Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

ငြိမ်းချမ်းဆု၏ တစ်ကိုယ်တော်အနုပညာပြပွဲ The Ash(1970-)

Posted on June 10, 2016 by Han Sann
ငြိမ်းချမ်းစု၏ တစ်ကိုယ်တော်အနုပညာပြပွဲမြင်ကွင်းနှင့် SHE ဟု အမည်ရသော အနုပညာလက်ရာ

The Ash(1970-)ဟု အမည်‌ပေးထား‌သော ငြိမ်းချမ်းဆု၏ အနုပညာပြပွဲဖွင့်ပွဲကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၉ ရက်ည‌နေပိုင်းက ရန်ကုန်မြို့၊ ဘိုက‌လေး‌ဈေးလမ်းရှိ Myanm/art အနုပညာပြခန်း၌ ပြုလုပ်ခဲ့သည်။ အဆိုပါပြပွဲသည် ငြိမ်းချမ်းဆု၏ တစ်ကိုယ်‌တော်ပြပွဲဖြစ်ပြီး ဇွန်လ ၉ ရက်မှ ၂၃ ရက်အထိ ပြသသွားမည် ပြပွဲတစ်ခုလည်း ဖြစ်သည်။

The Ash(1970-) အနုပညာပြပွဲတွင် ငြိမ်းချမ်းဆု၏ SHE ဟု အမည်‌ပေးထား‌သောအနုပညာလက်ရာ ၂၁ ခုနှင့်အမည်‌ပေးမထား သည့်(UNTITLE) လက်ရာ ၁ ခုတို့ကို ပြသထားသည်။ ထို့အပြင် အနုပညာပြခန်း၏အလယ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက် ထက်၌အသုံးပြုခဲ့‌သော နိုင်ငံ‌တော် အလံခင်းထားသည့် စားပွဲတစ်လုံး၊ စားပွဲ‌ပေါ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ဥက္ကဋ္ဌကြီး၏ ‌ခေတ်‌ပြောင်း‌တော်လှန်‌ရေးသမိုင်းဝင်မိန့်ခွန်း‌ပေါင်းချုပ် စာအုပ်အမှတ် ၂ နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ရင်ထိုး တံဆိပ်တို့ကို ပြသထားသည်။

The Ash(1970-) အနုပညာပြပွဲနှင့်ပတ်သက်၍ ဆိုရှယ်လစ် စနစ်ဆိုး‌အောက်တွင် က‌လေးဘဝအချိန်များကို ဖြတ်သန်းခဲ့ရ‌ကြောင်း၊ ဆိုရှယ်လစ်စနစ်ဆိုးမှ ကျန်ရစ်ခဲ့‌သော ဆိုး‌မွေများကို ပြာများ၊ အမှိုက်များအဖြစ် ရှုမြင်‌ကြောင်း၊ ယင်း‌ကြောင့် ယခုပြပွဲကို ‘ပြာ’The Ash(1970-) ဟုအမည်‌ပေးခဲ့‌ကြောင်းနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်၌အသုံးပြုခဲ့‌သော နိုင်ငံ‌တော်အလံ၏ ညာဘက်‌ထောင့်တွင်လည်း အပြာ‌ရောင်‌လေး‌ထောင့်ကွက်တစ်ခုပါဝင် ‌သော‌ကြောင့်‘ပြာ’သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်ကိုလည်း ရည်ညွွှန်း‌နေ‌ကြောင်း ငြိမ်းချမ်းဆုက ဖွင့်ဆိုရှင်းလင်းထားသည်။

The Ash(1970-) အနုပညာပြပွဲတွင် ချိတ်ဆွဲပြသထား‌သော SHE ဟုအမည်ရ‌သောအနုပညာလက်ရာများအတွက် ဗီနိုင်းပုံနှိပ်နှင့်ဆီ‌ဆေးတို့ကို အသုံးပြုခဲ့‌ကြောင်းသိရသည်။ ဗီနိုင်းပုံနှိပ်ကို မီဒီယံ တစ်ခုအဖြစ်အသုံးပြု၍ ပန်းချီ‌ရေးဆွဲခြင်းကို မိမိအ‌နေဖြင့် ၂ဝဝ၆ ခုနှစ်က အသုံးပြုခဲ့ဖူး‌ကြောင်း၊ ယခုပြပွဲတွင် လည်း ထိုနည်းစနစ်ကို အသုံးပြု၍ မြန်မာအမျိုးသမီးအချို့၏ ဓာတ်ပုံများနှင့်မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီလက်ထက်အလံတို့ကိုလည်း အသုံးပြုခဲ့‌ကြောင်း ငြိမ်းချမ်းဆုက ‌ပြောထားသည်။ ငြိမ်းချမ်းဆု၏ အ‌ဒေါ်ဖြစ်သူသည် ထင်ရှားသည့် မြန်မာရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ခဲ့‌ကြောင်း၊ သူမ၏ ပုံတူများ နှင့်ပုံရိပ်များကို မိသားစုဓာတ်ပုံအယ်လ်ဘမ်ထဲတွင် ‌တွေ့မြင်ခဲ့‌ကြောင်း၊ ထိုဓာတ်ပုံများသည် အနုပညာလက်ရာတစ်ခုဖြစ်လာစေရန် အ‌ထောက်အပံ့‌ကောင်းများဖြစ်ခဲ့‌ကြောင်း၊ ထိုဓာတ်ပုံများနှင့် နိုင်ငံ‌တော်အလံ‌ဟောင်းကို ပူးတွဲဆက်စပ်၍ အနုပညာလက်ရာကို ဖန်တီးခဲ့‌ကြောင်းနှင့် ထိုလက်ရာသည် မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ဆိုရှယ်လစ်စနစ်ဆိုး‌အောက်တွင် ရှင်သန်ဖြတ်သန်းခဲ့ရသည့် မြန်မာအမျိုးသမီးများကို ကိုယ်စားပြု‌ကြောင်း ငြိမ်းချမ်းဆုက ဖွင့်ဆိုထားသည်။

ငြိမ်းချမ်းဆုကို ၁၉၇၃ ခုနှစ်၌ ရန်ကုန်မြို့၌ ‌မွေးဖွားခဲ့သည်။ ၁၉၉၁ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ရန်ကုန်ပန်းချီပန်းပု‌ကျောင်း၌ ပန်းချီပညာကို‌လေ့လာခဲ့ သည်။ ငြိမ်းချမ်းဆု၏ တစ်ကိုယ်‌တော်အနုပညာပြပွဲများကို ၁၉၉၇ ခုနှစ်စတင်ပြသခဲ့ ၂ဝ၁၅ ခုနှစ်အထိ တစ်ကိုယ်‌တော်ပြပွဲ‌ပေါင်း ၂ဝ ကို ပြသခဲ့သည်။ ထို့အပြင် အဖွဲ့လိုက် ပြပွဲများကိုလည်း ပြည်တွင်းပြည်ပ၌ ပါဝင်ပြသခဲ့သည်။

ဟန်ဆန်း

အလင်းတန်းဂျာနယ်၊ ဇွန်လ၊ ၂၀၁၆ ခုနှစ်

Category: Uncategorized
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme