Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

နိုဝင်ဘာ ၈ မတိုင်မှီ ၁ ရက်၊ နိုဝင်ဘာ ၈ ၂၄ နာရီ၊ နိုဝင်ဘာ ၈ အလွန် ၂ နာရီ

Posted on February 13, 2016 by Han Sann
ပန်းချီဒီဇိုင်း မြင့်မောင်ကျော်၏ မျက်နှာဖုံးမှ နောက်ဖုံး ဖြတ်ပိုင်းပုံ
ပန်းချီဒီဇိုင်း မြင့်မောင်ကျော်၏ မျက်နှာဖုံးမှ နောက်ဖုံး ဖြတ်ပိုင်းပုံ

 

နိုဝင်ဘာ ၉ ၊ နံနက် ၂ နာရီ

မဲရုံမှ ပြန်လာ‌သော မဲရုံကိုယ်စားလှယ်‌မောင်မြတ်သူသည် အိမ်တံခါးဖွင့်ပြီး အိမ်အတွင်းသို့ တိတ်ဆိတ်စွာ ဝင်‌ရောက်လိုက်သည်။ စားပွဲ‌ပေါ်တွင် အတင့်အ‌နေ အထားပြင်ဆင်ထားသည့် ‌အေးစက်‌နေ‌သော လက်ဖက်ရည်ခွက်ကို အရှိန်ပြင်းစွာ ‌မောချ‌နေစဉ် အိပ်‌ပျော်ဟန် မရှိ‌သေး‌သော ‌မောင်မြတ်သူ၏ အ‌ဖေသည် စားပွဲသို့ ဝင်ထိုင်၍ ‘‘အ‌ခြေအ‌နေဘယ်လိုလဲ’’ဟု သားဖြစ်သူကို ‌မေးလိုက်သည်။ ‘‘မဲက အပြတ်အသတ်ပဲ။ အာဏာရှင်‌တွေကို အသံတိတ်နည်းနဲ့ မဲဆန္ဒရှင် ‌တွေက ‌တော်လှန်လိုက်တာပဲ။ ပြည်သူ‌တွေက သူတို့ဆန္ဒအမှန်ကို ပြလိုက်တာပဲ’’ဟု ‌မောင်မြတ်သူက ပြန်‌ဖြေသည်။

 နိုဝင်ဘာ ၈ ၊ ည ၁၁ နာရီ

မဲရုံမှူးဆရာမ‌လေး၏ မျက်နှာသည် ပင်ပန်းမှုအရှိန်ဖြင့် နွမ်းလျ‌နေသည်။ မဲ‌ရေတွက်ခြင်း၊ ပုံစံ-၁၆ ဖြည့်သွင်းခြင်း၊ မဲစာရွက်များ ထုတ်ပိုးခြင်းတို့ကို တစ်ဆင့် ပြီး တစ်ဆင့်ပြုလုပ်‌နေသည်။ လိုအပ်‌သော အကိုးအကားများကို မဲရုံမှူးလက်စွဲထဲမှ အပြန်ပြန်အလှန်လှန်ကိုးကား‌နေသည်။ မဲ‌ရေတွက်မှုကို ‌စောင့်ကြည့်‌နေ‌သော သူများ၊ မဲရုံကိုယ်စားလှယ်များနှင့် ရပ်ကွက်သူ ရပ်ကွက်သားများကို မဲ‌ရေတွက်ခြင်း အဆင့်အဆင့်အတွက် အတည်ပြုချက်ရယူ‌နေသည်။ ထိုစဉ် မဲဆန္ဒရှင် အမျိုးသမီးတစ်ဦးက အချိုရည်ဘူး ၂ ဘူးကို ဖွင့်‌ဖောက်၍ မဲရုံမှူး ဆရာမ‌လေးများထံ‌ပေးလိုက်ပြီး ‘‘ဆရာမတို့ ဘာမှမစားရ‌သေးဘူး။ ဒါ‌လေး‌တော့ နည်းနည်းအားပြည့်သွား‌အောင် ‌သောက်လိုက်ပါ ဆရာမ’’ဟု ‌ပြောလိုက်သည်။

