မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ဘားကမ့်ရန်ကုန် ၂ဝ၁ဝ(Barcamp Yangon 2010)ကို ဇန်နဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တို့မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ပွဲမှာ ကောက်ယူတဲ့စစ်တမ်းအရ ပွဲကို တက်ရောက်တဲ့ လူဦးရေဟာ နှစ်ရက်ပေါင်းတွင် ၂၅ဝ၈ ဦးရှိတယ်လို့ သိရတယ်။ အဆိုပါပွဲကို ရန်ကုန်မြို့က တက်ရောက်သူတွေသာမက နယ်ကနေ တက်ရောက်ကြသူများကိုလည်း တွေ့ရပါတယ်။ ဘားကမ့်ရန်ကုန် ၂ဝ၁ဝ ကို လူငယ်အများစုတက် ရောက်တာကို တွေ့ရတယ်။ စိတ်ဝင်တစားလည်း ရှိကြတယ်။ ဒါကြောင့် ဘားကမ့်ရန်ကုန် ၂ဝ၁ဝ ဖြစ်မြောက်ရေးအတွက် ပါဝင်ကြိုးစားခဲ့ကြတဲ့ မထိုက်ထိုက်အောင်(မဘာညာ)၊ ကိုဇော်ဇော်မျိုးလွင်(ဇော်ဇော်)၊ ကိုဘုန်းမြင့်ခိုင်(မင်းယွန်းသစ်)နဲ့ မခိုင်ဦးလွင်(နန်းညီ)တို့နဲ့ ဘားကမ့်အကြောင်း၊ Social Networking အကြောင်း၊ ဘားကမ့်ရန်ကုန်အကြောင်းတွေကို ပြောဖြစ်ခဲ့ကြပါတယ်။
ထိုက်ထိုက်အောင် ဘားကမ့်အစကတော့ Foo Bar ဆီကနေလာတယ်။ Foo Bar ကတော့ Silicon Valley မှာ ဖိတ်ထားတဲ့သူတွေပဲတက်နိုင်တယ်။ Foo ကလည်း ဘယ်ကလာသလဲဆိုတော့ Friend of O’ Reilly ဆီကနေလာတယ်။ Frined of O’ Reilly Bar ပေါ့။ အဲဒီကို ဖိတ်တဲ့လူတွေပဲ သွားရတယ်။ Silicon Valley မှာက နည်းပညာအရမ်းကို ကျွမ်းကျင်သူတွေပဲ ဖိတ်တာ။ အဲဒီကို တက်ချင်တဲ့ လူတွေကျတော့ အဖိတ်မခံရဘူး။ ဒါကြောင့် Foo Bar ကို ဆန့်ကျင်ပြီး Barcamp ကို လုပ်ကြတာ။ Barcamp က သူနဲ့ ပြောင်းပြန် ဖိတ်ဖိတ်၊ မဖိတ်ဖိတ် ကြိုက်တဲ့လူ တက်လို့ရတယ်။ လာချင် တဲ့လူလာ သွားချင်တဲ့လူသွား ပုံစံပါ။ ဘားကမ့် ကတော့ အဲဒီကနေ စလာတာပါ။
ဇော်ဇော်မျိုးလွင် ဘားကမ့်ကို အတတ်နိုင်ဆုံး လူတိုင်းနားလည်အောင် ပြောပြပါဆိုရင် ဘားကို သွားရသလိုပဲ။ ဘားဆိုတာ ဘယ်သူမှ ဖိတ်ထားတာ မဟုတ် ဘူးလေ။ ဒီလိုပဲလာကြတယ်။ လာရင်နဲ့မှ ပြောဆိုနေတဲ့စကားကို ဝင်လာသူက မိတ်ဖွဲ့ပြီးတော့ ပြောတယ်။ ကျန်တဲ့လူကလည်း လက်ခံတယ်။ အဲလိုပြောကြ ရင်းနဲ့ မိတ်ဆွေတွေ ဘာတွေရလာတယ်။ ဒါက အပြင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံပေါ့နော်။ အဲဒီပုံစံမျိုးပဲ ပွင့်လင်းတယ်။ ဘားကမ့်ဆိုတော့ နည်းပညာနဲ့ ပတ်သက်တဲ့လူတွေလာကြတယ်။ သူတို့ စိတ်ဝင်စားတဲ့ နေရာကို စုလာတဲ့ သဘောပဲ။ ဝါသနာတူတယ်ဆိုရင် သူငယ်ချင်းဖြစ်ဖို့ လွယ်သလို။ အချင်းချင်းမျှဝေ ဖို့ဆိုတာလည်း လွယ်တယ်လေ။
ထိုက်ထိုက်အောင် သူ့ပုံစံလေးက Unconfrence သဘောမျိုးသွားတယ်။ သူ့ရဲ့ Learning ပုံစံကလည်း ပရစ်မစ်ပုံစံမျိုးတွေ မသွားပဲနဲ့ Many to Many ပုံစံမျိုး သွားတယ်။ One to Many မဟုတ်ပဲနဲ့ Many to Many ပုံစံ သွားတယ်။ တစ်ယောက်ချင်းဆီမှာ သူအရမ်းကိုတတ်ကျွမ်းတဲ့ မျှဝေချင်တဲ့ အကြောင်းအရာတွေ ရှိတယ်။ လူတိုင်းဆီမှာရှိတဲ့ အကြောင်းအရာကို စုစည်းလိုက်တဲ့ သဘောမျိုးပါ။ Confrence က တစ်ယောက်ကနေအများ(One to Many) သွားတယ်လေ။ Unconfrence ကျတော့တစ်ယောက်ထဲကနေ အများကိုပြောတာ မဟုတ်ပဲနဲ့ အများကနေ အများသွားတဲ့ ပုံစံပါ။ Confrence မဟုတ်တဲ့ ပုံစံမျိုးပါ။ ပရစ်မစ် ပုံစံက တက်ကျွမ်းသူက အပေါ်ဆုံးမှာ။ တက်ကျွမ်းသူက အပေါ်ကနေဖြန့်ချတယ်။
ဇော်ဇော်မျိုးလွင် Information Technology ခေတ်ရဲ့ပုံစံက အွန်လိုင်းပေါ်မှာ
