၀ဿန်ရုပ်ရှင်ပွဲတော်၏ အချိန်အခါမှာ စက်တင်ဘာလ ဖြစ်ပါသည်။ နှစ်တစ်နှစ်၏ စက်တင်ဘာရက်စွဲအချို့သည် ၀ဿန်ချိန်ခါ အတွက် ဖြစ်ခဲ့ သည်မှာ ရှစ်နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ရုပ်ရှင်အနုပညာသမားများအတွက် ၀ဿန်ရုပ်ရှင်ပွဲတော် ရုန်းခဲ့ကန်ခဲ့ရသည်မှာ ပွဲတော်စတင်ချိန်ကနေ ယနေ့အထိပဲဖြစ်ပါသည်။ စိန်ခေါ်မှုအသစ်များနှင့် ဖြစ်ရိုးဖြစ်စဉ် ဖြစ်သွားသည့် အခက်အခဲပြဿနာများအကြားမှာ ၀ဿန်သည် ရွာသွန်းမြဲ ရွာသွန်းနေခဲ့သည်။ နှစ်စဉ်ရွာသွန်းခဲ့သော သို့တည်းမဟုတ် ၀ဿန်ချိန်ခါတွင် ပွင့်လန်းရှင်သန်ခဲ့သော ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနှင့်ရုပ်ရှင်ဖန်တီးသူများစွာလည်း ပေါ်ပေါက်ခဲ့ပြီဖြစ်သည်။ ရုပ်ရှင်ချစ်သူများ စုဝေးရာ၊ ရုပ်ရှင်ပန်းများ ပွင့်လန်းရာနှင့် ရုပ်ရှင်ဝတ်မှုန်များ အပြန်အလှန် ဝတ်မှုန်ကူးကြသည့် ရုပ်ရှင်အနုပညာရပ်ဝန်းတစ်ခုအဖြစ်လည်း ခိုင်မာလာခဲ့ပါပြီ။ ရုပ်ရှင်အနုပညာသည်တစ်ဦးအဖြစ် အသက်မွေးလိုသူများအတွက် ၀ဿန်သည် ရုပ်ရှင်အနုပညာရပ်ဝန်းသို့ ဝင်ရောက်ရာ ဂိတ်တံခါးတစ်ခုလည်းဖြစ်ခဲ့ပါပြီ။ ထို့ကြောင့် ၀ဿန်ရုပ်ရှင်ပွဲတော်၏ ထူးခြားသော အပြောင်းအလဲများ၊ အားသာချက်များနှင့်အားနည်းချက်များကို ရှစ်ကြိမ်မြောက်ပွဲတော်တွင် ရှာဖွေလေ့လာသုံးသပ်ခဲ့ပါသည်။
ဖွင့်ပွဲတွင် ပြသခဲ့သော ဇာတ်ကားများ
ရှစ်ကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဇာတ်ကား(၃)ကားကို ပြသခဲ့သည်။ ထိုဇာတ်ကားများမှာ သွေးပန်းများ (Blood flowers)၊ The Memory of Water, ရာသီမိုး(Seasonal Rain)တို့ဖြစ်သည်။ သွေးပန်းများနှင့်ရာသီမိုးဇာတ်ကားနှစ်ကားကို မြန်မာဒါရိုက်တာများက ရိုက်ကူးထားပြီး သူတို့၏ ပထမဦးဆုံးသော ဇာတ်လမ်းတိုရုပ်ရှင်ဇာတ်ကားများလည်းဖြစ်သည်။ သွေးပန်းများဇာတ်လမ်းတိုရုပ်ရှင်၏ ဒါရိုက်တာမှာ မောင်ဒေး ဖြစ်ပြီး ရာသီမိုးဇာတ်လမ်းတိုရုပ်ရှင်၏ ဒါရိုက်တာမှာ အောင်ဖြိုး ဖြစ်သည်။ The Memory of Water ၏ ဒါရိုက်တာမှာ မေရီ စတခ်ဖန်ဖြစ်ပြီး ပြင်သစ်လှိုင်းသစ်ရုပ်ရှင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်ဟု သိရပါသည်။ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲဇာတ်ကားများအဖြစ် ထိုသို့ရွေးချယ်ပြသသည်ကို နှစ်သက်မိပါသည်။ ရွေးချယ်သောဇာတ်ကား(၃)ကား သည် အနုပညာဖက်ကဲသည့် ဇာတ်လမ်းတိုကားများဖြစ်ပြီး ၀ဿန်ရုပ်ရှင်ပွဲတော်၏ ဦးတည်ချက်ဖြစ်သော အနုပညာဦးစားပေးခြင်းနှင့်လည်း ကိုက်ညီပါသည်။
ပြိုင်ပွဲဝင်နှင့်ပြိုင်ပွဲဝင်မဟုတ်သော ဇာတ်ကားများ
