မြန်မာ့တယ်လီကွန်း၊ ရတနာပုံတယ်လီပို့၊ ဇွန်လ ၂ရ ရက်နေ့က ရွေးချယ်ခဲ့သည့် နော်ဝေအခြေစိုက် တယ်လီနော်နှင့်ကာတာအခြေစိုက် ကျူတယ်တို့သည် မြန်မာ့ဆက်သွယ်ရေးလောကတွင် ယှဉ်ပြိုင်ကြရမည့်အခြေအနေဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးကဏ္ဍကို ဦးဆောင်ပြောင်းလဲရမည့်လုပ်ငန်းစုများအဖြစ်လည်း ရှုမြင်ရပါသည်။ တန်ဖိုးနည်းတယ်လီဖုန်းလိုင်းကတ်နှင့်တန်ဖိုးအခမဲ့တယ်လီဖုန်းလိုင်းကတ်များကို မျှော်လင့်နေကြသည့် မြန်မာနိုင်ငံသားများအတွက် မျှော်လင့်ချက် တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် မိုဘိုင်းဖုန်းဆက်သွယ်ရေးစနစ်သည် တစ်ဦးနှင့်တစ်ဦးဆက်သွယ်ပြောဆိုနိုင်သည့်အခြေအနေတစ်ခုတွင်သာ ရပ်တည်နေမည် မဟုတ်ပါ။
မိုဘိုင်းဆက်သွယ်ရေးစနစ်၏အားသာချက်တစ်ခုမှာ ဆက်သွယ်ရေးအပြင် အခြားသောဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အပံ့ပေးနိုင်ခြင်းဖြစ်သည်။ လွယ်ကူမြင်သာ သည့်အခြေအနေတစ်ခုမှာ မိုဘိုင်းဖုန်းဖြင့်အင်တာနက်အသုံးပြုနိုင်ခြင်းဖြစ်သည်။ အင်တာနက်အသုံးပြုနိုင်ခြင်းကြောင့် သတင်းအချက်အလက်စီးဆင်းမှု ပိုမိုမြန်ဆန် လာမည်ဖြစ်သည်။ ပညာရေး၊ စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အင်တာနက်သည် အထောက်အပံ့ကောင်းလည်းဖြစ်သည်။ ထိုအချက်များက မိုဘိုင်းဖုန်း သည် ဆက်သွယ်ရေးတစ်ခုတည်းအတွက်မဟုတ်ဘဲ အခြားသောသတင်းအချက်အလက်နှင့်လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်ကြောင်းသက်သေပြနေခြင်းပင်ဖြစ်သည်။
မိုဘိုင်းကိရိယာများကို လက်ကိုင်ကိရိယာ၊ သယ်ယူအသုံးပြုနိုင်သော ကိရိယာ၊ လက်ကိုင်ကွန်ပျူတာအစရှိသဖြင့် ခေါ်ဆိုကြပါသည်။ မိုဘိုင်းကိရိယာ၏ သရုပ်သဏ္ဍာန် ကို ပုံဖော်ပြောဆိုကြသည်များမှတူညီသော ဘုံသရုပ်သဏ္ဍာန်များကို ဖော်ပြလိုပါသည်။ မိုဘိုင်းကိရိယာများသည် အလေးချိန်နှစ်ပေါင်အောက်သာရှိသည်။ မျက်နှာပြင် များကို ထိတွေ့အသုံးပြုနိုင်သည်။ စက်လည်ပတ်မှုစနစ်ဟုခေါ်သော Opreation System ကို ထည့်သွင်းအသုံးပြုထားသည်။ ထိုစနစ်အပေါ်တွင် အသုံးချ ဆော့ဝဲလ်များဟုခေါ်သော application(apps)များကို ထည့်သွင်းအသုံးပြုထားသည်။ ကြိုးမဲ့ဆက်သွယ်ရေးစနစ်များဖြစ်သော ဝိုင်ဖိုင်(Wi-Fi) ၊ ဘလူးတုစ် (Bluetooth)အပါအဝင် GPS စနစ်များနှင့် အင်တာနက်အသုံးပြုနိုင်မှုတို့လည်း ပါဝင်သည်။ ထိုအချက်များကလည်း မိုဘိုင်းဆက်သွယ်ရေးစနစ်သည် တယ်လီဖုန်း ဆက်သွယ်ရေးစနစ်တစ်ခုတည်းအတွက်မဟုတ်ကြောင်း သက်သေပြနေခြင်းပင်ဖြစ်သည်။