တင်မဟုတ်ပဲနဲ့ အောက်ကို ခဏဆင်းလိုက်တဲ့ ပုံစံမျိုးပဲ။ Information တော့ဖြစ်နေ တယ်။ မနက်ဖြန်ကို ခန့်မှန်းလို့ မရနိုင်ဘူး။ အဲဒီအတိုင်းပဲ ဘားကမ့်မှာ မနက်ဖြန်မှာ ဘာတွေပြောမယ်ဆိုတာ ဘယ်လိုမှ မသိနိုင်ဘူး။ နားထောင်တဲ့လူတွေလည်း မသိသလို စီစဉ်တဲ့လူတွေလည်း မသိဘူး။ ဥပမာ – ဝက်ဘ်ဆိုဒ်တစ်ခုဆိုရင် အဲဒီဝက်ဘ်ဆိုဒ်မှာ ဘာတင်ထားမလဲ မသိဘူး။ အဲဒီကို သွားကြည့်မှပဲ ရမယ်။ ဝက်ဘ်ဆိုဒ်လိပ်စာကိုတော့ သိတယ်။ အဲဒီရောက်တော့မှာ သူတင်ထားတဲ့ သတင်းက ကိုယ်ကြိုက်တာရှိမယ်။ ကိုယ်အတွက် အသုံးမလိုတာရှိတယ်။ ထိုနည်းလည်းကောင်းပဲ အဲဒီကိုလာ လိုက်တော့မှာသာလျှင် အဲဒီမှာ ဘာတွေလုပ်မယ်ဆိုတာ သိတယ်။ ဘားကမ့်က Social Networking နဲ့ အများကြီးဆက်စပ် တယ်။ အွန်လိုင်းပေါ်မှာ စက္ကန့်နဲ့မလပ်ဖြစ်နေတဲ့အကြောင်းအရာကို Off Line ဆွဲချပြီး ရက်ပိုင်းလေးထုတ်ပြတဲ့ သဘောပဲ။ ဘားကမ့်ရဲ့သဘာဝက အဲလိုဖြစ်သွားတယ်။
ထိုက်ထိုက်အောင် ရန်ကုန်ဘားကမ့်ကတော့ ကျွန်မတို့ရုံးက ကိုရဲက အမေရိကားတစ်ခါသွားတယ်။ ၂ဝဝ၆ ခုနှစ်လောက်က။ အဲဒီကနေ ဘားကမ့်ဆိုတဲ့ အကြောင်းကို သိလားတယ်။ ကျွန်မတို့ကို ပြောပြတယ်။ အခြေအနေမပေးတာနဲ့ မလုပ်ဖြစ်ဘူး။ ၂ဝဝ၉ ခုနှစ်လောက်ကမှ အွန်လိုင်းမှာ နည်းနည်းရှာကြည့်ရင်းနဲ့ ဘားကမ့်ကို တွေ့ သွားတယ်။ ဘန်ကောက်မှာ မိတ်ဆွေတစ်ယောက်ရှိတယ်။ သူက အာရှမှာရှိတဲ့ ဘားကမ့်တွေ တော်တော်များများကို ကူညီပြီးတော့ လုပ်ပေးတယ်။ ဘားကမ့်အကြောင်းတို့၊ ဘားကမ့်ကို ဘယ်လိုလုပ်ရတယ်ဆိုတဲ့အကြောင်းကို ဦးစားပေးပြီးရေးတဲ့သူကို တွေ့တယ်။ သူ့ကို အကူအညီတောင်း ကြည့်တယ်။ သူကလည်း ကူညီမယ်။ တိုက်ဆိုင်သွားတာက အဲဒီအချိန်မှာ ကိုညီလင်းဆက်တို့ကို အဲဒီဘက်ကနေလာ ပြီးတော့တွေ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် တိုက်သွားတယ်။
ဇော်ဇော်မျိုးလွင် ကျွန်တော်တို့ ဘားကမ့်အတွက် တိုင်ပင်ကြတာ သုံးလလောက်ကြာတယ်။
နန်းညီ ဘားကမ့်စပြီးတော့လုပ်တဲ့ အချိန်ထဲက တစ်ခုခုတော့ ဖြစ်အောင်ပြောမယ်လို့ စိတ်ကူးထားတယ်။ ဘားကမ့်မှာက အိုင်စီတီတစ်ခုထဲ မဟုတ်ပဲ အိုင်တီနဲ့ဆက်စပ်တဲ့ အကြောင်းအရာပြောလို့ရတယ်ဆိုတော့ ကိုယ်ကျွမ်းကျင်တဲ့ အရောင်အကြောင်း၊ ပန်းချီအကြောင်းပြောတယ်။ အင်တာနက်စာမျက်နှာတွေ မှာသုံးတဲ့ အရောင်တွေအကြောင်းကိုပြောဖို့ ရွေးဖြစ်သွားတယ်။ ပါဝါပွိုင့်လုပ်တာတို့၊ အရောင်အကြောင်း စာဖတ်တာတို့ လုပ်တယ်။ ဘားကမ့်မှာကျတော့ သူ့သဘာဝအတိုင်း ကိုယ့်ဆွေးနွေးခန်းကို လာဖို့ မဲဆွယ်တာပေါ့။ လက်ကမ်းစာစောင်လေးကို လက်နဲ့ပဲ ဒီဇိုင်းဆွဲတယ်။ မိတ္တူကူးတယ်။ ဘားကမ့်က အစ်ကို တွေ အစ်မတွေက လက်ကမ်းစာစောင်လေးကို ဝိုင်းပြီးတော့ ဝေပေးတယ်။ လာနားထောင်ရင် သကြားလုံးရမယ်။ တကယ်တမ်းပြောဖြစ်တဲ့ အချိန်ကျေတာ့ အခန်းထဲမှာ လူတွေက အများကြီးပဲ။ သကြားလုံးက မလောက်ဘူး။ မေးခွန်မေးမှ သကြားလုံးပေးမယ်လို့ ပြောင်းလိုက်ရတယ်။ Presentation က ပထမဆုံး စလုပ်ဖူးတာဆိုတော့ သိပ်တော့ အားမရဘူး။ ဒါပေမယ့် စိတ်ဝင်တစားနဲ့ မေးခွန်မေးတဲ့လူတွေ အများကြီးပဲ။ တော်တော်မေးကြတယ်။ လာနားထောင်သူတွေ ဘက်က ပြန်ဆွေးနွေးတဲ့ အခါကျတော့ ကိုယ်လည်း အိုင်ဒီယာအသစ်တွေ ရလာတယ်။
ဇော်ဇော်မျိုးလွင် ဘားကမ့်မှာ လူစိတ်ဝင်စားအောင်လုပ်ဖို့တော့ လိုတယ်။ စီးပွားရေးသဘောအရပြောရရင် ကြော်ငြာအားကောင်းဖို့လို့တယ်။ ကိုယ့်ဆွေးနွေးမယ့် အကြောင်းအရာကို လာရောက်ဆွေးနွေးဖို့ အခုလိုစည်းရုံးရတာမျိုးက ပုံမှန် Confrence တွေမှာ မရှိဘူး။ ကိုယ်နဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ကိုယ့်ထက် အတွေ့အကြုံရှိတဲ့လူတွေက ဘားကမ့်မှာ ပြောနေကြတာပဲ။ အဲဒီကြားထဲက ကိုယ့်ဆီလာတယ်ဆိုရင် ဘာကြောင့်လဲ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဆီလူလာတယ်ဆို ရင် ပထမအဆင့်အောင်မြင်တယ် လို့ပြောနိုင်တယ်။ တရားသဖြင့် ယှဉ်ပြိုင်ကြတာလေ။ အတင်းဆွဲခေါ်တာလဲ မဟုတ်ဘူး။ လူတွေအနေနဲ့ကလည်း ဘယ်ကို နားထောင်မလဲဆိုတာ စဉ်းစားမှာပဲ။
