မြို့ပြ၊ အထပ်မြင့်၊ ဘေးချဉ်းကပ်တိုက်ခန်းနှစ်ခန်းတွင် သူတို့သုံးဦး နေထိုင်ကြသည်။ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသည် အခန်းတစ်ခန်းတွင် အကြင်လင်မယားအဖြစ်နေထိုင်ကြသည်။ အခြားတစ်ဖက်ခန်းတွင် အမျိုးသားတစ်ဦးသည် တစ်ဦးတည်းနေထိုင်သည်။
တိုက်ခန်း၏ အနောက်ဘက် ဝရန်တာတွင် ဆေးလိပ်ထွက်သောက်နေသော တစ်ဦးတည်းနေထိုင်သူ အမျိုးသားသည် တစ်ဖက်ခန်း၏ ရေချိုးခန်းအတွင်း မှ ရေသံကို ကြားရသည်။ သူသည်တစ်ဖက်ခန်းရေချိုးခန်း၏ လေဝင်လေထွက်ပေါက်မှတစ်ဆင့် ရေချိုးနေသူကို ချောင်းကြည့်သည်။ ရေချိုးနေသူမှာ အမျိုးသမီးဖြစ်သည်။ ချောင်းကြည့်ခံလိုက်ရကြောင်း သူမသည် ကောင်းကောင်းသိလိုက်သည်။
ရေချိုးပြီးစ အမျိုးသမီးသည် တဘက်ရင်လျားဖြင့် တိုက်ခန်းအနောက်ဖက်ဝရန်တာသို့ ထွက်ခဲ့ပြီး သူမ၏ အတွင်းခံများကို လှမ်းနေသည်။ တစ်ဖက်ခန်းမှ အမျိုးသားသည် ဆေးလိပ်ပြာနှင့်အစီခံများကို တိုက်ခန်းနောက်ဖက်တွင် လာရောက်စွန့်ပစ်သည်။ သူမကို တွေ့ပြန်သည်။ တွေ့ဆုံမှုတွင် ပြုံးရယ်နှုတ် ဆက်ခြင်းအပါအဝင် တစ်စုံတရာရင်းနှီးသော ဆက်ဆံရေးကို မတွေ့ရပါ။ သာမန်တွေ့ဆုံမူတစ်ခုသာ ဖြစ်ခဲ့သည်။
တစ်ဦးတည်းနေထိုင်သူ အမျိုးသား၏ အခန်းတံခါးကို တစ်စုံတစ်ဦးက လာခေါက်သည်။
နေထိုင်ရာ အခန်းတံခါးကို ဖွင့်လှစ်သူအမျိုးသားသည် တစ်ဖက်ခန်းမှ သူချောင်းကြည့်ခဲ့သော အမျိုးသမီးက မုန့်ဟင်းခါးလာပို့သည်ကို လက်ခံရယူခဲ့ သည်။
မကြာမီ…။ မိနစ်ပိုင်းလေးအတွင်း…။
အမျိုးသမီးသည် အမျိုးသား၏အခန်းတံခါး၀သို့ ရောက်လာပြန်သည်။ မုန့်ဟင်းခါးအတူစားလိုကြောင်း အမျိုးသားကို အမျိုးသမီးက ထုတ်ပြောလာ သည်။ သူတို့နှစ်ဦးသည် မုန့်ဟင်းခါးကို အတူတကွစားကြသည်။ အမျိုးသမီးအတွက် ကော်ဖီတစ်ခွက်ဖျော်ပေးရန် အမျိုးသားက ဟန်ပြင်လိုက်သည်။ အမျိုးသမီးက တားမြစ်လိုက်သည်။ ရှိရင်းစွဲကော်ဖီတစ်ခွက်ကို အတူသောက်ကြမည်ဟုဆို၍ အတူတကွသောက်ကြသည်။ စီးကရက်ဗူးထဲမှ ဆေးလိပ်ကို ထုတ်၍ အမျိုးသားသည် သောက်လိုက်သည်။ အမျိုးသမီးကလည်း စီးကရက်တစ်လိပ်ကို ထုတ်ယူ၍သောက်သည်။ သူနှင့်သူမ၏ ဆက်ဆံရေးသည် အေးတိအေးစက်ဖြင့် ရင်းနှီးသည့်မိတ်ဆွေလည်းမဟုတ်၊ ခင်မင်ကြသည့် အိမ်နီးချင်းလည်းမကျဖြင့် တိတ်ဆိတ်လွန်းနေခဲ့သည်။ အမျိုးသမီးနေထိုင်ရာ အခန်းဘက်မှ လူသံသူသံကြားသည်။ အမျိုးသမီးသည် သူမနေထိုင်ရာအခန်းသို့ ထပြန်သွားခဲ့သည်။
အမျိုးသမီးအခန်း၏ တံခါး၀သို့ တစ်ဦးတည်းနေထိုင်သူအမျိုးသား ရောက်လာသည်။ အခန်းအတွင်း စကားများသံများ ဆူညံနေသည်။ သူသည် အခန်း တံခါးကို ခေါက်လိုက်သည်။ အခန်းအတွင်းမှ အမျိုးသားတစ်ဦးထွက်လာသည်။ မုန့်ဟင်းခါးချိုင့်ကို ပြန်ပေးခဲ့သည်။
ပဋိပက္ခအစပျိုးခြင်းဖြင့် သူတို့သုံးဦးထိပ်တိုက်တွေ့ကြသည်။ သုံးပွင့်ဆိုင်ဇာတ်လမ်းလည်း စတင်ခဲ့ပြီဖြစ်သည်။ အိမ်ထောင်ရေးအဆင်မပြေခြင်း၊ သံသယ ဖြစ်ခြင်း၊ အကြင်နာကင်းမဲ့ခြင်းနှင့် ဖြေရှင်းရခက်ခဲသော ပဋိပက္ခများသည် စတင်ခဲ့သည်။ သူတို့သည် မေတ္တာတရားငတ်မွတ်နေကြသူများသာဖြစ်သည်။
တိုက်ခန်းအနောက်ဘက်အရေးပေါ်လှေကားပေါ်တွင် တစ်ကိုယ်တည်းနေထိုင်သူအမျိုးသားသည် တစ်ကိုယ်တည်းဂီတာတီး၍ သီချင်းသီဆိုနေသည်။ “မပြတ်သားသေးတဲ့ ရာသီ”၊ “တစ်ကိုယ်တည်းတဝဲလည်လည်” စသည်စသော ခံစားသံတို့ဖြင့် သူသည်အထီးကျန်နေခဲ့သည်။ ဂီတာတီးသီချင်းဆိုနေသူ အနီးအပါးသို့ အမျိုးသမီးသည် ရောက်လာပြီး သီချင်းနားထောင်နေခဲ့သည်။ ဆပ်ပြာပူပေါင်းများ ပျံဝဲလာကာမှ သူ့အနီးသို့ သူမရောက်နေပြီဖြစ်ကြောင်း အမျိုးသားသည် သိနေခဲ့သည်။ ဂီတာတီးသီချင်းဆိုသံ ရပ်သွားသည်။
အမေဆုံးပါးသွားခြင်း ၁၀နှစ်ပြည့်၍ မုန့်ဟင်းခါးချက်အလှူဒါနပြုကြောင်း အမျိုးသားကို အမျိုးသမီးက ပြောသည်။ မိဘများကွယ်လွန်သွားသည်မှာ ၅ နှစ်ရှိပြီဖြစ်ကြောင်း အမျိုးသမီးကို အမျိုးသားက ပြန်ပြောသည်။ သူတို့လွမ်းဆွေးသွားကြသည်။ အမျိုးသားသည် ဂီတာတီး၍ သီချင်းဆက်ဆိုသည်။
