၂ဝ၁ဝ ပြည့်နှစ် မေလကုန်ပိုင်းမှာ ပါစင်နယ်ကွန်ပျူတာကနေ GOOC 2010 ASIA & AFRICA Regional Final ပြိုင်ပွဲသတင်းကို ကိုသိန်းဇော်နဲ့အတူလိုက်ပါ ရယူဖို့တာဝန်ပေးခဲ့တယ်။ သွားရောက်သတင်းယူရမယ့်နေရာက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ။ သွားရမယ့်အချိန်က ဇွန်လ ၁ရ ရက်နေ့။
ရန်ကုန်နဲ့ဂျကာတာကို တိုက်ရိုက်ပြန်သန်းတဲ့ လေကြောင်းခရီးစဉ်မရှိခဲ့လို့ စင်ကာပူကနေ တစ်ဆင့်သွားမလား။ ဘန်ကောက်ကနေ တစ်ဆင့်သွားမလား။ စဉ်းစားကြရတယ်။ ဘန်ကောက်ကနေတစ်ဆင့်သွားရင် ဘန်ကောက်လေဆိပ်မှာ တစ်ညအိပ်ရမယ်။ စင်ကာပူကနေသွားရင် တစ်ညအိပ်စရာမလိုပဲ ရန်ကုန်-စင်ကာပူ-ဂျကာတာဆိုပြီး တစ်ခါတည်း ရောက်သွားမယ်။
လေယာဉ်လက်မှတ် Booking လုပ်တဲ့အခါ အပြန်အတွက်လေယာဉ်က Waitting List ဖြစ်နေတယ်။ ဒါနဲ့ပဲ ပါစင်နယ်ကွန်ပျူတာက ကိုမျိုးမင်းထူးနဲ့ ကိုသိန်း ဇော်တို့က ဘန်ကောက်ကနေတစ်ဆင့် ဂျကာတာမြို့ကို သွားဖို့ ရွေးချယ်လိုက်ကြတယ်။
GOOC 2010 ASIA & AFRICA Regional Final ပြိုင်ပွဲကို ပြည်တွင်းမှာ GIGABYTE အမှတ်တံဆိပ်ဖြန့်ဖြူးပေးနေတဲ့ STAR-TECH ကနေတစ်ဆင့် ဖိတ်ခေါ်ခဲ့လို့ သွားခဲ့ကြတာဖြစ်တယ်။ ခရီးမထွက်ခင် တစ်လလောက်အလိုမှာ STAR-TECH ရဲ့ အကူအညီနဲ့ ကိုယ်ရေးအချက်အလက်တစ်ချို့ကို ပွဲစီစဉ်သူတွေဆီ ပို့ပေးလိုက်တယ်။ ဒီလိုပို့ပေးလိုက်ရတဲ့ အချက်အလက်တစ်ချို့နဲ့အတူ သဘောတူညီမှုစာတစ်စောင်ကိုလည်း လက်မှတ်ထိုး ဖြည့်ပေးလိုက်ရတယ်။ အဲဒီစာထဲမှာ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေယူမှာ ဖြစ်တဲ့အကြောင်း၊ အဲဒီမှတ်တမ်းတွေကို ကုန်ပစ္စည်းအရောင်းမြင့်တင်ရေးကိစ္စတွေမှာ သုံးမှာဖြစ်တဲ့အကြောင်း၊ YouTube ကဲ့သို့ အွန်လိုင်းစာမျက်နှာတွင်လည်း လွင့်တင်မည်ဖြစ်ကြောင်းစတဲ့ အချက်တွေပါတယ်။ အတုယူစရာအချက်တစ်ခုအဖြစ် မှတ်သားမိတယ်။
အင်ဒိုနီးရှားနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာလျှောက်ဖို့အတွက် စာရွက်စာတမ်းတွေ အမြောက်အမြားမလိုဘူး။ နိုင်ငံကူးလက်မှတ် သက်တမ်း ၉ လရှိရမယ်။ အသွားအပြန်ဝယ်ထားတဲ့ လေယာဉ်လက်မှတ်မူရင်းပြနိုင်မယ်။ ဗီဇာကြေးအမေရိကန် ဒေါ်လာ ၄၅ ဒေါ်လာပေးနိုင်မယ်ဆိုရင် အဆင်ပြေပြီ။ ဗီဇာယူဖို့ ပထမတစ်ရက်သွားတဲ့အခါ စာရေးသူတို့ ယူသွားတဲ့ လေယာဉ်လက်မှတ်က မဝယ်ရသေးပဲ Booking တင်ထားတဲ့ စာရွက်ဖြစ်နေတယ်။ ဝယ်ထားတဲ့ လေယာဉ်လက်မှတ်နဲ့ ဗီဇာလာလျှောက်ဖို့ သံရုံးအရာရှိက ပြောတယ်။ သံရုံးအရာရှိက စာရေးသူကို