ထိုက်ထိုက်အောင် ကျွန်မဆိုရင် ဘားကမ့်မှာ ဒီဗီဒီတွေဝေတယ်။
မင်းယွန်းသစ် ကျွန်တော်လဲ အင်တာနက်အကောင့်တွေပေးမယ်ဆိုပြီး မဲဆွယ်တယ်။
ဇော်ဇော်မျိုးလွင်ကိုယ့်ဆီလာနားထောင်တဲ့ သူကို လက်ဆောင်လေး ပြန်ပေးတယ်ဆိုတာ ဘားကမ့်ရဲ့ စတိုင်လေးတစ်ခုပါ။ အပျော်လည်းဖြစ်တယ်၊ လာတဲ့ လူကလဲ စိတ်ဝင်စားတယ်။ ပြောတဲ့အခါမှာလဲ သူပြောတဲ့ ဟာမှ အမှန်ဆိုတာမျိုး မဟုတ်ဘူး။ အပြန်အလှန်ပြောကြတာ။ ပွင့်လင်းတာ ပေါ့နော်။ အရင်တုန်းကဆို လာနားထောင်ပြီး တိတ်တိတ်လေးပြန်သွားကြတာများတယ်။
မင်းယွန်းသစ် ကျွန်တော်က ပြင်သစ် စီအမ်အစ် (Contect Management System) တစ်ခုအကြောင်း ပြောတယ်။ ကျွန်တော် အဲဒီနေ့အထိကို မပြင်ဆင်ရသေးဘူး။ ဟိုပြေးဒီပြေးလုပ်နေတာ။ ဒုတိယနေ့ပြောတော့လဲ သူငယ်ချင်းတွေအခန်းလိုက်နားထောင်းလို့ရအောင် အချိန်ရွေ့ရင်းရွေ့ရင်း၊ နောက်ဆုံးညနေ လေးနာရီကနေ ငါးနာရီအချိန်ကျမှ ကျွန်တော်ရတယ်။ Domain နဲ့ Hosting တွေ အလကားရနိုင်တယ်ဆိုပြီး ကြော်ငြာဘုတ်မှာ ကပ်လိုက်တယ်။ အဲဒီမှာ အားလုံးက စကား ဝိုင်းပုံစံမျိုးဖြစ်သွားတယ်။ ကျွန်တော်ပြောတဲ့ စီအမ်အစ်နဲ့တစ်ခြားစီအမ်အစ်အကြောင်းတွေကို အားနည်းချက်၊ အားသာချက်ပြောတွေ ပြောဖြစ်တယ်။
ထိုက်ထိုက်အောင် ကျွန်မ Presentation လုပ်တော့ သူငယ်ချင်းတွေနဲ့ မတိုက်အောင် လုပ်လိုက်ရတယ်။ သူတို့အချိန်တွေ သွားအားပေးချင်တော့ သူတို့နဲ့ မတိုက်တဲ့အချိန်တွေ ရွေးတယ်။ ဒီဗီဒီတွေလဲ ဝေတော့ လာနားထောင်ကြတယ်။ ဒီဗီဒီလိုချင်လို့ လာကြတယ်ထင်တယ်။ ဘားကမ့်ပထမနေ့မှာ သိပ်ပြီးပြောတဲ့ လူ သိပ်မရှိဘူး။ အခြေအနေစောင့်ကြည့်နေသေးတယ်။ ပထမနေ့တုန်းက အမြဲတမ်းပြောလေ့ပြောထရှိသူတွေ ပြောတယ်။ ဒုတိယနေ့မှာကျတော့ လူငယ်တွေ တော်တော်များများပါလာပြီ။ ဥပမာ-ရန်ကုန်အစ်စီဖန်ကလပ်က လူငယ်တွေဆိုရင် ပထမနေ့ကို ကြည့်ပြီး ပြင်ဆင်လာကြတယ်။၏
မင်းယွန်းသစ် ဆိုရှယ်နက်ဝက်ကင်း(Social Networking) အကြောင်းတွေ ဘာတွေ ကြုံလို့ ဝင်ပြောသွားတာမျိုးတွေရှိတယ်။
ထိုက်ထိုက်အောင် ဘားကမ့်မှာ ကျွန်မအချိန်တုန်းကဆိုရင် အွန်လိုင်းလုံခြုံရေးအကြောင်းပြောတယ်။ ပြောရင်းပြောရင်းနဲ့ တက်တဲ့လူတွေထဲက အွန်လိုင်း လုံခြုံရေးအကြောင်းနားလည်းသူတွေ ပါလာတယ်။ ပါလာတော့ ဆွေးနွေးပွဲလေးလို့ဖြစ်သွားတာပေါ့။
မင်းယွန်းသစ် ဘားကမ့်က အိုင်တီနဲ့ပတ်သက်တယ်ဆိုတော့ အိုင်တီသမားတွေ လာတယ်လေ။ အနည်းဆုံး Laptop လောက်တော့ပါလာမယ်။ သူတို့က ဘားကမ့်အကြောင်းကို Facebook မှာ Live တင်ချင်တယ်။ အဲဒါကြောင့် အင်တာနက်ကောင်းဖို့လိုတယ်။
နန်းညီ ဘားကမ့်ရန်ကုန်ဝက်ဘ်ဆိုဒ် ပင်မစာမျက်နှာမှာ ဘားကမ့်အကြောင်းတွေ တက်နေတယ်။ ကိုယ့်အကြောင်းလဲ ပြန်တွေ့ရတယ်။ ၂ဝ၁ ကို သွားကြမယ်။ သကြားလုံးရမှာတဲ့။ အခန်းထဲမှာ သကြားလုံး မပေးနိုင်တော့။ Where is Lolly Pot, Where is Lolly Pot ဆိုပြီး တက်နေတာတွေ့ ရတယ်။ ပြီးတော့ အရောင် အကြောင်းတွေ ပြောတယ်။ အဲဒီမှာ နောက်ဆုံးတော့လည်း ခရမ်းရောင်ဟာ သစ္စာရှိတဲ့အရောင်ဖြစ်သွားပါလား။ အဲလိုမျိုးတွေ ချက်ခြင်းပြန်ပြီးတော့ အင်တာ နက်ပေါ်မှာ တွေ့ရတယ်။ အခန်းတိုင်းမှာအင်တာနက်ရနေတော့ အခန်းထဲမှာ ရှိတဲ့သူတိုင်းက ဒီအကြောင်းကို ပြောနေကြတာဆိုတော့ ဘားကမ့်ပြင်ပမှာ ရှိနေတဲ့ လူတွေက ဘားကမ့်ဝက်ဘ်ဆိုဒ်ရဲ့ ပင်မစာမျက်နှာ(Main Page) ကိုစောင့်ဖတ်နေရုံနဲ့ ဘယ်အခန်းမှာ ဘာတွေပြောနေတယ်။ အခန်းထဲက ဟာသတွေ အခက်အခဲ တွေကို ပွဲမလာနိုင်သူတွေ သိနေနိုင်တယ်ပေါ့။
ထိုက်ထိုက်အောင် ဘားကမ့်က လူငယ်ရယ်၊ လူကြီးရယ်တော့ မဟုတ်ပါဘူး။ အကုန်လုံးပါပဲ။ နည်းပညာကို စိတ်ဝင်စားတာက လူငယ်တွေက များတယ်။
ဇော်ဇော်မျိုးလွင် အမှန်တော့ အိုင်ဒီယာဖလိုးပါ။ အမြင့်ကနေ အနိမ့်ကို စီးတယ်။ အနိမ့်ကလည်း အမြင့်ကို ပြန်တက်တာလဲ ရှိတာပဲ။ သူက ဒီလိုလည်နေ တယ်။ လူကြီးက အသက်ကြီးတယ်။ လူငယ်က ငယ်တယ်။ ဒါပေမယ့် ခေါင်းထဲမှာရှိတဲ့ အတွေ့အကြုံပညာတွေက မတူကြဘူး။ လူကြီးက အတွေ့အကြုံရှိ တယ်။ လူငယ်တွေက နည်းပညာရှိတယ်။ အဲဒီအတွေ့အကြုံနဲ့ နည်းပညာပေါင်းစပ်ရင် အကျိုးအမြတ်တစ်ခုထွက်လာမယ်။ အဓိကအားဖြင့် လူငယ်တွေလာကြ တယ်။ တရားစခန်းဆိုရင် လူကြီးတွေ လာကြတာ များတယ်ပေါ့။ လူကြီးတွေပဲလာရမယ် သတ်မှတ်ထားတာ မဟုတ်ဘူး။ လူငယ်တွေလဲ တရားစခန်းသွား ကြတာပဲ။ အားလုံးနဲ့ဆိုင်တယ်။ ဘားကမ့်မှာ တက်ရောက်သူအရေအတွက်များတယ်ဆိုတာ အရမ်းအရေးကြီးတယ် မဟုတ်ပေမယ့်။ ဒီပွဲလုပ်ကတည်းက လူလာစေချင်တာကိုး။ ပွဲရှိမှ လူလာတယ်။ ပွဲကြီးတယ် မကြီးဘူးဆိုတာက လူလာတဲ့ အပေါ်မှာ ဆုံးဖြတ်ကြတာ။ ရန်ကုန်မြို့နေတဲ့လူတောင် မြန်မာအင်ဖို တက်ခ်လာဖို့ အခက်အခဲရှိတယ်။ ဒါပေမယ့် ငွေကုန်ခံ၊ အချိန်ကုန်ခံ၊ လူပင်ပန်းခံပြီး ဒီပွဲကို ဘာလို့လာကြလဲ။ ဒီပွဲက ဈေးရောင်းပွဲလဲ မဟုတ်ဘူး။ စိတ်ဝင်စားစရာ ပြခန်းတွေ ပြထားတဲ့ ပြခန်းတွေလည်းမရှိဘူး။ ဘာလို့လာကြလဲ။ မြန်မာပြည်မှာရှိတဲ့ လူငယ်တွေက ဒီလိုအရည်အသွေးကို မျှော်လင့်နေကြ တယ်။ ဒီလိုပွဲမျိုးကို များများစားစားလုပ်ပေးဖို့လိုတယ်။ လူကြီးတွေအနေနဲ့လဲ နားလည်ဖို့လိုတယ်။
ထိုက်ထိုက်အောင် ဘားကမ့်စီစဉ်လိုက်တော့ မိတ်ဆွေသစ်တွေ တော်တော်ကို တိုးပွားသွားတယ်။ ဘားကမ့်ရဲ့ ပုံစံအတိုင်း အသိပညာတိုးလာတယ်။ ခေါင်းဆောင်မှုအရည်အသွေးလဲ တိုးတက်လာတယ်။ ကိုယ်က ဦးဆောင်ရတဲ့ အခါကျတော့ ကိုယ်ရဲ့ ကိုယ်ပိုင်အရည်အသွေးတွေက တိုးတက်လာတယ်။
မင်းယွန်းသစ် မိတ်ဆွေတိုးလာတယ်။ အရင်က သိပ်မရင်းနှီးတဲ့ လူတွေပိုပြီး ရင်းနှီးလာတယ်။ သူငယ်ချင်းတစ်ယောက်ဆိုရင် အိုင်တီနဲ့ ပတ်သက်ပြီးပြော ဖြစ်ရင်းနဲ့ အတူတူတွဲလုပ်လို့ရမယ့် အလုပ်အကိုင်တွေ ပေါ်လာတယ်။ အလုပ်အကိုင်အခွင့်အလှမ်းတွေ တွေ့လာတယ်။ အရင်တုန်းက ဒီလိုပဲ ပြောနေတာပဲ။ တစ်ယောက်နဲ့တစ်ယောက် ဘာကို စိတ်ဝင်စားမှန်း မသိဘူး။ အခုဘားကမ့်မှာ နီးနီးစပ်စပ်ရှိတဲ့အခါကြတော့ ပေါင်းပြီးအလုပ်လုပ်လို့ ရသွားတယ်။
နန်းညီ Presentation ပြောဖူးသွားတယ်။ တကယ်လို့တာ ဟောပြောပွဲပုံစံဆိုရင် ဘယ်တော့လောက်မှ ပြောဖြစ်မယ်ဆိုတာ မသိနိုင်ဘူး။ အခုကျတော့ ဘယ်သူမဆိုပြောလို့ရတယ်။ သိပ်ပြီးတော့ ပူပင်တာမရှိဘူး။ ဟော ပြောပွဲဆိုရင် သူတို့ဘာမေးမေး သိအောင်လုပ်ထားရတော့မယ်။ အခုကျတော့ ကိုယ်မသိလဲ ဟာမသိဘူး သိတဲ့လူဖြေေပးပါလို့ ပြောလို့ရတယ်။ ကိုယ့်ဟာနဲ့ကိုယ် လုပ်ရဲကိုင်ရဲရှိလာတယ်။ တာဝန်ယူတတ်တဲ့ စိတ်လဲရှိလာတယ်။ အရင်တုန်းကဆိုရင် ခိုင်းတာလေးပဲ လုပ်လိုက်တယ်။ အဲဒီပွဲလည်းရောက်ရော်၊ လာတဲ့လူလည်း များတယ်။ လည်ဆွဲအဝါရောင်မြင်တာနဲ့ ပွဲလာသူတွေက သူတို့လိုတာကို မေးတော့ တာပဲ။ မသိဘူးလို့ ပြောလိုက်လို့မရတော့ အကုန်လုံးသိအောင်လိုက်လုပ်ရတယ်။ တာဝန်ယူတတ်တဲ့စိတ် တိုးတက်လာတယ်။
ဇော်ဇော်မျိုးလွင် အများသူငါကို အခုလိုလုပ်ပေးနိုင်တာ ဝမ်းလည်းသာတယ်။ ဂုဏ်လည်း ယူတယ်။ တစ်ယောက်ထဲ တစ်ဦးထဲ လုပ်လို့မရဘူး။ ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့ ဆန္ဒလည်း အောင်မြင်သွားတယ်။ အခုလက်ရှိတော့ ကိုယ်လုပ်သလောက်လဲ အရာထင်တယ်။ ပွဲဖြစ်မြောက် သွားတယ်ပေါ့လေ။ ဘားကမ့် မှာ လူကြီးလူငယ်ပုံစံမျိုးတွေ မရှိတော့ပဲ အားလုံးနွေးနွေးထွေးထွေးရှိတယ်။ အားလုံးတစ်သားတည်းဖြစ်နေတယ်။
ထိုက်ထိုက်အောင် ဘားကမ့် မလုပ်ခင်တုန်းက ခဏခဏလာပြီးတော့ ခေါင်းစားနေတဲ့ တစ်ယောက်တွေ့တယ်။ ဘားကမ့်က ဘာလို့လုပ်ရတာလဲ အရမ်းမေး တာ။ ဘားကမ့်နေ့ကျတော့ တွေ့တယ်။ သူက Presentation လာပြတယ်။ အဲဒီကျမှ သူက လာချင်လို့ မေးတာတဲ့။
နန်းညီ ဟုတ်တယ်။ အဲဒီကျမှ အွန်လိုင်းပေါ်မှာခင်နေပြီး အပြင်မှာ အခုမှ နန်းညီ မဟုတ်လားဆိုပြီး လာလာနှုတ်ဆက်တဲ့ လူတွေများတယ်။ တချို့တွေ ကလည်း မှတ်မိတယ်။ တချို့ကျတော့ မမှတ်မိဘူး။
မင်းယွန်းသစ် ကျွန်တော်လည်း ဒီလိုပဲ မေးခံရတာပေါ့နော်။ ကျွန်တော့သူငယ်ချင်းတစ်ယောက်ဆိုရင် အပြင်မှာ မကြုံဖြစ်ဘူး။ သူတို့ဆုံတဲ့ အချိန်ဆို ကျွန်တော် မအားတာနဲ့ မဆုံဖြစ်ဘူး။
ထိုက်ထိုက်အောင် ဟုတ်လား။ တကယ်မဆုံဖြစ်ဘူးလား။
မင်းယွန်းသစ် မတွေ့ဖူးဘူး။ အွန်လိုင်းမှာပဲ အရမ်းခင်တယ်။ အဲဒီနေ့ကျမှ တွေ့တယ်။ ကျွန်တော် ဘယ်သူပါဆိုြပီးတွေ့တယ်။ အွန်လိုင်းမှာ ခင်နေတာ နှစ်နဲ့ချီ ကြာနေပြီ။
ထိုက်ထိုက်အောင် ဘားကမ့်ဆိုတဲ့ နာမည်ကိုတော့ အကုန်လုံးယူကြတယ်။ ဘားကမ့်ကို ခေါင်းစဉ်ကြည့်လိုက်တာနဲ့ ဘယ်တုန်းက ဘယ်မှာ လုပ်သွားတယ်ဆို တာ သိရတာပေါ့။ ဥပမာ ဘန်ကောက်မှာဆို ဘားကမ့်ဘန်ကောက် ၁၊ ဘားကမ့်ဘန်ကောက် ၂၊ ဘားကမ့်ဘန်ကောက် ၃ အဲဒီလို မျိုးလုပ်ကြတယ်။ အခု နောက်ဆုံး ဘားကမ့်ဘန်ကောက် ၄ ဆိုပြီးလုပ်တယ်။ အခု ကျွန်မတို့ဆီမှာတာ့ ဘားကမ့်ရန်ကုန် ၂ဝ၁ဝ ။ ဒါတွေက သူ့ရဲ့ ခေါင်းစဉ်အနေနဲ့ဖြစ်သွားတာပေါ့။
ဇော်ဇော်မျိုးလွင် ဒေသအလိုက်လုပ်တယ်ဆိုတာက ပြောမယ်ဆို လွပ်လပ်တယ်လို့ သဘောရပါတယ်။ ဥပမာ ဘားကမ့်မြန်မာရယ်လို့ လုပ်လိုက်ရင် တစ်ခြားမြို့ တွေမှာ လုပ်ဖို့ အခက်အခဲဖြစ်သွားတယ်။ ဘားကမ့်မြန်မာဆိုပြီး ရန်ကုန်မှာလုပ်ပြီး မန္တလေးမှာ ဘားကမ့်မြန်မာဆိုပြီး ထပ်လုပ်ဖို့ သူ့အတွက်က ကိုယ်စားပြု လို့မရတော့ဘူး။ ဒေသခံတွေရဲ့ အခွင့်အလမ်း၊ နည်းပညာပိုင်ဆိုင်ရာ၊ အသိပညာ အားလုံးတိုးတက်ဖို့အတွက် သူ့တို့ရှိတဲ့ နေရာအတွက် သူတို့ကိုပေးတဲ့ သဘောပဲ။ ဘားကမ့်မြန်မာဆို အားလုံးအကြုံဝင်သွားပြီ။ တကယ်တမ်းလုပ်တော့ ရန်ကုန်မှာလုပ်တာ ဘားကမ့်မြန်မာလို့ ယူသုံးလိုက်ရင် တစ်ခြားဒေသတွေ အတွက် အခွင့်အလမ်း အရမ်းနည်းသွားမယ်။ နယ်ကနေ ဘားကမ့်ရန်ကုန်ကိုလာတယ်။ ပြီးတော့ နယ်မှာ ပြန်ဖြန့်တယ်ဆိုတာ အရမ်းကိုကောင်းတဲ့ အကျိုး အမြတ်ပဲ။ ကျွန်တော်တို့က လိုက်လုပ်မှာ မဟုတ်ဘူး။ လိုအပ်လို့ အကူအညီတောင်းလာရင် ကူညီမယ်။ ငါတို့မှာ ရန်ကုန်မှာလုပ်ထားလို့ နယ်မှာလည်း ငါတို့ပဲ လုပ်မယ်ဆိုတာမျိုး မဟုတ်ဘူး။ သူတို့မှာ လုပ်ပိုင်ခွင့်ရှိတယ်။ အဲဒီအတွက်ကို ကြိုတင်ပြီးတော့ ပြင်ဆင်ပေးထားတဲ့ သဘောပဲ။ အကုန်လုံးအတွက် အခွင့် အလှမ်းရှိတယ်။ ထိုင်းမှာဆို ဘားကမ့်ချင်းမိုင်ရှိတယ်။ နယ်မြို့တွေကလည်း မြို့သေးသည်ကြီးသည်ဖြစ်စေ လုပ်လို့ရတယ်။ မြို့သေးသေးတွေမှာ လုပ်တာ သည် ကိုယ်မြို့မှာရှိတဲ့ လူဦးရေ တစ်ရာလောက်ဖြစ်ရင်ဖြစ်နေမယ်၊ ဆယ်ယောက်လောက်လဲ ဖြစ်ရင်ဖြစ်နေမယ်။ အဲလိုလူတွေက စုလိုက်ပြီး ဥပမာ မွန်ပြည်နယ်မှာ ရှိနေတဲ့ လူတွေစုလိုက်ပြီး မော်လမြိုင်မှာလုပ်မယ် ဆိုရင် ပိုပြီးတော့ကောင်းပါတယ်။ အသေးလေးတွေ အရမ်းကွဲနေတော့လည်း ကြည့်ရမြင် ရတာမကောင်းဘူး။ အရမ်းပွထသွားပြီးတော့ ဖောင်းပွသွားတာပဲရှိမယ်။ ကျွန်တော်တို့က ဒီနာမည်ကို မူပိုင်ခွင့်ယူပြီး သိမ်းထားတာ မဟုတ်ဘူး။ လူတိုင်းက သုံးလို့ရတယ်။ နယ်ကလူတွေ လုပ်မယ်ဆို လုပ်ပါ။ လိုအပ်တဲ့အကူအညီလိုရင် ကျွန်တော်တို့ အွန်လိုင်းမှာ ရှိနေပါတယ်။ လိုအပ်တဲ့ အကူအညီဆိုတာ နည်းပညာပိုင်းကို ပြောတာပါ။
ထိုက်ထိုက်အောင် ဘားကမ့်က မြို့အလိုက်ကို ခွဲသွားတဲ့ဟာမျိုးတင် မဟုတ်ပဲ ပညာရပ်ပိုင်းဆိုင်ရာမှာ ခွဲသွားတာလဲ ရှိတယ်လေ။ ဖက်ရှင်ကမ့်တို့၊ ြလောက်ခ့် ကမ့်တို့၊ ဦးဘွန်တူကမ့်တို့၊ စာအုပ်တဲ့ပတ်သက်ပြီး ဘွတ်ခ့်ကမ့်တို့လည်း ရှိပါတယ်။