“မပြတ်သားသေးတဲ့ရာသီ”၊ “တစ်ယောက်တည်းတဝဲလည်လည်”။
သူတို့နှစ်ဦးသည် အထီးကျန်နေသည်။ မေတ္တာတရားငတ်မွတ်နေသည်။ အကျပ်အတည်းတွင် ပိတ်မိနေသည်။ သူတို့ လွတ်မြောက်လိုကြသည်။
အမျိုးသမီးသည် သူမ၏တိုက်ခန်းပြင်ပတံခါးသို့ အိတ်တစ်လုံးနှင့် တဘက်ရင်လျားဖြင့် ရောက်ရှိနေသည်။ သူမ၏တိုက်ခန်းတံခါးကို တဂျိုမ်းဂျိုမ်းမြည် အောင် ထုနှက်နေသည်။ တိုက်ခန်းအတွင်းမှ မည်သည့်တုန့်ပြန်သံတစ်စုံတစ်ရာမှ မကြားသိရပါ။ ပကတိတိတ်ဆိတ်နေသည်။ တစ်ကိုယ်တည်းနေထိုင်သူ အမျိုးသားရောက်လာသည်။ ပြန့်ကျဲနေသောအဝတ်များကို အိတ်ထဲသို့ ကောက်ထည့်ပေးသည်။ သူ၏ တိုက်ခန်းအတွင်းသို့ အမျိုးသားသည် ဝင်သွားခဲ့ သည်။ တိုက်ခန်းတံခါး၀ကို သူသည် ဖွင့်ထားခဲ့သည်။ ဖွင့်ထားခဲ့သောတံခါးမှ အမျိုးသမီးသည် တစ်ဦးတည်းနေထိုင်သူအမျိုးသား၏ အခန်းအတွင်းသို့ ဝင်သွားခဲ့သည်။
ဝရန်တာတစ်နေရာတွင် သူနှင့်သူမသည် မတ်တတ်ရပ်နေကြသည်။ ကော်ဖီတစ်ယောက်တစ်ခွက်စီဖြင့် သူတို့သည် တိတ်ဆိတ်စွာနေကြသည်။ အမျိုးသမီး သည် ဆေးလိပ်ဗူးကို ကောက်ယူပြီး ဆေးလိပ်တစ်လိပ်ကို ထုတ်ယူသည်။ ဆေးလိပ်ဗူးထဲတွင် ဆေးလိပ်ကုန်နေသည်။ အမျိုးသားသည် သူ၏ သောက် လက်စ စီးကရက်ကို သူမထံသို့ ကမ်းပေးလိုက်သည်။
“မလုပ်နဲ့”ဆိုသော အော်သံနှင့်အတူ တစ်ဦးတည်းနေထိုင်သူ အမျိုးသားကို အမျိုးသမီး၏အမျိုးသားက ထိုးနှက်လိုက်သည်။
တစ်ဦးတည်းနေထိုင်သူအမျိုးသားသည် တစ်ဖက်ခန်းကိုသွား၍ တံခါးခေါက်သည်။ သော့ခတ်ထားခြင်း မရှိသောကြောင့် အလွယ်တကူတွန်းဖွင့်ဝင်နေနိုင် သည်။ အမျိုးသား၏ ရိုက်နှက်ခြင်း ဒဏ်ကို ခံထားရသူ အမျိုးသမီး၏ ဒဏ်ရာကို တစ်ဦးတည်းနေထိုင်သူအမျိုးသားက ပြုစုပေးသည်။ သူ၏ ခါးကို သူမသည် သိုင်းဖက်ထားလိုက်သည်။
