ဝက်ဘ်(web)ဆိုတာ ဘာလဲလို့မေးရင် ပင့်ကူအိမ်လို့ ဖြေကြမယ်ထင်ပါတယ်။ အိုင်စီတီနည်းပညာတွေ မပေါ်ပေါက်ခဲ့ဘူးဆိုရင်”web” ဆိုတာ ပင့်ကူအိမ်ပဲ ဖြစ်နေမှာပါ။ ယနေ့ခေတ်၊ ယနေ့ကာလမှာ ဝက်ဘ်ဆိုတဲ့စကားကို ကြားလိုက်တာနဲ့ ပင့်ကူအိမ်တွေလို ဖြန့်ကားပြီး ချိတ်ဆက်ထားတဲ့ အင်တာနက်ပေါ်က ဝက်ဘ်ဆိုဒ်တွေကို ပြေးမြင်ကြလိမ့်မယ်။ ယနေ့ခေတ်မှာ ဝက်ဘ်ဆိုတဲ့ စကားလုံးကိုလူတိုင်းက ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်နေပါတယ်။ ဝက်ဘ်ဆိုတာ သူတို့အတွက် ပင့်ကူအိမ် မဟုတ်တော့ပါဘူး။
ဝက်ဘ် ၁.ဝ
အင်တာနက်ပေါ်က အိုင်စီတီနည်းပညာအဝန်းအဝိုင်းမှာရှိနေတဲ့ ဝက်ဘ်ဆိုတာ စာသားတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အသံတွေနဲ့ သတင်းအ ချက်အလက်တွေကို ပင့်ကူအိမ်တွေလို အစီအစဉ်အလိုက် တစ်ခုနဲ့တစ်ခုစနစ် တကျချိတ်ဆက်ထားခြင်း ဖြစ်ပါတယ်။
ဝက်ဘ်ကို “World Wide Web” ကမ္ဘာလုံးဆိုင်ရာဖြန့်ကြက်ပြီး ချိတ်ဆက်ထားခြင်းအဖြစ်လည်း ခေါ်ဆိုကြပါတယ်။ အင်္ဂလိပ်စကားလုံးရဲ့ ရှေ့ဆုံး စာလုံးများကိုယူပြီး “WWW” လို့လည်း အတိုကောက်ခေါ်ယူကြတယ်။ အင်တာနက်လိပ်စာတွေမှာ ဝက်ဘ်ဆိုဒ်(website)တွေကို ဖော်ပြတဲ့အခါ “www” ဆို တဲ့ အတိုကောက်တွေနဲ့ဖော်ပြကြတာကို သတိထားမိပါလိမ့်မယ်။
သတင်းအချက်အလက်တွေကို ပေးဝေလိုတဲ့သူတွေက သူတို့ပေးချင်တဲ့သတင်းတွေကို ဝက်ဘ်တွေပေါ်ကနေတစ်ဆင့် ပေးခဲ့ကြပါတယ်။ ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်အသုံးပြုတဲ့သူတွေက သိလိုတဲ့အချက်အလက်တွေကို အချိန်အခါ မရွေး၊ နေရာဒေသမရွေး ရယူနိုင်ခဲ့ကြတယ်။ ရေဒီယိုတွေ၊ တီဗီအစီ အစဉ်တွေကနေရခဲ့ကြရတဲ့ ပုံစံနဲ့မတူညီတဲ့ သတင်းအချက်အလက်တွေကို ဝက်ဘ်ဆိုဒ်အသုံးပြုသူတွေ ရရှိခဲ့ကြတယ်။ သတင်းစာတွေက သတင်းစာသားနဲ့ ဓာတ်ပုံတွေကိုပဲ အသုံးပြုသူတွေအတွက်ပေးနိုင်ခဲ့တယ်။ ရေဒီယိုက အသံအဖြစ်နဲ့ သတင်းအချက်အလက်တွေကို ပေးခဲ့တယ်။ တီဗီလိုင်းတွေကနေ သတင်းတွေ၊ အသံတွေ၊ အရုပ်တွေကို မြင်တွေ့ သိရှိခဲ့ကြရတယ်။ သတင်းစာတိုက်၊ ရေဒီယိုထုတ်လွှင့်မှုနဲ့ တီဗီ အစီအစဉ်ထုတ်လွှင့်မှုတွေကို လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ စီးပွားရေးလုပ်ငန်းတိုင်းက မပြုလုပ်နိုင်ခဲ့ပါဘူး။
ဝက်ဘ်ဆိုဒ်တွေပေါ်ပေါက်လာတဲ့အခါမှာ အလွှာအသီးသီးက လုပ်ငန်းများဟာ သူတို့ပေးချင်တဲ့ သတင်းအချက်အလက်တွေကို ဝက်ဘ် တွေပေါ်က နေတစ်ဆင့်ပေးခဲ့ပါတယ်။ ဝက်ဘ်တွေဟာ သူတို့ပေးချင်ခဲ့တဲ့ သတင်းအချက်တွေပေးနိုင်ဖို့ စရိတ်သက်သာတယ်။ လွယ်ကူတယ်။ ဝက်ဘ်တွေစတင်ခဲ့တဲ့ အချိန်အခါက သတင်းအချက်အလက်တွေကို ပေးချင်သူက ပေးချင်ခဲ့တဲ့ပုံစံအတိုင်း ပေးခဲ့ကြတယ်။ အခုလိုပေးနိုင်ဖို့ ဝက်ဘ်ဆိုဒ်ပြုလုပ်ရတဲ့ ကျွမ်းကျင်သူများဟာ အဓိကနေရာက ရှိခဲ့တယ်။ ကျွမ်းကျင်သူများရဲ့ တီထွင်ဖန်တီးမှုအပေါ်မှုတည်ပြီး ဝက်ဘ်ဆိုဒ်တွေကို အသုံး ပြုခဲ့ကြရတယ်။ ထိုအခြေအနေများကို ဝက်ဘ် ၁.ဝ(Web 1.0)လို့ ပညာရှင်များက ခေါ်ခဲ့ကြတယ်။
ဝက်ဘ် ၂.ဝ
ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားစောင့်ကြည့်ရေးအဖွဲ့(Global Language Monitor)က ဝက်ဘ် ၂.ဝ(Web 2.0)ကို တစ်သန်းမြောက် အင်္ဂလိပ်စကားလုံးအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ၂၀ဝ၄ ခုနှစ်နှောင်းပိုင်းကာ လတွေမှာTim O’ Reilly Meida က ဝက်ဘ် ၂.ဝ ကွန်ဖရင့်ကို ပြုလုပ်ခဲ့တယ်။ ဒါကြောင့် ဝက်ဘ် ၂.ဝ စကားလုံးနဲ့ နည်းပညာဆိုင်ရာအယူအဆ ကျယ်ပြန့်လာခြင်းဟာ Tim O’ Reilly နှင့် ထိစပ်မှုတွေ ရှိနေခဲ့တယ်။ ဝက်ဘ် ၁.ဝ ကို နားရည်ဝမယ် မကြံသေးဘူး။ ဝက်ဘ် ၂.ဝ က လာပြန်ပြီးလို့ တွေးနေမိပါလိမ့်မယ်။ နည်းပညာတွေကို နောက်ဆုံးအဆင့်အသုံးပြုသူ(end-users)တွေဟာ နည်းပညာရဲ့အပြောင်း အလဲလှိုင်းလုံးထဲမှာ လိုက်ပါစီးမျောရင်းနဲ့ အလိုက်သင့်မျောပါသွားတတ်ပါတယ်။
စာရေးသူ ရေးသားတင်ပြနေတဲ့ ဝက်ဘ် ၂.ဝ ကို စာဖတ်သူအနေနဲ့ လက်ရှိအချိန်မှာ ကောင်းကောင်းကြီး အသုံးချပြီးဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ စာရေးသူဆက်လက်တင်ပြမယ့် ဝက်ဘ် ၂.ဝ ကို အသုံးပြုသူမဟုတ်ခဲ့ရင်တောင်မှ ဝက်ဘ် ၂.ဝ နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဟာ စာဖတ်သူအနားမှာ လှည့်ပတ်ဝိုင်းရံနေပါတယ်။ စာဖတ်သူနဲ့ တိုက်ရိုက်ပတ်သက်ခြင်း မရှိပေမဲ့ သွယ်ဝိုက်ခြင်းဖြင့် ပတ်သက်ဆက်နွယ်နေပါလိမ့်မယ်။
ဖေ့ဘွတ်ခ်(Facebook)၊ ဝီကီပီးဒီးယား(Wikipedia)၊ ဘလော့(Blogs)၊ ယူကျု့(You Tube)စတဲ့ ဝန်ဆောင်မှုတွေကို စာဖတ်သူအနေနဲ့ အသုံးပြုနေပါသလား။ ဒါမှမဟုတ် သူတို့ကို သိရှိနေပါသလား။ ဒါဆိုစာဖတ်သူဟာ ဝက်ဘ် ၂.ဝ လှိုင်းထဲမှာ ပါဝင်နေတဲ့လူသားတစ်ဦးဖြစ်နေပါပြီ။ စာရေးသူတင်ပြခဲ့တဲ့ အချက်အလက်တွေကို မသုံးပါဘူး။ သုံးဖို့နေနေသာသာ ကွန်ပျူတာတောင် ကောင်းကောင်း မဖွင့်တတ်ပါဘူး။ ဆိုခဲ့ရင်လည်း စာဖတ်သူကို ဝက်ဘ် ၂.ဝ လှိုင်းရဲ့ အငွေ့အသက်တွေ၊ သက်ရောက်မှုတွေက သွယ်ဝိုက်ခြင်းဖြင့် သက်ရောက်နေတယ်လို့ ဆိုချင်ပါသေးတယ်။
ဝက်ဘ် ၂.ဝ ဆိုတာ အများကပူးပေါင်းပါဝင်ပြီး လူများစုက ဦးစီးဦးဆောင်ပြုလုပ်သွားရတဲ့ ဓလေ့စရိုက်တစ်ခုအဖြစ် ပေါ့ပေါ့ပါးပါး ဆိုနိုင်ပါတယ်။ ကိစ္စရပ်တစ်ခုအခြေအနေအကြောင်းအရာ တစ်ခုကို တစ်ဦးတစ်ဖွဲ့ကနေ တစ်ဖက်သပ် စီးဆင်းတဲ့ပုံစံ မဟုတ်ပါဘူး။ အပြန်အလှန်ဆက်နွယ်တဲ့ သဘောတွေ၊ ကိစ္စရပ်တစ်ခု အခြေအနေအကြောင်းအရာတစ်ခုကို လူအများက ဝိုင်းဝန်း ပံ့ပိုး ပုံဖော်သွားတဲ့ ပုံစံမျိုးကို ဝက်ဘ် ၂.ဝ က ဦးတည်ပြီးသွားပါတယ်။
ဝက်ဘ် ၂.ဝ မှာ တစ်ဦးတစ်ယောက်ကရလာတဲ့ သတင်းအချက်အလက်ကို တစ်နေရာကနေ တစ်နေရာ၊ တစ်ဦးကနေအများကို တိုတောင်းလှတဲ့ ကာလအတွင်းမှာ အကြိမ်ပေါင်းများစွာ မျှဝေပါတယ်။ ဝက်ဘ် ၂.ဝ မှာ သတင်းအချက်အလက်တွေကို ပေးသူထက် လက်ခံမဲ့သူက ပိုပြီးအရေးပါးပါတယ်။ ဝက်ဘ်တွေပေါ်ကနေ လုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာတွေအတွက် ဝန်ဆောင်မှုတွေကို တီထွင်ဖန်တီးတဲ့အခါ ပေးလိုသူဘက်က မစဉ်းစားပဲ၊ ဝန်ဆောင်မှုတွေကို အသုံးပြုမဲ့ အသုံးပြုသူတွေအတွက် အဓိကထားပြီးတီထွင် ဖန်တီးလာခဲ့ပါတယ်။ ဒီလိုသဘောကို အင်္ဂလိပ်ဘာသာစကားနဲ့ “user-centered design” လို့ ခေါ်ဆိုကြတာကို လေ့လာသိရှိရပါတယ်။ ဥပမာအနေနဲ့တင်ပြရရင် Google ကပေးထားတဲ့ Gmail နဲ့ အခြားသောဝန်ဆောင်မှုတွေမှာ အသုံးပြုသူဖက်က ငွေကြေးအားဖြင့် သိသာတဲ့တန်ဖိုးတစ်ခုကို ပေးဆောင်ရခြင်း မရှိပါဘူး။ ယေဘုယျအားဖြင့် Google ရဲ့ဝန်ဆောင်မှုအများစုကို အခမဲ့ အသုံးပြု ရတယ်လို့ ဆိုနိုင်ပါတယ်။ (စကားချပ်။ ။အခမဲ့အသုံးပြုနိုင်သောဝန်ဆောင်မှုများ ပေးထားသော်လည်း တစ်ချို့သော ဝန်ဆောင်မှုများကို အသုံးပြုလိုက အခကြေးငွေပေးဆောင်ရ တတ်ပါတယ်။) အခုလို အခမဲ့အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုတွေဟာလည်း သက်ဆိုင်ရာအသုံးပြုသူအတွက် လိုအပ်တာထက် ပိုမိုနေတယ်လို့ ဆိုနိုင်ပါသေးတယ်။
မည်သို့ပင်ဆိုစေ။ သူတို့ဟာ သူတို့ရဲ့ ဝန်ဆောင်မှုတွေကို အခမဲ့ပေးသုံးပြီး အသုံးပြုသူအတွက် ကောင်းသည်ထက် ကောင်းအောင်၊ အဆင့်မြင့် သည်ထက် မြင့်အောင်၊ အသုံးပြုသူက တောင်းဆိုသည်ဖြစ်စေ မတောင်းဆိုသည်ဖြစ်စေ အကောင်းဆုံးဝန်ဆောင်မှုပေးပါတယ်။ အသုံးပြုသူတွေရဲ့ တစ်ချက်မျှသော စိတ်အလိုမကျမှုဟာ ဝန်ဆောင်မှုပေးသူတွေရဲ့ လုပ်ငန်းတွေ၊ ဘဝတွေ အပြိုပြိုအလဲလဲ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဝက်ဘ် ၂.ဝ မှာ အသုံးပြုသူက ဘုရင်ပါပဲ။ ဆုံးဖြတ်သူ၊ အကဲဖြတ်သူပါ။
ဝက်ဘ် ၂.ဝ မှာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုတာ အလွန်အရေးပါတဲ့ အချက်တစ်ခုပါပဲ။ ပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ကိစ္စကို အင်တာနက်ပေါ်မှာ အဓိကလုပ်ဆောင်ကြပါတယ်။ အင်တာနက်ပေါ်မှာ ပူးပေါင်းဆောင်ရွက်တဲ့ အငွေ့အသက်နဲ့သက်ရောက်မှုတွေဟာ အွန်လိုင်း(အင်တာနက်) ပြင်ပက လူ့လောကအစစ်အမှန်ကို ကူးဆက်ပါတယ်။
ဝီကီပီးဒီးယား(Wikipedia)လို့ခေါ်တဲ့ အွန်လိုင်းစွယ်စုံကျမ်းကို သိကြပါလိမ့်မယ်။ ကမ္ဘာ့အကြီးဆုံး၊ ဘာသာစကားအစုံဆုံး၊ လတ်ဆတ်တဲ့ အကြောင်းအရာတွေဟာ အချိန်နှင့်တစ်ပြေးညီ ပြည့်စုံနေတဲ့ စွယ်စုံကျမ်းကြီးဖြစ်တယ်လို့ ပြောမယ်ဆိုရင် မလွန်လောက်ပါဘူး။ ဝီကီကို ဝင်ရောက်ရေးသားနေတဲ့ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ဝီကီရေးသားသူတွေ မနည်းပါဘူး။ သူတို့တစ်တွေဟာ ကမ္ဘာ့နေရာအနှံမှာ နေထိုင်ကြတဲ့ အရောင်အသွေး မတူညီတဲ့ သူတွေဖြစ်တယ်။ ဒါပေမဲ့ ဝီကီပီးဒီးယားဆိုတဲ့ အသိဉာဏ်ဘဏ်တိုက်ကြီးအတွက် သူတို့ဟာ တူညီတဲ့ အရောင်စုံပန်းတွေကို သက်ဆိုင်ရာ ဘာသာစကား၊ ပညာရပ်ဆိုင်ရာတွေအတွက် ဖူးပွင့်စေခဲ့တဲ့ ဥယျာဉ်မှူးတွေပါပဲ။
အကြောင်းအရာတစ်ခုကို ဝီကီမှာ စုပေါင်းရေးသားနိုင်တယ်။ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူတွေဟာ သူတို့သိကျွမ်းထားတဲ့ အသိဉာဏ်ဆိုင်ရာပညာရပ်တွေကို ဝိုင်းဝန်းဖြည့်စွက် ရေးသားကြတယ်။ လိုအပ်လာတဲ့ လိုအပ်ချက်တွေအတွက် ဝိုင်းဝန်းတိုင်ပင် ညှိနှိုင်းကြတယ်။ ဝီကီဟာ ဝက်ဘ် ၂.ဝ လှိုင်းထဲက ပူးပေါင်းဆောင်ရွက်ခြင်း(collaboration)ကို ပြသနိုင်တဲ့ အကောင်းဆုံးဥပမာတစ်ခုဖြစ်ခဲ့တယ်။ မြန်မာဘာသာစကားနဲ့ ရေးသား ဖတ်ရှုနိုင်တဲ့ မြန်မာဝီကီပီးဒီးယား ရှိပါတယ်။ စာဖတ်သူအနေနဲ့ စိတ်ဝင်စားခဲ့ရင် www.my.wikipedia.org တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဥယျာဉ်မှူး တစ်ဦးလို မြန်မာဝီကီပီးဒီးယားကို ဝင်ရောက်ပျိုးထောင်နိုင်ပါတယ်။
သင်(You)
ကမ္ဘာကျော်မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ “Time” မဂ္ဂဇင်းက ၂၀ဝ၆ ခုနှစ် အတွက် လူပုဂ္ဂိုလ်များစာရင်းထုတ်ပြန်တဲ့အခါ သင်(You)ကို ရွေးချယ်ခဲ့ပါတယ်။ ဒီအချက်ဟာ ဝက်ဘ် ၂.ဝ ကို အမွှန်းတင်စေခဲ့တဲ့ အချက်တစ်ချက် ဖြစ်လာခဲ့တယ်။ ယူကျူ့၊ ဝီကီပီးဒီးယား၊ ဖေ့ဘွတ်တို့ကို နိုင်ငံအသီးသီးရှိ သန်းနဲ့ချီတဲ့ လူသားပေါင်းများစွာက အသုံးပြုကြတယ်။ ပူးပေါင်းကြတယ်။ တွေ့ဆုံကြတယ်။ အသုံးပြုသူတွေက သူတို့ကိုယ်တိုင်ပဲ သူတို့နဲ့ သူတို့ရဲ့ဝန်း ကျင်မှာရှိတဲ့ လူသားတွေအတွက် အပြန်အလှန်အကျိုးပြုပြီး နေထိုင်ကြတယ်။ အကျိုးပြုမှုမှာ ကောင်းကျိုးပါသလို ဆိုးကျိုးလဲပါခဲ့တယ်။
ဝက်ဘ် ၂.ဝ ကာလထဲမှာ သင်ကိုယ်တိုင်(You)ပဲ သတင်းအချက်အလက်တွေကို ကိုယ်တိုင်ကိုင်တွယ်နေရပါတယ်။ သတင်းအချက်အလက် နည်းပညာခေတ်ကြီးကို သင်ကိုယ်တိုင်ပဲ ထိန်းကျောင်းနိုင်ပါတယ်။ တိုင်း(Time) မဂ္ဂဇင်းကြီးက သင်(You)ကို ရွေးချယ်ခဲ့တဲ့ ၂၀ဝ၆ ခုနှစ်က မဂ္ဂဇင်း မျက်နှာဖုံးပေါ်မှာ –
“You. Yes, you.
You control the Information Age.
Welcome to your world.”
လို့ ဖော်ပြခဲ့ပါတယ်။
ဝက်ဘ် ၂.ဝ မှာ အရေးကြီးဆုံးသူဟာ သင်ကိုယ်တိုင်ပါ။
ဆင့်ပွားမှုများ
ဝက်ဘ် ၂.ဝ အားကောင်းလာခဲ့တယ်။ အခုလို အားကောင်းလာတာကြောင့် သူ့ရဲ့ ပုံသဏ္ဍာန်ဟန်ပန်တွေဟာ တစ်ခြားသောနယ်ပယ်ကို တွန်း တိုက် ထိတွေ့ခဲ့တယ်။ အမြင့်ကနေ အနိမ့်ကို စီးဆင်းခြင်းမဟုတ်ပဲ အပြန်အလှန်စီးဆင်းခြင်း၊ အတူတကွ လုပ်ဆောင်ခြင်း၊ လွပ်လပ်ခြင်း၊ ပွင့်လင်းမြင် သာခြင်း၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ထိန်းသိမ်းခြင်း၊ နေရာဒေသမျိုးစုံက ဝင်ရောက်လာတဲ့ အချက်အလက်၊ အတွေးအခေါ်နဲ့ အရင်းအမြစ်တွေကို လက်ခံစဉ်းစားခြင်း၊ ပူးပေါင်းပါဝင်စေခြင်းစတဲ့ကိစ္စတွေကို အလေးပေးစဉ်းစားကြပါတယ်။
ဝက်ဘ် ၂.ဝ ရဲ့ နောက်ပိုင်းမှာ အင်တာပရိုက် ၂.ဝ (Enterprise 2.0)၊ ထုတ်ဝေမှု ၂.ဝ (Publishing 2.0)၊ စာသင်ခန်း ၂.ဝ (Classroom 2.0)၊ ဆေး ပညာ ၂.ဝ (Medicine 2.0)၊ ခရီးသွား ၂.ဝ (Travel 2.0)၊ အစိုးရ ၂.ဝ (Goverment 2.0) အသုံးအနှုန်းတွေကို ခေါ်ဝေါ်သုံးစွဲလာကြပြီး ဝက်ဘ် ၂.ဝရဲ့ ပုံသဏ္ဍာန်ဟန်ပန်ကို သုံးစွဲလာကြပါတယ်။
ဝက်ဘ် ၃.ဝ
ဝက်ဘ် ၂.ဝ ကတော့ လက်ရှိကာလမှာ ဖြတ်သန်းနေတုန်းပါ။ အနာဂတ်ကို ကြိုတင်တွက်ဆတဲ့ အနာဂတ်ရေးရာကျွမ်းကျင်သူတွေကတော့ ဝက်ဘ် ၃.ဝ(Web 3.0)ကို မှန်းဆပြီး ပြောဆိုနေကြပါတယ်။ အရှိန်၊ မြန်နှုန်းနဲ့ သွားနေတဲ့ ယနေ့ကာလမှာ ပြောင်းလဲမှုတွေ မြန်ဆန်နေတာဟာ ထူးဆန်း တဲ့ ကိစ္စမဟုတ်ပါဘူး။
ဝက်ဘ် ၃.ဝ မှာ တစ်ဦးခြင်းရဲ့ ပုဂ္ဂိုလ်ရေးအရေးပါမှု (Personalization)ကို ဦးတည်လာပါမယ်။ လူတစ်ဦးချင်း တစ်ယောက်ချင်းအတွက်လိုအပ် တဲ့ သတင်းအချက်အလက်တွေဟာ ဝက်ဘ် ၃.ဝ မှာ တစ်ဦးတစ်ယောက်အတွက် လိုအပ်တဲ့ပုံစံအတိုင်း တိတိကျကျ၊ သေသေချာချာ တွက်ချက်ပြီး ရောက်ရှိလာမှာ ဖြစ်တယ်။ အိုင်စီတီရဲ့ဖွံ့ဖြိုးနေတဲ့ အရှိန်အဟုန်တွေကြောင့် ယခုလို အခြေအနေတွေဖြစ်လာဖို့ အကြောင်းတွေလည်း ရှိနေပါတယ်။
မင်းဘာလိုချင်လဲ လိုချင်တဲ့အတိုင်း တိတိကျကျရမယ် ဆိုတဲ့ အခြေအနေမျိုးကို ဝက်ဘ် ၃.ဝ မှာ မြင်တွေ့ရဖွယ်ရှိသလို သတင်းအချက်အ လက်နဲ့ပညာရပ်တွေဟာ အင်တာနက်ပေါ်ကနေဆင်းလာပြီး လူ့လောက အစစ်ထဲမှာ လူသားတွေနဲ့အတူ တစ်သားတည်းနေထိုင်သွားကြမလား။ လူသား ကပဲ အင်တာနက်ပေါ်က ပင့်ဂူအိမ်တွေပေါ်မှာ နေထိုင်သွားမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
မည်သို့ပင်ဆိုစေ။
လူသားဟာ ကမ္ဘာကပေးတဲ့
ကောင်းမွေဆိုးမွေကို ခံရသလို၊
ကမ္ဘာကြီးရဲ့ ကောင်းကျိုးဆိုးကျိုးကိုလည်း
လူသားကပဲ ဖန်တီးနေတာ မဟုတ်ပါလား။
ဟန်ဇော်
Ref : www.en.wikipedia.org
အိုင်ကွန်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ဆောင်းပါးဖြစ်သည်။