ထိုတယ်လီဖုန်းသည် ကောင်းကျိုးပြုသကဲ့သို့ ဆိုးကျိုးကိုလည်းပြု၏။ စိတ်အား ဒုက္ခပေးသကဲ့သို့ စိတ်၏ ချမ်းသာခြင်းကို လည်း ပေးသည်။ ထို့ကြောင့် ကိုယ်သည် မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ကိုင်ထားသကဲ့သို့ ဖြစ်နေသည်။ ကိုယ်ကိုင်ထားသော လက်ကိုင်ဖုန်းသည် မီးစကဲ့သို့ ပူလောင်၍ ရေမှုတ်ကဲ့သို့ အေးမြလေသည်။
ကိုယ့်ဦးလေး အိမ်၌ အမည်းရောင်တယ်လီဖုန်းတစ်လုံး ရှိခဲ့ဖူးသည်။
ကိုယ်တို့အရပ်ရှိ တစ်ခုတည်းသော တယ်လီဖုန်းဖြစ်သည်။ ထိုတယ်လီဖုန်းအား ကိုယ်တို့ အရပ်တစ်ခုလုံးက အားထားခဲ့ရသည်။ စက်ဝိုင်းပုံသဏ္ဍာန် နံပါတ်လှည့်ကွက်ကို အသုံးပြုရသော ဖုန်းဖြစ်သည်။ ခေါ်လိုသည့် နံပါတ်နေရာမှစပြီး စက်ဝိုင်းဆုံးသည်အထိ လှည့်၍ ခေါ်ဆိုရသည်။ နံပါတ်တစ်ခု အတွက် တစ်ခါလှည့်ရသည်။
ထိုတယ်လီဖုန်းသည် အဝေးရောက်နေသော အဖေအသံကို ကြားစေခဲ့သည်။ မိသားစု၏ အခြေအနေကိုလည်း အဖေက သိခွင့်ခဲ့ရသည်။ အဖေထံမှ ဖုန်းခေါ်မည်ဆိုသောနေ့များတွင် ကိုယ်တို့မိသားစုသည် ဦးလေးအိမ်သို့ သွားရောက်၍ စောင့်ဆိုင်းရသည်။ အဖေနှင့်ဖုန်းပြောရမည့်နေ့သည် ကိုယ့်တို့ မိသားစု၏ ရေကြီးခွင့်ကျယ်ကိစ္စရပ်တစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် အမေ့သည် တယ်လီဖုန်းတစ်လုံးကို ပိုင်ဆိုင်လိုခဲ့သည်။ ကိုယ်ပိုင်တယ်လီဖုန်းတစ်လုံး ရရှိနိုင်ရေးသည် အမေ့အတွက် အလွန်ကြီးမားသော အိပ်မက်တစ်ခုဖြစ်ခဲ့သည်။
လွန်ခဲ့သော ခုနှစ်နှစ်ခန့်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ခွန်းမိန်မြို့သို့ ရောက်ခဲ့သည်။
ကိုယ်တို့တွေက ခွန်းမိန်ကို ကူမင်းလို့ နှုတ်ကျိုးနေကြသည်။ ထိုအရပ်၌ လက်တွန်းလှည်းဖြင့် ဈေးရောင်းကြသောသူများသည် လက်ကိုင်ဖုန်းများကို ကိုင်ဆောင်ထားကြသည်။ ထိုအရပ်ရှိ ဟိုဟိုဒီဒီနေရာများ၌ လက်ကိုင်ဖုန်းအရောင်းဆိုင်များနှင့် တယ်လီဖုန်းဝန်ဆောင်မှုဆိုင်များအား ရန်ကုန်မြို့ရှိ ကွမ်းယာဆိုင်များကဲ့သို့ ပေါပေါသီသီ တွေ့ရသည်။ တရုတ်နိုင်ငံနယ်စပ်၊ ကြယ်ခေါင်မြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် မြန်မာပြည်မှ မိတ်ဆွေများ ကွမ်းတံထွေးမထွေးရ ဟူသော စာတမ်းကို တွေ့ခဲ့ရသည်။ ထိုစာတမ်းကို ဖတ်မိချိန်တွင် ကြောင်တောင်တောင် ဖြစ်ခဲ့ရသည်။ မြန်မာတို့၏ ကွမ်းဓလေ့ကို သတိရမိမှသာ အခြေအနေကို ဆင်ခြင်သုံးသပ်နိုင်တော့သည်။
ထိုင်းနိုင်ငံ ဘန်ကောက်သို့ ရောက်သောအခါကလည်း တယ်လီဖုန်း အရောင်းဆိုင်များကို ကွမ်းယာဆိုင်များကဲ့သို့ ပေါပေါများများ တွေ့ခဲ့သည်။ မြန်မာ အနေများသည့်အရပ်တွင် ကွမ်းယာဝယ်စားနိုင်ကြောင်းလည်း သတိပြုမိသည်။ ကိုယ်တို့အား အလည်အပတ်လိုက်ပို့ ပေးခဲ့သည့် ဦးလေးထွန်းမောင် ညိမ်းက ရန်ကုန်ကလာလည်တဲ့သူတွေ ဘန်ကောက်ရောက်ရင် လေယာဉ်ပေါ်က မဆင်းရသေးဘူး။ ဖုန်းဝယ်ဖို့ အရေးကို ရေးကြီးခွင့်ကျယ်လုပ်ကြ တော့တာပဲ ဟု ပြောဆိုသည်။ ထို့ကြောင့် ကိုယ်ပြုံးမိခဲ့သည်။ ကိုယ်ပိုင်တယ်လီဖုန်းတစ်လုံးဝယ်ယူရန် မဟာစီမံကိန်းချခဲ့သည့် အမေ့အား သတိရမိသည်။
မင်းရုံးကို ဖုန်းဆက်လို့ ရမလား ဟု ဦးလေးက မေးခဲ့ဖူးသည်။ တယ်လီဖုန်းပဲ ဆက်လို့ရတာပေါ့ ဟု ငေါ့တော့တော့ ပြန်ဖြေခဲ့သည်။
လိုရင်း တိုရှင်းပြောပါ။ ကိုယ်ရေးကိုယ်တာအတွက် တယ်လီဖုန်း မသုံးရ။ ဟုဆိုသော စာတမ်းများကို မြင်ယောင်မိမှ ဦးလေး၏ အမေးကို နားလည် ရတော့သည်။ ထိုအချိန်က တယ်လီဖုန်းတစ်လုံးတပ်ဆင်ခသည် သိန်းတစ်ဆယ်၊ နှစ်ဆယ်နှင့်အထက်။
တယ်လီဖုန်းဆိုင်တွေက မှိုပွင့်သလို ဟိုမှာတစ်ဆိုင် ဒီမှာတစ်ဆိုင် အပြိုင်အဆိုင်ပဲ။ ဟု ကိုယ့်ဦးလေးက ပြောသည်။ လပိုင်းရက်ပိုင်းအတွင်း၌ ထိုးထွက် ပေါ်ပေါက်လာခဲ့သော တယ်လီဖုန်းဆိုင်များကို ညွှန်ပြရင်း မှတ်ချက်ပေး ပြောဆိုလိုက်သော စကားသံဖြစ်သည်။
ကိုယ့်လက်ထဲသို့ လက်ကိုင်ဖုန်းတစ်လုံး ရောက်ရှိလာခဲ့သည်။
လက်ကိုင်ဖုန်းဖြစ်သောကြောင့် ကိုယ်သည် သွားလေရာသို့ သယ်ဆောင်သွားရသည်။ သွားလေရာသို့ သယ်ဆောင်သွားရသောကြောင့် ရောက်လေရာ အရပ်နှင့် တယ်လီဖုန်းမြည်သောအချိန်တိုင်းတွင် ထိုဖုန်းကို အသုံးပြုရသည်။ နှစ်ခြိုက်စွာ အိပ်ပျော်နေသော သန်းခေါင်းအချိန်တွင်လည်း ထိုဖုန်းသည် မြည်၏။ လိုင်းကားစီးသောအချိန်တွင်လည်း ထိုဖုန်းမြည်၏။ လိုင်းကားပေါ်မှ ဆင်းခါနီးအချိန်တွင်လည်း ထိုဖုန်းမြည်၏။ အစည်းအဝေးခန်းတွင်လည်း ထိုဖုန်းမြည်၏။ ထိုဖုန်းသည် အိမ်သာတက်ချိန်၊ ရေချိုးချိန်၊ ထမင်းစားချိန်၊ လက်ဖက်ရည်ဆိုင်ထိုင်ချိန် စသောအချိန်များတွင် အလိုက်ကမ်းဆိုးမသိ အော်မြည်လေသည်။
ထိုသို့ အော်မြည်သံကြားတိုင်း တယ်လီဖုန်းခေါ်သံကို လက်ခံ၍ တစ်ဖက်လူ၏ ပြောစကားကို လက်ခံရ၏။ ထိုသို့လက်ခံလိုက်သည်နှင့် အိပ်ချိန်၊ အစည်း အဝေးချိန်၊ အိမ်သာတက်ချိန်၊ ရေချိုးချိန်၊ ထမင်းစားချိန်၊ လက်ဖက်ရည်သောက်ချိန် စသော အချိန်များသည် ကြက်ပျောက်ငှက်ပျောက် သကဲ့သို့ ပျောက်ဆုံး၍ မပြီးနိုင်မဆုံးနိုင်သော ပြောစကားများကို လက်ခံနားထောင်ခါ ခွန်းတုန့်ပြန်ရလေသည်။ အချိန်အခါမဟုတ် တယ်လီဖုန်းခေါ်သံသည် အလွန်စိတ်ပျက်ဖွယ်ကောင်း၏။
လက်ကိုင်ဖုန်းတွေကို ပိတ်ထားစရာမလိုပါဘူး။ လက်ကိုင်ဖုန်း အသုံးပြုတယ်ဆိုကတည်းက အချိန်မရွေးဆက်သွယ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်ပါဝင် ပါတယ်။ ဒါကြောင့် ကျွန်တော်စကားပြောနေတဲ့ အချိန်မှာ လက်ကိုင်ဖုန်းတွေကို ပိတ်ထားစရာမလိုပါဘူး။ တစ်ခန်းလုံးအသံတိတ်ပြီး ကျွန်တော့်စကားကို နားထောင်နေကြတဲ့အတွက် တယ်လီဖုန်းမြည် သံဟာ အများကို အနှောင်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် တယ်လီဖုန်းမြည်သံကို အများမကြား ရအောင် ဆိုင်းလင့်(silent) လုပ်ထားနိုင်ပါတယ်။ ဖုန်းခေါ်လို့ လက်ခံစကားပြောရမယ့် ကိစ္စမျိုးဆိုရင်လည်း အများအနှောက်အယှက်မဖြစ်မယ့် နေရာမျိုးကို သွားပြီး ဖုန်းပြောနိုင်ပါတယ်။
အချိန်တစ်နာရီခွဲခန့် ကြာမြင့်နိုင်မည့် ပညာရေးဆိုင်ရာဟောပြောပွဲတစ်ခု မစတင်မီအချိန်တွင် အထက်ပါအဖွင့်စကားကို ဆရာကြီးတစ်ဦးက စတင် ပြောဆိုသည်။ ထိုအရပ် ထိုဒေသတွင် ဖော်ပြပါ လူ့ကျင့်ဝတ်ကို တစ်ခုတ်တရ ပြောဆိုရန်မလိုပဲ တက်ရောက်လာသူ လက်ကိုင်ဖုန်းပိုင်ရှင်များအနေဖြင့် နားလည်ပြီး ဖြစ်ရမည်ဟု ကိုယ်ယူဆသည်။ ထိုသို့ ယူဆသော်လည်း ဆရာကြီး၏ သွန်သင်ပေးမှုနှင့် လူကြီးပီပီ သိမ်သိမ်မွေ့မွေ့ သတိပေးခြင်းကို နှစ်ထောင်းအားရဖြစ်၍ အတုယူမိသည်။
ထိုသို့ အသိပေးသံပြောဆိုပြီး မကြာမီကာလတွင် လက်ကိုင်ဖုန်းပိုင်ရှင်တစ်ချို့၏ တယ်လီဖုန်းများထံမှ ဖုန်းမြည်သံများသည် သီချင်းသံအဖြစ်လည်း ကောင်း၊ ရယ်သံအဖြစ်လည်းကောင်း၊ တိရစ္ဆာန်သံအဖြစ်လည်းကောင်းနှင့် လည်းကောင်းမည်သော အသံပေါင်းစုံဖြင့် မြည်လာကြသည်။ ထိုသို့ မြည်တိုင်းလည်း ဖုန်းပြောသံကို ကြားရ၏။ တစ်ချို့က ခပ်တိုးတိုး၊ တစ်ချို့က မတိုးမကျယ်၊ တစ်ချို့က ခေတ္တခဏ၊ တစ်ချို့က မိနစ်ပေါင်းများစွာ။
ထိုအသံများ ကြားတိုင်း စင်မြင့်ထက်တွင် ပြောဆိုဆွေးနွေးနေသော ဆရာကြီးကို အားတုန့်အားနာဖြစ်နေမိသည်။ ဆရာကြီးကတော့ တည်ငြိမ်စွာဖြင့် ပြောဆိုသင့်သော ကိစ္စများကို အသံလေးမြှင့်ခါမြှင့်ခါ ပြောဆိုနေလေသည်။ တယ်လီဖုန်းပြောဆိုနေကြသူများကတော့ ခပ်တည်တည်ပင်။
လက်ကိုင်ဖုန်းယဉ်ကျေးမှုကို နားလည်ကြသော လက်ကိုင်ဖုန်းပိုင်ရှင်များသည် ဆရာကြီးမှ အသိပေးစကားမပြောမီကပင် လက်ကိုင်ဖုန်းများကို ပိတ်ထား ကြပြီးဖြစ်သည်။ သူတို့၏ မျက်နှာကလည်း ဆရာကြီးကို အားတောင့်အားနာ ဖြစ်နေကြောင်း ဖော်ပြလျှက်ရှိသည်။
တစ်ခုသော ညတစ်ညတွင်
ကိုယ်သည် အချိန်မီပေးအပ်ရမည့် အလုပ်များကို အားသွန်းခွန်စိုက် လုပ်ကိုင်လိုက်သည်။ ထို့ကြောင့် နံနက်ဝေလီဝေလင်းမှ အိပ်ယာဝင်ရသည်။ အချိန်ကား မနက် ၅ နာရီ။ အိပ်ယာဝင်ပြီး တစ်နာရီခန့်အကြာတွင် ကိုယ်၏ လက်ကိုင်ဖုန်းသည် ကျယ်လောင်စွာ ထမြည်လေသည်။ ကိုယ်သည် အိပ်ယာမှ လန့်နိုးပြီး တယ်လီဖုန်းအား အလျှင်အမြန် လက်ခံ၍ စကားတုန့်ပြန်လိုက်သည်။
အစ်ကို နိုးပြီလား။ ဘာမှ မဟုတ်ပါဘူး။ အစ်ကိုတို့ အိမ်အနားကို ရောက်နေတယ်။
လက်ဖက်ရည်ဆိုင်လေး၊ ဘာလေး ထိုင်မလားလို့။ အစ်ကို လာခဲ့မလား ဟု ပြောဆိုလေသည်။
မလာဘူး။
ဟူသော ခပ်တိုတိုစကားတစ်ခွန်ကို ဒေါသသံဖြင့် တုန့်ပြန်၍ တယ်လီဖုန်းကို ချလိုက်သည်။ ဖုန်းအား မပိတ်ထားမိသည့် မိမိကိုယ်ကိုယ်လည်း ဒေါသထွက်မိသည်။ ထိုစဉ်ကာလတွင် တယ်လီဖုန်းက ထပ်မြည်ပြန်သည်။ နိုးပြီလား။ ဆိုသော ပုဂ္ဂိုလ်ပင်ဖြစ်သည်။
ခင်ဗျာက ဘာဖြစ်တာလဲ။ ကျနော်က စေတနာနဲ့ …
ဟူသော စကားမဆုံးမီတွင် ကိုယ်သည် ကိုယ်၏ ဒေါသကို ထိမ်းနိုင်ခြင်းမရှိဘဲ လက်ကိုင်ဖုန်းအား လွှင့်ပစ်လိုက်သည်။ လက်ကိုင်ဖုန်းသည် နံရံအား တိုက်၍ ကြမ်းပေါ်သို့ ပြုတ်ကျကြောင်း အသံပြုသွားသည်။ ကိုယ်သည် ပြန်လည်အိပ်စက်ရန် အိပ်ယာပေါ်သို့ လှဲချလိုက်သည်။
အိပ်မက်ထဲသို့ ရောက်သွားသည်။
အိပ်မက်ထဲတွင် အမည်းရောင် တယ်လီဖုန်းက ကိုယ့်ကို ရယ်ပြသည်။ အော်သံများ၊ ဆဲရေးတိုင်းထွားသံများ၊ လှောင်ပြောင်သံများ၊ အပြစ်တင်သံများ၊ ရယ်သံများ၊ စသောအသံများပါသည့် တယ်လီဖုန်းများသည် ကိုယ့်၏ ဦးခေါင်းပတ်လည်တွင် လှည့်ပတ်၍ နားအတွင်းသို့ အော်ဟစ်ကြလေသည်။
ထို့ကြောင့် ကိုယ်သည် အိပ်ယာမှ လန့်နိုးရပြန်သည်။ ပြန်လည်အိပ်စက်ရန် မဖြစ်နိုင်သောကြောင့် အိပ်ယာမှထ၍ လွှင့်ပစ်မိသော လက်ကိုင်ဖုန်းအား ရှာဖွေမိသည်။ လက်ကိုင်ဖုန်းကို အရှိန်ပြင်းပြင်း လွှင့်ပစ်မိသောကြောင့် တစ်ဆစီ ကျိုးပဲ့ပျက်စီးနေသည်။ ဒေါသအလိုလိုက်မိ၍ လက်ကိုင် ဖုန်းအသစ်တစ် လုံး ဝယ်ယူရတော့မည်။
အိမ်အနီးရှိ တယ်လီဖုန်းအရောင်းဆိုင်သို့
ရောက်သောအခါ ဆိုင်ရှိ အရောင်းစာရေးမလေးသည် အမျိုးအမည်စုံလှစွာသော လက်ကိုင်ဖုန်းများ ကို ပြသ၍ ရှင်းလင်းသည်။ ထိုသို့ရှင်းလင်းရာတွင် လိုင်းစွဲအားကောင်းသည်မှစ၍ သီချင်းနားထောင်နိုင်သော၊ ဓာတ်ပုံရိုက်နိုင်သော၊ ရေဒီယိုနားထောင်နိုင်သော၊ ဂိမ်းကစားနိုင်သော၊ အသံဖမ်းနိုင်သော စသည့် တယ်လီဖုန်းနှင့်မတူသော တယ်လီဖုန်းများအကြောင်းကို စိတ်ရှည်စွာ ရှင်းပြလေသည်။ သူမရှင်းပြသည့် တယ်လီဖုန်းများသည် လူတစ်ဦးတွင် အခြေခံလိုအပ်သော အသုံးအဆောင်များထက် ပိုမိုများပြားစွာ ပါဝင်နေသည်။ သို့သော် ကိုယ်လိုချင်နေသည့် တစ်ချက်တည်းသော အချက်မပါဝင်ပေ။
ထို့ကြောင့် အခုပြပေးသွားတဲ့ ဖုန်းတွေ အားလုံးက လူတွေလိုအပ်နိုင်မယ့် အသုံးအဆောင်တွေကို ထည့်ပေးထားပါတယ်။ ကျွန်တော်လိုချင်တာက ဒီလိုမျိုး မဟုတ်ဘူး။ တယ်လီဖုန်းပိုင်ရှင်ရဲ့ အခြေအနေ၊ အရိပ်အကဲကို အကဲခတ်ပြီး လိုအပ်သလို တုန့်ပြန်ပေးတတ်တဲ့ လူကျင့်ဝတ်ကို နားလည်ပြီး အသိဉာဏ်ရှိတဲ့ တယ်လီဖုန်းမျိုး လိုချင်တာပါ။ ဟု ပြောဆိုလိုက်သည်။
ထိုအခါ အရောင်းစာရေးမလေးက ကျွန်မ အလုပ်လုပ်နေတာပါရှင်။ အစ်ကို လိုချင်တဲ့ တယ်လီဖုန်းမျိုးလည်း ကျွန်မတို့ ဆိုင်မှာ မရှိပါဘူး။ လူ့ကျင့်ဝတ်ဆို ကတည်းက လူတွေလိုက်နာရမှာလို့ ကျွန်မထင်ပါတယ်။ တယ်လီဖုန်းက လူ့ကျင့်ဝတ်ကို သိပေမယ့် လူက လူ့ကျင့်ဝတ်ကို မသိဘူးဆိုရင် အလကားပါပဲ။ အစ်ကိုလိုချင်တဲ့ တယ်လီဖုန်းမျိုးကို တီထွင်တတ်တဲ့ ပန်းသီးကွန်ပျူတာက စတိစ့်ဂျော့ကလည်း ကွယ်လွန်သွားပါပြီ။ အစ်ကိုအနေနဲ့ သူ့နောက်ကို လိုက်ပြီး အကြံပြုကြည့်ပါ။ သူဆို အစ်ကိုလိုချင်တဲ့ ဖုန်းမျိုးကို လုပ်ပေးနိုင်လောက်ပါတယ်။ ကျွန်မကို ခွင့်ပြုပါဦး။ ဟိုဖက်မှာ ဝယ်သူလာ နေလို့ ဟု ပြောဆို၍ လှည့်ထွက်သွားလေသည်။
ကိုယ်သည် တယ်လီဖုန်းများထည့်ထားသည့် မှန်ဘီဒိုများရှေ့တွင် ငူငူကြီး ရပ်နေမိသည်။
အရောင်းစာရေးမလေး ပြောသွားခဲ့သည့် တယ်လီဖုန်းက လူ့ကျင့်ဝတ်ကို သိပေမယ့် လူက လူ့ကျင့်ဝတ်ကို မသိဘူးဆိုရင် အလကားပါပဲ။ ဟူသော စကားကို အပြန်ပြန်အလှန်လှန် ကြားယောင်နေမိသည်။
ထို့နောက် လှည့်ထွက်သွားသော အရောင်းစာရေးမလေးနောက်သို့ ကိုယ်သည် လိုက်သွား၍
တယ်လီဖုန်းနဲ့တူတဲ့ တယ်လီဖုန်းတစ်လုံး ဝယ်ချင်ပါတယ်။ ကျွန်တော့်ကို တစ်လုံးလောက် ရောင်းပေးပါခင်ဗျာ။
ဟု ပြောလိုက်သည်။
ဟန်ဆန်း
၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်နေ့ထုတ် အလင်းတန်းဂျာနယ် အမှတ် ၇၀၁ တွင် ဖော်ပြခဲ့သော စာမူဖြစ်သည်။