ပြောနေတဲ့အချိန်မှာ မြန်မာလိုပြောနေခဲ့တယ်။ စာရေးသူက ခဏနေပါဦး။ လေယာဉ်လက်မှတ်ကိစ္စကို ကျွန်တော့် သူငယ်ချင်းကို မေးလိုက်ဦးမယ်ဆိုပြီး ဖုန်းပြောနေတဲ့ ကိုသိန်းဇော်ဆီ လျှောက်သွား ခဲ့တယ်။ ကိုသိန်းဇော် ခေါ်လာပြီးပြန်လာတော့ အခုန သံရုံးအရာရှိက မြန်မာလို မပြောတော့ပဲ အင်္ဂလိပ်ဘာသာစကားကို သုံးပြီးပြောနေပြန်တယ်။ စာရေး သူ မျက်စိလည်သွားခဲ့တယ်။ နောက်ပိုင်းရက်တွေမှာ အဲဒီသံ ရုံးအရာရှိက မြန်မာလို မပြောပဲ အင်္ဂလိပ်လိုပဲ ပြောနေတာ တွေ့ရတယ်။ ခုချိန်ထိ သူမြန်မာလား နိုင်ငံခြားသားလား။ စာရေးသူ မကွဲခဲ့ဘူး။
လေယာဉ်လက်မှတ်ဝယ်ပြီးလို့ ဗီဇာဝင်တဲ့အခါမှာ အားလုံးအဆင်ပြေပြေရှိခဲ့တယ်။ နိုင်ငံကူးလက်မှတ်ပြန်ထုတ်ဖို့ လေးရက်ခွာချိန်းခဲ့တယ်။ ဗီဇာရလို နိုင်ငံကူးလက်မှတ်ပြန်ထုတ်တဲ့နေ့မှာ သံရုံးကို သုံးကြိမ်သွားလိုက်ရတယ်။ ပထမချိန်းထားတဲ့ အချိန်ရောက်တော့ ၁၁ နာရီကျော်မှ လာခဲ့ပါ။ လက်မှတ်မထိုး ရသေးလိုတဲ့။ ကိုသိန်းဇော်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး စောင့်နေလိုက်ကြတယ်။ ဒုတိယချိန်းတဲ့ အချိန်ကိုရောက်တော့လည်း နိုင်ငံကူးလက်မှတ်ကို ပြန်မထုတ် ပေးသေးဘူး။ အွန်လိုင်းကွန်နစ်ရှင်နှေးနေလို့ အလုပ်မပြီးဖြစ်နေတယ်လို့ နောက်မှသိရတယ်။ တတိယတစ်ခေါက်သွားတော့မှ ဗီဇာစတေကာကပ်ထားတဲ့ နိုင်ငံကူးလက်မှတ်ကို ပြန်ရတော့တယ်။
ဇွန်လ ၁ရ ရက်နေ့ ညနေ ရနာရီ ၄၅ မိနစ်မှာ ရန်ကုန်လေဆိပ်ကနေ ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် ၉ နာရီ ၄ဝ မှာ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ လေဆိပ်ကို ရောက်ကြတယ်။ မနက်မှာ ကိုယ်စီးရမယ့် လေယာဉ်နဲ့ အနီးဆုံးနေရာကို လိုက်လံရှာဖွေရင်း၊ လေဆိပ်ထဲလိုက်ကြည့်နေလိုက်ကြတာ သုဝဏ္ဏဘူမိလေဆိပ်ထဲမှာ သုံးနာရီလောက် ကြာသွားတယ်။ အမျိုးစုံလင်တဲ့ ဆိုင်များစွာကို လှည့်ပတ်ကြည့်မိကြတယ်။
တဖြည်းဖြည်း ညည့်နက်လာတော့ သုဝဏ္ဏဘူမိလေဆိပ်လည်း လူကြဲလာတယ်။ လူရှင်းလာတယ်။ လူတွေ လုံးဝပျောက်သွားတာတော့မဟုတ်။ လေဆိပ်ထဲက ခုံတွေပေါ်မှာ လှဲအိပ်နေကြပြီ။ စာရေးသူတို့လည်း လေဆိပ်ထဲက ခုံတန်းတွေပေါ်မှာ လှဲအိပ်လိုက်ကြတယ်။ စာရေးသူက ကောင်းကောင်း အိပ်မပျော်ခဲ့ပါ။ ထထိုင်လိုက် လှဲအိပ်လိုက် လုပ်နေမိတယ်။ မနက် ၃ နာရီလောက်မှာ လူတစ်ယောက် လျှောက်လာတယ်။ စာရေးသူက အင်္ဂလိပ်လို ဘယ်ကလာခဲ့သလဲလို့ ဆိုပြီး နှုတ်ဆက်လိုက်တော့ ‘‘ ကျွန်တော် မြန်မာပါ။ မနက်ကို ရန်ကုန်ပြန်မှာလို့ ပြောလာတယ်။’’ ဒီပုဂ္ဂိုလ်က ဂဏာမငြိမ်ဖြစ်နေတယ်။ ခဏကြာတော့ ဆေးလိပ်သောက်ရအောင်ဆိုပြီး ဆေးလိပ်သောက်ခန်းကို သွားကြတယ်။ ဆေးလိပ်ငတ်နေတဲ့ စာရေးသူလည်း ဟန်မဆောင်နိုင်ဘူး။ သူက စာရေးသူကို ဆေးလိပ်ဘူး သုံးဗူး ပေးတယ်။ ဘယ်လိုမှ ငြင်းလို့ မရတာနဲ့ လက်ခံလိုက်တယ်။ ဆေးလိပ်ဗူးတွေကို မသယ်ခြင်းတာနဲ့ လေဆိပ်ထဲက အမှိုက်ပုံထဲမှာထား ခဲ့လိုက်တယ်။
မနက် ၅ နာရီဝန်းကျင်မှာ သုဝဏ္ဏဘူမိလေဆိပ်ဟာ စတင်ပြီး အသက်ဝင်လှုပ်ရှားလာပါတယ်။ တဖြည်းဖြည်းနဲ့ လူတွေများလာပြီး စည်စည်ကားကားဖြစ်လာ တယ်။ စာရေးသူတို့လည်း ကိုယ်စီးရမယ့် လေယာဉ်ဆီကို သွားခဲ့ကြတယ်။ ဇွန်လ ၁၈ ရက်နေ့ မနက် ၇ နာရီ ၅၅ မိနစ်မှာ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်ကနေ ဂျကာတာမြို့ကို ထွက်ခွာခဲ့တယ်။ လေယာဉ်ပေါ်မှာ ဘန်ကောက်ကလိုက်ပါလာတဲ့ GOOC 2010 အဖွဲ့တစ်ဖွဲ့ကို တွေ့လိုက်ကြတယ်။ သူတို့ ထဲမှာ ဘယ်သူတွေက မီဒီယာသမားဖြစ်ပြီး ဘယ်သူတွေက ပြိုင်ပွဲဝင်တွေ ဖြစ်မယ်ဆိုတာ မသိကြသေးဘူး။
ဘန်ကောက်ကနေ ဂျကာတာကို သုံးနာရီလောက် လေယာဉ် စီးရတယ်။ ဂျကာတာလေဆိပ်ကို ရောက်တော့ ၁၁နာ ရီကျော်နေပြီ။ ဂျကာတာလူဝင်မှု ကြီးကြပ်ရေးကို ဖြတ်ဖို့ နည်းနည်းစောင့်ရတယ်။ စာရေးသူအလှည့်ရောက်လို့ အရာရှိထံကို လျှောက်သွားတယ်။ အရာရှိက စာရေးသူကို ကြည့်လိုက်၊ နိုင်ငံ ကူးလက်မှတ်ကို ကြည့်လိုက်၊ နိုင်ငံကူးလက်မှတ်ပေါ်က ဗီဇာကို လက်နဲ့သေသေချာချာ ပွတ်ကြည့်လိုက်လုပ်နေတယ်။ သူတစ်ခုခု မသင်္ကာဖြစ်နေပုံရတယ်။ စိတ်ချရလောက်ပြီဆိုတော့မှ စာရေးသူကို အင်ဒိုနီးရှားမှာ ဘယ်နှစ်ရက်နေမလဲလို့ မေးတယ်။ စာရေးသူက လေးရက် သုံးညနေမယ်။ ဇွန်လ ၂၁ရက် မှာ ပြန်မယ်လို့ ပြောခဲ့တယ်။
လူဝင်မှုကြီးကြပ်ရေးကို ဖြတ်ပြီးတဲ့အခါ GOOC ကနေ ဆိုင်းဘုတ်ကိုင်ပြီး လာကြိုနေသူကို တွေ့ရတယ်။ ထိုင်းက အဖွဲ့ နဲ့တွဲမိသွားပြီး သူတို့အဖွဲ့နဲ့အတူ တည်းခိုရမယ့် ဟိုတယ်ကို ရောက်ခဲ့တယ်။ ဟိုတယ်ကို စာရေးသူတို့ကားနဲ့ အတူလိုက်ပါလာတဲ့ ထိုင်းနိုင်ငံက ZolKorn ကို GOOC 2010 ASIA & AFRICA Regional ချန်ပီယံ ဖြစ်ခဲ့မယ်လို့ အဲဒီအချိန်က မထင်မိခဲ့ဘူး။
တည်းခိုရာဟိုတယ်ကိုရောက်ပြီး ခဏအကြာမှာ Maggan Dua Mall က အင်ဒိုနီးရှားနိုင်ငံအတွင်း ယှဉ်ပြိုင်နေတဲ့ GOOC ကို သွားခဲ့ကြတယ်။ ကိုသိန်းဇော်က Maggan Dua Mall ထဲမှာ လှည့်ပတ်လေ့လာခဲ့ပြီး စာရေးသူက ဘယ်မှမသွားပဲ ပြိုင်ပွဲကျင်းပရာနေရာမှာ အိပ်ငိုက်နေခဲ့တယ်။ ညနေဖက်မှာ ဟိုတယ်ဖက်ကို ပြန်ကူးခဲ့ကြတယ်။ ညစာစားတဲ့အချိန်မှာ GOOC ကို နိုင်ငံစုံက လာရောက်ကြသူတွေနဲ့ တွေ့ဆုံရတယ်။ စကားစမြည်ပြောဖြစ်ကြတယ်။ စာရေးသူကတော့ ငိုက်နေမိတယ်။