မိုဘိုင်းကိရိယာများက ပေးနိုင်သည့်အားသာချက်များကို လေ့လာပါကလည်း မိုဘိုင်းဖုန်းသည် ဆက်သွယ်ရေးကိရိယာသက်သက်မဟုတ်ကြောင်း တွေ့ရမည်ပင်ဖြစ် သည်။ မိုဘိုင်းကိရိယာများကို ၁၉၉ဝ ခုနှစ်နောက် ပိုင်းနှစ်များကတည်းက စတင်မိတ်ဆက်ခဲ့သည်။ ထိုသို့မိတ်ဆက်ခဲ့သည်များထဲတွင် ပီဒီအေ(Personal Digital Assistant)၊ စမတ်ဖုန်း(Smart Phone)နှင့်သင်ပုန်းကွန်ပျူတာ(Tablet Computer)များသည် ရှေ့တန်းကပါဝင်ခဲ့သည်။ တတိယစက်မှုတော်လှန်ရေးကို အားပေးခဲ့သော လက်နက်များထဲတွင် မိုဘိုင်းကိရိယာများသည် ရှေ့တန်းကပါဝင်နေသည်။
မိုဘိုင်းကိရိယာများကိုပြောဆိုသည့်အခါ မိုဘိုင်းကွန်ပျူတာစနစ်များကိုလည်း ထည့်သွင်းပြောဆိုရမည်ဖြစ်သည်။ မိုဘိုင်းကွန်ပျူတာစနစ်တွင် မိုဘိုင်းဆက်သွယ်ရေး စနစ်ဖြစ်သည့် တယ်လီဖုန်းခေါ်ဆိုနိုင်ခြင်း၊ အင်တာနက်အသုံးပြုနိုင်ခြင်းတို့ ပါဝင်သည်။ ထိုအဆင့်ကို တတိယမျိုးဆက်(3G)မိုဘိုင်းဆက်သွယ်ရေးစနစ်ဟု ခေါ်ဆိုကြသည်။ ထို့အပြင် ဟာ့ဒ်ဝဲလ်ဟုခေါ်သည့် ကိုင်တွယ်အသုံးပြုနိုင်သည့်ကိရိယာနှင့် ထိုကိရိယာအတွင်းတွင် ထည့်သွင်းအသုံးပြုနိုင်သော မိုဘိုင်းဆော့ဝဲလ်များ ပါဝင်ရမည်ဖြစ်သည်။ ထို့အတူ အစိုးရက အကောင်အထည်ဖော်ဆောင်ရမည့် ဆက်သွယ်ရေးဆိုင်ရာအခြေခံအဆောက်အအုံများကလည်း အလွန်အရေးပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အော်ပရေတာလုပ်ငန်းအဖြစ် အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်နေကြောင်းနှင့် အဆိုပါ လုပ်ငန်းများအတွက် နိုင်ငံတော်၏ဘဏ္ဍာငွေဖြင့်သာ ဆောင်ရွက်ကြောင်း ယခုနှစ် ဇွန် ၂ရ ရက်တွင် ပြည်သူ့လွွှတ်တော်ဥက္ကဋ္ဌနှင့်လွွှတ်တော်ကိုယ်စားလှယ်များရှေ့တွင် ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထို့အပြင် လက်ရှိမြန်မာနိုင်ငံ၏ မိုဘိုင်းတယ်လီဖုန်းသိပ်သည်းဆ(Mobile Tele Density)သည် ရ ရာခိုင်နှုန်းသာရှိသေးကြောင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၅ဝ ရာခိုင်နှုန်း၊ လာအိုနိုင်ငံတွင် ၇၂ ရာခိုင်နှုန်းနှင့် အိနိ္ဒယနိုင်ငံ၊ တရုတ်နိုင်ငံတို့တွင် ၇၈ ရာခိုင်နှုန်းရှိနေကြောင်း ပြောဆိုခဲ့ပါသည်။ ထိုအချက် အလက်များသည် မြန်မာ့မိုဘိုင်းဖုန်းသိပ်သည်းဆ နိမ့်ကျနေကြောင်းဖော်ပြနေသော ကိန်းများဖြစ်သည်။ ထို့ကြောင့် အရည်အသွေးကောင်းမွန်၍ သင့်လျော်သောနှုန်း ထားများဖြင့် မိုဘိုင်းတယ်လီဖုန်းသိပ်သည်းဆများကို တိုးမြှင့်ရမည်ဖြစ်ကြောင်းနှင့်နိုင်ငံတကာ စံချိန်စံနှုန်းများဖြင့်လည်း ကိုက်ညီအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထိုလုပ်ငန်းများကိုလုပ်ဆောင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အခက်အခဲရှိကြောင်း၊ အရင်းအနှီးနှင့်နည်းပညာလိုအပ်ကြောင်းနှင့် ထိုအချက်များကြောင့် ပြည်တွင်းပြည်ပက ဆက်သွယ်ရေးလုပ်ငန်းလုပ်ဆောင်နေသည့် အော်ပရေတာများကို ဖိတ်ခေါ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ ထိုလုပ်ဆောင်ချက်များ သည် အခြေခံအဆောက်အအုံပိုင်ဆိုင်ရာဖြည့်စွက်ခြင်း လုပ်ဆောင်ချက်များသာဖြစ်သည်။ အခြေခံအဆောက်အအုံများကို အခြေခံ၍၊ တနည်းအားဖြင့် အခြေခံ အဆောက်အအုံများကို အမှီပြု၍ အခြားသောနည်းပညာများကို ဒင်ပြည့်ကျပ်ပြည့် အသုံးပြုနိုင်ရန် အလွန်အရေးကြီးသည်။ ထိုသို့အသုံးပြုနိုင်သောနည်းပညာများတွင် ယေဘုယျအားဖြင့် သတင်းတိုပို့စနစ်၊ အင်တာနက်နှင့် မိခင်ဘာသာစကားဖြင့် အသုံးပြုနိုင်သော အသုံးချဆော့ဝဲလ်များ အသုံးပြုနိုင်ခြင်းလည်းပါဝင်သည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ တတိယမျိုးဆက် မိုဘိုင်းဖုန်းနည်းပညာ(3G)ကို အသုံးပြုနိုင်ခြင်းကြောင့် သတင်းတိုပို့စနစ်နှင့်အင်တာနက်အသုံးပြုနိုင်ခြင်းရရှိပြီး ဖြစ်သည်ဟုဆိုရမည်။
မိခင်ဘာသာစကားဖြင့်အသုံးပြုနိုင်သော ဆော့ဝဲလ်များအသုံးပြုနိုင်မှုက လက်ရှိအနေအထားအရ အလှမ်းဝေးနေသေးသည်။ နိုင်ငံတကာသုံးစံနှုန်းတစ်ခုဖြစ်သည့် ယူနီကုတ်ကိစ္စတွင်ပင် အငြင်းပွားနေကြဆဲဖြစ်သည်။ မြန်မာနိုင်ငံသားအများစုသည် ယူနီကုတ်စံနှုန်းမမီသော မြန်မာယူနီကုတ်နှင့်အသားကျနေဆဲဖြစ်သည်။ နိုင်ငံတကာစံနှုန်းမီ မြန်မာယူနီကုတ်ဖောင့်ကိုတွင်ကျယ်စွာ အသုံးမပြုကြသေးပေ။ မိခင်ဘာသာစကားဖြင့်အသုံးပြုနိုင်ခြင်းဆိုရာတွင် ဗမာဘာသာစကားတစ်ခု တည်းဖြင့် အသုံးပြုနိုင်ခြင်းကို မဆိုလိုပါ။ တိုင်းရင်းသားဘာသာစကားများဖြင့် အသုံးချဆော့ဝဲလ်များအသုံးပြုနိုင်ခြင်းလည်း ပါဝင်ရမည်။ ထို့အပြင် ကျေးလက်ဒေသနှင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် နိမ့်ကျနေသောနိုင်ငံသားများ အသုံးပြုနိုင်မည့် လွယ်ကူသည့်အသုံးချဆော့ဝဲလ်များ ဖြစ်ရန်လည်း လိုအပ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေအများစုသည် ကျေးလက်ဒေသ နေထိုင်သူများဖြစ်သည်။ ထို့ကြောင့် မိုဘိုင်းဖုန်းတွင်အသုံးပြုနိုင်သောဆော့ဝဲလ်များကို ထုတ်လုပ်ရာတွင် ကျေးလက်ဒေသနေထိုင်သူများကို ဦးတည်သည့်ဆော့ဝဲလ်များဖြစ်ရန် လိုအပ်သည်။ အသုံးပြုရလွယ်ကူပြီး ပညာရေး၊ စီးပွားရေး၊ လူမှုရေးများအတွက် အထောက်အပံ့ပြုနိုင်သော ဆော့ဝဲလ်များဖြစ်ရန်အပြင် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်အတွက်လည်း ထောက်ပံ့နိုင်ရမည်ဖြစ်သည်။ ‘‘ကျေးလက်မှာက ကျန်းမာရေးအသိ အလွန်အားနည်းသလို တစ်ခုခု ဖြစ်ပြီဆိုရင် နီးစပ်ရာဆေးမြီးတိုများနဲ့ ပြီးကြရတတ်ပါတယ်။ ဆရာဝန်ညွွှန်ကြား အကြံပြုချက် မပါဝင်တဲ့အတွက် မဖြစ်သင့်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုမသိလိုက်ဘဲ ခံစားနေကြရတာတွေ အများကြီးပါ။ တစ်ချို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ SMS အခြေပြု ကျန်းမာရေး ဝန်ဆောင်မှုတွေ ရှိကြပါတယ်။ ရောဂါလက္ခဏာကို SMS နဲ့ ပို့ပေးလိုက်ရင် ရောဂါအမျိုးအစားနဲ့ကုထုံးအကြံပြုချက်ကို ပြန်လည်လက်ခံရရှိနိုင်ပါတယ်။ ဒီတော့ ဆေးမြီးတိုနဲ့ ထင်သလို ကုသခြင်းထက် အများကြီးပိုပြီးအကျိုးရှိသွားမှာ ဖြစ်ပါတယ်’’ဟု လူငယ်အိုင်တီနည်းပညာသမားတစ်ဦးဖြစ်သူ ကိုအိမောင်က စာရေးသူ၏ ဆက်သွယ်မေးမြန်းမှုတစ်ခုတွင် မိုဘိုင်းအခြေပြုလုပ်ငန်းများနှင့်ပတ် သက်ပြီး ဥပမာပေး ပြောဆိုခဲ့ဖူးသည်။
ထို့အတူ ဘာသာစကားအသုံးပြုမှုနှင့်ပတ်သက်၍ ‘‘အသုံးပြုနေတဲ့ မိုဘိုင်းကိရိယာက မိမိတို့မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာဘာသာနဲ့အသုံးပြုနိုင်ဖို့လိုပြီး ပေးပို့လက်ခံတဲ့ Message များဟာလည်း မြန်မာဘာသာနဲ့ဖြစ်မှသာ ကျေးလက်ပြည် သူများအတွက် အဆင်ပြေမှာဖြစ်ပါတယ်။ နည်းပညာကဏ္ဍမှာလည်း ဒီလိုအခြေခံလို အပ်ချက်ကို ဖြည့်စွက်ဖို့ကို အတော်လေးအားထုတ်ရဦးမယ့် သဘောတွေရှိနေပါ တယ်’’ဟုလည်း ပြောခဲ့သည်။