တံခါးခေါက်သံကြားလာရသည်။ အမျိုးသမီး၏ အမျိုးသားပြန်ရောက်လာသည်။ တံခါး၀ရှိ အမျိုးသားဖိနပ်တစ်ရန်က အခန်းအတွင်းတွင် တစ်စုံတစ်ဦး ရှိနေကြောင်း သက်သေထူနေသည်။ အခန်းအတွင်းရှိ အမျိုးသားနှင့်အမျိုးသမီးတို့သည် နောက်ဖေးဘက်သို့ ထွက်ပြေးကြသည်။ အရေးပေါ်တိုက်ခန်း လှေကားမှအရေးကြီးသုတ်ပြာဖြင့် အရေးပေါ်ပြေးဆင်းကြသည်။ ပွင့်နေသော တံခါးတစ်ချပ်မှ အခန်းတစ်ခန်းထဲသို့ သူတို့နှစ်ဦးဝင်ရောက်ခိုလုံပုန်းလျှို နေလိုက်ကြသည်။
အမျိုးသမီး၏ အမျိုးသားသည် သူတို့နှစ်ဦးကို ပြင်းပြင်းထန်ထန်ဒေါသတကြီးဖြင့် တိုက်ခန်းအရေးပေါ်လှေကားမှတစ်ဆင့်အပြေးအလွှားလိုက်လံရှာဖွေ လေသည်။ သူတို့နှစ်ဦးသည် အခန်းအတွင်းခိုလုံနေကြမြဲ ခိုလုံနေကြသည်။ မည်မျှကြာကြာ သူတို့ဒီအတိုင်းနေနိုင်ကြမည်နည်း။ ခိုလုံရာက လုံခြုံနေပါသ လား။ လွတ်မြောက်ရာနယ်မြေလား။ ငြိမ်းချမ်းရာဒေသလား။ မေတ္တာတရားလုံလောက်ရာ နေရာဒေသလား။ သို့မဟုတ် အဖြေလား။
အမျိုးသမီး၏ အမျိုးသားသည် တိုက်ခန်းတစ်ခု၏ ၀ရန်တာတစ်ခုတွင်နေ၍ အခိုက်အတံ့ နားခိုနေသည်။ ပြင်ပလောကို ငေးကြည့်နေသည်။ သူရော မည်သို့ခံစားနေရသနည်း။ ဒေါသဘာကြောင့်ထွက်နေသနည်း။ သူ့ဘက်က အမြင်က မည်သို့နည်း။ သူသည် ဗီလိန်လား။ သုံးပွင့်ဆိုင်ဇာတ်လမ်းအတွက် ဗီလိန်လား။ သူ့ဘက်က ဘာပြောမလဲ။
အချိန်ကာလသည် ပြဿနာ၏ အဖြေကို ထုတ်ပေးခဲ့သည်။ အမျိုးသမီးသည် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ တိတိပပ ပြတ်ပြတ်သားသား ချလိုက် သည်။ တစ်ကိုယ်တည်းနေထိုင်သူ အမျိုးသားကို စေ့စေ့ငင ငေးကြည့်လိုက်သည်။ သူမ၏ မူလဘူတနေရာကို သူမသည် ပြန်သွားရန် ဟန်ပြင်လိုက်သည်။ တစ်ဦးတည်းနေထိုင်သူ အမျိုးသား၏ နဖူးကို ဖွဖွလေးနမ်းလိုက်သည်။ သူမသည် သူမ၏ အခန်းသို့ ပြန်သွားခဲ့သည်။
၂၀၁၈ ခုနှစ် ၀ဿန်ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သော အချစ်ဇာတ်လမ်းရုပ်ရှင်ကားတစ်ကားဖြစ်သည်။ Void ဟု အမည်ပေးထားသည်။ တရားဝင်ပေးထား သော ဗမာအမည်မရှိပါ။ ဒါရိုက်တာမှာ မောင်ဘုန်းဖြစ်သည်။ လက်ထောက်ဒါရိုက်တာမှာ ဇော်ဗိုလ်ဗိုလ်ဟိန်းဖြစ်သည်။ ဇာတ်လမ်းနှင့်ဇာတ်ညွှန်းမှာ မောင်ဘုန်းကိုယ်တိုင်ဖြစ်ပြီး မင်းညို၊ ကျော်ဇေယျနှင့်မေလေးဟူသော သရုပ်ဆောင်သုံးဦးသာ ပါဝင်သည်။ နေရာဒေသမှာ မြို့ပြအထပ်မြင့်တိုက်ခန်းတွင် ဖြစ်သည်။