ဇွန်လ ၁၉ ရက်နေ့မှာ GOOC 2010 ASIA & AFRICA Regional Final ပြိုင်ပွဲကို Maggan Dua Mall မှာ စတင်ကျင်းပ ပါတယ်။ ပြိုင်ပွဲဝင်ရမယ့် စားပွဲနံပါတ် တွေကို မဲနှိုက်ရွေးချယ်တော့ ကိုသိန်းဇော်က စားပွဲနံပါတ် ၁၈ မှာကျတယ်။ ထိုင်းနိုင်ငံက ZolKorn က ကိုသိန်းဇော်ရဲ့ ညာဖက်၊ စားပွဲနံပါတ် ၁၉ မှာ ကျတယ်။ ပြိုင်ပွဲဝင်တွေဟာ ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်ကြတယ်။ Motherboard ကို ခဲတွေနဲ့ ဆော်၊ မီတာတွေနဲ့ တိုင်းလုပ်နေကြတယ်။ ကိုသိန်းဇော်အတွက် လိုအပ်တဲ့ LN2 Cup ကို GIGA BYTE တရုတ်(တိုင်ပေ)က Danny Chang ကူညီပေးခဲ့တယ်။ ခဏနေတော့ LN2 အငွေ့တွေ ထောင်းခနဲ့ တွေ့လိုက်ရတယ်။ စာရေးသူလည်း LN2 ဆိုတာကို အဲဒီကျမှ တွေ့ဖူးတော့တယ်။
ပြိုင်ပွဲကျင်းပချိန် နီးကပ်လာတော့ ကိုသိန်းဇော်က Fan ဝယ်ပေးဖို့ အကူအညီတောင်းတယ်။ Fan ဝယ်ဖို့ Mall ထဲ သွားခဲ့ပေမယ့် ငွေလဲဖို့ ငွေလဲကောင်တာကို ငါးထပ်လုံးမှာ ရှာမတွေ့ပဲဖြစ်နေတယ်။ မေးစမ်းကြည့်လို့ သူတို့ညွွှန်းတဲ့နေရာကို သွားရှာတော်လည်း ငွေလဲကောင်တာကို မတွေ့ဘူးဖြစ်နေတယ်။ ငွေလဲ ကောင်တာမတွေ့ပဲ စာရေးသူကို အင်ဒိုနီးရှားထင်ပြီး အင်ဒိုနီးရှားလို လာလာပြောနေတာပဲ ကြုံရတယ်။ နာရီဝက်လောက်ကြာသွားတော့ ကိုသိန်းဇော်ကို ငွေလဲကောင်တာဘယ်မှာ ရှိသလဲလို့ ပြန်မေးရတယ်။ ကိုသိန်းဇော်က မနေ့က ကျွန်တော်တို့ ထမင်းစားတဲ့နေရာနားမှာရှိတယ်ဆိုတော့ မှ တစ်စိုက်မတ်မတ် ရောက်ပြီး လိုချင်တာဝယ်ပေးနိုင်ခဲ့တော့တယ်။ မနေ့က ခရီးပန်းပြီး Mall ကို သေသေချာချာ မလေ့လာမိတဲ့ အကျိုးကို ခံစားလိုက်ရတာပဲ။
ပြိုင်ပွဲကျင်းပရာဝန်းကျင်မှာ စာရေးသူ ဓာတ်ပုံရိုက်၊ ဟိုလုပ်ဒီလုပ်ပြီး နားနေတဲ့အချိန်တွေမှာ ပြိုင်ပွဲလာကြည့်သူတွေနဲ့ စကားပြောဖြစ်တယ်။ သူတို့ပထမဆုံး စပြောတဲ့စကားက အင်ဒိုလိုပြောတာပဲ။ စာရေးသူကို အင်ဒိုအောင့်မေ့လို့ အင်ဒိုလိုပြောကြတယ်။ အင်ဒို မဟုတ်မှန်းသိမှ အင်္ဂလိပ်လို ပြောင်းပြောကြတယ်။ အထူးသဖြင့် သူတို့ပြိုင်ပွဲအကြောင်း မေးကြ တာပါပဲ။ ဘယ်နိုင်ငံတွေက လာကြသလဲ။ အခုဘာလုပ်နေကြသလဲ ဆိုတာတွေ များတယ်။ အသက်ငါးဆယ်လောက်ရှိတဲ့ လူကြီးတစ်ဦးက မင်းဘယ် နိုင်ငံကလာသလဲလို့ မေးတယ်။ စာရေးသူက မြန်မာနိုင်ငံက လာတယ်လို့ ပြောပြခဲ့တယ်။ သူက *အမျိုးသမီးတစ်ဦးနာမည်(ဒေါ်အောင်ဆန်းစုကြည်၏ အမည်)ကို ပြန်ပြောခဲ့တယ်။ စာရေးသူက သဘောကျစွာ နှစ်နှစ်ခြိုက်ခြိုက် ရယ်လိုက်မိတယ်။ Mall ထဲမှာ ဓါတ်လှေကားစီးတော့လည်း အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးက မိတ်ဆက်ပြီး ခင်ဗျာတို့ နိုင်ငံက ထိုင်းနဲ့တူတဲ့ နိုင်ငံမဟုတ်လားလို့ ပြောလာပြန်တယ်။
GOOC 2010 ASIA & AFRICA Regional Final ပြိုင်ပွဲကျင်းပပြီးစီးချိန်မှာ ထိုင်းနိုင်ငံက ZolKron က ချန်ပီယံဖြစ်ခဲ့တယ်။ အရှေ့အလယ်ပိုင်း(အီရန်)က ဒုတိယဖြစ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံက တတိယဖြစ်ခဲ့တယ်။ ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံ ၁၅ နိုင်ငံထဲမက ယှဉ်ပြိုင်သူ ၁၉ ဦးထဲမှာ ကိုသိန်းဇော်က နံပါတ် ၁၃ နေရာကို ရောက်ခဲ့တယ်။
ပြိုင်ပွဲကျင်းပပြီးတဲ့ ၁၉ ရက်နေ့ညမှာ ညစာကို GOOC ASIA & AFRIC အဖွဲ့သားတွေနဲ့အတူ ဟိုတယ်ပြင်ပတစ်နေရာမှာ ညစာစားပွဲကျင်းပပြီး စားသောက် ခဲ့ကြတယ်။ စာရေးသူတို့နဲ့ အဖွဲ့ကျခဲ့တဲ့သူတွေကတော့ အိနိ္ဒယပြိုင်ပွဲဝင်သူနဲ့ UTV က အိနိ္ဒယနိုင်ငံသား မီဒီယာသမားတို့ ပဲဖြစ်တယ်။ သူတို့နဲ့ စကားပြောတဲ့ အခါ စာရေးသူကြိုက်တဲ့ ရုပ်ရှင်ကားတွေနဲ့ သူတို့ကြိုက်တဲ့ ရုပ်ရှင်ကားတွေ အကြိုက်မတူခဲ့ဘူး။ ကိုသိန်းဇော်နဲ့ သူတို့ကတော့ အကြိုက်တူခဲ့ကြတယ်။ ဆရာ နေဝင်းမြင့် ဘာသာပြန်ခဲ့တဲ့ The Glass Palace ရေးတဲ့ Amitav Ghosh ကို ပြောတော့လည်း သူတို့နဲ့ သိပ်မရင်းနှီးတာကို တွေ့ရတယ်။
အဲဒီမှာ စာရေးသူရဲ့ ဆေးလိပ်ပြဿနာစပါတော့တယ်။ ဆေးလိပ်ဝယ်ဖို့ အခြေအနေမပေးလို့ မဝယ်ဖြစ်ခဲ့ဘူး။ အဲဒီအချိန်မှာ အိနိ္ဒယက ပြိုင်ပွဲဝင်သူကို ထိုင်းနိုင်ငံက ချန်ပီယံ ZolKron က ဆေးလိပ်တောင်းပြီး သောက်တယ်။ အဲဒီမှာ စာရေးသူလည်း မနေနိုင်တော့ပဲ ဆေးလိပ်တောင်း သောက်မိတယ်။ အိနိ္ဒယက ပြိုင်ပွဲဝင်သူက ခင်ဗျာအစောကြီးကတည်းက ပြောသင့်တယ်လို့ စာရေးသူကိုပြောတယ်။ စာေရးသူကတော့ ဆေးလိပ်ကို မက်မက်စက်စက်ဖွာ နေမိတယ်။
ဇွန်လ ၂ဝ ရက်နေ့ မနက်မှာ GOOC 2010 ASIA & AFRICA အဖွဲ့သားတွေဟာ တည်းခိုရာဟိုတယ်ကနေ Ayer Island ကို ထွက်ခွာလာကြတယ်။ Ayer Island ကို ရေလမ်းကြောင်းကနေ မော်တော်ဘုတ်နဲ့ထွက်ခွာလာကြတယ်။ နေ့လည်စာ စားကြတယ်။ နေ့လည်စာစားပြီးတဲ့အချိန်မှာ Team A, Team B, Team C တို့ဟာ ဂိမ်းတွေကို ကစားကြတယ်။ စာရေးသူနဲ့ ကိုသိန်းဇော်က Team C မှာ ပါဝင်ကြတယ်။ Team တွေကို ပွဲစီစဉ်သူတွေက အစောကြီးကတည်းက ခွဲပေး ထားခဲ့တယ်။