 နိုဝင်ဘာ ၈ ၊ ည‌နေ ၄ နာရီ ၁၅ မိနစ်

‘‘ကျွန်မတို့ မဲ‌ရေပါ‌တော့မယ်’’ဟု မဲရုံမှူး ဆရာမ‌လေးက နှိုး‌ဆော်လိုက်သည်။ မဲရုံအတွင်းသို့ ရပ်ကွက်သူ ရပ်ကွက်သား ပြည်သူအချို့ဝင်‌ရောက် ‌နေရာယူကြ သည်။ မဲရုံကိုယ်စားလှယ်များကလည်း အသင့်အ‌နေအထားဖြစ်‌နေကြသည်။ မဲပုံးများကို မဖွင့်မီ ‌ကျေနပ်သည်အထိ အပြန်ပြန်အလှန်လှန် စစ်‌ဆေးကြသည်။ ထို့ ‌နောက် မဲများကို စတင်‌ရေတွက်သည်။

မဲရုံမှူး ဆရာမ‌လေးသည် မဲများကို ဂရုတစိုက် ‌ရေတွက်‌နေသည်။

မဲရုံကိုယ်စားလှယ် ‌မောင်မြတ်သူသည် မဲလက်မှတ်များကို လိုက်လံ‌ရေတွက်‌နေသည်။ တဒိန်းဒိန်း တဒိုင်းဒိုင်း ခုန်‌နေ‌သော သူ၏ ရင်ခုန်သံများက မဲ‌ရေတွက်‌နေ သံကို စည်းချက်လိုက်‌ပေး‌နေသည်။

မဲ‌ရေတွက်‌နေစဉ် အစကနဦးအချိန်များတွင် မဲရုံအတွင်း မဲ‌ရေတွက်သံများသာ လွွှမ်းမိုး‌နေခဲ့သည်။ ထို့‌နောက် တဖြည်းဖြည်းချင်းတွင် ‘‘တာ‌မွေမှာလဲ အနီပဲတဲ့။ ‌တောင်ဥက္ကလာမှာလဲ အနီပဲတဲ့။ မန္တ‌လေးမှာလဲ အနီပဲတဲ့။ အနီတဲ့။ အနီတဲ့။ တစ်နိုင်ငံလုံးမှာ အနီပဲတဲ့’’ဆို‌သောအသံများသည် မဲရုံအတွင်းရှိ မဲ‌ရေတွက်‌နေ သံများနှင့်အတူ ရဲရဲနီ‌နေ‌တော့သည်။

 နိုဝင်ဘာ ၈ ၊ ည‌နေ ၃ နာရီ ၂ဝ မိနစ်

မဲရုံအတွင်းသို့ မဲ‌ပေးရန်လာ‌ရောက်သူအ‌ရေအတွက် သိသာစွာနည်းပါး သွားခဲ့သည်။ ထိုစဉ်အချိန်တွင် မိုး‌ကောင်းကင်တခွင်သည် အုံးမှိုင်း‌နေခဲ့သည်။ အုံးမှိုင်း‌နေ ‌သော မိုး‌ကောင်းကင်မှ မိုးစက်မိုး‌ဖျောက်များသည် ‌မြေပြင်ထက်သို့ သက်ဆင်းကြ‌လေသည်။

‘‘ဒီမိုးက အညစ်အ‌ကြေး‌တွေကို ‌ဆေးပြီထင်တယ်’’ဟု မဲရုံအတွင်း မဲ‌ရေတွက်မှု‌စောင့်ကြည့်ရန် ‌ရောက်ရှိ‌နေသူက ‌ပြောလိုက်သည်။

ထိုစဉ် မဲရုံတစ်ခုလုံး ‌မှောင်သွားသည်။

‘‘ဟာ၊ မဲရုံပိတ်ခါနီးမှပဲ မီးက ပြတ်သွား‌သေး။ ဥက္ကဋ္ဌ ဖုန်းဆက်ပါဦး’’ ဟု ရပ်ကွက်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ဝင်က ‌ပြောသည်။

