမှောင်ထဲ ကနေ နားထောင်နေရတယ်” ဆိုသောစကားသံများကို မုံရွာ မြို့မ ဂတ်ကျောင်း၊ နမောရွာရှိ အောင်မြင်၊ အမှတ် ၁ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ရွှေဘိုမြို့ရှိ ပါဋ္ဌိကာရီကျောင်းတိုက် ဆွေးနွေးပွဲများတွင် PEN Myanmar အဖွဲ့ဝင်များ ကြားသိခဲ့ရသည်။ မြင်တွေ့ခဲ့ရသည်။
PEN Myanmar အဖွဲ့ဝင်များ ရင်ခုန်လှုပ်ရှား၍ ကြက်သည်းမွှေးညှင်ထရသည့် ရေးသူဖတ်သူဆွေးနွေးပွဲသည် ရွှေဘိုမြို့နယ်၊ နမောကျေးရွာရှိ အောင်မြင် ဘုန်းတောင်ကြီးကျောင်းဖြစ်သည်။ အပြန်အလှန်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ချိန်တွင် မဝံမရဲဖြစ်နေသော်လည်း တစ်ဦးစနှစ်ဦးစဖြင့် အပြန်အလှန်ဆွေးနွေးလာကြသည်မှာ ထမင်း မေ့ ဟင်းမေ့သည်အထိပင်ဖြစ်သည်။ နမောရွာမှ စာချစ်သူများအပြင် အနီးအပါးရွာများမှ စာချစ်သူများပါ တက် ရောက်ဆွေးနွေးကြသည်ဖြစ်ရာ နမောရွာ၊ အောင်မြင် ဘုန်းတော်ကြီး ဘဒ္ဒန္တဒီပသာလ ကတစ်ရွာလျှင် တစ်ယောက်နှုန်းဖြင့် ဆွေးနွေးပေးရန် တိုက်တွန်းခဲ့သည်။ တိုက်တွန်းသည့်အတိုင်း တစ်ရွာလျှင် အနည်းဆုံး တစ်ယောက်နှုန်းဖြင့် ဆွေးနွေးကြသည်။ ထို့အပြင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပညာသင်ကြား ပေးနေသော ဆရာမများကိုလည်း တွေ့မြင်ရသည်။ ထိုဆရာမများကိုလည်း မေတ္တာရှင်မလေးများအဖြစ် တင်စားခဲ့သလို ဆွေးနွေးမှုတွင်ပါဝင်စေခဲ့သည်။ ထိုသို့ပါဝင်စေချင်ဖြင့် အမျိုးသမီးများရသင့်ရထိုက်သည့် ပညာ သင်ကြားခွင့်အပါအဝင် အခြားသောရပိုင်ခွင့်များကို အချက်ကျကျ ဆိုလိုရင်းမိမိ ပြောဆိုဆွေးနွေးခဲ့ကြသည်။
ထိုသို့ဤသို့ဖြင့် လွတ်လပ်စွာရေးသား ထုတ်ဖော်ခွင့်ကို ကာကွယ်ရန်နှင့် မြှင့်တင်ရန်ကြိုးပမ်းခဲ့ကြသည်။ ဒေသအတွင်းရှိ ညီအစ်ကိုမောင်နှမများအကြားရှိ နှလုံးသားအတွင်း ဘဝအမောများအတွင်း မျှဝေခံစားစေလို သည်များ၊ ခံစားချက်၊ ထင်မြင်ယူဆချက်၊ သုံးသပ်ချက်၊ ဝေဖန်ချက် စသည် စသည့် ထုတ်ဖော်ပြောဆိုလိုသည် များ ရင်နှင့်အမျှပြည့်နှက်နေသည်ကိုလည်း မြင်တွေ့လိုက်ကြရသည်။
ကျောင်းပညာရေးနှင့်ရသစာပေ
နမောရွာ၊ အောင်မြင်၊ အမှတ်(၁)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ရွှေဘိုမြို့၊ ပါဠိကာရီဘုန်းတော်ကြီး ကျောင်းတို့တွင် PEN Myanmar ၏ ရသအစုန်အဆန် ရေးသူဖတ်သူဆွေးနွေးပွဲကို လုပ်နိုင်ခဲ့ကြသည်။ PEN Myanmar ၏ ရည်မှန်းချက်တစ်ခုဖြစ်သည့် ကျောင်းပညာရေးနှင့်ရသစာပေကို ပေါင်းကူးဆက်စပ်ရန်နှင့် မြှင့်တင် ရန်ဆိုသော ရည်မှန်းချက်ကို