လူသုံးယောက်နင်းလို့ရတဲ့ ခုံဖိနပ်ပေါ်မှာ လူသုံးယောက်တက်ပြီး တစ်ဖက်စည်းကို အမြန်ရောက်အောင်သွားရတဲ့ ကစားနည်းကိုလည်း ယှဉ်ပြိုင်ရတယ်။ တစ်ကြိမ်ပြိုင်ရင် အဖွဲ့နှစ်ဖွဲ့ ပြိုင်ရတယ်။ နောက်ပြီး လွန်ဆွဲလည်း ပြိုင်ရသေးတယ်။ တစ်ဖက်နဲ့တစ်ဖက် လွန်ဆွဲပြိုင်ကြရတယ်။ ပြီးတော့ လူတစ်ယောက် ခြေဖဝါးချပြီး မတ်တပ်ရပ်နိုင်တဲ့ သစ်သားတုံး ရှစ်ခုကို ထုတ်ပေးတယ်။ ပြိုင်ကြတဲ့လူတွေဟာ သစ်သားတုံးပေါ်မှာ တက်ရပ်ရတယ်။ သစ်သားတုံးပေါ်ကနေ မဆင်းရဘူး။ သဲကို မထိရဘူး။ သစ်သားတုံးတွေကို မြေကြီးပေါ်ခင်ပြီး သစ်သားတုံးတွေပေါ်မှာ လျှောက်ပြီး ရှေ့ကို အမြန်ရောက်အောင်သွားရတဲ့ ကစားနည်းတစ်ခုဖြစ်တယ်။ လူတွေက ရှေ့ကို တဖြည်းဖြည်းရွေ့လိုက်ရင် နောက်ဆုံးမှာ သစ်သားတုံးတစ်ခုကျန်ခဲ့မယ်။ ကျန်ခဲ့တဲ့ သစ်သားတုံးကို နောက်ဆုံးကျန်ခဲ့လူက ရှေ့ဆုံးကို လက်ဆင့်ကမ်း ပြီးပေးရတယ်။ ကျန်ခဲ့တဲ့ သစ်သားတုံး ရှေ့ဆုံးရောက်သွားပြီဆိုရင် လူတွေက ရှေ့ကို ရွေ့နောက်မှ သစ်သားတုံးတစ်တုံး ကျန်ခဲ့။ ဒီလိုနည်းနဲ့ ယှဉ်ပြိုင်ရတဲ့ ကစားနည်းပါ။ ဒီပြိုင်ပွဲအား လုံးမှာ စာရေးသူတို့ Team C က ရှုံးပါတယ်။
စာရေးသူတို့ ကစားနေချိန်နဲ့ တပြိုင်တည်းတစ်ဖက်မှာ Team A နဲ့ Team B တို့ဟာ Pin Ball Game ကို ကစားနေကြပါတယ်။ သိပ်မကြာခင်အချိန်မှာပဲ Team C နဲ့ Team D တို့ဟာလည်း Pin Ball Game ကို ကစားကြပါတယ်။ Pin Ball Game ဆိုတာက လေသေနတ်လို့ သေနတ်ထဲမှာ ရာဘာဘော်လုံးတွေကို ထည့်ပြီး တစ်ဖက်နဲ့တစ်ဖက် ပစ်ခေတ်ကစားရတဲ့ ကစားနည်းဖြစ်တယ်။ လွယ်လွယ်ပြောရရင် ဝတ်စုံပြည့် လက်နက်အပြည့်အစုံနဲ့ သေနတ်ပစ်တမ်းကစားကြတာပါပဲ။
မျက်နှာနဲ့မျက်စိကို ကာကွယ်ပေးဖို့ မျက်နှာဖုံးစွပ်တစ်ခုစီ၊ လေသေနတ်တစ်လက်၊ အင်္ကျီ၊ ဘောင်ဘီနဲ့ ကျဉ်ကာအင်္ကျီ တစ်စုံစီကို ပေးပါတယ်။ တစ်ဦးစီအတွက် ရာဘာဘော်လုံး ကျဉ်ဆန် ၁၅ဝ စီပေးပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ပစ်ခတ် မကစားမီ စည်းကမ်းတစ်ချို့ကို ပြောပါတယ်။ တစ်ဦးနဲ့တစ်ဦး ကပ်ပြီး မပစ်ရဘူး။ ပစ်ရင် ငါးမီတာအကွာကနေ ပစ်ရမယ်။ နောက်စေ့ကို မပစ်ရဘူး။ မျက်နှာနဲ့မျက်စိကို အကာအကွယ်ပေးထားတဲ့ မျက်နှာဖုံးကို မချွတ်ရဘူး။ ကိုယ်က အရှုံးပေးပြီး ထွက်ချင်ရင် လက်မြောက်ပြီး ထွက်နိုင်တယ်။ စသဖြင့် ရှင်းပြပါတယ်။ ဒီကစားနည်းအတွက် အန္တရယ်ကင်းရှင်းရေးက အဓိကကျတယ်လို့ ပြောပါတယ်။
ကစားဖို့ လိုအပ်တဲ့ လက်နက်နဲ့ အဝတ်အစားတွေကို ထုတ်ယူတဲ့အခါ အဝတ်အစားထုတ်ပေးတဲ့ လူတွေက စာရေးသူကို အင်ဒိုနီးရှားနိုင်ငံသားလားလို့ မေးလာပြန်တယ်။ မဟုတ်ဘူး။ မြန်မာနိုင်ငံကလို့ ဖြေလိုက်တော့။ သူဘယ်လို အတွေးပေါက်သွားတယ် မသိဘူး။ သူ့လူတွေကို မင်းတို့ မြန်မာလာလို့ လိုက်မေးနေလေရဲ့။ ဒီကြားထဲ ဓာတ်ပုံမှတ်တမ်းတင်တဲ့ အမျိုးသမီးက စာရေးသူကို ကြည့်ပြီး ရှင်က အကြမ်းဖက်သမားနဲ့ တူတယ်လို့ ပြောသွားခဲ့တယ်။ အဖွဲ့ထဲက ဓာတ်ပုံတွဲရိုက် ဖြစ်တဲ့ လူတွေကို ကြည့်လိုက်မိတော့၊ ကိုယ့်ကိုယ်ကိုယ် ပြုံးမိတယ်။ ဝတ်စုံအပြည့်နဲ့ လေသေနတ်တစ်လက်လည်း လက်ထဲရောက်လာကော် ပစ်ချင်ခတ်ချင်တဲ့ စိတ်တွေဖြစ်လာတယ်။ သွေးကြွလာတယ်။ ဒါတောင် သေနတ်က အစစ်မဟုတ်သေးဘူး။ တစ်ဖက်နဲ့တစ်ဖက်ယှဉ်ပြိုင်ကစားဖို့ အချိန်ကျလာတော့ ကမ်းစပ်မှာ ပုံစံတူပြုလုပ်ထားတဲ့ စစ်မြေပြင်ကို သွားကြတယ်။ တစ်နေရာ ယူဆိုလို နေရာယူကြတယ်။ တစ်ဖက်နဲ့တစ်ဖက် စတင်ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အချက်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် မီးခိုတွေ အူလာတယ်။ ဗျောက်အိုး တွေ ဖောက်လိုက်လို့ ဗျောက်အိုးသံတွေ တစ်ဒိုင်းဒိုင်းကြားလိုက်ရတယ်။ တကယ့် စစ်မြေပြင်ကို ရောက်သွားသလိုပါပဲလား။ ဒီလိုကစားပွဲမျိုးမှာ စာရေးသူ စစချင်း ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။ တနည်းပြောရရင် တွေဝေနေ တာပေါ့။ နောက်မှ ရှေ့ကိုတက် အကွာအကွယ်ယူ တစ်ဖက်လူကို ထိအောင်ပစ်။ ဒီနည်းနဲ့ သွားရတာကိုး။ အကာအကွယ်ယူထားတဲ့ အချိန်မှာ တကယ့် စစ်မြေပြင်မှာဆို ငါမလွယ်ဘူးလို့ တွေးမိတယ်။ သိပ်မကြာဘူး။ စာရေးသူရဲ့ ဘယ်ဖက် မျက်စိကို ကျဉ်ဆန်လာထိတယ်။ ဘယ်ဖက်လက်ဖျန်ကိုလည်း လာထိတယ်။ တော်သေးတာပေါ့။ မျက်နှာမှာ မျက်နှာဖုံးတပ်ထားပေးလို့။ တကယ်ကျဉ်ဆိုရင်လည်း အသက်မရှိလောက်တော့ဘူး။ အခုလို ကျဉ်ထိရင် ထွက်ပေးရမလား။ မထွက်ပေးရဘူးလားဆိုတာကို စာရေးသူသတိမထားမိလိုက်ဘူး။ မေးလည်း မမေးမိလိုက်ဘူး။ ဒါနဲ့ ရှေ့က မြင်တဲ့ လူတွေကို ပစ်နေတော့တာပဲ။ တစ်ဖက်က လူတွေက လက်တွေ မြောက်ပြီး ထွက်သွားကြတယ်။ နောက်ဆုံးစာရေးသူတို့ Team C ဒီတစ်ပွဲမှာ အနိုင် ရသွားတယ်။