 နိုဝင်ဘာ ၈ ၊ ‌နေ့လယ် ၂ နာရီ

မဲရုံကိုယ်စားလှယ် ‌မောင်မြတ်သူသည် သူကိုယ်တိုင်ရယူထားသည့် မဲ‌ပေးသူ အ‌ရေအတွက်တာလီများကို စိတ်ရှည်စွာ ‌ပေါင်းတွက်‌နေသည်။ လှုပ်လှုပ်ရွရွရှိ‌နေ ခဲ့‌သော မဲရုံသည် အတန်ငယ် တိတ်ဆိတ်ရှင်းလင်းစပြု‌နေသည်။

‘‘ညီ‌လေး လူဘယ်နှစ်‌ယောက်‌လောက် မဲလာ‌ပေးလဲကွ’’ဟု မဲရုံကိုယ်စားလှယ် ကိုဝင်း‌အောင်က ‌မောင်မြတ်သူကို ‌မေးလိုက်သည်။

‘‘အခုစာရင်းအတိုင်းဆိုရင် ငါးရာ‌လေးဆယ်‌ကျော်‌နေပြီ အစ်ကို’’ဟု ‌မောင်မြတ်သူက ပြန်‌ဖြေသည်။

‘‘‌အေး။ အရင်‌ရွေး‌ကောက်ပွဲ‌တွေမှာ ငါတို့ရပ်ကွက်က လူဒီ‌လောက်လာပြီး မဲမ‌ပေးဘူးကွ။ ဒီတစ်‌ခေါက် မဲလာ‌ပေးတဲ့သူ အ‌တော်များတာပဲ’’ဟု ကိုဝင်း‌အောင်က ‌ပြောသည်။

နိုဝင်ဘာ ၈ ၊ ‌နေ့လယ် ၁၂ နာရီ

‘‘ဒီလူတန်းကြီးက မနက်ကတည်းက မ‌လျော့ဘူးဗျ’’

‘‘ဆရာမ ဒီစားပွဲမှာ ခဏ‌လေးထိုင်‌ပေးပါ။ ကျွန်‌တော် အ‌ပေါ့သွားချင်လို့ပါ’’

‘‘ညီမ‌လေး ဒီ‌ရေဘူးမယူသွားပါနဲ့။ မ‌တော်တဆ ‌ရေစိုသွားရင် မဲလက်မှတ်‌တွေ ပျက်စီးကုန်လိမ့်မယ်’’

‘‘‌ဟေ့ ‌ဟေ့ အလှည့်နဲ့ ထမင်းစားလိုက်ကြပါလား။ လူကုန်မှဆိုရင် မင်းတို့ စားဖြစ်မှာ မဟုတ်‌တော့ဘူး။ ဒီလူတန်းကြီးက ‌လျော့သွားမှာမဟုတ်ဘူး။ မဲ‌ပေးမယ့် လူ‌တွေက ထပ်ထပ်ပြီး‌ရောက်‌ရောက်လာ‌နေတယ်’’

‘‘အစ်ကိုက တိုင်းရင်းသားဆို‌တော့ တိုင်းရင်းသားမဲစာရင်းကို ကြည့်ဦး‌နော်။ စာရင်း‌ပေးထားရင် အစ်ကို တိုင်းရင်းသားအတွက် တစ်မဲထပ်‌ပေးလို့ ရ‌သေး တယ်’’

ထိုအသံများသည် မဲရုံအတွင်း စဉ်ဆက်မပြတ် ကြား‌နေရ‌သော အသံများဖြစ်သည်။ မဲ‌ပေးကြမည့် မဲဆန္ဒရှင်များသည် တိတ်ဆိတ်ငြိမ်သက်စွာ တန်းစီ‌စောင့်ဆိုင်း ‌နေကြသည်။