၀ဿန်ရုပ်ရှင်ပွဲတော်သို့ ဇာတ်ကားပေါင်း ၅၇ ကား ပေးပို့ခဲ့သည့်အနက် ပြိုင်ပွဲဝင်ဇာတ်ကားအနေဖြင့် ၁၁ ကားကိုသာ ရွေးချယ်နိုင်ခဲ့ကြောင်း ရုပ်ရှင်ပွဲတော်ကျင်းပသူများက ပြောသည်။ ပြိုင်ပွဲဝင်ဇာတ်ကားအဖြစ် ပြသယှဉ်ပြိုင်ခွင့်ရရှိခဲ့သော ဇာတ်ကားများအနက် အချို့သောဇာတ်ကားများမှာ အလွန်အားနည်းသော ဇာတ်ကားများဖြစ်နေသည်ကို တွေ့ရပါသည်။ ပြိုင်ပွဲဝင်ဇာတ်ကားအဖြစ်လည်းကောင်း၊ ပြိုင်ပွဲဝင်မဟုတ်သော ဇာတ်ကားအဖြစ်လည်းကောင်း ပွဲတော်တွင် ပြသခွင့်မရရှိခဲ့သော ဇာတ်ကား ၄၆ ကားသည် အားနည်းသောဇာတ်ကားများဖြစ်နေ၍သာ ရုပ်ရှင်ပွဲတော်မှ ရွေးချယ်ခြင်းမပြုခဲ့ခြင်းဖြစ်ကြောင်း ကောက်ချက်ချမိ သည်။ မည်သို့ပင်ဆိုစေ ပေးပို့ခဲ့သည့် ဇာတ်ကား ၅၇ ကားအနက်မှ ၁၁ ကိုသာ ရွေးချယ်နိုင်ခဲ့သည်ဆိုသည့်အချက်ကို ဇာတ်လမ်းတိုနှင့်မှတ်တမ်းရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးနေသူများအနေဖြင့် ပြန်လည်ဆန်း စစ် သင့်ပါသည်။ ဇာတ်လမ်းတိုနှင့်မှတ်တမ်းရုပ်ရှင်ဇာတ်ကားများကို လေ့လာနေသူရှုထောင့်အားဖြင့်ကြည့်လျင် ယခုနှစ်တွင် ပြသခဲ့သော ဇာတ်ကားအများစုသည် လွန်ခဲ့သော(၇)နှစ်က ပြသခဲ့သော ဇာတ်ကားများ၏ အရည်အသွေးနှင့်အားထုတ်မှုများကို ပြည့်မီခြင်းမရှိဘဲ ကျဆင်းသွားသည်ဟု သုံးသပ်ရမည်ဖြစ်သည်။
လူမှုဘ၀မှ ရောင်ပြန်ဟပ်လာသော ဇာတ်ကားများ
ပြိုင်ပွဲဝင်မဟုတ်သော ဇာတ်ကားများကို The Reflection of Society ခေါင်းစဉ်ဖြင့် ပြသခဲ့ပါသည်။ ထိုဇာတ်ကားများမှာ ချစ်တယ်၊ ရဲဘော်မေမေ၊ ရပ်ကွက်အမှတ်သုညနှင့် မြေစာပင်တို့ဖြစ်သည်။ ဇာတ်ကားများကို အမျိုးသမီးဒါရိုက်တာများက ရိုက်ကူးထားခြင်းဖြစ်ပါသည်။ ပြသသော ဇာတ်ကား(၄) ကားသည် မှတ်တမ်းရုပ်ရှင်ဇာတ်ကားများဖြစ်နေသည်။ အကြောင်းအရာများမှာ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသော ပဋိပက္ခ၊ အကျပ်အတည်း၊ အခက်အခဲနှင့် လူမှုဘ၀အခြေအနေများကို မီးမောင်းထိုးပြသပေးထားသော အကြောင်းအရာများဖြစ်သည်။ အမျိုးသမီးဒါရိုက်တာများ ရိုက်ကူးထားသောဇာတ်ကားများဖြစ်သောကြောင့် လူမှုဘ၀မှ ရောင်ပြန်ဟပ်လာသောအခြေအနေများကို သူမတို့အနေဖြင့် မည်သို့ရှာဖွေသည်၊ မည်သို့ယူဆသည်နှင့်မည်သို့တင်ပြသည် ဆိုသောအချက်များကို သိရှိခဲ့ရသောအစီအစဉ်တစ်ခုလည်းဖြစ်ခဲ့ပါသည်။ သို့သော် ထိုဇာတ်ကား(၄)၏ အရည်အသွေးနှင့်အနုပညာမြောက်ခြင်းကို ရုပ်ရှင်လေ့လာသူရှုထောင့်မှ အားရကျေနပ်ခြင်း မရှိခဲ့ပါ။ ရုပ်ရှင်ရိုက်ကူးသူများ၏ အရည်အသွေးနှင့်အရည်အချင်းကို သိမြင်နေခြင်းကြောင့်လည်းကောင်း၊ ယခုထက်ပိုမိုကောင်းမွန်သော အရည်အသွေးတစ်ခုကို ထုတ်နုတ် ပြသနိုင်သေးသည်ဟု ယုံကြည်သောကြောင့်လည်းကောင်း ပြိုင်ပွဲဝင်မဟုတ်သောဇာတ်ကား(၄)ကားကိုအပေါ် အားရကျေနပ်မှု မရှိခြင်းဖြစ် သည်။
