512GB အရွယ်အစား အချက်အလက်သိမ်းဆည်းနိုင်သည့်တံဆိပ်ခေါင်းအရွယ် SD ကတ်ကို အမေရိကန်ဒေါ်လာ ၈ဝဝ ဖြင့် ရောင်းချတော့မည်ဆိုသော သတင်းများ နည်းပညာလောကတွင် ပြီးခဲ့တဲ့လအတွင်းက ထွက်ပေါ်ခဲ့သည်။ ထိုသတင်းသည် iPhone 6 သတင်းနှင့် မရှေးမနှောင်းထွက်ပေါ်ခဲ့သော်လည်း iPhone 6 သတင်းလောက် သတင်းမကြီးခဲ့ပါ။
512MB အရွယ်အစား Memory Card ကို ထုတ်လုပ်ဖြန့်ချိအပြီး ၁ဝ နှစ်တာကာလအလွန်တွင် 512GB အရွယ်အစား Memory Card အား ထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။ ကျွမ်းကျင်သူများ၏ အဆိုအရ 2TB(2 Terabytes) အရွယ်အစားရှိသော Memory Card, SD Card များကိုလည်း ထုတ်လုပ်လာနိုင်မည်ဟု သိရပါ သည်။ အရွယ်အစားကြီးမားသည့် SD card ကို ရုပ်ရှင်ဗီဒီယိုရိုက်ကူးသူများနှင့် အရည်အသွေးကြီးမားသည့် ဓာတ်ပုံရိုက်ကူးလိုသူများကို အဓိကရည်ရွယ်ပြီး ထုတ်လုပ်ခြင်းဖြစ်သည်။ SD card များသည် အရွယ်အစား သိပ်သည်းကျစ်လစ်ခြင်း၊ သယ်ယူရလွယ်ကူခြင်း၊ အရည်အသွေးမြင့်မား၍ ပမာဏကြီးမားသည့် အချက်အလက်များကို သိမ်းဆည်းထားနိုင်ခြင်းတို့ကြောင့် အသုံးတွင်ကျယ်ပြီး အသုံးပြုသူများအကြား၌ ရေပန်းစားလှပါသည်။ SD card များကို ကင်မရာများ နှင့်လက်ကိုင်ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်ခြင်းကြောင့် လူတိုင်း၏ နေ့စဉ်အသုံးပြုနေရသောအသုံးအဆောင်ဘဝကို ရောက်ရှိလာပါသည်။ ကင်မရာများ တွင် 512 GB ပမာဏရှိသည့် SD card များကို အသုံးပြုလာနိုင်ပါက နာရီ ၃ဝ ကြာမြင့်သည့် HD အရည်အသွေးရှိ ဗီဒီယိုများကို ရိုက်ကူးလာနိုင်ပါမည်။
မိုဘိုင်းကိရိယာများကို ခွဲခြားလေ့လာနေသောပညာရှင်တစ်ဦးဖြစ်သူ John Delaney က ‘‘အရည်အသွေးမြင့်မားပြီး သိမ်းဆည်းနိုင်တဲ့ပမာဏ မြင့်မားသော SD card ေတွကို အသုံးပြုသူများက နှစ်သက်ကြပါလိမ့်မယ်။ SD card များဟာ ရုပ်ဝတ္ထုနဲ့ တည်ဆောက်ထားတာဖြစ်တဲ့အတွက် ပျက်စီးနိုင်တယ်။ ပျောက်ဆုံးနိုင် ပါတယ်။ ပျက်စီးပျောက်ဆုံးသွားတဲ့အခါ အရည်အသွေးကြီးမားခြင်းတွေ ပမာဏကြီးများခြင်းတွေ အားလုံးကို ဆုံးရှုံးသွားပါမယ်။ ဆုံးရှုံးမှုပမာဏကြီးမား သွားမယ်။ အဲဒီအခါ အသုံးပြုသူတွေက Cloud Storage (အင်တာနက်မှတဆင့် အွန်လိုင်းတွင်သိမ်းဆည်းခြင်း)ကို အစားထိုးပြီးတော့ အသုံးပြုလာကြမယ်’’ဟု သုံးသပ်ပြောဆိုခဲ့သည်။
KB, MB, GB, TB, PB ဆိုသည်မှာ
အချက်အလက်များကို သိမ်းဆည်းနိုင်သည့်ပမာဏအကြောင်းများကို လေ့လာသောအခါ အခေါ်အဝေါ်များနှင့်သိမ်းဆည်းနိုင်သည့် ပမာဏတွက်ချက်ခြင်းများကို သိရှိထားရန်လိုအပ်သည်။ ထိုကြောင့် အောက်ဖော်ပြပါ ဇယားကို တင်ပြလိုပါသည်။
1024 bytes = 1KB
1024 KB = 1MB
1024 MB = 1GB
1024 GB = 1TB
1024 TB = 1PB
ဖော်ပြပါဇယားတွင် မြင်တွေ့ရသည့် အတိုင်း 1024 bytes ပမာဏကို 1KB ဟု ရေတွက်ပါသည်။ 1024 KB ပမာဏကို 1MB ဟု ရေတွက်ပါသည်။ 1024 MB ပမာဏကို 1GB အဖြစ် ရေတွက်ပါသည်။ 1024 GB ပမာဏကို 1TB ပမာဏအဖြစ် ရေတွက်ပါသည်။ 1TB ပမာဏကို 1024 PB အဖြစ် ရေတွက်ပါသည်။ သိမ်းဆည်းနိုင်သော ပမာဏတန်ဖိုး မြင့်မားလာမှုနှုန်းကို တန်ဖိုးအစဉ်အတိုင်း Byte, KB, MB, GB, TB, PB ဟု မှတ်သားထားနိုင်ပါသည်။
KB အသုံးသည် Kilobyte ၏ အတိုကောက် ဝေါဟာရဖြစ်သည်။
MB အသုံးသည် Megabyte ၏ အတိုကောက် ဝေါဟာရဖြစ်သည်။
GB အသုံးသည် Gigabyte ၏ အတိုကောက် ဝေါဟာရဖြစ်သည်။
TB အသုံးသည် Terabyte ၏ အတိုကောက် ဝေါဟာရဖြစ်သည်။
PB အသုံးသည် Petabyte ၏ အတိုကောက် ဝေါဟာရဖြစ်သည်။
ဖော်ပြပါ ဝေါဟာရနှင့်ရေတွက်သည့် ပုံသဏ္ဍာန်များကို သိရှိထားခြင်းအားဖြင့် မိမိသိမ်းဆည်းလိုသော အချက်အလက်၏ပမာဏကို တွက်ချက်နိုင်မည်ဖြစ်သကဲ့ သို့ မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် ပြောင်းလဲအသုံးပြုလာသည့် သုံးစွဲသည့် အချက်အလက်ပမာဏဖြင့် အသုံးပြုခပေးချေရခြင်းအတွက်လည်း အသုံးတည့် လာမည်ဖြစ်ပါသည်။
SD card ဆိုသည်မှာ
SD card ဆိုသည်သောဝေါဟာရသည် Secure Digital ၏ အတိုကောက်ဝေါဟာရတစ်ခုဖြစ်သည်။ Secure Digital ကို မြန်မာဘာသာဖြင့် တိုက်ရိုက်ဘာသာပြန် လျှင် ဒီဂျစ်တယ်အချက်အလက်များကို လုံခြုံစွာသိမ်းဆည်းခြင်းကတ်ပြားဟု ဆိုရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ။ စာရေးသူအနေဖြင့် SD ကတ်ကို အက်စ်ဒီ ကတ်၊ မီမိုရီကတ်ဟုသာ အသံလှယ်၍ ခေါ်ဆိုလိုပါသည်။
ဟန်ဇော်
၂ဝ၁၄ ခုနှစ် အောင်တိုဘာလထုတ်
ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။