Void ဇာတ်လမ်းတိုရုပ်ရှင်ကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် အကောင်းဆုံးဖြစ်အောင် အားထုတ်ထားသည်ဟု သုံးသပ်သည်။ ရိုးရှင်းသောသုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဖြစ်သည်။ ရုပ်ရှင်ဘာသာစကားကို အကောင်းဆုံးပြောနိုင်ရန် အားထုတ်ကြိုးပမ်းကြောင်း ပေါ်လွင်သည်။ နှစ်သက်မိသော မြန်မာဇာတ် လမ်းတို ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့သည်။ Void ဇာတ်လမ်းတိုရုပ်ရှင်ကို ကြည့်ပြီးသောအခါ အတွေးအချို့ဆန့်တန်းမိသည်။ ဘဝင်မကျသော ကိစ္စအချို့ကိုလည်း မြင်မိသည်။
ပထမတစ်ခုအနေဖြင့် တစ်ဦးတည်းနေထိုင်သူ အမျိုးသားနှင့်တစ်ဖက်တိုက်ခန်းမှ အိမ်ထောင်ရှင်အမျိုးသမီးတို့၏ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး ရင်းနှီး ကျွမ်းဝင်မှုဖြစ်စဉ်သည် လွယ်လွန်းပြီး မြန်ဆန်လှသည်။ တစ်ဦးကို တစ်ဦးအပြန်အလှန်နားလည်သွားမူသည် တစ်ဦးနှင့်တစ်ဦးယုံကြည်နိုင်လောက်သည့် အခြေအနေမရသေးမီတွင် လွယ်လင့်တကူရင်းနှီးနားလည်သွားသည်ဟု သုံးသပ်မိသည်။
ဒုတိယတစ်ခုအနေဖြင့် ဘဝင်မကျမိသောအချက်မှာ တံခါးများဖြစ်သည်။ တံခါးခေါက်သံ။ သော့ခတ်မထားသောတံခါး၊ ဖွင့်ထားခဲ့ပြီးသောတံခါး၊ တဂျိုမ်း ဂျိုမ်းမြည်သံမြည်နေသောတံခါးတို့သည် ဇာတ်ကားအတွက် အထောက်အပံ့ဖြစ်နိုင်သော သက်မဲ့သရုပ်ဆောင်များဖြစ်သည်။ ဇာတ်ကားတွင် တံခါးကို ပိုမိုပေါ်လွင်အောင် ထိထိရောက်ရောက်အသုံးမပြုပါဘဲ ဇာတ်လမ်းအသွားအလာအရသာ ထည့်သွင်းပြသသည်ဟု သုံးသပ်သည်။ တစ်ဦး၏ ဘ၀သို့ တစ်ဦးက ဝင်ရောက်နိုင်ရန်ဖြစ်စေ၊ လုံခြုံမှုအတွက်ဖြစ်စေ၊ ခိုလုံပုန်းအောင်းရန်ဖြစ်စေ၊ လွတ်မြောက်ရန်ဖြစ်စေ၊ တံခါးချပ်များကို ဖွင့်လှစ်ရန်ဖြစ်စေ တံခါးသည် လိုအပ်သည်။ တံခါးတို့၏ ဝိသေသလက္ခဏာကို အသုံးမပြုသည့်အပြင် ဒွိဟဖြစ်စေသောပြကွက်တစ်ခုက ဘဝင်မကျမှုကို တိုးစေခဲ့ပြန်သည်။
