နေမျိုး၏ ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ၌ ‘ငါတို့စာပေ’စာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။ ဝတ္ထုတိုပေါင်း ချုပ်စာအုပ်တွင် နေမျိုး၏ ဝတ္ထုတို၊ ဝတ္ထုလတ်နှင့် စကားပြေအရေးအသား(၁၁၆)ပုဒ် ပါဝင်သည်။ ‘ကြေးရုပ်မြို့တော်’၊ ‘တော ကျီးကန်း’၊ ‘ရုပ်ရှင်’အစရှိသည့် စကားပြေလက်ရာများအပါအဝင် နေမျိုး၏ ထင်ရှားသည့်စာပေလက်ရာများကို ဝတ္ထုတိုပေါင်း ချုပ်တွင် ဖတ်ရှုရမည်ဖြစ်သည်။ နေမျိုး၊ ဝတ္ထုတိုပေါင်းချုပ်၊ ဝတ္ထုတိုစုစည်းမှုဟုဆိုသော်လည်း ဝတ္ထုလတ်ဟုသတ်မှတ်နိုင်သော ‘ရုပ်ရှင်’ဝတ္ထုကဲ့သို့ ဝတ္ထုအမျိုးအစားများကိုလည်း တွေ့ရသည်။ ဝတ္ထုတိုပေါင်းချုပ် ဟုဆိုသော်လည်း စာအုပ်ပါအရေးအသား အားလုံးကို ဝတ္ထုတိုများဟုဆိုရန် ခက်ခဲပေလိမ့်မည်။ နေမျိုး၏ ဝတ္ထုတိုပေါင်းချုပ်စာအုပ်ပါ စကားပြေအရေးအသားများကို ဝတ္ထုတို၊ ဝတ္ထုလတ်၊ အက်ဆေး၊ စာစုနှင့် စမ်းသပ်အရေးအသားများဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ‘ငါတို့စာပေ’အနေဖြင့် အမျိုးအစား ခွဲခြားပေးထားခြင်း၊ ဖွင့်ဆိုရှင်းပြထားခြင်းနှင့်အမှာစာထည့်သွင်းခြင်းအစရှိသည့် ထုတ်ဝေရေးလုပ်ငန်းများကို ဆောင်ရွက်ထားခြင်းမပြုထားဘဲ စာမူများကို စုစည်း၍သာထုတ်ဝေထားသည်ကို တွေ့ရသည်။
နေမျိုး၏ စကားပြေအရေးအသားများကို ၁၉၉ဝ ခုနှစ်ဝန်းကျင်ခန့်တွင် အားကောင်းမောင်းသန်စွာဖြင့် ဟန်သစ်မဂ္ဂဇင်း၌ ဖတ်ရှု ခွင့်ရခဲ့သည်။ အရသာအသစ်၊ အတွေးအမြင်အသစ်နှင့် သစ်လွင်သောစာပေယဉ်ကျေးမှုကို ဆာလောင်မွတ်သိပ်နေကြသော လူငယ် များအကြားတွင် နေမျိုး၏ စကားပြေအရေးအသားများသည် ထင်ရှားအောင်မြင်ခဲ့ရသည်။ နေမျိုး၏ စာပေလက်ရာများကို ဟန်သစ်၊ ကလျာ၊ သရဖူ၊ စတိုင်သစ်နှင့် ချယ်ရီမဂ္ဂဇင်းတို့၌ ဖတ်ရှုခဲ့ကြရသည်။ ‘ငါတို့စာပေ’မှထုတ်ဝေလိုက်သည့် နေမျိုး၏ ဝတ္ထုတိုပေါင်းချုပ်စာအုပ်တွင် ၁၉၉ဝ ခုနှစ်မှ ၂ဝဝ၃ ခုနှစ်အထိ နေမျိုးရေးသားခဲ့ သည့် စာပေလက်ရာများကို စုစည်းထားခြင်း ဖြစ်သည်။ ထိုစာပေလက်ရာများသည် မြန်မာစာပေလောကအတွက် အရေးပါသောစာပေလက်ရာများလည်း ဖြစ်သည်။
