စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာပေအမြင်စာအုပ်သည် မဂ္ဂဇင်းများတွင် မြင့်သန်းရေးသားခဲ့သည့် စာပေဆိုင် ရာဆောင်းပါး(၁၈)ပုဒ်ကိုစုစည်း၍ နှစ်ကာလများ စာအုပ်တိုက်က ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ၌ ထုတ်ဝေခဲ့သော စာအုပ်ဖြစ် သည်။ ထိုစာအုပ်သည် စာပေဆိုင်ရာအယူအဆ၊ အကောက်အယူ၊ နားလည်မှုနှင့်ပညာရည်မပြည့်ဝခြင်းကြောင့် ခံစားရသည့် အကျိုးဆက်များကို ဝေဖန်ထောက်ပြထားသော ဆောင်းပါးများစုစည်းမှု စာအုပ်တစ်အုပ်ဖြစ်သည်။
စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာပေအမြင်စာအုပ်ကို စာအုပ်စီစဉ်သူ(စာအုပ်တိုက်)က တူညီရာအကြောင်း အရာနှင့်အမျိုးအစားအလိုက် အမျိုးအစားခွဲခြင်း၊ ကဏ္ဍခွဲခြင်းနှင့်ဖွင့်ဆိုရှင်းလင်းခြင်းများကို မပြုထားသော်လည်း
(က)ဘာသာ ပြန်ခြင်းနှင့်ပတ်သက်၍
(ခ)တက်ကျမ်းများနှင့်ပတ်သက်၍
(ဂ)မော်ဒန်/ပို့စ်မော်ဒန်နှင့်ပတ်သက်၍
(ဃ)စာရေးဆရာနှစ်ဦး၏ စာပေလက်ရာများနှင့်ပတ်သက်၍
ဟူသောအကြောင်းအရာများကို တင်ပြထားသော၊ ထောက်ပြဝေဖန်ထားသော စာအုပ်တစ်အုပ်ဖြစ်သည်။
စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာပေအမြင်စာအုပ်တွင် ဘာသာပြန်ခြင်းနှင့်ပတ်သက်၍ ဗမာဘာသာစကား မဟုတ်သော ဝေါဟာရ၊ စကားလုံးများကို အသံဖလှယ်ယူရာတွင် မူမမှန်သည့် ကိစ္စများ၊ လွဲမှားခြင်းများ၊ အကောက်အယူလွဲခြင်း များ၊ ပညာရပ်ဆိုင်ရာနယ်ပယ်နှင့်ပညာရပ်ဆိုင်ရာအတိမ်အနက်ကို ထဲထဲဝင်ဝင်မသိပါဘဲ ထင်မြင်မိသလို လွယ်လင့်တကူ လွဲမှား စွာဘာသာပြန်ခြင်းများ၊ ကာလ၊ ဒေသနှင့်မကိုက်ညီသော အယူအဆများ၊ အတွေးအခေါ်များကို ဘာသာပြန်ခြင်းဖြင့် အတင်းအဓမ္မသွတ်သွင်းခြင်းနှင့် ‘‘သူမ’’ဟူသောအသုံးအနှုန်းတစ်ရပ်ပေါ်ပေါက်အသုံးပြုလာသည်နှင့်ပတ်သက်သည်များကို ရေးသားထားသည်။
‘‘အသံဖလှယ်ရာမှာ ကျွန်တော်ကတော့ ကင်းဝန်မင်းကြီးက စလို့ အင်္ဂလိပ်လို တတ်ရုံမဟုတ်ဘူး။ အင်္ဂလိပ်စကားအပါအဝင် နိုင်ငံခြားဘာသာစကားသုံး အရပ်ဒေသတွေကို ရောက်ခဲ့ဖူးတဲ့ မြန်မာပညာရှင်တွေရဲ့ အသံဖလှယ်ပုံကို နမူနာယူတယ်။ ကင်းဝန် မင်းကြီးက Republic ကို “ရိပါပလစ်” ပဲရေးတယ်။ Nepoleon ကို “နိပိုလိရံ” လို့ရေးတယ်။ အိုင်စီအက်(စ)ဦးစိန်တင်(သိပ္ပံ မောင်၀)က Oxford ကို “အောက်စဖို့ဒ်”။ Blackwell ကို “ဗလက်ဝဲ” လို့ပဲ ရေးတယ်။ လန်ဒန်တက္ကသိုလ်မှာ ဆရာလုပ်လာတဲ့ ဒေါက်တာလှဖေက Hippocratic ကို “ဟစ်ဖို့ခရေ့ထိ”။ Clinic ကို “ခလင်းနစ်”လို့ မြန်မာလိုရေးတယ် (ဒီနေရာမှာ ကြားဖြတ်ရေးချင်တာ တစ်ခုက၊ ဒေါက်တာလှဖေ မြန်မာလိုရေးတဲ့ အသံထွက်ဟာ သာမန်အင်္ဂလိပ်အသံထွက် မဟုတ်ဘူး။ အင်္ဂလိပ်ပညာရပ် ဆိုင်ရာအဆောက်အအုံတွေ အထဲမှာပြောတဲ့ ပညာတတ်တွေရဲ့ အသံထွက်ပဲ။ ‘‘ကလင်းနစ်’’လို့ ပြီးစလွယ်မရေးဘဲ ‘‘ခလင်း နခ်”လို့ ရေးတာကိုသာ ကြည့်ပါ။ ဒါမျိုးက နမူနာယူထိုက်တယ်)။ Hippocratic ကို “ဟအစ်ပအိုခရတ္တိက” လို့ အသံမဖလှယ် ဘူး။ အဲဒီလိုပဲ ဦးစိန်တင်က Oxford ကို “အောက်စဖို့ဒ်” လို့ပဲရေးတယ်။ “အောက်စဖဒ်”လို့ မရေးဘူး’’ဟု အသံဖလှယ်ခြင်းနှင့် ပတ်သက်၍ (ဆရာ)မြင့်သန်းက ထိုစာအုပ်ပါ ‘‘ရိုမဲင်တစ်စစ်ဇင် သို့မဟုတ် ရိုမဲင်တစ်စစ်ဇင်’’ဆောင်းပါး၊ စာ-၄၆ တွင် ထည့်သွင်းရေးသားခဲ့သည်။
စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာပေအမြင်စာအုပ်တွင် တက်ကျမ်းများနှင့်ပတ်သက်၍ တက်ကျမ်းဖတ်သူ ထက် တက်ကျမ်း ဘာသာပြန်သူ သို့မဟုတ် တက်ကျမ်းရေးသားသူသည်သာ ကြီးပွားတိုးတက်သွားကြောင်း၊ တက်ကျမ်းဘာသာ ပြန်သူ သို့မဟုတ် ရေးသူသည် ထိုနည်းလမ်းကို လက်တွေ့ကျင့်သုံးပါက စာအုပ်ရေးသားသည်ထက် ပိုမိုကြီးပွားနိုင်ကြောင်း၊ မတူညီသော လူများကို ပုံစံခွက်တစ်ခုအတွင်းသို့ အတင်းသွတ်သွင်း၍ မရနိုင်ကြောင်းနှင့် တက်ကျမ်း၏ အန္တရာယ်များအကြောင်း ကို ရေးသားထားသည်။
‘‘ကျွန်တော်ကတော့ အဲဒီအရေးအသားတွေမှာ အယုံအကြည်မရှိဘူး။ ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ သီးခြားတည်ရှိနေတဲ့ လူအသီးသီးကို ယေဘုယျစံ၊ ယေဘုယျစနစ် တစ်စုံတစ်ရာ အောက်မှာထားပြီး ထိန်းကျောင်းပြီး ဘဝလမ်းကြောင်း ပြောင်းပေး လို့ ရလိမ့်မယ်လို့ မယုံကြည်ဘူး။ လူတိုင်းမှာ တူညီတဲ့ အနေအထား၊ တစ်သားတည်းကျတဲ့ အခြေအနေ၊ အခွင့်အရေးတွေ ရှိ တယ်၊ ရှိလိမ့်မယ်လို့ ကျွန်တော် မယုံဘူး။ အနေအထားချင်း မတူလို့ ပုတ်သင်ညိုတောင်မှ မညိုဘဲ စိမ်းတဲ့အခါ စိမ်းတာကို လက်ခံတယ်။ ခုခေတ်မှာတော့ ကာလဒေသ ပယောဂကို ထည့်မစဉ်းစားဘဲ နင်းပြီး ဘာသာပြန်ထားတဲ့ တက်ကျမ်းတွေ မှိုလို ပေါက်နေတယ်’’ဟု တက်ကျမ်းများနှင့်ပတ်သက်၍ (ဆရာ)မြင့်သန်းက ထိုစာအုပ်ပါ ‘‘အောက်မှာ နေရာလွတ်တွေ အပုံကြီးရှိ တယ်’’ဆောင်းပါး၊ စာ-၁၂၁ တွင် ထည့်သွင်းရေးသားခဲ့ပါသည်။
စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာပေအမြင်စာအုပ်တွင် မော်ဒန်/ပို့စ်မော်ဒန်နှင့်ပတ်သက်၍ ဖွင့်ဆိုရှင်းလင်း တင်ပြကြရာတွင် ပညာရပ်ဆိုင်ရာအခြေအမြစ်ကို အတိအကျမသိမြင်၊ မလေ့လာပါဘဲ မိမိထင်မြင်မိသလို ကောက်ယူလိုက်သည့် အတွက် လွဲမှားစွာ နားလည်မှုလွဲမှားရသည့်အကြောင်းကို ရေးသားထားသည်။