မိုဘိုင်းကိရိယာအသုံးပြုမှုတွင် နည်းပညာအရတည်ရှိနေသော ကန့်သတ်မှုများရှိနေသည်။ ထိုကန့်သတ်မှုများတွင် လူတစ်ဦးခြင်း၏ သတင်းအချက်အလက်နှင့် အကျိုးစီးပွားဆိုင်ရာလုံခြုံရေးများအပါအဝင် လျှပ်စစ်မီးရရှိမှုကလည်း အရေးပါသော အချက်တစ်ချက်ဖြစ်သည်။ မိုဘိုင်းဖုန်းအတွက်လိုအပ်သော ဓာတ်အားကို လျှပ်စစ်မီးမှအားသွင်းယူ၍ အသုံးပြုရသည်။ ထို့ကြောင့် လျှပ်စစ်မီးပုံမှန်ရရှိရန် အလွန်အရေးကြီးသည်။ မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးအသုံးပြုနိုင်မှုသည် ၂၆ ရာခိုင်နှုန်းသာ ရှိနေသေးသည်။
မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသိပ်သည်းဆကို ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ် အတွင်း ၇၅ နှင့် ၈ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်လျာထားကြောင်း သိရသည်။ ဆင်းရဲမွဲတေမှုကိုလျော့ချနိုင်ရန် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်အလုပ် အကိုင်အခွင့်အလမ်းကောင်းများရှိရမည်ဟု ပြောဆိုမှုများရှိခဲ့ကြသည်။ ထို့အတူ မိုဘိုင်းဖုန်းအသုံးပြု နိုင်ခြင်းကြောင့် ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုမြင့်မားလာနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိခဲ့ပြန်သည်။
မိုဘိုင်းဖုန်းသည် ဆက်သွယ်ရေးကိရိယာသက်သက်မဟုတ်။ ဖုန်းခေါ်ဆိုခ သက်သာခြင်း၊ တယ်လီဖုန်းလိုင်းကတ်အခမဲ့ရရှိခြင်းနှင့် လက်ကိုင်ဖုန်းဈေးနှုန်း သက်သာခြင်းသည်ကလည်း မိုဘိုင်ဖုန်းအသုံးပြုနိုင်ခြင်း၏ ပန်းတိုင်တစ်ခုမဟုတ်ပါ။ မိုဘိုင်းဖုန်းဖြင့် ဆက်သွယ်ရေးလုပ်ငန်းကို လွယ်ကူစွာအသုံးပြုနိုင်ခြင်းအပြင် ဖွံ့ဖြိုး ရေးလုပ်ငန်းများအတွက် အသုံးချနိုင်ခြင်းက ပိုမိုအရေးပါသည်။ ထိုသို့အသုံးပြုနိုင်ရေး အတွက် အခြေခံလိုအပ်ချက်များတွင် လစ်လပ်နေသည့် လျှပ်စစ်မီး အပါအဝင် မိခင်ဘာသာစကားဖြင့် မိုဘိုင်းဖုန်းကို တွင်ကျယ်စွာအသုံးပြုနိုင်ခြင်း၊ မိုဘိုင်းအခြေပြု စီးပွားရေး၊ လူမှုရေး၊ ပညာရေးအစရှိသည့် လုပ်ငန်းများကို လုပ်ကိုင်ရန်လည်း လိုအပ်သည်။ ကျေးလက်ဒေသနေထိုင်သူ နိုင်ငံသားများအတွက် အထောက်အကူပြုစေမည့် မိုဘိုင်းဖုန်းအခြေပြုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်နိုင်မှသာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်ကို အထောက်အပံကောင်းများရရှိစေမည်ဖြစ်သည်။ အစိုးရကလည်း ဆက်သွယ်ရေးစနစ်ကောင်းမွန်ရန်အပြင် ယင်းကိုအခြေပြုသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန် အထောက် အပံ့ကောင်းများကိုလည်းပံ့ပိုးရဦးမည်ဖြစ်သည်။
ဟန်ဇော်
ICON Magazine, August 2013