ထိုက်ထိုက်အောင် ဘားကမ့်ကို ဘယ်သူမှ ပိုင်တာမဟုတ်ဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ ဘားကမ့်တွေ အားလုံးကို စုစုစည်းစည်းမြင်ရအောင်လို့ www. barcamp.org ဆိုတဲ့ ဝက်ဘ်ဆိုဒ်ကို တင်ပေးထားတယ်။ အဲဒီမှာဆိုရင် ဘားကမ့်ကို ကမ္ဘာမအနှံ ဘယ်အချိန်လုပ်မယ်ဆိုတဲ့ ပြက္ခဒိန်လေးရှိတယ်။ ကြည့်လို့ရတယ်။ ဘားကမ့်တစ်ခုလုပ်မယ်ဆိုတဲ့ လိုအပ်တဲ့ဟာတွေကို အဲဒီမှာတွေ့နိုင်တယ်။ ဘားကမ့်တစ်ခုကို စမယ်ဆိုရင် အတိအကျမဟုတ်ပေမယ့် လူတွေက ဘယ်လောက်ရှိရမယ်ပေါ့။ ဘာတွေ တာဝန်ယူရမယ်ပေါ့။ www.barcamp.org နောက်မှာ ကိုယ်နာမည်နဲ့လည်း စာမျက်နှာယူထားလို့ရတယ်။ စီစဉ်နေတဲ့ လူတွေလည်း အဲဒီဝက်ဘ်ဆိုဒ်ကို သုံးနေတယ်ဆိုတော့ ကိုယ်လိုအပ်တာတွေကို သူတို့လည်း ကူညီနိုင်တယ်။ အဓိကကတော့ ဘားကမ့်စီစဉ်သူတွေအတွက်ကို ကူညီဖို့လုပ်ပေးထားတဲ့ ဝက်ဘ်ဆိုဒ်မျိုးပေါ့။
ဇော်ဇော်မျိုးလွင် နယ်မြို့တွေအနေနဲ့ လုပ်မယ်ဆိုရင်လည်း စီမံခန့်ခွဲမှုတတ်တဲ့လူတွေက စီစဉ်သူတွေဖြစ်လာနိုင်ပါတယ်။ သူတို့က စလုပ်တယ်ဆိုတာနဲ့ barcamp.org မှာ တင်ထားလို့ရတယ်။ အဲဒီမှာ သိလာကြမယ်။ စိတ်ဝင်စားတဲ့လူ လာလိမ့်မယ်။ ကျွန်တောတို့က ဖြစ်နိုင်ချေရှိတာလေး ပြောပြနိုင်တယ်။ ကျွန်တောလုပ်ပေးနိုင်တာ လာပေးမယ်။ လူကိုယ်တိုင်လာ နိုင်ချင်လည်း လာနိုင်မယ်။ အကြံပဲပေးနိုင်ရင်လည်း ပေးနိုင်မယ်။ ဘယ်ဟာ မှ မသေချာဘူး။ ပြောရရင် အွန်လိုင်းပေါ်မှာဖြစ်နေတဲ့ အတိုင်းပဲ ဘာမှမသေချာဘူး။ ပွဲတစ်ခုလုပ်တယ်ဆိုရင်တော့ ငွေကြေးတွေလိုလာမယ်။ လူအင်အားလိုလာမယ်။ ခွင့်ပြုချက်လိုလာမယ်။ ဒါလေးတွေကိုတော့ စဉ်းစားထားသင့်တယ်ပေါ့။
Social Networking ရဲ့ သဘာဝဆိုရင် သိပြီးတဲ့လူလည်းရှိတယ်။ မသိသေးတဲ့ လူလည်းရှိတယ်။ ကျွန်တော်ကနေ ကျွန်တော့သူငယ်ချင်းကို မျှဝေတဲ့ သတင်းအချက်အလက်ရှိတယ်။ ကျွန်တောသူငယ်ချင်းတွေရဲ့ အချက်အလက်ကို ဖတ်လို့ရတဲ့ သူငယ်ချင်းတွေရှိတယ်။ အသေးစိတ်သာ မသိရင် နေမယ်။ အဲဒီကတဆင့် ဆင့်ပွားသွားတာပေါ့နော်။ ကျွန်တောတို့ ခဏလေး အောက်ဖ့်လိုင်းမှာ လူတွေအများကြီးဆိုရင် အွန်လိုင်းမှာ သိနိုင်ရှာနိုင်တဲ့ လူတွေက ဒီထက်မက များပြားရမယ်။ ဘယ်လောက်ပဲ အကောင်းဆုံးတွေ ထည့်ထားထည့်ထား အသုံးဝင်ဖို့က အရေးကြီးပါတယ်။ Social Networking တွေ အဓိကဒီဘက်မှာ အောင်မြင်လာသလဲဆိုရင် တစ်ယောက်နဲ့တစ်ယောက် ဖလှယ်ကြလို့ပါ။
ထိုက်ထိုက်အောင် ပထမဆုံး Social Networking က ဖိုရမ်တွေ ဘာတွေသုံးတုန်းကတော့ ရည်ရွယ်ချက်လေးက သေးသေးလေး။ သူငယ်ချင်းတွေ ဘာတွေရဖို့ကနေစတာပေါ့။ နောက်ပိုင်းလဲကျတော့ Social Networking တွေကြောင့် အများကြီးလုပ်လို့ရတာကို သိလာတယ်လေ။ ကိုယ့်ရဲ့စာမျက်နှာမှာ သူငယ်ချင်းတွေများလာလေ သတင်းအချက်အလက်တွေ ရလာလေ။ ပြီးတော့ ကိုယ့်ဆီမှာ သူငယ်ချင်းများလေ ကိုယ်ပေးချင်တဲ့ သတင်းအချက်အလက်လည်း များများရောက်တယ်။ ကိုယ်နဲ့ စိတ်တူရာလိုက်ရှာလို့ရတယ်။ Facebook ဆိုရင် မီဒီယာအသစ်တစ်ခုလိုဖြစ်လာတယ်။ သူငယ်ချင်းရှာတဲ့ အဆင့်ကနေ ရည်ရွယ်ချက်ပြောင်းလာကြပါတယ်။
နန်းညီ ရုံးမှာဆိုရင် ကိုယ်တစ်ယောက်ထဲ ထိုင်ပြီးအလုပ်လုပ်နေရတယ်။ ရုံးမှာက အလုပ်လုပ်ရတာ ကိုယ်ကျွမ်းကျင်မှုကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘာသာစကားမတူဘူး။ ဒီဇိုင်းဆွဲနေရင်းနဲ့ ဘယ်လိုမှ စဉ်းစားလို့မရတော့ဘူးဆိုရင် Facebook ေပါ်မှာ ဆွဲလက်စအတိုင်းပဲ တင်လိုက်တယ်။ လုပ်ကြပါအုံး။ ဆက်စဉ်းစားလို့ မရတော့ဘူး။ ဘယ်လိုလေလုပ် ချင်တာလို့ ပြောလိုက်ရင်။ ချက်ခြင်းချက်ခြင်းပဲ မှတ်ချက်တွေ တက်လာတယ်။ တစ်ခါတလေ ဝင်နောက် သွားတာလဲ ရှိတယ်။ ဝင်နောက်သွားတာကလဲ သွားပြီးတော့ အိုင်ဒီယာရရင်လည်း ရနေတယ်။ ကိုယ့်ထက်တော်တဲ့ တတ်တဲ့သူတွေကလည်း အကြံပေးတာ တွေရှိတယ်။ ချက်ခြင်းတုန့်ပြန်မှုရတာ အရမ်းကောင်းတယ်။ နည်းပညာပိုင်းဆိုရင်လည်း ချက်ခြင်းမေး ချက်ခြင်းသိတယ်။ အရင်တုန်းကဆိုရင် တစ်ယောက် ယောက် အနားမှာရှိမှ မေးလို့ရမယ်။ အခုကျတော့ ဘယ်သူဆီကမဆို မတူတဲ့ အိုင်ဒီယာတွေ အများကြီးရလာတယ်။ အလုပ်အတွက် အထောက်အကူဖြစ် လာတယ်။