နေမျိုး၏ စာပေလက်ရာများသည် အိပ်မက်နှင့်အစစ်အမှန်အကြားတည်ရှိနေသည့် အမည်မသိနိုင်သောအရာဝတ္ထုများအပေါ်တည်ဆောက်ထားသည်ဟု အောင်ခင်မြင့် ရေးသားသော ‘တိမ်လွွှာမို့မို့လွင်မှသည် ပို့စ်မော်ဒန်အနုပညာဆီသို့’စာအုပ်တွင် ဖော်ပြခဲ့ သည်။ စကားပြေပိုင်နိုင်ခြင်း၊ ဝေါဟာရရွေးချယ်သုံးနှုန်းမှု အားကောင်းခြင်းနှင့်ပိုင်နိုင်ခြင်း၊ ရိုးရှင်းသည့်အကြောင်းအရာကို ထူးခြားဆန်းသစ်စွာ တင်ပြတတ်ခြင်း၊ သမားရိုးကျတွေးတောမှုများမှ သွေဖယ်ခြင်း၊ စာပေအနုပညာဝမ်းစာပြည့်ဝခြင်း၊ စိတ်ကူးစိတ်သန်းကောင်းမွန်ခြင်း၊ အနုစိတ်ရေးသားတတ်ခြင်း၊ ဝါကျတည်ဆောင်ပုံ အားကောင်းခြင်းနှင့်လှပခြင်းစသည်တို့ကို နေမျိုး၏ ဝတ္ထုတိုပေါင်းချုပ်စာအုပ်ပါ စာပေလက်ရာများတွင် ထင်ရှားစွာတွေ့ရသည်။
အိမ်ရှင်အဖိုးကြီး၊ အမျိုးသမီးတစ်ဦး၊ တောကျီးကန်း၊ ပန်းချီဆရာ၊ ကဗျာဆရာ၊ စာပို့သမား၊ အယ်ဒီတာ၊ ဇနီး၊ ဆာလောင်နေသူ၊ ခွေး၊ ဘုရား သခင်၊ ကျွန်တော်၊ နီဂရိုနှင့် မြသန်း တို့သည် နေမျိုး၏ ဝတ္ထုတိုပေါင်းချုပ်စာအုပ်ပါ စကားပြေအရေးအသားများတွင် တွေ့ရသည့် ဇာတ်ကောင်များဖြစ်သည်။ နီဂရိုနှင့်မြသန်းတို့ပါဝင်သော စကားပြေများကို နောက်ပိုင်းအရေးအသားအချို့တွင် တွေ့ ရသည်။ ထိုဇာတ်ကောင်နှစ်ကောင်ကို နေမျိုးအနေဖြင့် ဇာတ်ကောင်အဖြစ် မွေးမြူထားပြီး သူ၏ စကားပြေအရေးအသားအချို့ တွင် ပင်တိုင်အသုံးပြုခဲ့သည်ကို တွေ့ရသည်။ နေမျိုး၏ ဇာတ်ကောင်များသည် ထူးခြားသည့် ဇာတ်ကောင်များဖြစ်သည့်အပြင် ဆာလောင်မွတ်သိပ်နေကြသည့် ဇာတ်ကောင်များလည်းဖြစ်သည်။
ဆာလောင်မွတ်သိပ်နေကြသော ဇာတ်ကောင်များနှင့်ပတ်သက်၍ ‘ဆာလောင်မွတ်သိပ်မှုသည် မွေးရာပါ ကျွမ်းကျင်မှုဖြစ်ပြီး သဘာဝတရားနှင့်လိုက်လျောညီသည်ဟု နေမျိုးက သူ၏ စကားပြေအရေးအသားဖြစ်သော ‘‘King of the Writers, စာရေးဆရာ’’(စာ-၁၆၄)တွင် ထည့်သွင်းရေးသားခဲ့သည်။ ပန်းချီဆရာ၊ စာရေးဆရာ၊ အနုပညာသမားဘဝ၏ အခက်အခဲ၊ အနုပညာသမားနှင့်သာမန်သူတို့အကြား ကွာဟချက်၊ အနုပညာထက် ငွေကြေးပြည့်စုံမှုကို ရံဖန်ရန်ခါတွင် ဦးစားပေးလိုက်ရသည့် အကြောင်းအရာများကိုလည်း နေမျိုး၏ အရေးအသားများတွင် တွေ့ရသည်။ ‘‘ကျွန်ုပ်အောင်မြင်လာရတာ ကျွန်ုပ်အောင်မြင်လာ တာဟာ အဲဒီဇာတ်ကောင်တွေနဲ့ အဲဒီအကြောင်းအရာတွေကို ခင်ဗျားတို့ ပြောချင်လာအောင် ရေးနိုင်လို့ပါပဲ ဘေဘီ’’(စာ-၂ဝ၈)ဟု ‘‘စာရေးဆရာ N နှင့် အင်တာဗျူး’’စကားပြေအရေးအသားတွင် နေမျိုးက ရေးသားခဲ့သည်။ ‘‘နေမျိုးရဲ့ ဇာတ်ကောင်တွေဟာ အလွန်တရာ ဆာလောင်မွတ်သိပ်နေတဲ့ ဇာတ်ကောင်တွေဖြစ်တယ်။ အစားအစာ၊ ငွေကြေး၊ လုံခြုံမှု၊ အောင်မြင်မှု၊ အဓိပ္ပါယ်တွေကို ဆာလောင်နေကြတာ’’ဟု အောင်ခင်မြင့် ရေးသားသော ‘တိမ်လွွှာမို့မို့လွင်မှသည် ပို့စ်မော်ဒန်အနုပညာဆီသို့’ စာအုပ်တွင် ဖော်ပြခဲ့သည်။
လက်ဖက်ရည်ဆိုင်၊ နယ်မြို့၊ အရက်ဆိုင်၊ စာတိုက်၊ အိမ်ခန်း အစရှိသည့် အခင်းအကျင်းများသည် နေမျိုး၏ ဝတ္ထုတိုပေါင်းချုပ် စာအုပ်ပါ စကားပြေအရေးအသားများတွင်တွေ့ရသည့် အခင်းအကျင်းများဖြစ်သည်။ ထိုအခင်းအကျင်းများနှင့်အတူ ‘ဓား’ တစ်လက်ကိုလည်း သူ၏ စကားပြောအရေးအသားများတွင် ထည့်သွင်းရေးသားသည်ကို တွေ့ရသည်။ ဝတ္ထုလတ်ဖြစ်သော ‘ရုပ်ရှင်’အမည်ရသည့် စကားပြေအရေးအသားတွင် ‘ဓား’ကို သိသာထင်ရှားစွာ ထည့်သွင်းရေးသားထားသည်။ ဝါကျအတို၊ အရှည်များကို ပိုင်နိုင်ကျွမ်းကျင်စွာအသုံးပြုတတ်ကြောင်းကိုလည်း နေမျိုး၏ စကားပြေအရေးအသားများတွင် တွေ့ရသည်။ ဝါကျတည်ဆောက်ပုံနှင့်အရေးအသားတင်ပြပုံလှပမှုအဖြစ် ‘ထရပ်ကား’အမည်ရသော စကားပြေအရေးအသား၌ ‘‘ထိုခဏ၌ ညအမှောင်သည် သားရဲတိရစ္ဆာန်တစ်ကောင်ပမာ ခုန်ဝင်လာပြီး လမ်းပေါ်လဲကျနေသူနှစ်ဦးအား အငမ်းမရ ခုန်အုပ်လိုက်လေတော့၏’’ဟု တွေ့ရသည်။ ထို့အတူ‘‘အပူငွေ့များ လုံးဝ သေဆုံးနေပြီဖြစ်သော ကော်ဖီခွက်ကို ကျွန်တော်ကောက်ယူ မော့ချ လိုက်သည်။ ဟိုး…အေးလိုက်တာ။ ကော်ဖီက