အိမ်ထောင်ဘက်၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာရနေသူအမျိုးသမီးကို နှစ်သိမ့်ပေးရန် တစ်ဦးတည်းနေထိုင်သူ အမျိုးသားသည် တစ်ဖက်အခန်းသို့ သွားရာ တွင် တံခါးသည် သော့မခတ်ထားဘဲ လွယ်လင့်တကူဖွင့်ရနေသည်။ သူနှင့်သူမ အခန်းအတွင်း နှစ်ဦးတည်းရှိနေချိန်တွင် အမျိုးသမီး၏ အမျိုးသားပြန် ရောက်လာချိန်တွင် တံခါးကိုမည်သို့မျှ ဖွင့်မရနိုင်တော့ကြောင်း တွေ့ရသည်။ တစ်ဦးတည်းနေထိုင်သူ အမျိုးသားသည် အခန်းအတွင်းဝင်ရောက်ပြီး တံခါး ကို သော့ခတ်လိုက်သည်ဟု တွေးယူနိုင်ပါသည်။ သို့သော် တံခါးကို လုံခြုံအောင် ပိတ်လိုက်ကြောင်း ပိုမိုသေချာစေခဲ့မည့် ပြချက်တစ်ခုကို ပြသခဲ့မည်ဆို လျှင် သူတို့နှစ်ဦး ထွက်ပြေးလွတ်မြောက်ရန်နှင့်တစ်ဖက်လူ၏ အထင်လွဲ၍ ဒေါသတကြီး တုန့်ပြန်လိုက်ရှာစေရန် ပိုမိုအားကောင်းစေမည်ဟု သုံးသပ်ပါ သည်။
တတိယတစ်ခုအနေဖြင့် သူတို့သုံးပွင့်ဆိုင်နေထိုင်သည့် တည်နေရာအနိမ့်အမြင့်ကိစ္စဖြစ်သည်။ ဇာတ်လမ်း၏ သဘောတရားအရ ဇာတ်ကောင်များနေထိုင် ရာတည်နေရာသည် အလွန်အရေးပါသည်။ သူတို့ ၃ ဦး၏ ပြဿနာသည် ထိုနေရာတွင် ဖြစ်တည်၍ ထိုနေရာတွင် အဆုံးသတ်မည်သာဖြစ်ပြီး ထိုနေရာ တွင်သာ အခင်းအကျင်းများအားလုံး ဖြစ်တည်ပျက်မည်သာဖြစ်သည်။ ဇာတ်ကားတွင် နေရာနှင့်သူတို့တည်နေရာဒေသကို ပြသဖော်ပြရာ တည်နေရာ ဒွိဟဖြစ်စေသည့် ခံစားမှုကို ရပါသည်။ ဇာတ်ကောင်များသည် မြင့်ရာအထပ် နေလိုက် နိမ့်ရာအထပ်မှာ နေလိုက်၊ မြင်ကွင်းများ ပြောင်းသွားလိုက်နှင့် သူတို့နေထိုင်ရာ နောက်ခံအခင်းအကျင်းကို အသိအမှတ်ပြုရခက်ခဲသည်ဟု သုံးသပ်သည်။ ဇာတ်ကားအတွက် သို့မဟုတ် ဇာတ်လမ်းသဘောအရနှင့် ဇာတ်ကောင်တို့၏ တည်နေရာ အရေးပါခြင်းတို့ကြောင့် ထိုအချက်ကို မြင်မိခြင်းဖြစ်သည်။