နိုဝင်ဘာ ၈ ၊ နံနက် ၁၁ နာရီ

‘‘ညီမ‌လေး မဲရုံပရဝဏ်ထဲက‌နေ ဓာတ်ပုံရိုက်လို့ မရဘူး။ အပြင်ကပဲ ရိုက်‌ပေးပါ’’ဟု သတင်းဓာတ်ပုံရယူ‌နေသည့် သတင်း‌ထောက်အမျိုးသမီးကို ရပ်ကွက် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ဝင်က သတိ‌ပေးလိုက်သည်။

‘‘ကျွန်မက နိုင်ငံပိုင်သတင်းစာကပါ’’ဟု သတင်း‌ထောက်အမျိုးသမီးကို ပြန်လည်တုံ့ပြန်သည်။

‘‘မှန်ပါတယ်။ သတင်း‌ထောက်‌တွေ အားလုံးကို မဲရုံပရဝဏ်ပြင်ပက‌နေပဲ သတင်းရယူဖို့ ညွွှန်ကြားချက်ထုတ်ထားပါတယ်။ ကျွန်‌တော်တို့ကို မဲရုံကိုယ်စားလှယ်‌တွေက ကန့်ကွက်လာရင် မ‌ကောင်းပါဘူး။ အပြင်က‌နေပဲ ဓာတ်ပုံရိုက်‌ပေးပါ’’ဟု ရပ်ကွက်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ဝင်က ပြန်လည်တုံ့ပြန်သည်။

ထိုဖြစ်စဉ် အစအဆုံးကို မျက်မြင်ကြားသိ‌နေ‌သော မဲရုံကိုယ်စားလှယ် ‌မောင်မြတ်သူသည် လှစ်ခနဲပြုံးလိုက်သည်။ သတင်း‌ထောက်အမျိုးသမီးကို ငဲကြည့်လိုက် သည်။ ‌လေးစား‌သောအကြည့်နှင့် ပီတိအပြုံးတစ်ပွင့်ကို ရပ်ကွက်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ဝင်အတွက် လက်‌ဆောင်အဖြစ် ‌ပေးအပ်လိုက်သည်။

နိုဝင်ဘာ ၈ ၊ နံနက် ၁ဝ နာရီ

အသက် ၈ဝ အရွယ် အ‌မေအိုကြီးတစ်ဦးသည် မဲရုံအတွင်းသို့ ‌ဖေးမသူနှင့်အတူ တ‌ရွေ့‌ရွေ့ဝင်လာသည်။ မဲရုံအတွင်းမှ ရပ်ကွက်သားက ‘‘အဖွားက ကြိုတင် မဲ‌ပေး မထားဘူးလား၊ ကြိုတင်မဲ ‌ပေးလို့ရတယ်‌လေ’’ဟု ဆိုလိုက်သည်။ ‘‘‌အေး၊ အဖွားသိပါတယ်။ အဖွားက ဒီ‌နေ့မှပဲ မဲရုံကို မဲလာ‌ပေးချင်လို့ ‌မြေး‌လေးနဲ့ လာခဲ့တာ’’ဟု အ‌မေအိုကြီးက တက်ကြွ‌သောအပြုံးဖြင့် ရပ်ကွက်သားကို တည်ငြိမ်စွာ ‌ပြောလိုက်သည်။

နိုဝင်ဘာ ၈ ၊ နံနက် ၉ နာရီ ၃ဝ မိနစ်

ရပ်ကွက်သူမတစ်ဦး မဲရုံအတွင်းသို့ ဝင်လာသည်။ မဲစာရင်းတွင် အမည်ကို ရှာ‌ဖွေလက်မှတ်ထိုး၍ မဲလက်မှတ်ကို ထုတ်ယူသွားသည်။ လျှို့ဝှက်ဆန္ဒပြုခန်းသို့ ‌သေသပ်ကျနစွာ ‌လျှောက်လှမ်းသွားသည်။ ထို့‌နောက် မဲလက်မှတ်တွင် သူမဆန္ဒပြုလိုသူကို တံဆိပ်တုံးနှိပ်‌နေသည်။ ထို့‌နောက် မဲလက်မှတ်ကို နှုတ်ခမ်း‌ရှေ့ အသာအယာတိုးကပ်ပြီး ‌လေဖြင့် တဖူးဖူးမြည်‌အောင် မှုတ်‌နေ‌တော့သည်။