မင်းယွန်းသစ် Social Networking ရဲ့ အားသာချက်က ဘာလဲဆိုတော့ ကျွန်တော်မသိသေးတဲ့ အိုင်တီအခက်အခဲတွေကျရင် စာမျက်နှာတစ်ခုတင်ပြီး မေးလိုက် လို့ရတယ်။ ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေကို သူတို့ဆီကနေ ပြန်ရတယ်ပေါ့နော်။ ကျွန်တော်သိထားတာလဲ ပြန်ပြီးမျှဝေလို့ ရတယ်ပေါ့နော်။
ဇော်ဇော်မျိုးလွင် Social Networing တွေ အခုမှ ပေါ်လာတာမဟုတ်ဘူး။ အွန်လိုင်းတွေနဲ့ တစ်ပြိုင်တည်း ပေါ်ပေါက်လာတဲ့ ဟာပါ။ အွန်လိုင်းပေါ်လာပြီး ဆိုကတည်းက ဒါနက်ဝက်ဘ်ပဲ။ နက်ဝက်ဘ်ကိုက Social Networking ဖြစ်လာမယ့် မျိုးစေ့ပဲ။ အကောင်းနဲ့အဆိုးကတော့ အမြဲတမ်းဒွန်တွဲနေတာ တွေ့နေရတယ်။ Social Networking မှာ ကိုယ့်အကြောင်း အမှန်တင်ပြတာ အကောင်းဆုံးဖြစ်မယ်။ အဲလိုဖြစ်လေလေ ကျွန်တော်တို့က အမှန်ရလေပဲ။ ကိုယ့်မိတ်ဆွေမှန်း သိတဲ့အခါကျမှ ကျွန်တော်တို့က အမှန်ပြောမယ်။ မသိရင်တော့ ပြောချင်မှပြောမယ်။ ကိုယ်ကိုယ်တိုင်ကလည်း အမှန်တိုင်းတင်ထားမှ ကိုယ့်အပြုအမှုကို ထိန်းသိမ်းမယ်။ ယုတ်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေ တင်လိုက်လို့ရှိရင်။ အားလုံးက ကျွန်တော့ကို ပြောမယ်။ မြင်မယ်။ သိမယ်။ ကျွန်တော် ကောင်းတာရေးလဲ။ သိမယ်။ ပိုပြီးလည်း တစ်ယောက်ကို တစ်ယောက် ရိုးသားမယ်။ အွန်လိုင်းရဲ့ အနှစ်သာရက ကိုယ်က အမှန်ပေးရင် အမှန်ပြန်ရမယ်။ ကိုယ်က အမှားပေးရင် အမှားပြန်ရမယ်။ ကျွန်တော်တို့ ကိုယ်အချက်အလက်ကို အမှန်ပေးထားတယ်။ ကိုယ့်ဆီလာတဲ့ ဟာကိုလည်း အရိုးသားဆုံး ပြန်လိုချင်တယ်။ ဒါကြောင့် အချက်အလက်၊ ဓာတ်ပုံအမှန်မဖော်ပြရင် ကိုယ့် Social Network ရဲ့ စာမျက်နှာမှာ မိတ်ဆွေအဖြစ်လက်မခံဘူး။
မမြင်ဖူးတဲ့ မိန်းခလေးတစ်ယောက်၊ မမြင်ဖူးတဲ့ ယောက်ျားလေးတစ်ယောက်က သူက Friend Request လုပ်သည်ပဲဖြစ်စေ၊ ကိုယ်ကသွားလုပ်သည်ပဲ ဖြစ်စေ၊ ကိုယ်က အများကြီးစဉ်းစားတယ်။ အရမ်းမလုပ်တော့ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ရဲ့အေကြာင်းအရာတွေကို တစ်ဖက်က မိတ်ဆွေဖြစ်တာနဲ့ သိတော့မှာလေ။ ဓာတ်ပုံတေွကို ကူးယူပြီး မဟုတ်တဲ့ နေရာတွေမှာ အသုံးချကြတာတွေဟာ Social Networking မှာ မကောင်းတဲ့အချက် တွေပေါ့လေ။ ကောင်းတာတွေရှိလို။ မကောင်းတာတွေရှိနေတယ်။ သူနဲ့ မိတ်ဆွေဖြစ်သည်ဖြစ်စေ၊ မြဖစ်သည်ဖြစ်စေ၊ တစ်ယောက်ယောက်က ယူပြီး သုံးလိုက်လို့ရတာပဲ။ ဓာတ်ပုံမှ မဟုတ်ဘူး။ ကျွန်တော်ဖန်တီးထားတဲ့ အရာဝတ္ထုတွေကို ယူသုံးလို့ရနေတယ်။ ဒါက Socail Networking မှာဖြစ်နေတဲ့ ပြဿနာတွေပေါ့နော်။ အားနည်းချက်တွေပေါ့။ အကောင်းဆုံးကတော့ ရိုးရိုးသားသားပဲ။ ကျွန်တော့အကြောင်းကို အားလုံးက Social Networking ကနေ အားလုံးက သိနေတယ်။ ကိုယ့်ဘဝတစ်ခုဖြစ်နေ တယ်။ မဟုတ်တာပြောရင် လာဆော်မဲ့လူတွေ အများကြီး။ အရိုးသားဆုံးပဲ ပေးလို့ရမယ်။ မဟုတ်ရင် မှတ်ချက်တွေတန်းစီပြီး ဝင်လာမယ်။ အချက်အလက်က ပြန့်နေတာပေါ့နော်။ ထိန်းထားလို့မရဘူး။ သူများ တဖက်သားကို လေးစားရသလို ကိုယ့်လုပ်ရပ်ကိုလည်း ကိုယ်လေးစားရမယ်။ သူများကျတော့ သွားပြော၊ ကိုယ့်လာပြောတော့ မကြိုက်။ အဲဒီလို ရှိတယ်။ သူများကိုလည်း သွားမပြောဘူး။ ကိုယ့်ကိုယ်လည်း လာမပြောကြဘူး။ ဒီဟာတွေ သုံးခြင်းဟာ အပြင်မှာလိုပဲ ရိုးရိုးသားသားဖြစ်ရမယ်။ ကိုယ့်ရဲ့ပုံတွေ လုံခြုံမှု၊ ကိုယ်က အစကတည်းက စဉ်းစားပြီး။ ဒီပုံကို ငါတင်လိုက်မယ်။ ဒီပုံကြောင့်ဖြစ်လာမယ့် အကျိုးဆက်ကို ခံစားရလိမ့်မယ်။ ပုံတွေ မတင်ခင်ကတည်းက Social Networking ရဲ့ စည်းကမ်းတွေကို ဖတ်ကြည့်သင့်တယ်။ ဖြစ်လာမယ့်ဟာတွေကို ကြိုတွေးထား မဟုတ်ရင် ပုံတွေကြောင့် ပြဿနာတက်လာနိုင်တယ်။ Social Networking မှာ အဓိ က ပြဿနာတက်တာ ပုံတွေပဲ။ စာတွေလည်း ရေးသင့်သလား မရေးသင့်ဘူးလား စဉ်းစား။ မိတ်ဆွေလက်ခံတာ အရေအတွက်က အဓိကမဟုတ်ပါဘူး။ ကိုယ့်ကို တကယ်ခင်တဲ့လူ ပုလဲနံပ သင့်တဲ့လူကို လက်ခံတာ ကောင်းတယ်။ မဟုတ်ရင် ဘယ်သူငယ်ချင်းကို ပေးကြည့်မယ်။ ပေးမကြည့်ဘူးဆိုတာကို လုပ်ထားသင့်တယ်။ သုံးတဲ့လူတွေ နားလည်ဖို့လိုတယ်။
နန်းညီ စပြီးတော့ Friend Request တွေ ရထဲက မခင်တဲ့သူ မသိတဲ့ သူကို လက်မခံဘူး။ သူ့အကြောင်းသိနေရပြီ၊ ပုံတွေ ကိုယ်ရေးအချက်အလက်တွေ မှန်ပြီးဆိုရင်တော့ လက်ခံလိုက်တယ်။ အဖွဲ့လိုက်ပုံတွေဆိုရင်လည်း တင်မယ်ဆိုတာ ကာယကံရှင်တွေကို အသိပေးတယ်။ ကိုယ်အလှည့်ကျတော့လည်း သူတို့ဘက်က တင်လို့ရသလား ပြန်မေးတယ်။ ကိုယ့်ပုံတွေဆို ခရီးသွားတဲ့ ပုံလေးတွေ၊ ညီအစ်ကို မောင်နှမပုံတင်ဖြစ်တယ်။
ဇော်ဇော်မျိုးလွင် Profile ဆိုလည်း ကျွန်တော်တို့ အမှန်ရေးတယ်။ ကျွန်တော်တို့လည်း သူများ Profile ကို ကြည့်ပြီးမှ လက်ခံတယ်။ လူငယ်တွေ တစ်ကိုယ်ရည် အရည်အသွေးတေွ မြင့်တက်လာဖို့ ဆောင်ရွက်တဲ့ သဘောပါပဲ။ တစ်ဦးချင်း တစ်ယောက်ချင်းကပဲ ဒီအိုင်တီလောကကြီး တိုးတက်လာမှာပါ။ ဒီအိုင်တီလောကကြီး တိုးတက်မှ တစ်ဦးချင်း တစ်ယောက်ချင်း တိုးတက်မှာ။ ဒါက Life Cycle ဖြစ်နေတယ်။ မှီခိုနေတယ်။ လုပ်နိုင်သလောက်လုပ် နေရမှာပါ။ အဲဒီအတွက် ဝါသနာပါတဲ့ သူပဲဖြစ်ဖြစ်။ ကူညီချင်တယ်ဖြစ်ဖြစ်။ လုပ်လို့ရတယ်။ အိုင်တီတိုးတက်ဖို့ တစ်တောင့်တစ်နေရာက နေလုပ်တယ်။ နောက်နောင်လည်း အိုင်တီနဲ့ ပတ်သက်တဲ့ ပွဲတွေကို နိုင်ငံတကာက ယူလာမယ်၊ မျှဝေမယ်ဆိုတာ ဆက်လက်ရှိနေဦးမှာပါ။ အင်တာနက်ဆိုင်တွေဆို နယ်တွေမှာ အခုမှစပြီး ဖွံ့ဖြိုးတယ်။ မာစတာ တက်နေတဲ့ လူငယ်တွေအထိတောင်မှ သူတို့ အင်တာနက်သုံးတာ ဆက် သွယ်ရေးအနေနဲ့ ဖြစ်နေတယ်။ Chatting ထိုင်တဲ့ အဆင့်တင်ပြီးနေတယ်။ Google မှာတောင် ကောင်းကောင်းမရှာတတ်ကြဘူး။ Google ဆိုတာ Search Engine ပါဆိုတာ သိပ်မသိချင်ဘူး။ ဒီလိုအချိန်မှာ အင်တာနက်သင်တန်း ဆိုတာ မရှိသင့်တော့ဘူး။ ကိုယ့်အတွေးနဲ့ကိုယ် သုံးတတ်နေရမယ်။ ဒါတွေ သုံးတာ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာလည်း အကုန်လုံးရှိတယ်။ သူငယ်ချင်း အချင်းချင်း မေးရင်တောင်ရတယ်။ ခက်တာက သုံးရကောင်းမှန်း ခုထိမသိကြတာ။ အကျိုးရှိရှိ ဘယ်လိုသုံးကြမလဲ။ အကျိုးရှိရှိဆိုတာ မချက်ရဘူး၊ ဝက်ဘ်ဆိုဒ်ပဲ ကြည့်ရမယ် မဟုတ်ဘူး။ သမမျှတအောင် သုံးရမယ်။ ဟင်းတစ်အိုးချက်တဲ့အခါ ဆားတွေပဲ ထည့်လို့မရဘူး။ ကြက်သွန်၊ အချိုမှုန့်ထည့်ရမှာပဲ။ ကြက်သွန်မလိုတဲ့ ဟင်းကို ကြက်သွန်ထည့်ရင် ဟင်းပျက်သွားမှာပဲ။ စာအုပ်စာတမ်းလေ့လာတဲ့အခါမှာ စာအုပ်တွေပဲ အားမကိုးပါနဲ့။ စာအုပ်တွေရဲ့ အားနည်းချက်ရှိပါတယ်။ ဖတ်ပါ။ အရမ်းအားမကိုးနဲ့။ ကိုယ့်ကိုကိုယ်လည်း အားကိုးပါ။ လိုအပ်တဲ့ ဟာကို အွန်လိုင်းပေါ်မှာ ရှာ။ ကိုယ်သုံးတဲ့ ဟာလေးကို သိအောင်လုပ်ရပါမယ်။ Search Engine ဘာလဲဆိုတာ သိအောင်လုပ်လို့ရတယ်။ စာအုပ်ကြီးတွေ ဖတ်မှ မဟုတ်ဘူး။ အတိုအထွာလေးတွေ ဖတ်ပြီး ရနိုင်ပါတယ်။
ဟန်ဇော်
ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း
၂ဝ၁ဝ ပြည့်နှစ်၊ မတ်လ