နောက်ဆုံးအနေဖြင့် ဘဝင်မကျမိသောအချက်တစ်ခုမှာ ကော်ဖီခွက်ကိစ္စဖြစ်ပါသည်။ အမျိုးသားနှင့်အမျိုးသမီး၏ ရင်းနှီးသောဆက်ဆံရေးတစ်ခုကို ဇာတ်ကားအစပိုင်းတွင် ကော်ဖီတစ်ခွက်တည်းကို နှစ်ဦးအတူတကွသောက်ခြင်းဖြင့် ပြသခဲ့သော်လည်း ၀ရန်တာတွင် နှစ်ဦးတည်း ဒုတိယအကြိမ်ကော်ဖီ သောက်ချိန်တွင် ကော်ဖီခွက်တစ်ယောက်တစ်ခွက်စီဖြင့် ဖြစ်နေပြန်သည်။ ဒုတိယအကြိမ်ကော်ဖီသောက်နေခြင်းသည် သာသာယာယာ အေးအေးချမ်း ချမ်း ကြည်ကြည်နူးနူး သောက်နေရခြင်း မဟုတ်ပါ။ ပဋိပက္ခတစ်ခုအလွန်နှင့်နောင်လာမည့် ပဋိပက္ခတစ်ခုအကြားက သူနှင့်သူမတို့၏ ခံစားဖြစ်ပေါ်နေမူ များကို ပြသနေခြင်း၊ စောင့်စည်းထိန်းသိမ်းမှုကို လှစ်ဟပြနေခြင်းသာဖြစ်သည်။ ဇာတ်ကားအတွက် တစုံတစ်ရာအတိတ်နိမိတ်အဖြစ် ဒုတိယအကြိမ်တွင် ကော်ဖီ ၂ ခွက်ထားပေးသည်ဟု ရှင်းချက်ထုတ်ခဲ့လျှင် ရှေ့နောက်ညီညွတ်မှု အားနည်းပြီး ကော်ဖီခွက် ၂ ခွက်အတွက် လုံလောက်သော အကြောင်းပြဖွင့်ဆို ချက်မရခဲ့ဟု သုံးသပ်ရပါမည်။ ထိုအခန်းတွင် ဆေးလိပ်သောက်ကြသေးရာ ဆေးလိပ်တစ်လိပ်တည်းကို မျှဝေသောက်ရခြင်းကိုလည်း ထပ်မံမေးခွန်း ထုတ်စရာဖြစ်လာပါဦးမည်။ တဘက်ရင်လျားဖြင့် ထွက်လာရသူ အမျိုးသမီးသည် အဝတ်လဲဝတ်ချိန်မရသော်လည်း ကော်ဖီ ၂ ခွက်ကို ဖျော်ချိန်ရနေသလို ဖြစ်နေသည်။
ဒါရိုက်တာ မောင်ဘုန်း၏ Void ဇာတ်လမ်းတိုရုပ်ရှင်ဇာတ်ကားတွင် အားနည်းချက်အချို့ရှိခဲ့သော်လည်း သူသည် ထိုဇာတ်ကားကို ကြိုးစားအားထုတ် ထားကြောင်း သိသာထင်ရှားသည်။ သူ၏ဖြတ်သန်းရာ၊ သူ၏အတွင်းမှထွက်ပေါ်လာသော ဇာတ်လမ်းတိုရုပ်ရှင်တစ်ခုအဖြစ် မူရင်းဖြစ်မှုကို အသိအမှတ် ပြုရပါသည်။ ၂၀၁၈ ခုနှစ် ၀ဿန်ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးဇာတ်လမ်းတိုရုပ်ရှင်ဆု မရခဲ့သော်လည်း ၀ဿန်ရုပ်ရှင်ပွဲတော်က အားပေးချီးမြှောက် သည့်အထူးဆုကို ပေးအပ်၍ သူ၏ ကြိုးစားမှုကို အားပေးအသိအမှတ်ပြုခဲ့ပါသည်။ ဒါရိုက်တာ မောင်ဘုန်းအပေါ် ၀ဿန်၏ အားပေးမှုကို ကျေနပ်ရပါ သည်။
ဟန်ဆန်း
၂၉ အောက်တိုဘာလ ၂၀၁၈ ခုနှစ်