အုပ်စုလိုက် ကစားနည်းတွေ ပြီးလို့ ကိုယ့်အခန်းပြန်ပြီး နားနေကြတယ်။ တစ်ချို့လည်း ရေကူးကန်ဖက်မှာ ရေကူးကြတယ်။ စာရေးသူ၊ ကိုသိန်းဇော်နဲ့ ဗီယက်နမ်က မီဒီယာသမားတစ်ဦးတို့က ရေကူးကန်နဘေးမှာ စကားထိုင်ပြောဖြစ်ကြတယ်။ သူတို့ပြောနေတဲ့ အကြောင်းအရာတွေက ကားအကြောင်း၊ ဆိုက်ကယ်အကြောင်းတွေဆိုတော့ စာရေးသူ မကျွမ်းကျင်ဘူး။ သိလည်း မသိဘူး။ သူတို့ဆီက စာနယ်ဇင်းအရေအတွက်ကို မေးလိုက်မိတော့။ သူက အများကြီးတဲ့။ မေးမိတာ ကိုယ်က ကိုယ့်အမှားပါလေ။ တစ်ချိန်က ဗီယက်နမ်နဲ့ အခုဗီယက်နမ် တစ်ခြားစီပါလားလို့ ကြားဖူးနားဝအသိလေးနဲ့ မှတ်ချက်ချမိ တယ်။
အခန်းထဲကို ပြန်ပြီး အနားယူတဲ့ အချိန်မှာ မိုးတွေရွာနေတယ်လို့ အထင်ရောက်မိတယ်။ နောက်မှ ဟိုတယ်ခန်းတွေကို ပင်လယ်ကမ်းစပ်က ပင်လယ်ရေထဲမှာ ဆောက်ထားပါလား လို့ သတိရမိတယ်။ ဟိုတယ်ခန်းအပြင်ဘက် ဝါရန်တာလေးကို ထွက်လိုက်ရင် ပင်လယ်၊ လှိုင်း၊ ဘန်ဂလို အိမ်ငယ်လေးတွေနဲ့ စိတ်ကူးယဉ်စရာ အတော်ကောင်းတယ်။ လှိုင်းရိုက်သံ တဝေါဝေါကို ကြားရတာလည်း အရသာတစ်မျိုးပဲ။
ည ၇ နာရီမှာ ညစာစားပွဲကျင်းပရာနေရာကို ထွက်လာကြတယ်။ ညစာစားနေရင် သီဆိုဖျော်ဖြေမှုတွေ လုပ်ပေးထားသလို နေ့လယ်က ဂိမ်းကစားရာမှာ အနိုင်ရတဲ့ အသင်းတွေကို အမှတ်တရလက်ဆောင်တွေ ပေးတယ်။ စာရေးသူတို့ပါတဲ့ Team C က Pin Ball ဂိမ်းကစားပွဲမှာ အနိုင်ရလို့ အမှတ်တရ လက်ဆောင်တွေ ရကြတယ်။ အဲဒီနောက်မှာ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ ဆက်ပြီးတင်ဆက်ပါတယ်။ ညစာစားပွဲအပြီးမှာ စာရေးသူနဲ့ ကိုသိန်းဇော် ကိုယ့်အခန်းကို ပြန်လာကြပြီး တစ်ယောက်နဲ့တစ်ယောက် စကားမပြောနိုင်ကြတော့ပဲ အိပ်ယာ ဝင်လိုက်ကြတယ်။
ဒီနေ့ ရေလမ်း၊ ကုန်းလမ်း၊ လေလမ်းနဲ့ ကျွန်တော်တို့ ပြန်ကြရမှာလို့ ကိုသိန်းဇော်က ပြောတယ်။ ဟုတ်တယ်။ ဇွန်လ ၂၁ ရက်နေ့ မနက် ၉ နာရီမှာ Ayer Island ကနေ မော်တော်ဘုတ်တွေနဲ့ ထွက်ခဲ့ကြတယ်။ ဂျကာတာကို ပြန်ရောက်တော့ လေဆိပ်ကို သွားဖို့ ကားစီးရတယ်။ လေဆိပ်ရောက်တော့ အမိမြေကို ပြန်ဖို့ လေယာဉ်နှစ်ဆင့်စီးပြီး ပြန်ခဲ့ကြရတယ်။
စာရေးသူတို့ သွားခဲ့တဲ့ GOOC 2010 ASIA & AFRICA ခရီးစဉ်နဲ့အတူ ၂ဝ၁ဝ ပြည့်နှစ်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ထိုင်းလေကြောင်းရဲ့ အနှစ် ၅ဝ ပြည့်၊ Overclocking ပြိုင်ပွဲကို ပထမဆုံးနိုင်ငံတကာသို့ သွားရောက်ယှဉ်ပြိုင်မှု စသဖြင့် စသဖြင့် တို့ဖြင့် မှတ်မှတ်ရရ ထူးခြားလို့နေပါတယ်။
ဟန်ဇော်
ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်း
၂၀၁၀ ပြည့်နှစ် သြဂုတ်လ
* ၂၀၁၀ ပြည့်နှစ်တွင် စာပေစိစစ်ရေးရှိနေသေး၍ ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို ဖော်ပြခွင့် မရခဲ့ပါ။
ထိုကြောင့် အမျိုးသမီးတစ်ဦးဟုသာ ဖော်ပြခဲ့ရသည်။