Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ဆင်ဆာ

Posted on September 20, 2017September 3, 2025 by Han Sann

အချစ်မှာ ယောင်္ကျား မိန်းမ Tomboy Shemale ဆိုတာ ရှိလား ဆိုသောစကားရပ်သည် ခုနှစ်ကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်တွင် ပြသခွင့်ရရှိခဲ့ သော အချစ်ဇာတ်လမ်းရိုးရိုးလေးတစ်ပုဒ်(A Simple Love Story)မှတ်တမ်းရုပ်ရှင်၏ အပိတ်စကားရပ်ဖြစ်သည်။ ထိုစကားရပ်ကို ဖြတ်တောက် ဖြုတ်ပစ်နိုင်မှသာ ဝဿန်ရုပ်ရှင်ပွဲတော်၌ ပြသခွင့်ပြုနိုင်မည်၊ ဆင်ဆာခွင့်ပြုမည်ဟု မြန်မာ့ရုပ်ရှင်ဆင်ဆာအဖွဲ့က ဆိုသည်။

အချစ်ဇာတ်လမ်းရိုးရိုးလေးတစ်ပုဒ်(A Simple Love Story)မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးသူ ဒါရိုက်တာသည် ထိုစာသားကို ဖြတ်တောက်ဖြုတ်ထုတ် ခြင်း မပြုနိုင်ကြောင်း၊ သူ၏ မူလတင်ပြထားသည့်အတိုင်းသာပြသနိုင်မည်ဖြစ်ပြီး ဆင်ဆာအဖွဲ့၏ ညွှန်ကြားချက်ကို လိုက်နာလိုခြင်း မရှိကြောင်း ဝဿန်ရုပ်ရှင်ပွဲတော်သို့ အကြောင်းပြန်ခဲ့သည်။ ထို့ကြောင့် ဝဿန်ရုပ်ရှင်ပွဲတော်တွင် ထိုမှတ်တမ်းရုပ်ရှင်ကို အများပြည်သူများအကြားတွင် တရားဝင် ပြသခွင့် မရရှိခဲ့ပါ။ ထိုဇာတ်ကားသည် ဝဿန်ရုပ်ရှင်ပွဲတော်၏ ပြိုင်ပွဲဝင်ဇာတ်ကားများစာရင်းတွင် ပြိုင်ပွဲဝင်ပြသရန် ရွေးချယ်ထား ခြင်း ခံထားရသည့် ဇာတ်ကားဖြစ်သည်။ ထိုဇာတ်ကားကို ဆင်ဆာခွင့်ပြုချက်မရ၍ အများပြည်သူရှေ့မှောက်တွင် တရားဝင်ပြသခြင်း မပြုခဲ့ သော်လည်း ခုနှစ်ကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်၏ ပြိုင်ပွဲဝင်စာရင်းမှ ထုတ်ပယ်ခြင်းမပြုခဲ့ပါ။ ပွဲတော်၏အကဲဖြတ်ဒိုင်လူကြီးများကလည်း ပြိုင်ပွဲဝင်ဇာတ်ကားတစ်ခုအဖြစ် ဆက်လက်သတ်မှတ်ထားပြီး အခြားသောပြိုင်ပွဲဝင်ဇာတ်ကားများနှင့်အတူ တန်းတူထားရှိ၍ အကဲဖြတ်ကြည့်ရှုခဲ့သည်။

ထိုဇာတ်ကားအား ပြသရမည့်အချိန်တွင် မြန်မာ့ရုပ်ရှင်ဆင်ဆာနှင့်ပတ်သက်သော စကားဝိုင်းဆွေးနွေးပွဲတစ်ခုကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

အမျိုးသမီးအဖြစ်မွေးဖွားလာသူသည် အမျိုးသားဘဝသို့ ပြောင်းလဲနေထိုင်သည်။ အမျိုးသားအဖြစ်မွေးဖွားလာသူသည် အမျိုးသမီးဘဝသို့ ပြောင်းလဲ နေထိုင်သည်။ သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မေတ္တာမျှကြသည်။ တစ်ဦးက မန္တလေးတွင် အခြေချနေထိုင်ပြီး ကျန်တစ်ဦးက ရန်ကုန်တွင် အခြေချနေထိုင်သည်။ သူတို့နှစ်ဦး၏ မိခင်များသည် သားသမီးများ၏ လိင်စိတ်သဘာဝပြောင်းလဲခံယူခြင်းများအတွက် နားလည်မှု ပေးကြသည်။ မိသားစုအတွင်းမှ ခွဲခြားဆက်ဆံထားခြင်းလည်း မရှိခဲ့ကြပါ။ အချစ်ဇာတ်လမ်းရိုးရိုးလေးတစ်ပုဒ်(A Simple Love Story) မှတ်တမ်း ရုပ်ရှင်သည် ထိုအကြောင်းအရာကို ရိုက်ကူးပြသထားခြင်းဖြစ်သည်။ အခြေအနေမှန် ဖြစ်ရပ်မှန်တစ်ခုကို ထုတ်ဖော်ပြသထားခြင်းဖြစ်သည်။ စိတ်ကူးယဉ်ထားသော ထိုးဇာတ်ရုပ်ရှင်ကားတစ်ကား မဟုတ်ခဲ့ပါ။

မေတ္တာတရားတွင် အခြေတည်သော လူသားတို့၏ ဖြစ်တည်မှုသဘာဝတရားကို ထုတ်ဖော်ပြသထားသောဇာတ်ကားတစ်ကားဖြစ်သည်။

ထိုဇာတ်ကားကို ခွင့်ပြု။ ဇာတ်ကား၏ နောက်ဆုံးစာတန်းနှင့် စကားပြောအား ပြင်ဆင်တည်းဖြတ်ပြီးမှ ပြသသင့်ပါသည် ဟု မြန်မာ့ရုပ်ရှင် ဆင်ဆာအဖွဲ့က ထောက်ချက်ပြုခဲ့သည်။ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေအရ အများပြည်သူထံသို့ ပြသသော ရုပ်ရှင်ကားများသည် ဆင်ဆာအဖွဲ့၏ ပြသရန်သင့် မသင့်ဆိုသောအချက်ကို ရယူရသည်။ ဆင်ဆာအဖွဲ့၏ ထောက်ချက်ကို ပြင်ဆင်တည်းဖြတ်ပြီးမှသာ အများပြည်သူထံသို့ ပြသခွင့်ပြု သည်။ ဆင်ဆာအဖွဲ့၏ တရားဝင်ခွင့်ပြုချက်မရရှိပါက ပြသခွင့်မရရှိသလို ပြသပါကလည်း တရားမဝင်ပြသခြင်းဖြစ်မည်ဖြစ်ပြီး ရုပ်ရှင်ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်သည်။

အရေးယူခြင်းခံရပါက ထောင်ဒဏ်သော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း၊ ဒဏ်နှစ်ရပ်လုံးကိုလည်းကောင်း ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ် သည်။