‘‘မြန်မာပို့စမော်ဒန်စာပေအရာမှာ တပည့်တပန်းတွေက လုပ်ပိုင်ခွင့်ရှိစေသားလို့ လက်မှတ်ပေးပြီးသား ပညာရှိတွေက ‘‘ပညာ ရပ်ဆိုင်ရာကိစ္စ၊ သတ်မှတ်ချက်ကိစ္စ’’ ဘာညာကွိကွကြေညာပြီး တစ်လွဲတွေ ရေးနေတာကတော့ သိချင်တဲ့ နားလည်ချင်တဲ့ လူငယ်တွေ နစ်နာတယ်လို့ ကျွန်တော်မြင်တယ်’’ဟု မော်ဒန်/ပို့စ်မော်ဒန်နှင့်ပတ်သက်၍ (ဆရာ)မြင့်သန်းက ထိုစာအုပ်ပါ ‘‘ဘာကို သွားစိစစ်ကြလို့ စာသားစိစစ်ချက်လို့ ခေါ်ရတာတုံး’’ဆောင်းပါး၊ စာ-၉၅ တွင် ထည့်သွင်းရေးသားခဲ့ပါသည်။
စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာပေအမြင်စာအုပ်တွင် စာရေးဆရာနှစ်ဦး၏ စာပေလက်ရာများနှင့် ပတ် သက်၍ ‘‘ဆယ်မြူ ရယ်ဘက်ကက်၏ အရေးအသားနှင့်အတွေးအခေါ်’’နှင့် ‘‘ဂျွိက်စ်နှင့် ဒဗ္ဗလင်မြို့ကလူများ’’ဆောင်းပါ နှစ်ပုဒ်ကို ဖော်ပြထားသည်။ ထိုဆောင်းပါးသည် ဆယ်မြူရယ်ဘက်က်နှင့်ဂျိမ်းဂျွိက်စ်တို့၏ စာပေလက်ရာများနှင့်အရေးအသား များ၊ အယူအဆများအကြောင်းကို ရေးသားထားခြင်းဖြစ်သည်။
‘‘ Stream of Consciousness သည် ကိုယ့်လှေကိုထိုး ပဲခူးရောက်ရောက် ဟူသော ခံယူချက်မျိုးဖြင့် တက်ကိုဖြုတ်ကာ ရွက်ချည်း သက်သက်ဖြင့် လေ့လာရာတွင် လွင့်စေတော့ဟု လွွှင့်ပစ်ထားခြင်း မဟုတ်ပါ။ သိစိတ်၏ အလျဉ်ထဲတွင် ကြုံသလိုကောက်ယူကာ တင်ပြခြင်း မဟုတ်ပါ။ တစ်စုံတစ်ရာကြောင့် ပေါ်ပေါက်လာသည့် သိစိတ်ဖြစ်ပေါ်နေခြင်းအတွင်းမှ သိလာနိုင်မှုများသာ ဖြစ်ပါ သည်။ စင်စစ် ဤရေးသားနည်း ဟန်ပုံစံမှာ ဂျွိုက်စ်က တီထွင်‘လိုက်သော’ သို့မဟုတ် ‘ထားသော’ စာအရေးအသားအားဖြင့် တင်ပြနည်းတစ်ခု မဟုတ်ပါ။ ပြင်သစ်လူမျိုး၊ သင်္ကေတဝါဒီဖြစ်သူ အက်ဒဝပ် ဂျူယာဒင် Edward Dujardin က စတင်ရေးသားခဲ့သော ရေးသားနည်းသာဖြစ်ပါသည်’’ဟု ‘‘ဂျွိက်စ်နှင့်ဒဗ္ဗလင်မြို့ကလူများ’’ဆောင်းပါး၊ စာ-၁၉ဝ တွင် ထည့်သွင်းရေးသား ခဲ့သည်။
စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာပေအမြင် စာအုပ်တွင် ဖော်ပြထားသည့် ဆောင်းပါးများသည် မြန်မာ့စာပေ အသိုက်အဝန်းအတွင်းမှ လွဲမှားနေသောအယူအဆများနှင့်အကောက်အယူများကို အဓိကထောက်ပြထား၍ စာရေးသူ(ဆရာ) မြင့်သန်း၏ အယူအဆနှင့်အကောက်အယူများကို တင်ပြထားခြင်းဖြစ်၍ စာပေလေ့လာသူများနှင့်စာရေးဆရာများအနေဖြင့် ချင့်ချိန်ထောက်ချင့်စရာ၊ ကိုးကားဖွယ်ရာ၊ ဆက်လက်လေ့လာဖွယ်ရာ အချက်အလက်ကောင်းများကို ရရှိနိုင်မည်ဖြစ်ပါသည်။
စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာပေအမြင်စာအုပ်ကို မြင့်သန်းက ရေးသား၍ နှစ်ကာလများစာပေက ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမအကြိမ်အဖြစ် ထုတ်ဝေဖြန့်ချိခဲ့သည်။
ဟန်ဆန်း