အကောင်အထည်ဖော်လိုက်နိုင်ခြင်းလည်းဖြစ်သည်။ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် ရွတ်ဆိုကြသော ကဗျာများ၊ ကောက်နုတ်ချက်များကို ထိတွေ့ခံစား ခြင်းအားအဖြင့် စာပေ၏ အတိမ်အနက်ကို အပြန်အလှန်ကူးလူး ဆက်နွယ်နေပေသည်။ ရသစာပေကို ကျောင်းပညာရေးကနေတစ်ဆင့် ထိတွေ့နိုင်ပေမည်။ ကျောင်းပညာရေးအတွင်း မူလရှိမြဲဖြစ်သည့် ရသစာပေသင်ရိုးများကို မြှင့်တင်နိုင်ရပေမည်။ ပညာရေးကျောင်းများတွင် ရသစာပေကို ယခုလိုထိတွေ့ပေးခြင်းဖြင့် စာပေချစ်သော အနာဂတ်သူရဲကောင်းများ မွေးဖွားလာလိမ့်မည် မဟုတ်ပါလား။
ရာစုနှစ်မီးအိမ် စာကြည့်တိုက်မှ စာချစ်သူ မစန်းမွန်စန်း
သခင်ဘသောင်း၊ ရွှေဥဒေါင်း၊ မြသန်းတင့်၊ သော်တာဆွေ၊ မောင်ထွန်းသူ အစရှိသည့် စာရေးဆရာကြီးများ၏ စာအုပ်အချို့ကို ဖတ်ရှုပြီးသားဖြစ်နေသည့် စာချစ်သူ၊ ခုနှစ်တန်းကျောင်းသူ မစန်းမွန်စန်းကို ရသအစုန်အဆန် အဖွဲ့သားများ တွေ့ခဲ့ကြသည်။ အသက်အရွယ်နှင့်မလိုက်အောင် စာဖတ်အားကောင်းသော သမီးငယ်ကလေး ဖြစ်သည်။ ရသအစုန်အဆန် ရေးသူဖတ်သူ ဆွေးနွေးပွဲတွင် အစီအစဉ်တင်ဆက်သူအဖြစ် အတိမ်းအစောင်း အထစ်အငေါ့မရှိ ပူးတွဲတင်ဆက်ခဲ့သည်။
“စန်းမွန်စန်းက ရာစုနှစ်မီးအိမ် စာကြည့်တိုက်ရဲ့ ၃ နှစ်တာ ကာလအတွင်းမှ အောင်မြင်မှုတစ်ခုလို့ ပြောလို့ရ တယ်။ ကျွန်တော်တို့စာကြည့်တိုက်မှာ စာအုပ်ငှါးဖတ်တဲ့စာရင်းကို သေချာပြုစုပြီး ထိန်းသိမ်းထားတယ်။ စန်းမွန် စန်းက ပထမပိုင်းမှာ ကလေးစာပေတွေဖြစ်တဲ့ ပုံပြင်တို့ ကာတွန်းတို့ အစရှိတဲ့စာအုပ်တွေကို ဖတ်တယ်။ နောက်ပိုင်းမှာ ရသစာပေတွေကို ရွေးချယ်ပြီး ဖတ်လားတယ်။ စာအုပ်တွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ သူ့မှာအမြဲရှိတယ်။ အခုဆိုရင် ဂန္တဝင်စာအုပ်အချို့ကို ဖတ်ပြီးပြီ စာအုပ်အထူကြီးတွေကို မငြီးမငွေ့ဖတ်တယ်” ဟု ရာစုနှစ်မီးအိမ်စာကြည့်တိုက်က ကိုကြည်မင်းဟန်၏ ဂုဏ်ယူဝငြွ့်ကားသော စကားသံများကို နှလုံးသားဖြင့် ကြားသိခံစားခဲ့ရသည်။ လူငယ်တွေ စာမဖတ်ကြတော့ဘူးဆိုသောစကားကို တစ်ဖက်သတ်သော ဘဝင်မြှင့်၍ ဆိုသောစကားဟု တွေးမြင်မိ၍ လူငယ်တွေ စာဖတ်လာအောင် ခင်ဗျာတို့ ဘယ်လိုများ ကြိုးပမ်းနေပါသလဲ။ ခင်ဗျာတို့ကကော် ဘယ်လောက်များ တာဝန်ကျေနေပါသလဲဆိုသော မေးခွန်းများ နှုတ်ဖျားမှပွင့်အံထွက် ကျလာပါတော့သည်။
ပညာ့အလင်း ဖွင့်ထုတ်နေသော ဘုန်းဘုန်း
PEN Myanmar ရသအစုန်အဆန်အဖွဲ့သားများရောက်ရှိခဲ့သော နမော်ရွာရှိ အောင်မြင်၊ အမှတ်(၁)ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၏သက်တမ်းသည် နှစ်ပေါင်း ၅၀ ခန့်ရှိပြီဟု သိရသည်။ ကျောင်းမှထွက်ပေါ်လာသော ဘွဲ့ရများ၏ ဓာတ်ပုံများကို တွေ့မြင်ရသည်။ ကျောင်းပညာရေးအပြင် ကွန်ပျူတာ၊ ပန်းချီအစရှိသည့် ပညာများ ကိုလည်း သင်ကြားပေးသည်ကို တွေ့ရသည်။ လွတ်လပ်ငှက်ငယ်ပန်းချီသင်တန်းကျောင်းကို ပါဠိကာရီကျောင်း နှင့်နမော အောင်မြင်ကျောင်းများတွင် ပန်းချီဆရာအောင်မြင့်ထွန်းက သင်ကြားပေးနေသည်ကို တွေ့ရသည်။ သင်တန်းဆင်းကလေးငယ်များ၏ ပန်းချီလက်ရာများကို ချီးမွမ်း၍ ကြည်နူးသောပီတိကို ခံစားခွင့်ရခဲ့သည်။ ထို့အတူ သာသနာ့တာဝန်ကို ရဟန်းဘဝဖြင့် ဖြောင့်မတ်မှန်ကန်စွာ နည်းမှန်လမ်းမှန်ဖြင့် တာဝန်ကျေပွန်နေ သလို ပညာ့အလင်းများကိုလည်း နည်းမှန်လမ်းမှန်ဖြင့် ကျောက်သွေးသမားပမာ ဖွင့်ထုတ်နေသော ကြည်ညို ဖွယ် အတုယူဖွယ်သံဃာများကို ဖူးတွေ့ခဲ့ရသည်။
စီစဉ်သူတို့၏ စွမ်းရည်
PEN Myanmar ၏ ရသအစုန်အဆန် ရေးသူဖတ်သူဆွေးနွေး ပွဲ(မုံရွာ-ရွှေဘို)သည် PEN Myanmar နှင့်ဒေသခံစာ ချစ်သူများဖြင့်ပူးတွဲ ကျင်းပသောအစီအစဉ်ဖြစ်သည်။ ထိုအစီအစဉ်တွင် မြို့ခံအဖြစ် စီစဉ်ပေးရသော မုံရွာမြို့မှ စာရေးဆရာဝေမိုးနိုင်(မုံရွာ)နှင့်ရွှေဘိုမှ ကိုကြည်မင်းဟန်တို့၏ ထက်မြက်သော စွမ်းရည်သည် အရေးပါလှ သည်။ သူတို့၏ မြင်တတ်သော မျက်စိ၊ တွေးတတ်သော အတွေးအမြင်၊ ပညာအလင့်ပွင့်စေလိုသော ဆန္ဒ၊ ရသ စာပေကို စီးမျောစေလိုသော နှလုံးသားများကြောင့် စာရေးသူ၊ စာဖတ်သူနှင့် စာချစ်သူများအကြား ရသများ စုန်ဆန်နိုင်ခဲ့သည်။
စုန်၍ ဆန်၍ လှသော စာပေ
PEN Myanmar အဖွဲ့ဝင်များ၏ ရသအစုန်အဆန် ရေးသူဖတ်သူ ဆွေးနွေးပွဲများသည် မန္တလေး၊ ရန်ကုန်၊ ပုသိမ်၊ မုံရွာနှင့်ရွှေဘိုများထံသို့ ရောက်ရှိခဲ့သည်။ ရောက်ရှိခဲ့သောနေရာတိုင်းတွင် ကဗျာသံ စာသံ ပေသံများ သောသောညံခဲ့သည်။ အပြန်အလှန်ဆွေးနွေးခြင်းများ ဟိန်းထွက်နေသည်။ စာရေးဆရာ၊ ကဗျာဆရာ၊ ကလောင်ကြီး၊ ကလောင်လတ်၊ ကလောင်ငယ်၊ ကလောင်သစ်များ မျဉ်းတပြေးတည်း အတူရှိခဲ့ကြသည်။ အတန်းအစားခွဲခြားခြင်း အလျင်မရှိခဲ့သည်။ စာရေးသူ၊ စာဖတ်သူနှင့် မျဉ်းတစ်ပြေးတည်းအတူရှိ၍ စာရေးသူ၏ အခြားတဖက်မှ စာဖတ်သူ၏ ရပိုင်ခွင့်ကို မြင်သာစေခဲ့သည်။ စာဖတ်သူ၏ စာရေးသူအပေါ်ထင်မြင်သုံးသပ်မှုကို နားဖြင့် တိုက်ရိုက်ကြား၍ နှလုံးသားဖြင့် ခံယူခဲ့ရသည်။ ဤသို့ဖြင့် စာရေးသူနှင့်စာဖတ်သူအကြား ရသစာပေ သည် စုန်ခဲ့သည်။ ဆန်ခဲ့သည်။ စာပေသည် နှလုံးသား အများအတွင်းသို့ စုန်၍ ဆန်၍ လှပစွာ စီးဆင်းနေခဲ့သည်။
ဟန်ဆန်း
အလင်းတန်းဂျာနယ်၊ အမှတ်-၈၀၂၊ ၂၈၊ ဧပြီ၊ ၂၀၁၄ ခုနှစ်