အချစ်ဇာတ်လမ်းရိုးရိုးလေးတစ်ပုဒ်(A Simple Love Story)ကို ဆင်ဆာအဖွဲ့က တည်းဖြတ်ရန် ညွှန်ကြားချက်မှာ ဇာတ်ကား၏ နောက်ဆုံးအပိုင်း တွင် ဇာတ်ကောင်မှမေးခွန်းထုတ်ထားသော အချစ်မှာ ယောင်္ကျား မိန်းမ Tomboy Shemale ဆိုတာ ရှိလား စကားရပ်ဖြစ်သည်။ ထိုစကားရပ်သည် မည်သည့်လူ့အဖွဲ့အစည်းကိုမှ ထိပါးစော်ကားထားခြင်းမရှိသလို အများပြည်သူအနေဖြင့် အထင်အမြင်လွဲ အကောက်အယူလွဲမည့် ကိစ္စရပ်တစ်ခု လည်း မဟုတ်ပါ။ အချစ်ဇာတ်လမ်းရိုးရိုးလေးတစ်ပုဒ်(A Simple Love Story)သည် လိင်စိတ်ခံယူမှုကွဲပြားသူ(LGBT)တို့၏ ဖြစ်ရပ်မှန် သဘာဝ အရှိတရားကို ပြသသော မှတ်တမ်းရုပ်ရှင်ကားတစ်ကားသာဖြစ်သည်။ ထိုဇာတ်ကားကို ဆင်ဆာအဖွဲ့က ဆင်ဆာဖြတ်တောက်ပါက လိင်စိတ်ခံယူမှုကွဲပြားသူ(LGBT)များကို ထိပါးစော်ကား လှောင်ပြောင်နိမ့်ချပြီး ခါးအောက်ပိုင်း ပြက်လုံးများဖြင့် ရိုက်ကူးထုတ်လုပ်နေသော ဇာတ်ကားများကို ဆင်ဆာအဖွဲ့က ဘာကြောင့် ခွင့်ပြုထားပါသလဲ။ ထိုဇာတ်ကားများသည်သာ လိင်စိတ်ခံယူမှုကွဲပြားသူ(LGBT)တို့၏ ဖြစ်တည်မှုသဘာဝ ကို ထိပါးစော်ကားစေရန် အားပေးနေသော ဇာတ်ကားများဖြစ်သည်။ အများပြည်သူအကြားတွင်လည်း လွယ်လင့်တကူ အလွန်အမင်းပျံ့နှံ့နေသော ဇာတ်ကားများလည်းဖြစ်သည်။ ထိုဇာတ်ကားများ အတွက် ဆင်ဆာအဖွဲ့သည် တည်းဖြတ်ခြင်းမရှိပါဘဲ ခွင့်ပြုပေးထားသည်ကို ထူးဆန်းစွာ တွေ့မြင်နေရသည်။ ထိုဇာတ်ကားများကို ခွင့်ပြုပေးထားသည့် အတွက် လိင်စိတ်ခံယူမှုကွဲပြားသူ(LGBT)များ၏ ရပိုင်ခွင့်နှင့်လူသားဂုဏ်သိက္ခာကို ထိပါးစော်ကားခံနေပါကြောင်းလည်း ဝေဖန်ထောက်ပြခြင်းခံနေရသည် ဖြစ်သည်။

ထို့ကြောင့် ဆင်ဆာအဖွဲ့၏ ဆင်ဆာဖြတ်တောက်ခြင်းသည် တရားမျှတမှုမရှိဘဲ ဥပဒေကိုလိုရာစွဲ၍ အသုံးပြုနေကြောင်း ထင်ရှားပေါ်လွင်လှပါ သည်။

အချစ်ဇာတ်လမ်းရိုးရိုးတစ်ပုဒ်(A Simple Love Story)ကို ဆင်ဆာဖြတ်တောက်သည့်အတွက် လူ့ရပိုင်ခွင့်ကြေညာစာတမ်းပါ အပိုဒ် ၁၉ ဖြစ်သည့် လူတိုင်း မိမိယူဆချက်များကို လွတ်လပ်စွာဖော်ထုတ်တင်ပြခွင့်ရှိပြီး သတင်းများကို ရယူပိုင်ခွင့်လည်းရှိသည် ဆိုသောအချက်ကို ချိုးဖောက်လိုက် ခြင်း ဖြစ်သည်။ ထို့အပြင် အပိုဒ် ၂ ဖြစ်သည့် အသားအရောင်၊ လိင်၊ ကိုးကွယ်သည့်ဘာသာ၊ ဘာသာစကားတို့ကြောင့် ခွဲခြားခြင်းမရှိစေရ ဆိုသော အခြေခံရပိုင်ခွင့်ကိုလည်း ချိုးဖောက်လိုက်သည်။ ထိုအချက်များကို ထောက်ရှုခြင်းအားဖြင့် မြန်မာ့ရုပ်ရှင်ဆင်ဆာအဖွဲ့သည် ခွဲခြား ဆက်ဆံခြင်းရှိမရှိ ရှုထောင့်နှင့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ရှုထောင့် အစရှိသော လူ့ရပိုင်ခွင့်ဆိုင်ရာရှုထောင့်များကို ထည့်သွင်း ကြည့်ရှုစဉ်းစားခြင်းမရှိကြောင်း သိသာလှသည်။

ခုနှစ်ကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်တွင် ဆင်ဆာနှင့်ပတ်သက်သော သိနားလည်ရခက်ခဲ့သည့် အဓိပ္ပာယ်မဲ့သော ဖြတ်တောက်မှုများရှိလာသည့်အတွက် ရုပ်ရှင်ဒါရိုက်တာများအကြားတွင် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လာခဲ့သည်။ အချို့သောဒါရိုက်တာများသည် မိမိတို့၏ ရိုက်ကူးလက်စ ဖြစ်နေသော ဇာတ်ကားများအတွက် စိုးရိမ်မကင်းစိတ် ဖြစ်ပေါ်လာကြသည်။ ထို့အပြင် နိုင်ငံတကာရုပ်ရှင်အသိုင်းအဝန်းမှ အတတ်ပညာရှင် အသိပညာရှင်များအကြားတွင် အပြစ်မရှိ အပြစ်မဲ့သော အရုပ်အသံများကို စဉ်းစားချင့်ချိန်မှု နည်းပါးစွာ ဆင်ဆာဖြတ်တောက်လိုက်သည့်အတွက် နိုင်ငံတကာမျက်နှာစာတွင် အရှက် ရဖွယ်တစ်ခု ဖြစ်သွားရသည်။

လူသားတိုင်း၏ အခြေခံရပိုင်ခွင့်ဖြစ်သော လူ့ရပိုင်ခွင့်အချက် ၃၀ အနက်မှ အပိုဒ် ၂ နှင့် ၁၉ ကို ဟန့်တားပိတ်ပင်လိုက်သည်ဟု နိုင်ငံတကာရုပ်ရှင် အသိုင်းအဝိုင်းက နားလည်သွားစေနိုင်သည်။

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အပြည့်အဝပေးလိုက်လျှင် ပြောချင်တိုင်းပြော၍ ရမ်းချင်တိုင်းရမ်းနိုင်သော လုပ်ပိုင်ခွင့်ပေးလိုက် သကဲ့သို့ ဖြစ်သွားနိုင်သည်ဟုလည်း ထင်မြင်ယူဆနေကြသည်။ ထိုထင်မြင်ယူဆချက်သည် မှားယွင်းပါသည်။ လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်ကို ရေရာစွာ သိရှိခြင်းမရှိသောကြောင့် ထွက်ပေါ်လာသော အကြောင်းပြယူဆချက်တစ်ခု ဖြစ်ပါသည်။ လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်ကို ကျင့်သုံးလျှင် တာဝန်ခံမှု တာဝန်ယူမှု လုံလောက်စွာ ရှိရပါသည်။ မိမိရေးသားထုတ်ဖော်ပြောဆိုလိုက်သည့် ကိစ္စရပ်များကို အပြည့်အဝတာဝန်ယူရပါသည်။ ထို့အပြင် အခြားသူများ၏ အခြေခံလူ့ရပိုင်ခွင့်များနှင့် လူသားဖြစ်ခြင်း လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာရပါ သည်။ ထိုအချက်များကိုပါ လိုက်နာကျင့် သုံးနိုင်ပါမှ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို မှန်ကန်စွာကျင့်သုံးခြင်း ဖြစ်ပါမည်။