‘‘သမီး မင်က ‌ခြောက်ပါတယ်။ အဲဒီ‌လောက်မစိုးရိမ်ပါနဲ့’’ဟု မဲရုံအဖွဲ့ဝင်တစ်ဦးက ‌ပြောလိုက်သည်။

ထိုအခါ ရပ်ကွက်သူမက ‘‘ဦး‌လေးကလဲ မင်စွန်သွားပြီး သမီးမဲက ပယ်မဲဖြစ်သွားရင် ဘယ်နှယ့်လုပ်မလဲ။ ‌သေချာ‌အောင်‌တော့ လုပ်ရမှာပဲ’’ဟု ‌ပြောလိုက် သည်။

နိုဝင်ဘာ ၈ ၊ နံနက် ၉ နာရီ

‘‘ဟာ တံဆိပ်တုံးက မထင်ဘူး’’ဟု မဲဆန္ဒရှင်အစ်မကြီးက ‌အော်လိုက်သည်။ ထိုစဉ် မဲရုံမှူးဆရာမ‌လေးသည် မဲဆန္ဒရှင်အစ်မကြီးထံ သုတ်‌ခြေသင်သွား ‌လေသည်။

‘‘ကျွန်မကို တံဆိပ်တုံး‌လေး ခဏပြပါ။ ‌ရှေ့က လူ‌တွေဆီက‌တော့ ဘာသံမှ မကြားရဘူး’’ဟု မဲရုံမှူးဆရာမ‌လေးက ‌ပြောသည်။ ထို့‌နောက် မဲဆန္ဒရှင် အစ်မကြီး ကမ်း‌ပေးသည့် တံဆိပ်တုံးကို ဂရုတစိုက်စစ်‌ဆေး‌နေသည်။

‘‘ရပြီ အစ်မကြီး၊ ‌ရှေ့က တစ်‌ယောက်က တံဆိပ်တုံးကို အဖုံးပိတ် သွားလို့ပါ။ အခုတံဆိပ်နှိပ်လို့ ရပါပြီ။ ကျွန်မ အဖုံးကို သိမ်းထားလိုက်ပါ‌တော့မယ်’’ဟု မဲရုံမှူးဆရာမ‌လေးက ‌ပြော၍ အဖုံးဖွင့်ပြီး တံဆိပ်တုံးကို မဲဆန္ဒရှင်အစ်မကြီးထံ ကမ်း‌ပေးလိုက်သည်။

အစ်မကြီးက တံဆိပ်တုံးကို ‌သေချာစွာပြန်လည်စစ်‌ဆေးပြီး သူမ၏ မဲလက်မှတ်‌ပေါ်သို့ နှိပ်ချလိုက်သည်။ သူမ၏ မျက်နှာတွင် အပြုံးတစ်ချက် လင်းလက်သွား သည်။ ပြည်သူ့လွွှတ်‌တော်မဲဆန္ဒပုံးအတွင်းသို့ နှလုံးအတွင်းမှ မဲတစ်ပြားသည် တည်ငြိမ်စွာ ‌ရောက်ရှိသွားခဲ့သည်။