မှတ်တမ်းရုပ်ရှင်ဇာတ်ကားနှင့်အကြောင်းအရာ
၀ဿန်ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သော ပြိုင်ပွဲဝင်မှတ်တမ်းရုပ်ရှင်ဇာတ်ကားများ၏ အကြောင်းအရာများကို လေ့လာကြည့်ရာတွင် အမျိုးသမီးများ အကြောင်းကို ဦးစားပေးဖော်ပြထားသော ဇာတ်ကား(၄)ကားပါဝင်ပြီး လိင်စိတ်သဘာဝပြောင်းလဲခံယူထားသူအကြောင်း ဇာတ်ကား(၁)ကား နှင့် ရန်ကုန်မြို့နေထိုင်သူများအကြောင်းဇာတ်ကား(၁)ကား စုစုပေါင်း(၆)ကားပါဝင်သည်ကို တွေ့ရပါသည်။ အမျိုးသမီးများ၏ အကြောင်း တင်ပြမှုကို လေ့လာရာတွင် ခက်ခဲခြင်း၊ ရုန်းကန်ရခြင်း၊ စာနာပေးခြင်းနှင့်အမျိုးသမီးများ၏ လူ့အဖွဲ့အစည်းအတွင်းရှိ အခန်းကဏ္ဍဆိုင်ရာတို့ကို တင်ပြထားကြောင်းတွေ့ရသည်။ လိင်စိတ်သဘာဝပြောင်းလဲခံယူထားသူနှင့်ပတ်သက်၍ လိင်စိတ်သဘာ၀ပြောင်းလဲထားသူတစ်ဦးအကြောင်းနှင့် သူမရင်ဆိုင်နေရသော မိသားစုဘ၀နေထိုင်မှု အကြောင်းအရာကို တင်ပြထားပါသည်။ ရန်ကုန်မြို့တွင်အခြေချနေထိုင်နေသော မိသားစုနှစ်စု၏ လူမှုဘ၀ပုံရိပ်နှင့်ရန်ကုန်မြို့အကြောင်းကဗျာတစ်ပုဒ်ကို ပင်မကျောရိုးထား၍ တင်ပြသွားခဲ့သည်။ ပြိုင်ပွဲဝင်မှတ်တမ်းဇာတ်ကား(၆)ကားတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ အကြောင်းဇာတ်ကား(၄)ကားပါဝင်နေသည်ကိုတွေ့ရပြီး ထိုဇာတ်ကားများသည် ရုပ်ရှင်သင်တန်းကျောင်းတစ်ခုတည်းမှာ ထွက်လာသော ဇာတ်ကားများလည်း ဖြစ်နေပေသည်။ ပြိုင်ပွဲဝင်မဟုတ်သည့် မှတ်တမ်းရုပ်ရှင်ဇာတ်ကားပြသရာတွင်လည်း အမျိုးသမီးအကြောင်း(၁)ကားပါဝင်ပြီး ရွှေ့ပြောင်းလုပ်သားများအကြောင်းတွင်လည်း အမျိုးသမီးများ၏အခန်းကဏ္ဍကို ဦးစားပေးပြသထားသည့်အပြင် ဂျပန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာများ၏ဇာတ်ကားများကိုလည်း ပွဲတော်တွင်ထည့်သွင်းပြသခဲ့သည့်အတွက် ရှစ်ကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော်သည် အမျိုးသမီးရေးရာအခန်းကဏ္ဍကို ဦးစားပေးတင်ပြထားလေသလားဟု ထင်မှတ်ရပါသည်။
ဇာတ်လမ်းတိုရုပ်ရှင်ဇာတ်ကားနှင့်အကြောင်းအရာ
၀ဿန်ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သော ပြိုင်ပွဲဝင်ဇာတ်လမ်းတိုရုပ်ရှင်ဇာတ်ကားများကို လေ့လာကြည့်ရာ တွင် အချစ်ဇာတ်ကား(၃)ကား၊ နိုင်ငံ ရေးပဋိပက္ခ အခြေခံဇာတ်ကား(၁)ကားနှင့်ရုပ်ရှင်ပညာဆန်းသစ်မှုအသားပေးဇာတ်ကား(၁)ကားတို့ဖြင့် စုစုပေါင်းဇာတ်ကား(၅)ကားပါဝင်ပါ သည်။ အချစ်ဇာတ်ကား (၃)ကားအနက် (၂)ကားသည် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဖြစ်ပြီး ပင်မဇာတ်ကောင်(၃)ဦးအကြားဖြစ်ပေါ်သည့် ပဋိပက္ခကို ရိုက်ကူးထားခြင်းဖြစ်ပြီး ဇာတ်လမ်းမှာ အလွန်ရိုးရှင်းလှပါသည်။ သို့သော် တင်ပြထားသည့် တင်ပြထားပုံများနှင့်ရုပ်ရှင်ရိုက်ကူးခဲ့သူများ၏ အားထုတ်မှု၊ ရုပ်ရှင်အတတ်ပညာအသုံးပြုထားမှုများကို ထင်သာမြင်သာ တွေ့မြင်ရပါသည်။ ထိုဇာတ်ကား(၂)ကားမှာ ခေါ်သံတိုးတိတ် နှင့် Void တို့ဖြစ်သည်။ Void ဇာတ်လမ်းတိုရုပ်ရှင်ကို ၀ဿန်ရုပ်ရှင်ပွဲတော်၏ ဆုရွေးချယ်ရေးအဖွဲ့က အသိအမှတ်ပြုအားပေးသောအထူးဆု အဖြစ်ပေးအပ်ခဲ့ပါသည်။ Void ဇာတ်လမ်းတိုရုပ်ရှင်သည် အားနည်းချက်တစ်စုံတရာ ရှိခဲ့သည့်တိုင်အောင် အားထုတ်မှုကို အသိအမှတ်ပြုပေး ထိုက်ပါသည်။ ထို့အတူ ခေါ်သံတိုးတိတ်ဇာတ်လမ်းတိုရုပ်ရှင်ကား၏ အားထုတ်မှုကိုလည်း ထင်သာမြင်သာ မြင်တွေ့ရပါသည်။
ပွဲတော်တွင် ပြိုင်ပွဲဝင်ဇာတ်လမ်းတိုရုပ်ရှင်အဖြစ်ပြသခဲ့သော နိုင်ငံရေးပဋိပက္ခအခြေခံဇာတ်ကားမှာ Silence in Mrauk Oo ဇာတ်ကားဖြစ် ပါသည်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခပြီးနောက် တရားမျှတမှုနှင့်သစ္စာတရားပျောက်ဆုံးတိတ်ဆိတ်နေမှုကို ရိုက်ကူး ပြသခဲ့သော ဇာတ်လမ်းတိုရုပ်ရှင်ဇာတ်ကားဖြစ်ပါသည်။ ကုန်ကျစရိတ်အနည်းဆုံးအသုံးပြု၍ ရိုက်ကူးခဲ့သောဇာတ်ကားတစ်ကားဖြစ်ပြီး မြောက် ဦး၏လှပသော ရှုခင်းရှုကွက်များကို သေသပ်စွာထည့်သွင်းပြသခဲ့သော ဇာတ်ကားတစ်ကားလည်း ဖြစ်ပါသည်။ ထိုဇာတ်ကားကို ၀ဿန်ရုပ်ရှင် ပွဲတော်၏ ဆုရွေးချယ်ရေးအဖွဲ့ဝင်များက အကောင်းဆုံးဇာတ်လမ်းတိုရုပ်ရှင်ကားအဖြစ် ရွေးချယ်ပေးခဲ့ကြပါသည်။ အကောင်းဆုံးဇာတ်လမ်းတို ရုပ်ရှင်ကားဆုအပြင် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံအထူးဆုကိုလည်း ထိုဇာတ်ကားက ရရှိခဲ့ပါသည်။
ရုပ်ရှင်ဓာတ်ပုံပညာ
ဓာတ်ပုံပညာကို ကောင်းမွန်မှန်ကန်စွာ အသုံးချနိုင်ခြင်း၊ အရုပ်ကောင်းခြင်း၊ အရောင်အသွေးကောင်းခြင်း၊ အလင်းအမှောင်မှန်ကန်ခြင်းနှင့် ဓာတ်ပုံပညာမှပေးစွမ်းနိုင်သော အရသာ သို့မဟုတ် ရသကို အနုပညာလက်ရာဖြစ်လာစေရန် ဖန်တီးနိုင်ခြင်းတို့သည် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခု၏ အရည်အချင်းတစ်ရပ်ဖြစ်သည်။ မှတ်တမ်းရုပ်ရှင်ဖြစ်စေ၊ ဇာတ်လမ်းတိုရုပ်ရှင်ဖြစ်စေ ဇာတ်ကားနှင့်လိုက်ဖက်ညီသည့် ရုပ်ရှင်ဓာတ်ပုံပညာကို ထည့်သွင်းအသုံးပြုနိုင်သည်။ ရှစ်ကြိမ်မြောက် ၀ဿန်ရုပ်ရှင်တွင်ပြသခဲ့ပြီးသော ပြိုင်ပွဲဝင်မဟုတ်သောဇာတ်ကားများနှင့်ပြိုင်ပွဲဝင် ဇာတ်ကားများတွင် ရုပ်ရှင်ဓာတ်ပုံပညာကို မှန်ကန်စွာထည့်သွင်းဖန်တီးပြသထားနိုင်ခြင်း မရှိသည်ကို တွေ့ရပါသည်။ အရေအတွက် အလွန်နည်းသော ဇာတ်ကားအချို့သာ ရုပ်ရှင်ဓာတ်ပုံပညာကို ဂရုတစိုက် ထည့်သွင်းပြသထားသည်ကို တွေ့ရသည်။ စက်ပစ္စည်းနှင့်ဓာတ်ပုံပညာသည် အား နည်းခဲ့သောအချိန်ကာလများတွင်ပင် ရုပ်ရှင်ရိုက်ကူးသူများသည် ရုပ်ရှင်ဓာတ်ပုံပညာကို အကောင်းဆုံးဖြစ်စေရန်အသုံးပြုခဲ့ပြီး အနုပညာမြောက်မှုကို ပြသနိုင်ခဲ့သည်။ ယခုပွဲတော်တွင် ရုပ်ရှင်ဓာတ်ပုံပညာတင်ပြနိုင်မှုသည် ယခင်နှစ်များက ပြသခဲ့သောဇာတ်ကားများ၏ ရုပ်ရှင်ဓာတ်ပုံပညာ အရည်အသွေးဖြင့် နှိုင်းယှဉ်လျှင် လွန်စွာအားနည်းသွားကြောင်း တွေ့ရပါသည်။
အသံပညာ
ဇာတ်ကားကောင်းတစ်ခု၏ အရည်အသွေးနှင့်အရည်အချင်းတွင် အသံ၏ကောင်းခြင်းသည်လည်း အလွန်အရေးပါသည်။ ထိုကြောင့် ဇာတ်ကား ရိုက်ကူးချိန်တွင် ဇာတ်ကားအတွက် လိုအပ်မည့်အသံများနှင့်အထောက်အပံ့ပေးနိုင်မည့်အသံများကို ဂရုတစိုက်အလေးထား ဖမ်းယူကြခြင်းဖြစ် သည်။ အရုပ်နှင့်လိုက်ဖက်ညီသည့်အသံ၏ အရသာသည်လည်း ဇာတ်ကားကောင်းတစ်ခုအတွက် အလွန်အရေးပါလှသည်။ စကားပြောသံ၊ ပတ်ဝန်းကျင်၏အသံနှင့် ဇာတ်ကားက ဦးတည်ပြောဆိုနေသည့် ရည်ရွယ်ရာအသံတို့သည် အလွန်အရေးပါသော ပံ့ပိုးချက်များဖြစ်သည်။ ရှစ်ကြိမ် မြောက် ၀ဿန်ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့ပြီးသော ပြိုင်ပွဲဝင်မဟုတ်သောဇာတ်ကားများနှင့်ပြိုင်ပွဲဝင်ဇာတ်ကားအများစုတွင် အသံ၏ ကောင်းခြင်း ယုတ်လျော့နေသည်ကို တွေ့ရပြီး အသံအတွက် အားထုတ်ထားမှုများကိုလည်း သိသာထင်ရှားစွာ မတွေ့မြင်ခဲ့ရပါ။
ဆင်ဆာပြဿနာ
ရှစ်ကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော်တွင် ဆင်ဆာပြဿနာကို ကြုံတွေ့ခဲ့ကြရသည်။ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။ ယခုပွဲတော်တွင် ကြုံရသောဆင်ဆာပြဿနာမှာ ရုပ်ရှင်ဇာတ်ကားအတွင်း အမျိုးသမီးများ ဝိုင်သောက်ခွင့်မရခြင်း၊ လူမှုဘ၀တွင် ပြောဆို နေလေ့ရှိသော စောက် ဆိုသောစကား ပြောခွင့်မရခြင်းနှင့် အမျိုးသား၏ နဖူးကို အမျိုးသမီးက နမ်းခြင်းကို ခွင့်မပြုခြင်းစသည်တို့ဖြစ်ပါသည်။ ၀ဿန်ရုပ်ရှင်ပွဲတော်တွင် ပြသမည့်ဇာတ်ကားများကို ထိုသို့အကြောင်းပြချက်များဖြင့် ဆင်ဆာဖြတ်တောက်သော်လည်း အခြားသောရုံတင် ဇာတ် ကားများတွင် လိင်ပိုင်းဆိုင်ရာကိစ္စများကို မဖွယ်မရာပြောဆိုတင်ပြခြင်း၊ လိင်စိတ်ခံယူမှုကွဲပြားမှုကို ထိပါးပြောဆိုခြင်း၊ ညစ်ညမ်းသော အပြုအမှု နှင့်အပြောအဆိုများကို ပြောဆိုခြင်းနှင့် အခြေခံလူ့ရပိုင်ခွင့်များကို ထိပါးပုတ်ခတ် ပြောဆိုတင်ပြခြင်းတို့ကို သိသာထင်ရှားစွာ တင်ပြနေမှုကိုတော့ ဆင်ဆာက နှုတ်ဆိတ်နေလေသည်။
အမြင်သစ်ဆု
၀ဿန်ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆု၊ အကောင်းဆုံးဇာတ်လမ်းတိုရုပ်ရှင်ဆုနှင့် အမြင်သစ်ရုပ်ရှင်ဆု ဟူ၍ ဆု(၃)ဆု ပေးအပ်လေ့ ရှိပါသည်။ ရှစ်ကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုနှင့်အကောင်းဆုံး ဇာတ်လမ်းတိုရုပ်ရှင်ဆု စသည့် ဆု(၂)ဆုကိုသာပေးအပ်ခဲ့ပြီး အမြင်သစ်ရုပ်ရှင်ဆုကို ပေးအပ်နိုင်ခြင်းမရှိခဲ့ပါ။ ဆုမပေးနိုင်ခြင်းနှင့်ပတ်သက်၍ ဆုရွေးချယ်ရေးအဖွဲ့ဝင်များက မိမိတို့အနေဖြင့် အမြင်သစ်ရုပ်ရှင်ဆုအတွက် ဇာတ်ကားကို ရှာမတွေ့ခဲ့ပါဟုကြေညာခဲ့ပြီး ပွဲတော်အနေဖြင့် ဆုပေးအပ်ခြင်းလည်း မပြုခဲ့ပါ။ ပြိုင်ပွဲ ဝင်ရုပ်ရှင်ဇာတ်ကား ၁၁ ကို လေ့လာကြည့်ရာတွင် အမြင်သစ် သို့တည်းမဟုတ် တီထွင်ဆန်းသစ်ရိုက်ကူးထားသည်ဟု ယူဆနိုင်ဖွယ်ရှိသော၊ ဆိုနိုင်ဖွယ်ရှိသော ဇာတ်ကားအချို့ကို တွေ့ရပါသော်လည်း လွန်ခဲ့သည့်နှစ်များကပေးခဲ့သော အမြင်သစ်ဆုရဇာတ်ကားများ၏ အရည်အသွေးနှင့် အရည်အချင်းဖြင့် တိုင်းတာကြည့်ပါက ပြည့်မီနိုင်ခြင်းမရှိပါ။ ရိုက်ကူးထားသူများ၏ အားထုတ်မှုနှင့်ဆန်းသစ်သော အတွေးအမြင်၊ အယူအဆ၊ တင်ပြပုံများကို သိသာမြင်သာ မတွေ့မြင်ရပါသောကြောင့် အမြင်သစ်ဟုလည်း မဆိုသာပါ။ ထို့ကြောင့် ၀ဿန်ရုပ်ရှင်ပွဲတော် စီစဉ်ကျင်းပသူများ နှင့်ဆုရွေးချယ်ရေးအဖွဲ့၏ အမြင်သစ်ဆုမပေးသည့် ဆုံးဖြတ်ချက်ကို နှစ်သက်အားရမိပါသည်။ ၀ဿန်ရုပ်ရှင်ပွဲတော်အနေဖြင့် အမြင်သစ်ဆုကို လုံး၀ထည့်သွင်း မပေးခဲ့သည့်နှစ် ရှိခဲ့ပါသည်။ ယခုနှစ်သည် ဆုပေးရန် ရည်ရွယ်ပြင်ဆင်ထားပြီးပါမှ ဆုကိုလည်း မြင်နေရပြီးပါမှ အမြင်သစ်ဆို သော ဆုနှင့်ထိုက်တန်သည့်ဇာတ်ကားကောင်းကို မတွေ့ရသောကြောင့် ဆုမပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ဆုတံဆိပ်
၀ဿန်ရုပ်ရှင်ပွဲတော်စတင်ခဲ့သော ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ၊ (၇)နှစ်သာကာလအတွင်းတွင် ၀ဿန်ရုပ်ရှင်ပွဲတော်၏ ဆုတံဆိပ်ကို မြန်မာ အနုပညာသမားတစ်ဦးဖြစ်သူ ငြိမ်းချမ်းဆု၏ အနုပညာဖန်တီးမှုလက်ရာဖြင့် ပေးအပ်ခဲ့ပါသည်။ ငြိမ်းချမ်းဆုသည်လည်း ဆုတံဆိပ်ကို အနုပညာ လက်ရာတစ်ခုအဖြစ်အားထုတ် ဖန်တီးခဲ့ပါသည်။ ၀ဿန်ရုပ်ရှင်ပွဲတော်သည်လည်း ငြိမ်းချမ်းဆုထံ ဆုတံဆိပ်လက်ရာအတွက် လေးစားစွာဖြင့် အပ်နှံခဲ့ကြပါသည်။ ရှစ်ကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော်တွင် ဆုတံဆိပ်လက်ရာ/ဒီဇိုင်းကို ပြောင်းလဲပေးအပ်ခဲ့ပါသည်။ သံထည်နှင့်သေတ္တာခုံ အခြေခံဖြင့် ဆုတံဆိပ်ကို ငြိမ်းချမ်းဆုက ဖန်တီးထားခဲ့ပြီး ယခုအခါတွင် ဖန်ထည်နှင့်သေတ္တာခုံအခြေခံဖြင့် ဆုတံဆိပ်ကို ပေးအပ်ခဲ့ပါသည်။ ယခု ပေးအပ်သည့် ဆုတံဆိပ်အတွက် Traditional Czech Crystal က တာဝန်ယူပေးပါသည်။ (၇)နှစ်သာကာလပတ်လုံး ပေးအပ်ခဲ့သော ဆုတံဆိပ်လက်ရာသည် နှစ်လိုဖွယ်ကောင်းခဲ့ပြီး အဖိုးတန်သောအနုပညာလက်ရာတစ်ခုကို ဆုရရှိသူသည် ပိုင်ဆိုင်ခွင့်ရခဲ့ခြင်းဖြစ်ပါသည်။ ထို နည်းအတူ ယခုနှစ်တွင် ပေးအပ်ခဲ့သော ဆုတံဆိပ်လက်ရာသည်လည်း နှစ်လိုဖွယ်ကောင်းပြီး အဖိုးတန်သောအနုပညာလက်ရာတစ်ခုကို ဆုရရှိသူ များသည် ပိုင်ဆိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ၀ဿန်ရုပ်ရှင်ပွဲတော်ဆုတံဆိပ်ကို အနုပညာလက်ရာတစ်ခုအဖြစ် အမြတ်တနိုးသိမ်းဆည်း ပြသထား နိုင်ရန် စီစဉ်ပေးသည့် စီစဉ်သူများနှင့်ဖန်တီးပေးသည့် လက်ရာရှင်များ၏ အားထုတ်မှုကို လေးစားမိပါသည်။
နိုင်ငံတကာအစီအစဉ်များ
၀ဿန်ရုပ်ရှင်ပွဲတော်တွင် အာရှနှင့်နိုင်ငံတကာမှ ရုပ်ရှင်ဇာတ်ကားများကိုလည်းထည့်သွင်း၍ နှစ်စဉ်ပြသလေ့ရှိပါသည်။ ယခုနှစ်တွင် S-Express အမည်ဖြင့် ထိုင်း၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့်ဗီယက်နမ်တို့မှ ရုပ်ရှင်ဇာတ်ကားများကို ပြသခဲ့ပါသည်။ ထို့အပြင် ထိုင်ဝမ်ရုပ်ရှင်ကား(၆)ကား၊ ဂျပန်အမျိုးသမီးဒါရိုက်တာများ၏ ရုပ်ရှင်ကား(၆)ကား၊ International Panorama ခေါင်းစဉ်ဖြင့် ဇာတ်ကား(၆)နှင့် Selected Shorts from Signes De Nuit ခေါင်းစဉ်ဖြင့် ဇာတ်ကား(၇)ကားတို့ကို ပြသခဲ့ပါသည်။ ရုပ်ရှင်ပွဲတော်၏ အထူးဇာတ်ကားအနေဖြင့် ဂျပန်ရုပ်ရှင်ဒါရိုက်တာ Akio Fujimoto ရိုက်ကူးသည့် Passage of Life ဇာတ်ကားကို ပြသခဲ့ပါသည်။ ထိုဇာတ်ကားသည် ဂျပန်နိုင်ငံရောက် မြန်မာမိသားစုတစ်စု၏အကြောင်းကို ရိုက်ကူးထားသော ဇာတ်ကားဖြစ် သည်။ မြန်မာသရုပ်ဆောင်များအဓိကပါဝင်ပြီး မြန်မာနှင့်ဂျပန်နှစ်နိုင်ငံအကြားရှိ ဆက်နွယ်နေသည့်၊ ကူးလူးနေသည့် လူမှုဘ၀အခြေအနေ တစ်စုံ တရာကို ရိုက်ကူးတင်ပြထားပါ၍ လည်းကောင်း၊ ရုပ်ရှင်ရိုက်ကူးသူနှင့်မြန်မာနိုင်ငံအတွင်းရှိ ဂျပန်အသိုင်းအဝန်းကြောင့် လည်းကောင်း၊ မြန်မာနှင့်ဂျပန်အကြားရှိခဲ့သော ဆက်ဆံရေးအရ လည်းကောင်း ထိုဇာတ်ကားကို ကြည့်ရှုအားပေးသူ များပြားခဲ့ပါသည်။ ၀ဿန်ရုပ်ရှင်ပွဲတော်တွင် ပရိသတ်အကြား အောင်မြင်မှုရရှိခဲ့သော အထူးဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါသည်။
ရုပ်ရှင်ဇာတ်ကားများ အသီးသီးပြသခြင်းအပြင် စကားဝိုင်းဆွေးနွေးပွဲများ၊ ပညာရပ်ဆိုင်ရာဟောပြောပို့ချခြင်းများနှင့် ရုပ်ရှင်ချစ်သူများအကြား အပြန်အလှန်ချိတ်ဆက် ရှင်သန်နိုင်မည့်အစီအစဉ်များကိုလည်း စီစဉ်ပေးခဲ့ပါသည်။ အာရှနှင့်နိုင်ငံတကာမှ ဇာတ်ကားများကို ပြသခြင်း၊ သက် ဆိုင်ရာပုဂ္ဂိုလ်များကို ဖိတ်ကြားခြင်းနှင့်ရုပ်ရှင်ချစ်သူများအကြား အချင်းချင်းမိတ်ဖွဲ့နိုင်မည့်အစီအစဉ်များသည် မြန်မာ့ရုပ်ရှင်ရပ်ဝန်းအတွက် တစ်စုံတရာအင်အားဖြစ်စေမည့် အစီအစဉ်များဖြစ်ပါသည်။
ကိုးကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော်သို့ မျှော်လင့်ခြင်း
၂၀၁၉ ခုနှစ် စက်တင်ဘာလသို့ရောက်လျှင် ၀ဿန်ရုပ်ရှင်ပွဲတော်ကို ကျင်းပကြမည်ဖြစ်ပြီး ပြိုင်ပွဲဇာတ်ကားများ၊ ပြိုင်ပွဲဝင်မဟုတ်သာဇာတ်ကား များနှင့်နိုင်ငံတကာမှ ရုပ်ရှင်ဇာတ်ကားများပြသခြင်း အစီအစဉ်များလည်း ပါဝင်မြဲပါဝင်နေမည်ဖြစ်သည်။ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဇာတ် ကားဆု၊ အကောင်းဆုံးဇာတ်လမ်းတိုရုပ်ရှင်ဆုနှင့် အကောင်းဆုံးအမြင်သစ်ရုပ်ရှင်ဇာတ်ကားဆု ဆိုသော ၀ဿန်ရုပ်ရှင်ပွဲတော်၏ ဆုကြီးများ သည်လည်း ရှိနေမြဲ ရှိနေပြီး၊ ပေးနေမြဲ ပေးနေဦးမည်ဖြစ်သည်။ ၀ဿန်ရုပ်ရှင်ပွဲတော်မှတစ်ဆင့် အခြားသောရုပ်ရှင်ပွဲတော်များနှင့်ရုပ်ရှင်ရပ်ဝန်း များသို့ ရုပ်ရှင်ရိုက်ကူးသူများသည် ခရီးဆန့်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ၀ဿန်ရုပ်ရှင်ပွဲတော်၏အရေးကြီးသောအခန်းကဏ္ဍအတွက် အရေး အပါဆုံးသောသူများသည် ရုပ်ရှင်ဇာတ်ကားရိုက်ကူးထုတ်လုပ်သူများဖြစ်ပါသဖြင့် မိမိတို့၏ ဇာတ်ကားများကို အကောင်းဆုံး၊ အသေသပ်ဆုံး နှင့်အားထုတ်မှုတို့ကို အမြင့်မားဆုံးထားရှိပြီး ပြသနိုင်ရန်လိုအပ်ပါသည်။ ၀ဿန်ရုပ်ရှင်ပွဲတော်ကို စီစဉ်သူများအနေဖြင့်လည်း ပွဲတော်တွင် အကောင်းဆုံးသောဇာတ်ကားများကို ပြသနိုင်ရန် မျှော်လင့်နေမည်ဖြစ်သကဲ့သို့ ရုပ်ရှင်ချစ်သူများကလည်း တသသဖြစ်နေရမည့်ဇာတ်ကားများကို မျှော်လင့်နေကြပါသည်။
မြန်မာရုပ်ရှင်အနုပညာရပ်ဝန်းတွင် မကြာမီကာလများကစတင်၍ မြန်မာ့ရုပ်ရှင်လှိုင်းသစ် ဆိုသောအသံကို စတင်ကြားသိလာရပါသည်။ လှိုင်းကြီး တစ်ခုရိုက်ခတ်လာရန်အတွက် လှိုင်းငယ်လေးများက စတင်ရပါသည်။ အဆိုပါ လှိုင်းငယ်လေးများတွင် ရုပ်ရှင်ရိုက်ကူးသူများအပါအဝင် ရုပ်ရှင် ပွဲတော်များနှင့် ရုပ်ရှင်ချစ်သူများလည်း ပါဝင်ပါသည်။ လှိုင်းငယ်များ အားကောင်းပါမှ လှိုင်းလုံးကြီးသည်လည်း အားကောင်းမည်ဖြစ်ပါသည်။ ထို့ကြောင့် အားကောင်းမောင်းသန်သော ရုပ်ရှင်လှိုင်းလုံးငယ်များကို ၂၀၁၉ ခုနှစ် ၀ဿန်ချိန်ခါတွင် မြင်ရ၊ တွေ့ရ၊ ကြားရ၊ ကြည့်ရမည်ဟု မျှော် လင့်မိပါသည်။
ဟန်ဆန်း
၂၀၁၈ ခုနှစ် နိုဝင်ဘာလထုတ် 3 Act ရုပ်ရှင်မဂ္ဂဇင်း အမှတ်(၂)တွင် ဖော်ပြခဲ့သောစာမူဖြစ်ပါသည်။