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးသောအခါ မိမိသဘောမတူသည့် ကိစ္စသော်လည်းကောင်း၊ မိမိကို သဘောမတူသည့် ကိစ္စသော် လည်းကောင်း ရှိလာနိုင်ပါသည်။ အများက သဘောမတူသော ကိစ္စရပ်များလည်း ဖြစ်နိုင်ပါသည်။ ထိုအခါတွင်လည်း ထိုသူကို လူ့အသိုင်းအဝန်းမှ ဖယ်ထုတ်လိုက်ခြင်းနှင့်ကန့်သတ်လိုက်ခြင်း လုံးဝမရှိစေရပါ။ ထို့အတွက် ထိုသူသည် လွတ်လပ် လုံခြုံ ငြိမ်းချမ်းစွာ လူ့အဖွဲ့အစည်းအတွင်းတွင် နေထိုင်နိုင်ရမည်ဖြစ်ပါသည်။

အချစ်မှာ ယောင်္ကျား မိန်းမ Tomboy Shemale ဆိုတာ ရှိလား ဆိုသော စကားပြောကို ပြင်ဆင်တည်းဖြတ်ပြီးမှ ပြသသင့်သည်ဆိုသော ဆင်ဆာအဖွဲ့၏ ထောက်ချက်ကြောင့် လိင်စိတ်သဘာဝပြောင်းလဲခံယူထားသူတို့၏ ရပိုင်ခွင့်နှင့်ထုတ်ဖော်ပြောကြားခွင့်ကို ပိတ်ပင်ကန့်သတ် လိုက်ခြင်းဖြစ်နေသလို လူ့အဖွဲ့အစည်းအတွင်းမှ ဖယ်ထုတ်လိုက်ရန် ကြိုးပမ်းလိုက်ခြင်းလည်းဖြစ်နေသည်။

အချစ်ဇာတ်လမ်းရိုးရိုးလေးတစ်ပုဒ်(A Simple Love Story)မှတ်တမ်းရုပ်ရှင်ကို အခြေတည်၍ ဖြစ်ပေါ်လာသော ဆင်ဆာဆိုင်ရာဖြစ်စဉ်ကို လေ့လာ၍ ရရှိလာသော ရလဒ်များရှိခဲ့သည်။ ရလာဒ်မှာ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေကို ပြင်ဆင်ရန်နှင့် မြန်မာ့ရုပ်ရှင်အသိုင်းအဝိုင်းတစ်ခုလုံးက လူသားတို့၏ အခြေခံလူ့ရပိုင်ခွင့်များကို နားလည်သိရှိ လေးစားလိုက်နာတတ်စေရေး ကြိုးပမ်းအားထုတ်ရန်ဖြစ်သည်။ မြန်မာ့ရုပ်ရှင်ဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းသည့် အခါတွင်လည်း လွယ်လင့်တကူ ပြင်ဆင်လိုက်ခြင်းမပြုပါဘဲ မြန်မာ့ရုပ်ရှင်အသိုင်းအဝိုင်းတစ်ခုလုံးက ဥပဒေပြုရေး ဖြစ်စဉ်တစ်ခုလုံးတွင် ပါဝင်နိုင်ရန်အရေးကြီးပါသည်။ ရုပ်ရှင်ဥပဒေသည် ရုပ်ရှင်အသိုင်းအဝိုင်းတစ်ခုတည်းကိုပဲ အကာအကွယ်ပေးခြင်း မဟုတ်ပါဘဲ ရုပ်ရှင်နှင့်သက်ဆိုင်ဆက်စပ်နေသူများ အားလုံးကိုပါ အကာအကွယ်ပေးနိုင်သော ဥပဒေတစ်ခုဖြစ်ရန်လည်း လိုအပ်လှပါသည်။

ဟန်ဆန်း

Category: Film

Post navigation

← အသည်းကွဲတစ်ယောက်ရဲ့ စွန် စာအုပ်မှ ဝတ္ထုများကို ဖတ်ရှုခြင်းရသ
DUO အမည်ဖြင့် အနုပညာပြသမည် →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme