Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

လူကူးမျဉ်းကြားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည်

Posted on April 23, 2015September 3, 2025 by Han Sann
အက်ဘီလမ်းမထက်မျဉ်းကြားပေါ်က ဘီတဲလ်အဖွဲ့ဓာတ်ပ
အက်ဘီလမ်းမထက်မျဉ်းကြားပေါ်က ဘီတဲလ်အဖွဲ့ဓာတ်ပ

 

လူကူးမျဉ်းကြားက လမ်းကူးပါ။

သင့်အန္တရယ်လုံခြုံပါလိမ့်မည်။ ထိုအရာမှန်နိုင်သော်လည်း ကျွန်တော်တို့မြို့တွင် လူကူးမျဉ်းကြားက လမ်းကူးလျှင် အသက်အန္တရယ်ရှိပါသည်။

လူကူးမျဉ်းကြားက လမ်းကူးပါ။

ကံဆိုးလျှင် သင့်ကို ကားဝင်တိုက်နိုင်ပါသည်။ ကျွန်တော်တို့မြို့တွင် ကားစီးသူများသည် လမ်းလျှောက်သူများထက် ပိုအရေးကြီးပါသည်။ ထို့ကြောင့် ကားစီးကြခြင်း ဖြစ်ပသည်။ ထိုအရာ မှားချင်မှား နေပါမည်။ ကျွန်တော်တို့မြို့တွင် လူကူးမျဉ်းကြားကလမ်းကူးလျှင် အသက်အန္တရယ် ရှိပါသည်။

လူကူးမျဉ်းကြားက လမ်းကူးပါ။

အများပြည်သူသုံးယာဉ်လိုင်းများက လူကူးမျဉ်းကြားကို ဖိနင်းထားပါလိမ့်မည်။ ကျွန်တော်တို့မြို့တွင် လိုင်းကားများသည် ခရီးသည်ထက် မှတ်တိုင်သို့ သူ့ထက်ငါပန်းဝင်ရေး ဦးစားပေးပါသည်။ လူကူးမျဉ်း ပေါ်တွင် မတ်တပ်ရပ်နေသော သင်သည် မှတ်တိုင်လောက် အရေးမကြီးပါ။ ထို့ကြောင့် လူကူးမျဉ်းကြားကို သင်မပိုင်ပါ။

လူကူးမျဉ်းကြားက လမ်းကူးပါ။

ပြိုင်ကားများက အရှိန်လျော့မည် မဟုတ်ပါ။ လူကူးမျဉ်းပေါ်တွင်ရပ်နေသောသင်သည် ပြိုင်ကားများအတွက် အတားအဆီးတစ်ခု ဖြစ်နေပါလိမ့်မည်။ ကျွန်တော်တို့မြို့တွင် ပြိုင်ကားများသည် လူသားများထက် အရေးကြီးပါသည်။ သင်သည် လူကူးမျဉ်းကြားတွင် ရပ်နေမိသောကြောင့် မှားယွင်းနေ ပါသည်။ ထိုအရာ မှန်သောနေရာ တစ်နေရာရှိပါမည်။ သို့သော် သင်သည် ကျွန်တော်တို့မြို့တွင်ဖြစ်၍ လူကူးမျဉ်းကြားသည် အန္တရယ်ရှိပါသည်။

လူကူးမျဉ်းကြားက လမ်းကူးပါ။

လျှပ်စစ်မီးများ မကြာခဏပြတ်တောက်၍ မီးပွိုင့်များအရောင်မထွက်ပါ။ ကားများကို မတားဆီးနိုင်ပါ။ ပူပြင်းလွန်းသော နေရောင်အောက်တွင် ယာဉ်ထိန်းရဲသည် ဆေးဖိုးမ တတ်နိုင်ပါ။ ကင်းတဲတွင်ခိုလုံ၍ ငိုက်မျဉ်းသောမျက်ဝန်းဖြင့် အိပ်ငိုက်နေ ပေလိမ့်ပါမည်။ ကျွန်တော်တို့မြို့တွင် ယာဉ်ထိမ်းရဲသည် လိုင်းကားများနှင့် လက်ဝါးရိုက်၍ ကားပြိုင်ပွဲဒိုင်လုပ်ပါသည်။ ထို့ကြောင့်လူကူးမျဉ်းကြားတွင် ရပ်စောင့်နေသော သင်သည် ကားပြိုင်ပွဲလောက် အရေးမကြီးပါ။

လူကူးမျဉ်းကြားက လမ်းကူးပါ။

ကားအသစ်ကြီးများ ပြေးလွှားနေပါမည်။ ကားအရေအတွက် များလွန်းသော ကျွန်တော်တို့မြို့တွင် နောက်ဆုံးပေါ်ကားသစ် များကို ဦးစားပေးနေရ၍ သင်သည် လူကူးမျဉ်းပေါ်က တည့်တည့်မတ်မတ်ကူးနိုင်မည် မဟုတ်ပါ။ နောက်ဆုံးပေါ်ကားများ သည် လူသားထက် တန်ဖိုးရှိသောကြောင့် သင်သည်လူကူးမျဉ်းကြားတွင် အရေးမပါသော လူသားတစ်ဦးဖြစ်ပါသည်။ ကျွန်တော်တို့မြို့တွင် လူကူးမျဉ်းကြားသည် အန္တရယ်ရှိပါသည်။

လူကူးမျဉ်းကြားက လမ်းကူးပါ။

မဟုတ်ပါက သင့်ဖမ်းဆီးခံရနိုင်ပါသည်။ စီမံချက်ရှိသောကာလတွင် သင်သည် လူကူးမျဉ်းကြားမှ မကူးသောကြောင့် အန္တရယ်ရှိပါသည်။ စီမံချက်ကာလတွင် ယာဉ်ထိန်းရဲတို့သည် သူခိုးသူဝှက်ဖမ်းသကဲ့သို့ ပုန်းရှိုးကွက်ရှိုးဖမ်းတတ်ပါသည်။ ဒဏ်ငွေဆောင်ရပါမည်။ ပညာပေးဇာတ်လမ်းကြည့်ရပါမည်။ ဖမ်းသောကားပေါ်တွင် လူမပြည့်သ၍ နာရီပေါင်းများစွာ ထိုင်ရပါမည်။ ထိုအချိန်၌ ကျွန်တော်တို့မြို့တွင် လူကူးမျဉ်းကြားက မကူးပါက သင့်အတွက်အန္တရယ်ရှိနိုင်ပါသည်။

လူကူးမျဉ်းကြားက လမ်းကူးပါ။

သင်သည် စည်းကမ်းလိုက်နာသူ ဖြစ်သောကြောင့် အန္တရယ်ရှိပါသည်။ သင်သည် လူကူးမျဉ်းကြားပေါ်တွင် စည်းကမ်းအတိုင်း မတ်မတ်ရပ်နေပါက ဘေးပတ်ဝန်းကျင်နှင့်မတူတော့ပါ။ ပတ်ဝန်းကျင်နှင့်မတူသောကြောင့် သင်သည် အန္တရယ်ရှိပါသည်။ ကျွန်တော်တို့မြို့တွင် စည်းကမ်းရှိခြင်းသည် အန္တရယ်ရှိသောလုပ်ရပ်တစ်ခုဖြစ်ပါသည်။

လူကူးမျဉ်းကြားက လမ်းကူးပါ။

အမှောင်ထဲတွင်အနေကြာ၍ မျဉ်းကြားက လမ်းကူးရန်သာ သူတို့တိုက်တွန်းကြပါသည်။ အမှောင်ကို ချစ်မိ၍ အလင်းကို စိုးရွံနေကြပါသည်။ သူတို့ပြောင်းလဲကြရမည်ကို မေ့နေကြပါသည်။ ဆိုင်းဘုတ်များက ပြောသည့်အတိုင်း လူကူးမျဉ်းကြားက လမ်းကူးရန်သာ သင့်ကို ပြောနေကြခြင်းဖြစ်ပါသည်။ ကျွန်တော်တို့မြို့တွင် သင်သည် လူကူးမျဉ်းကြားက လမ်းကူးပါက အန္တရယ်ရှိပါသည်။

လူကူးမျဉ်းကြားက လမ်းကူးပါ။

အခြေခံလူတန်းစားများသည် လူကူးမျဉ်းကြားကို ကန့်လန့်ဖြတ်ကြပါသည်။ ထိန်ထိန်သာသော အလင်းအောက်တွင် သူတို့ သည် လူကူးမျဉ်းကြားကို ကန့်လန့်ဖြတ်ကြပါသည်။ သူတို့သည် အဝါရောင်မျဉ်းကြားကို မှားယွင်းသည်ဟု ထင်မြင်ကြပါ သည်။ မျဉ်းကြားသည် နီနီရဲနေမှ အဓိပ္ပါယ်ရှိမည်ဟု ယူဆကြပါသည်။ ကျွန်တော်တို့မြို့တွင် မျဉ်းကြားများသည် အဝါရောင် ရှိပါသည်။ ထို့ကြောင့် မျဉ်းကြားအဝါမှ လမ်းကူးလျှင် သင်သည် အန္တရယ်ရှိပါသည်။

လူကူးမျဉ်းကြားက လမ်းကူးပါ။

ဘီတဲလ်တေးဂီတအဖွဲ့သည် အက်ဘီလမ်းမထက် မျဉ်းကြားပေါ်တွင် စနစ်တကျတန်းစီလမ်းလျှောက်ခဲ့ပါသည်။ သူတို့သည် လူကူးမျဉ်းကြားက လမ်းကူးရန်လှုံဆောင်ခဲ့သူများ မဟုတ်ပါ။ အက်ဘီလမ်းမထက်မျဉ်းကြားပေါ်က ဘီတဲလ်အဖွဲ့ဓာတ်ပုံကို သူတို့၏ ပင်တိုင်ဓာတ်ပုံဆရာက ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ထိုဓာတ်ပုံဖြင့် အက်ဘီလမ်းမတေးစီးရီးထွက်ခဲ့ပါသည်။ လူကူးမျဉ်းကြားက လမ်းကူးလျှင် ကမ္ဘာကျော်နိုင်ပါသည်။

ကျွန်တော်တို့မြို့တွင် နာမည်ကျော်အနုပညာရှင်များသည် လူကူးမျဉ်းကြားက လမ်းမကူးကြပါ။ သူတို့သည် လူကူးမျဉ်းကြား ကို အရှိန်ပြင်းပြင်းနှင့် ကန့်လန့်ဖြတ်ကြပါသည်။ ပညာပေးပိုစတာများတွင် ဘီတဲလ်ကဲ့သို့ ပန်းဆိုးတန်းလမ်းကို သူတို့ဖြတ် ကောင်းဖြတ်ပြနိုင်ပါသည်။ သို့သော် သူတို့သည် ဘီတဲလ်ကဲ့သို့ အသက်မဝင်သောကြောင့် သူတို့သည် ကမ္ဘာမကျော်နိုင်ပါ။

ကျွန်တော်တို့မြို့တွင် သင်သည် လူကူးမျဉ်းကြားမှ လမ်းကူးပါက အသက်အန္တရယ်ရှိနိုင်ပါသည်။

ကျွန်တော်တို့မြို့တွင် သင်သည် နောက်ဆုံးပေါ်ကားများလောက် အရေးမကြီးပါ။ ကျွန်တော်တို့မြို့တွင် မီးခဏခဏမှောင်၍ သူတို့အမှောင်ထဲတွင် အနေကြာခဲ့ပါသည်။ သူတို့အမှောင်ချစ်သလို သင်လည်း အမှောင်ကို ကြိုက်တတ်ရပါမည်။ သူတို့အလင်း ကို မေတ္တာမျှဖို့ စိုးရွံနေပါသည်။ သူတို့ခေါက်ရိုးကျိုးနေမှန်း သူတို့မသိဖြစ်နေပါသည်။ ထို့ကြောင့် သင့်ကို လူကူးမျဉ်းကြားက သာ လမ်းကူးခိုင်းနေခြင်း ဖြစ်ပါသည်။ ထိုအရာ အမြဲမှန်သည်ဟု ထင်ရပါသည်။ ထိုအရာမှန်ပါသည်။ သို့သော် ကျွန်တော်တို့ မြို့တွင် လူကူးမျဉ်းကြားကလမ်းကူးလျှင် အသက်အန္တရယ်ရှိပါသည်။

လူကူးမျဉ်းကြားက လမ်းကူးပါ။

သင့်ကိုသာ သူတို့နိုင်၍ လူကူးမျဉ်းကြားက လမ်းကူးခိုင်းခြင်းဖြစ်ပါသည်။ လူကူးမျဉ်းကြားက လမ်းကူးခြင်းသည် မှန်ပါ သည်။ သို့သော် ကျွန်တော်တို့မြို့တွင် လူကူးမျဉ်းကြားက လမ်းကူးခြင်းသည် အန္တရယ်ရှိနိုင်ပါသည်။

ဟန်ဆန်း

၂၀၁၃ ခုနှစ် မေလ ၁၃ ရက်ထုတ် အလင်းတန်းဂျာနယ် အမှတ် ၇၅၄ တွင် ဖော်ပြခဲ့သော စာမူဖြစ်သည်။

Category: Literature

Post navigation

← ဂရာဇာ ဒီလဲ့ဒါ ဆိုသူမှာ
နုကျန်း၊ နမ့်ခုမ်း၊ ဆာလဝင်း အမည်ရသော မြစ်သံလွင် →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme