Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

ရုရန်ဒဲလ် ဆိုသူမှာ

Posted on May 22, 2015 by Han Sann
ရုရန်ဒဲလ်
ရုရန်ဒဲလ်

ရုရန်ဒဲလ်(Ruth Rendell)ဆိုသူမှာ ဗြိတိသျှနိုင်ငံသူ စာရေးဆရာမတစ်ဦးဖြစ်ပြီး လျှို့ဝှက်သည်းဖိုဝတ္ထု၊ စိတ္တဗေဒဆိုင်ရာ လျှို့ဝှက်ဆန်းကြယ်ဝတ္ထုများဖြင့် ထင်ရှားကျော်ကြားသည့် စာရေးဆရာမတစ်ဦးဖြစ်သည်။ ရုရန်ဒဲလ်ကို ၁၉၃၀ ခုနှစ် ဖေဖော်ဝါရီ ၁၇ တွင် မွေးဖွားခဲ့ပြီး ၂၀၁၅ ခုနှစ် မေလ ၂ ရက်၊ အသက် ၈၅ နှစ် အရွယ်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ ကွယ်လွန်ခဲ့သည်။

အင်စပက်တော် ဝက်ဘ်ဖို့စ် ပင်မဇာတ်ကောင်ဖြင့် ရေးဖွဲ့ခဲ့သော မှုခင်းဇာတ်လမ်းသည် ရုရန်ဒဲလ်၏ ထင်ရှားသော လျှို့ဝှက်သည်းဖိုဝတ္ထုများဖြစ်သည်။ ထိုဝတ္ထုများသည် ထင်ရှားသကဲ့သို့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲအဖြစ်လည်း ထုတ်လွှင့်ခဲ့ရာ အောင်မြင်မှုရခဲ့သည်။ အင်စပက်တော် ဝက်ဘ်ဖို့စ် လုံးချင်း ဝတ္ထုများကို ၁၉၆၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ နှစ်ပေါင်း ၅၀ နီးပါးရေးသားခဲ့ပြီး လုံးချင်းစာအုပ်ပေါင်း ၂၀ ကျော်ကို ထုတ်ဝေနိုင်ခဲ့သည်။

ရုရန်ဒဲလ်ကို ၁၉၃၀ ခုနှစ်၌ လန်ဒန်တွင် မွေးဖွားခဲ့သည်။ သူမ၏ မိဘများသည် ကျောင်းဆရာများဖြစ်သည်။ အက်ဇစ်တွင် အထက်တန်းပညာကို သင်ကြားခဲ့သည်။ အထက်တန်းအောင်မြင်ပြီးသောအခါ အက်ဇစ်ဒေသတွင်းစာစောင်တစ်ခုတွင် ဆောင်းပါးများ စတင်ရေးသားခဲ့သည်။ ဒေသအတွင်းရှိ အားကစားကလပ်တစ်ခု၏ ညစာစားပွဲအကြောင်းကို ရေးသားခဲ့ခြင်းကြောင့် အလုပ်မှထွက်ပေးရန် ဖိအားပေးခံခဲ့ရသည်။

အင်စပက်တော် ဝက်ဘ်ဖို့စ် ပါဝင်သော From Doon with Death သည် ရုရန်ဒဲလ်၏ ပထမဦးဆုံး ပုံနှိပ်ထုတ်ဝေသော လုံးချင်းဝတ္ထုဖြစ်သည်။ ထိုဝတ္ထု မတိုင်မီတွင် လုံးချင်းဝတ္ထု ၂ အုပ်ကို ရေးသားခဲ့သော်လည်း ပုံနှိပ်ထုတ်ဝေခြင်း မရှိခဲ့ပါ။ အင်စပက်တော် ဝက်ဘ်ဖို့စ် လျှို့ဝှက်သည်းဖိုဝတ္ထုများတွင် ပါဝင်သော ဝက်ဘ်ဖို့စ် ဇာတ်ကောင်စရိုက်ကို သူမကိုယ်တိုင်၏ စရိုက်သဘာဝအပေါ်တွင် အခြေခံ၍ ရယူခဲ့ကြောင်း ရုရန်ဒဲလ်က ပြောသည်။

ရုရန်ဒဲလ်သည် အင်စပက်တော် ဝက်ဘ်ဖို့စ် လုံးချင်းဝတ္ထုစာအုပ် ၂၀ ကျော်ကို ရေးသားခဲ့သလို အခြားသောလျှို့ဝှက်သည်းဖိုလုံးချင်းဝတ္ထု ၃၀ နီးပါး၊ ဝတ္ထုလတ် ၃ အုပ်နှင့် ဝတ္ထုတိုစုစည်းမှု ၉ အုပ်တို့ကို ရေးသားထုတ်ဝေနိုင်ခဲ့သည်။ ရုရန်ဒဲလ်သည် ဘာဘရာ ဗိုင်း ကလောင်အမည်ဖြင့်လည်း စာပေရေး သားခဲ့ရာ ထိုအမည်ဖြင့် စာအုပ်ပေါင်း ၁၄ အုပ်ကို ထုတ်ဝေခဲ့သည်။ ရုရန်ဒဲလ်သည် သူမဘဝ တစ်သက်လုံးကို စာပေရေးသားခြင်းဖြင့် ဖြတ်သန်းခဲ့ပြီး လျှို့ဝှက်သည်းဖိုဆိုင်ရာ စာပေဆုများစွာကို ရရှိထားခဲ့သူဖြစ်သည်။

ဟန်ဇော်

အလင်းတန်းဂျာနယ် အမှတ် ၈၅၄ တွင် ဖော်ပြခဲ့သော စာမူဖြစ်သည်။

Category: Uncategorized

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2023 Han Sann | Powered by Minimalist Blog WordPress Theme