ရေခဲရေတစ်ခွက်လို စီးဆင်းသွားသည်။ လည်ချောင်းထဲအရောက် တစ်ဝက်လောက်အရောက်မှာ ပြန်ပြီးဆန်တက်လာ၏။ ဝေါ့…ခနဲ စားပွဲပေါ်မှာ ကော်ဖီအသေတွေ’’(စာ-၁၃၅)ဆိုသောအရေးအသား ကို ‘သံနဲ့လုပ်ထားတဲ့ အိပ်မက်’အရေးအသားတွင် တွေ့ရသည်။ ‘‘အိပ်မက်ထဲမှာ ဆာလောင်နေသူတွေကို အစာကျွေးဖို့အတွက် ရေတစ်ခွက်သောက်ပြီး ကျွန်တော်အိပ်စက်လိုက်ရတော့မှာလား။ နှစ်ပေါင်းများစွာ’’(စာ-၁၅၈)ဆိုသောအရေးအသားကို ‘အိပ်မက်အမှတ် ဝဝ၉ N တွင် တွေ့ရသည်။ ထိုကဲ့သို့ ဆန်းသစ်လှပသည့် အတွေး၊ အရေးအသားနှင့် ဝါကျများကို နေမျိုး၏ ဝတ္ထုတိုပေါင်းချုပ်စာအုပ်၏ စာပေလက်ရာများတွင် မြောက်မြားစွာ တွေ့ရသည်။
‘မြင်ကွင်းကျယ်အချစ်နှင့်အခြားဝတ္ထုတိုများ’အမည်ရသောစာအုပ်ကို ၁၉၉ရ ခုနှစ် ဇွန်လ၌ စာပေလက်ရာ(၁၅)ပုဒ်ဖြင့် ထုတ်ဝေခဲ့သည်။ ထို့နောက် ‘မြည်နေတဲ့ထရမ်းဗက်’အမည်ရသော စာအုပ်ထွက်ခဲ့သည်။ ထိုစာအုပ်နှစ်အုပ်တွင်ပါဝင်ခဲ့သော စကားပြေ အရေးအသားများအပါအဝင် အခြားသောအရေး အသားများကိုစုစည်း၍ နေမျိုး၏ ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကို ထုတ်ဝေထား ခြင်းဖြစ်သည်။ နေမျိုးသည် ရသစာပေရေးသားခြင်းအပြင် ကဗျာရေးခြင်းနှင့် ပန်းချီရေးခြင်းအနုပညာတို့ကိုလည်း လေ့လာလိုက် စားဖန်တီးသူဖြစ်သည်။ ‘ဆိုင်းသမား’စာအုပ်ကို ရေးသားခဲ့သော ရွာစားစိန်တင်ဟန်သည် နေမျိုး၏ ဖခင်ဖြစ်သည်။ မိခင်မှာ ဒေါ်စိန်တင်ဖြစ်သည်။ ၁၉၆၃ ခုနှစ်၊ မတ်လ ၁၄ ရက်၌ မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ ပန်တျာနှင့်ပန်းချီပန်းပုကျောင်းမှ လုပ်ငန်းပန်းချီအထူးပြုဖြင့် အောင်မြင်ခဲ့သည်။ ၁၉၈၉ ခုနှစ်၌ မဝင်းမေနှင့်လက်ထပ်ခဲ့သည်။ စာအုပ် ၁၄ အုပ် ရေးသားထုတ်ဝေ ခဲ့သည်။ မန္တလေးမြို့ တွင် သားသမီးများနှင့်အတူ နေထိုင်လျက်ရှိသည်။
‘နေမျိုး၊ ဝတ္ထုတိုပေါင်းချုပ်’စာအုပ်ကို ငါတို့စာပေက ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် ပထမအကြိမ်အဖြစ် ထုတ်ဝေဖြန့်ချိခဲ့သည်။
ဟန်ဆန်း