နိုဝင်ဘာ ၈ ၊ နံနက် ၈ နာရီ

မဲရုံကိုယ်စားလှယ် ‌မောင်မြတ်သူသည် မဲ‌ပေးရန် ‌စောင့်‌နေသည့် လူတန်းရှည်ကြီးကို မဲရုံအတွင်းမှ‌ငေးကြည့်‌နေသည်။ ထိုသို့ကြည့်‌နေရင်းဖြင့် မဲရုံအတွင်းရှိ လူတစ်ဦးခြင်း၏ မဲ‌ပေးမှုဖြစ်စဉ်ြကာမြင့်ချိန်ကိုလည်း ချင့်တွက်‌နေသည်။ မဲရုံအနီး စီတန်း‌နေသည့် လူတန်းရှည်နှင့်မဲ‌ပေးနိုင်သည့် အချိန်ကြာမြင့်မှုတို့ကို တွက်ချက်‌နေသည်။ မြင်ကွင်းနှင့်တွက်ချက်မှု ကိန်းဂဏန်းတို့က မဲ‌ပေးချိန်မမှီနိုင်ဟု ‌မောင်မြတ်သူကို သတိ‌ပေး‌နေ၍ စိုးရိမ်စိတ်‌ရေချိန်မြင့်တက်‌နေသည်။

‘‘ည‌နေ ၄ နာရီ ထိုးလို့ မဲ‌ေပးမယ့် လူ‌တွေ အများကြီးကျန်‌နေ‌သေးရင် ကျန်တဲ့သူ‌တွေ အားလုံးကို အတိအကျ‌ရေတွက်မယ်။ ရှိ‌နေတဲ့သူ‌တွေ အားလုံးကို မဲ‌ပေးလို့ရ‌အောင် လုပ်မယ်’’ဟု ရပ်ကွက်‌ရွေး‌ေကာက်ပွဲ‌ကောင်မရှင်အဖွဲ့ဝင်က ‌ပြောလိုက်သည်။ ထိုစကားသံကို ကြားမိ‌သော ‌မောင်မြတ်သူသည် စိတ်သက် သာရာ ရသွားသည်။ အ‌ခြေအတင်ငြင်းခုန်နိုင်‌ချေရှိသည့် ည‌နေ ၄ နာရီအတွက် စိတ်မသက်သာမှုသည် လွင့်ပြယ်သွားရသည်။

နိုဝင်ဘာ ၈ ၊ နံနက် ၇ နာရီ

မဲဆန္ဒရှင် သက်‌သေခံကတ်ပြားကိုင်‌ဆောင်ထားသည့် မဲဆန္ဒရှင်တို့သည် တည်ငြိမ်‌သော ‌ခြေလှမ်းများဖြင့် မဲရုံအတွင်းသို့ ဝင်‌ရောက်ကြသည်။ မိမိတို့ နှစ်သက်သည့်ပါတီ၊ နှစ်သက်သည့် ကိုယ်စားလှယ်‌လောင်းနှင့် မိမိတို့ မနှစ်သက်သည့် ပါတီ၊ မနှစ်သက်သည့် ပါတီ၏ ကိုယ်စားလှယ်‌လောင်းအ‌ကြောင်း တို့ကို တခွန်းတပါဒမှ ‌ပြောဆိုခြင်း မရှိကြပါ။ မဲဆန္ဒရှင်အချင်းချင်း စည်းရုံးလှုံ‌ဆော်ခြင်းလဲ မရှိကြပါ။ မဲရုံပရဝဏ်၊ မဲရုံနှင့် မဲရုံအဖွဲ့ဝင်များ၏ လှုပ်ရှား သွားလာမှုများကိုသာ အကဲခတ်‌နေကြသည်။ လူတန်းရှည်ကြီးဖြစ်‌နေသည့် တိုင်‌အောင် တစ်ဦးနှင့်တစ်ဦး ‌ကျော်တက်ခြင်း၊ ‌အော်ဟစ်ခြင်း အလျဉ်းမရှိသည့် အပြင် မသန်စွမ်းသူများ၊ ကိုယ်ဝန်‌ဆောင်များနှင့် သက်ကြီးရွယ်အိုများကို ဦးစား‌ပေး၍ မဲ‌ပေး‌စေကြသည်။ မဲဆန္ဒရှင်များသည် မိမိတို့၏ ကိုယ်နှုတ် အမှုအယာ များကို သတိကြီးစွာ သတိရှိစွာ ထိန်းသိမ်းကြပြီး နိုဝင်ဘာ ၈ ကို ညှင်သာ‌ပျော့‌ပြောင်းစွာ ဖြတ်သန်း‌နေကြသည်။

နိုဝင်ဘာ ၈ ၊ နံနက် ၆ နာရီ ၅ မိနစ်

‘‘မဲရုံဖွင့်လို့ ရပါပြီ။ နာရီတိုက်မယ်‌နော်။ ၆ နာရီ ၅ မိနစ်ပါ။ အပြင်မှာရှိတဲ့ မဲဆန္ဒရှင် ၅ ဦး အထဲဝင်ပြီး မဲပုံး‌တွေကို စစ်‌ဆေး‌ပေးပါ။ မဲရုံကိုယ်စားလှယ် ‌တွေလဲ မဲပုံး‌တွေကို စစ်‌ဆေး‌ပေးပါ။ စိတ်တိုင်းကျရင် မဲပုံးကို ပိတ်ပါမယ်။ ‌သော့သီးနံပါတ်‌တွေကို မှတ်လို့ ရပါတယ်။ ကျွန်‌တော်တို့ မဲရုံက တိုင်းရင်းသား ၂ မျိုးပါတဲ့အတွက် မဲပုံးအားလုံး ၅ ပုံးပါ။ ‌သေ‌သေချာချာ ကြည့်‌ပေးကြပါ’’ဟု ရပ်ကွက်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ဝင်က နှိုး‌ဆော်၍ မဲပုံးများကို စစ်‌ဆေး‌စေသည်။ မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များက မဲပုံးများကို ပြသသည်။ ကြည့်ရှုသူများ စိတ်‌ကျေနပ်သည်နှင့် မဲပုံးများကို အခိုင်အမာ ပိတ်လိုက်ကြသည်။

နိုဝင်ဘာ ၈ ၊ နံနက် ၅ နာရီ ၃ဝ မိနစ်

‌မောင်မြတ်သူသည် မဲရုံကိုယ်စားလှယ်အဖြစ် တာဝန်ကျရာ မဲရုံ‌ရှေ့သို့ ‌ရောက်ရှိလာသည်။ မဲရုံ‌ရှေ့တွင် မဲရုံဖွင့်ချိန်ကို တန်းစီ‌စောင့်ဆိုင်း‌နေသူများကို ‌တွေ့လိုက်သည်။ မဲရုံပရဝဏ်ကို အကဲခတ်လိုက်ပြီး မဲရုံမှူးထံ‌ရောက်ရှိ‌ကြောင်း သတင်းပို့၍ လက်မှတ်‌ရေးထိုးလိုက်သည်။ ‌မောင်မြတ်သူ၏ ဘယ်ဖက်ရင်အုံ ‌ပေါ်တွင် မဲရုံကိုယ်စားလှယ်ဆို‌သော စ‌တေကာအဝိုင်းပြား‌လေးကို မဲရုံမှူးဆရာမ‌လေးက ကပ်‌ပေးလိုက်သည်။ မဲရုံကိုယ်စားလှယ် ‌မောင်မြတ်သူအဖြစ် တရားမျှတမှုကို ‌ဖော်‌ဆောင်ရန် တာဝန်သည် သူ၏ နှလုံးသားတည့်တည့်‌ပေါ်တွင် တည်ရှိ‌နေ‌တော့သည်။

နိုဝင်ဘာ ၈ ၊ နံနက် ၄ နာရီ

နာရီသံ စည်းချက်နှင့်အတူ ‌မောင်မြတ်သူသည် အိမ်‌ရှေ့လမ်းသို့ မှန်မှန် ‌လျှောက်ထွက်လာသည်။ အငှားယာဉ်တစ်စီးကို တားလိုက်ပြီး မဲရုံသို့ ထွက်ခဲ့သည်။ အတိတ်သမိုင်းက ‌ပေးထားသည့် ‌ရွေး‌ကောက်ပွဲ‌နေ့ သင်ခန်းစာများကို ‌မောင်မြတ်သူသည် ‌တွေးမိလာသည်။ အာဏာပိုင်တို့၏ မသမာမှု၊ မဲမသမာမှုနှင့်‌ရွေး ‌ကောက်ပွဲ အတိတ်ဇာတ်လမ်းများကို ထင်ထင်ရှားရှား သတိရလာမိသည်။

၁၉၉ဝ ပြည့် ‌ရွေး‌ကောက်ပွဲ။ ၂ဝ၁ဝ ပြည့် ‌ရွေး‌ကောက်ပွဲ။

၂ဝ၁၂ ခုနှစ် ကြားဖြတ်‌ရွေး‌ကောက်ပွဲ။ ယခု ၂ဝ၁၅ ခုနှစ် ‌ရွေး‌ကောက်ပွဲ။

သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။

လက်သီးကို ကျစ်ကျစ်ပါ‌အောင် ဆုတ်လိုက်သည်။

နိုဝင်ဘာ ၇ ၊ နံနက် ၈ နာရီ

နိုဝင်ဘာ ၈ တွင် မဲရုံကိုယ်စားလှယ်တာဝန်ကျသည့် ‌မောင်မြတ်သူသည် ကြိုတင်မဲ‌ပေးရန် ရပ်ကွက်ရုံးသို့ ထွက်လာသည်။ လမ်းတွင် မဲ‌ပေးရမည့် ကိုယ်စားလှယ်များအ‌ကြောင်းကို စဉ်းစားသည်။

‘‘တိုင်း‌ဒေသကြီးလွွှတ်‌တော်အတွက် ‘‌နေဘုန်းလတ်’ကို‌ပေးမယ်၊ အမျိုးသားလွွှတ်‌တော်အတွက် ‘မြတ်ဉာဏစိုး’ကို‌ပေးမယ်’’ဟု ‌မောင်မြတ်သူသည် တစ်ကိုယ် တည်း ‌ရေရွတ်သည်။ ထို့‌နောက် ‘‘ပြည်သူ့လွွှတ်‌တော်အတွက်‌တော့ ‘ဦးသိန်းညွန့်’ကို မဲ‌ပေးသင့်တယ်။ သူက အနီမဟုတ်‌ပေမဲ့ လွွှတ်‌တော်ထဲမှာ အလုပ်‌တော့ လုပ်တယ်’’ဟု ဆက်‌တွေး‌နေသည်။

နိုဝင်ဘာ ၇ ၊ နံနက် ၉ နာရီ ၁ဝ မိနစ်

ရပ်ကွက်ရုံးသို့ ‌ရောက်လာ‌ေသာ ‌မောင်မြတ်သူသည် တိုင်း‌ဒေသကြီးနှင့်အမျိုးသားလွွှတ်‌တော်အတွက် မူလစဉ်းစားဆုံးဖြတ်ထားသည့် အတိုင်းအ‌ပြောင်းအလဲမရှိ ‌တွေ‌ဝေခြင်းမရှိ မဲ‌ပေးခဲ့သည်။ ပြည်သူ့လွွှတ်‌တော်အလှည့်တွင် အနည်းငယ် ‌တွေ‌ဝေသွားသည်။ အစိုးရအဖွဲ့ ဖွဲ့နိုင်ရန်နှင့်ဖွဲ့နိုင်လျှင်ဆို‌သော အ‌တွေးဝင်လာ သည်။ ထို့‌နောက် ပြည်သူ့လွွှတ်‌တော်အတွက် ပြည်သူ့ပါတီဖြစ်‌သော အန်အယ်လ်ဒီလိုဂို‌ဘေးတွင် ယူအီးစီ၏ တံဆိပ်တုံးကို ‌သေချာစွာ ချိန်သွယ်၍ မျက်စိ မှိတ်ခါ ဖိနှိပ်ချလိုက်သည်။

ဟန်ဆန်း

၂ဝ၁၆ ခုနှစ် ‌ဖေ‌ဖော်ဝါရီလ၌ ပဲန်မြန်မာက ထုတ်‌ဝေသည့်

နိုဝင်ဘာ ၈ ဒိုင်ယာရီ စာအုပ်တွင် ‌ဖော်ပြခံခဲ့ရသည်။

Category: Uncategorized
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme