Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

ဆဲလ်မာ လော့ခ်ဂေလော့ဖ် ဆိုသူမှာ

Posted on June 5, 2015 by Han Sann
ဆဲလ်မာ လော့ခ်ဂေလော့ဖ
ဆဲလ်မာ လော့ခ်ဂေလော့ဖ

ဆဲလ်မာ လော့ခ်ဂေလော့ဖ်(Selma Lagerlof) ဆိုသူမှာ ဆွိဒင်နိုင်ငံသူ စာရေးဆရာမတစ်ဦးဖြစ်သည်။ စာပေဆိုင်ရာနိုဘယ်ဆုကို ပထမဦးဆုံးရရှိသော အမျိုးသမီးစာရေးဆရာမဖြစ်သည်။ လော့ခ် ဂေလော့ဖ်ကို The Wonderful Adventures of Nils စာအုပ်ဖြင့် လူသိများသည်။ ထိုစာအုပ်သည် ကလေးစာပေ ဆိုင်ရာစာအုပ်ဖြစ်သည်။

လော့ခ်ဂေလော့ဖ်ကို ၁၈၅၈ ခုနှစ်တွင် အနောက်ဆွိဒင်တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်က ကျန်းမာရေးချို့ငဲခဲ့သည်။ စာဖတ်ခြင်းကို ချစ်မြတ်နိုးခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်တတ်သည့် ကလေးတစ်ဦးဖြစ်ခဲ့သည်။ ကျောင်းဆရာမအလုပ်ကို ၁၈၈၅ ခုနှစ် မှ ၁၈၉၅ ခုနှစ်အထိ ၁၀ နှစ်ကြာ လုပ်ကိုင်ခဲ့သည်။ ထိုအတွေ့အကြုံများသည် သူမ၏စာပေရေးသားမှုများကို အထောက်အကူပြု ခဲ့သည်။ သူမ၏ ပထမဆုံးဝတ္ထုမှာ Gosta Berling’s Saga ဖြစ်သည်။ ယင်းဝတ္ထုကို ကျောင်းဆရာမဘဝတွင် ရေးသားခဲ့ခြင်းဖြစ်သည်။ စာပေစတင်ရေးသားချိန်တွင်ပင် သူမသည် အောင်မြင်မှု ရရှိခဲ့သည်။ စာပေရေးသားနိုင်ရန် ငွေကြေးထောက်ပံ့မှုများ ရရှိခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် ဆိုဖီရာ အဲလ်ခမ်း ဆိုသူ စာရေးဆရာနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။ စာပေလုပ်ငန်းများကို အတူလက်တွဲ လုပ်ကိုင်ခဲ့သည်။ အဲလ်ခမ်း၏ စာပေသြဇာသည် လော့ခ်ဂေလော့ဖ်၏ စာပေလက်ရာများအပေါ် လွမ်းမိုးခဲ့သည်။

အဲလ်ခမ်းနှင့်အတူ အီတလီ၊ ပါလစ်စတိုင် အစရှိသည့် ဒေသများသို့ သွားရောက်ခဲ့သည်။ ၁၉၀ဝ ပြည့်နှစ်တွင် ဂျေရုဆလင်သို့ သွားရောက်ခဲ့ပြီး ဂျေရုဆလင်အမည်ဖြင့် စာအုပ်တစ်အုပ်ရေးခဲ့သည်။ လော့ခ်ဂေလော့ဖ်သည် ဂျာမနီနိုင်ငံဖွား၊ နိုဘယ်ဆုရစာရေး ဆရာမ နယ်လီ ဆစ်ခ်နှင့် ရင်းနှီးသူဖြစ်သည်။ နယ်လီ ဆစ်ခ်သည် စာပေနိုဘယ်ဆုရသည့် အမျိုးသမီးများထဲတွင် ပါဝင်ပြီး ၆ ဦး မြောက်စာပေနိုဘယ်ဆုရရှိထားသူဖြစ်သည်။ နယ်လီ ဆစ်ခ်သည် ၁၉၄၀ ခုနှစ်တွင် ချွေးတပ်စခန်းသို့မိခင်နှင့်အတူ ပို့ဆောင်ခံခဲ့ရသည်။ ထိုချွေးတပ်စခန်းမှလွတ်မြောက်ရန် လော့ခ်ဂေလော့ဖ်က ကူညီပြီး ဆွိဒင်နိုင်ငံသို့ ခေါ်ယူခဲ့သည်။

လော့ခ်ဂေလော့ဖ်သည် စာပေဆိုင်ရာနိုဘယ်ဆုကို ၁၉၀၉ ခုနှစ် တွင် ရရှိခဲ့သည်။ စာပေဆိုင်ရာနိုဘယ်ဆုများကို ဆွိဒစ်အကယ်ဒမီက ရွေးချယ်ပေးအပ် လေ့ရှိသည်။ စာပေနိုဘယ်ဆုရရှိအပြီး ၁၉၁၄ ခုနှစ် တွင် လော့ခ်ဂေလော့ဖ်သည် ဆွိဒစ်အကယ်ဒမီ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သည်။ လော့ခ်ဂေလော့ဖ်သည် စာပေဆိုင်ရာနိုဘယ်ဆုကို ပထမဦးဆုံးရရှိသည့် အမျိုးသမီးဖြစ်သကဲ့သို့ ဆွိဒစ်အကယ်ဒမီ၏ ပထမဦးဆုံးအမျိုးသမီးအဖွဲ့ဝင်လည်းဖြစ်သည်။

လော့ခ်ဂေလော့ဖ်သည် စာပေဆိုင်ရာဆုအပြင် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့များကိုလည်း ရရှိခဲ့သည်။ ဒုတိယကမ္ဘာစစ် စတင်ချိန်တွင် သူမ၏နိုဘယ်ဆုတံဆိပ်ကို အစိုးရထံသို့ ပေးပို့ကူညီခဲ့သည်။ ဆိုဗီယက်ယူနီယံကိုတိုက်ခိုက်ရာတွင် အစိုးရအနေဖြင့် ငွေကြေးအထောက်အကူရရန် လော့ခ်ဂေလော့ဖ်က ပေးပို့ခဲ့ခြင်းဖြစ်သည်။ စစ်ပွဲအပြီးတွင် ဆုတံဆိပ်ကို လော့ခ်ဂေလော့ဖ် ထံ အစိုးရက ပြန်လည်ပေးပို့ခဲ့သည်ဟု ဆိုသည်။ သူမသည် ၁၉၄၀ ခုနှစ်၊ မတ် ၁၆ ရက်၊ အသက် ၈၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ဟန်ဇော်

၂၀၁၄ ခုနှစ် မတ်လထုတ် အလင်းတန်းဂျာနယ်တွင် ဖော်ပြခဲ့ပါသည်။

Category: Uncategorized

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2023 Han Sann | Powered by Minimalist Blog WordPress Theme